ရွှမ်လင်းနှင့် ပြန်လည်တွေ့ဆုံခြင်း
Vol. 48 Ch. 669
ရေလိပ်ပြာက ယဲ့ချန်၏လက်ဖဝါးအတွင်း ပျော်ရွှင်စွာခုန်ပေါက်ရင်း လောကကြီးကို စူးစမ်းနေသည်။ သူက ၎င်းထံမှ ဆက်သွယ်မှုတစ်ခုကို ခံစားလိုက်ရပြီး အတွေးတစ်ချက်ဖြင့် ညွှန်ကြားလိုက်သောအခါ ပခုံးထက်သို့ နာခံစွာ တက်ရောက်လာခဲ့သည်။
"ဒီအကောင်ပေါက်လေးက ချစ်ဖို့ကောင်းလိုက်တာ"
ရောင်ယွမ်က ယဲ့ချန်၏ပခုံးထက်ရှိ ရေလိပ်ပြာကို ချီးကျူးလိုက်သည်။ သို့သော် သူမ၏စကားကြောင့် အကောင်ပေါက်လေးက ကြောက်လန့်သွားပုံပေါ်ကာ လှစ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။
"ဘယ်ရောက်သွားတာလဲ "
ရောင်ယွမ်က ၎င်းကို မမြင်ရတော့သဖြင့် စပ်စုလိုက်သည်။ ရေလိပ်ပြာက ယဲ့ချန်၏နောက်ကျောတွင် ပုန်းကွယ်နေပြီး ကျင့်ကြံသူအများစု မမြင်ရအောင် ကိုယ်ယောင်ဖျောက်နိုင်စွမ်းရှိသည်။ ရေလိပ်ပြာမျိုးနွယ်၌ အသက်ကယ်ဝှက်ဖဲများ ရှိသောကြောင့် သူက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"နင့်ကို ပုန်းနေတယ်"
သူက တစ်ချက်ပြုံး၍ ရောင်ယွမ်ကို ရှင်းပြလိုက်သည်။ အဝေးရှိ ကျိယွမ်ကြယ်၏ရှင်းဟွမ်က ယဲ့ချန်သည် ဥကို အချိန်တိုအတွင်း သားဖောက်နိုင်မည်ဟု မျှော်လင့်မထားပေ။ သူ၏ကိုယ်တွင်းရှိ ကောင်းကင်ချီပမာဏက ထင်မထားလောက်အောင် များပြားနေသည့်အပြင် ပြန်လည်ဖြည့်တင်းရန်လည်း လိုအပ်ပုံ မပေါ်ချေ။ ရေလိပ်ပြာက မွေးကာစသာဖြစ်သော်လည်း ယဲ့ချန်ကို များစွာကူညီပေးနိုင်စွမ်းရှိပြီး စစ်ဧကရာဇ်အဆင့်နှင့် တူညီသောကြောင့် ကောင်းကင်မူလကြယ်သို့ အပြန်လမ်းအတွက် ပိုမိုယုံကြည်မှုရှိလာခဲ့သည်။
ညအချိန်ရောက်သောအခါ ယဲ့ချန်နှင့် ရောင်ယွမ်သည် အမှောင်ထုကို အားပြု၍ တည်နေရာပြောင်းခန်းမထံ ဦးတည်လာခဲ့သည်။ တိမ်ပုလဲက အလင်းတန်းတစ်ခုအသွင်ဖြင့် ရှေ့ဆုံးမှ ဦးဆောင်နေပြီး ညက မှောင်မည်းနေသော်လည်း ကောင်းကင်၌ ကျွန်ပိုးကောင်များပြည့်နှက်နေကြောင်း ယဲ့ချန်က ခံစားနေမိသည်။ တိမ်ပုလဲ၏လမ်းညွှန်မှုဖြင့် သူတို့က ခရမ်းရောင်သစ်တောကို ကျော်ဖြတ်၍ တောင်တန်းဒေသသို့ရောက်ရှိလာကာ ရှေ့ဆက်တိုးလေလေ၊ ကျွန်ပိုးကောင်အရေအတွက် ပိုများလေလေ ဖြစ်သည်။ ကျိယွမ်ကြယ်တစ်ခုလုံး၌ဆိုလျှင် ကျွန်ပိုးကောင်ပေါင်း သန်းရာချီရှိနိုင်သောကြောင့် ကောင်းကင်နတ်ဆိုးများက ၎င်းတို့ကို မည်သို့မွေးမြူထားကြောင်း သိချင်စိတ်များ ဖြစ်ပေါ်လာသည်။ ၎င်းတို့က ဝိညာဥ်သားရဲများကဲ့သို့ လျင်မြန်စွာ မျိုးပွားနိုင်သောကြောင့် ဤမျှများပြားနေခြင်း ဖြစ်နိုင်သည်။
"ယဲ့ချန် ငါတို့လမ်းမှာ ဘာအန္တရာယ်ပဲတွေ့တွေ့၊ ကောင်းကင်မူလကြယ်ကို တစ်ယောက် ပြန်ရောက်ရင် လုံလောက်ပြီ"
ခရီးဆက်နေရင်း ရောင်ယွမ်က တည်ငြိမ်စွာ ပြောလိုက်ခြင်းဖြစ်သည်။
"နင်က ငါ့ကို မီးဝိညာဥ်ကြယ်ပေါ်မှာတုန်းက ကယ်တင်ပေးခဲ့တယ်။ ဒါကြောင့် အန္တရာယ်တစ်ခုခု ကြုံရရင် ငါ အသေခံလိုက်မယ်။ ဘာဖြစ်ဖြစ် ငါက ကိုယ်ပွားတစ်ခုပါပဲ"
ယဲ့ချန်က တစ်ချက်ပြုံး၍ ပြန်ပြောလိုက်သည်။
"ဒါပေမယ့် နင် သေသွားရင် ကျိယွမ်ကြယ်ပေါ်မှာ အချိန်လာဖြုန်းသလို ဖြစ်နေမှာပေါ့"
"ကိစ္စမရှိပါဘူး။ ငါသေသွားရင် ကျင့်ကြံဆင့် ဆုံးရှုံးသွားရုံပါပဲ။ နင်ကတော့ သေသွားရင် တကယ်သေသွားလိမ့်မယ်။ ဒါပေမယ့် ငါသေသွားရင် ရေလိပ်ပြာလေးကို ကောင်းကင်မူလကြယ်ဆီ ခေါ်လာပေးဖို့ အကူအညီတောင်းပါတယ်။ ဒီကောင်လေးက အကောင်ပေါက်ကာစဆိုတော့ ကလေးတစ်ယောက်လိုမျိုး အသိဉာဏ် သိပ်မရှိရှာဘူး"
ယဲ့ချန်က ခဏတာစဥ်းစားပြီးနောက် ရောင်ယွမ်၏သဘောထားကို ငြင်းဆန်လိုက်သည်။ သူမက ယဲ့ချန်ကို တစ်ချက်စိုက်ကြည့်၍ တိတ်ဆိတ်သွားပြီးနောက် ထပ်စကားမပြောတော့ပေ။ ယဲ့ချန်မသိသည်မှာ ကောင်းကင်မူလကြယ် မဆိုထားနှင့်၊ ကျင့်ကြံခြင်းလောကမှ ကျင့်ကြံသူအားလုံးသည် ကျင့်ကြံဆင့်ကို အသက်ထက် ပို၍ခင်တွယ်ခြင်းဖြစ်သည်။ တစ်ခါတရံတွင် လူများ ကျင့်ကြံဆင့်မြင့်တက်ရန်အတွက် အသက်နှင့်ရင်းကာ စွန့်စားတတ်ကြပြီး ဆယ်ယောက်တွင် ကိုးယောက် သေကြရသည်။ ကောင်းကင်ထက်တွင် မျက်လုံးအစုံ၌ မီးတောက်နေသော ကျွန်ပိုးကောင်ကြီးနှစ်ကောင်က သာမန်ပိုးကောင်များကို ဦးဆောင်ပျံသန်းနေသဖြင့် သူတို့က ဂရုတစိုက် ပုန်းအောင်းလိုက်ရသည်။
"ရှေ့က တောင်သုံးလုံးကိုကျော်ရင် ပန်းတိုင်ကို ရောက်ပြီ။ ဒီခန်းမကို အရင်က ခရီးသွားလာရေးအတွက် အသုံးပြုခဲ့တယ်။ ငါတို့က ရှေ့ဆက်သွားရင် ကောင်းကင်နတ်ဆိုးနဲ့တွေ့ရမှာဖြစ်ပေမယ့် တိမ်နီမြွေက တားဆီးထားပေးမယ်လို့ ပြောတယ်။ ငါတို့လုပ်ရမှာက ကျွန်ပိုးကောင်တွေကြားက ဖောက်ထွက်ဖို့ပဲ"
ရောင်ယွမ်က လေးနက်စွာ မှာကြားလိုက်သည်။ ညအမှောင်အတွင်း နာရီအနည်းငယ်ခရီးဆက်ပြီးနောက် တိမ်ပုလဲက ယဲ့ချန်၏လက်ချောင်းအတွင်း ရုတ်တရက်တိုးဝင်ကာ ပုန်းကွယ်လိုက်သည်။ ရောင်ယွမ်နှင့် ယဲ့ချန်က အကြောင်းအရင်းကို မသိသောကြောင့် ရင်ထိတ်သွားပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိသည်။ သူတို့က သေချာစွာပုန်းအောင်းနေစဥ် မြင်ကွင်းအတွင်း ပုံရိပ်ကိုးခု ဝင်ရောက်လာပြီး ဦးဆောင်လာသူမှာ ရွှမ်းလင်ဖြစ်နေ၍ ကျန်လူများမှာ မီးဧကရာဇ်၊ ရှေးဦးဧကရာဇ်စသူတို့ ဖြစ်ကြသည်။
"ယဲ့ချန် နောက်ဆုံးတော့ မင်းကို ပြန်တွေ့ရပြီ။ အရှင်ရွှမ်က ဒီနေရာမှာ လူသားတွေရဲ့အရှိန်အဝါကို အာရုံခံမိတဲ့အတွက် ခေါ်ဆောင်လာတာဖြစ်တယ်"
မီးဧကရာဇ်က ယဲ့ချန်ကို ပျော်ရွှင်စွာ ကြိုဆိုလိုက်သည်။ ဤအချိန်တွင် ရွှမ်လင်းက သူ့ကို ရှာတွေ့နိုင်ခြင်းမှာ ထူးဆန်းသောကြောင့် ယဲ့ချန်၏စိတ်ထဲရှိ သံသယက ပိုမိုကြီးမားလာသည်။
"အရှင်ရွှမ်"
သို့သော် သူနှင့် ရောင်ယွမ်က ဟန်ဆောင်၍ ဦးညွှတ်လိုက်ကြသည်။ ရောင်ယွမ်၏မျက်ဝန်းများ၌ သံသယအချို့ ထင်ဟပ်နေသော်လည်း နှုတ်ဆိတ်နေခဲ့သည်။ ရွှမ်လင်းကလည်း ခေါင်းတစ်ချက်သာညိတ်၍ အသိအမှတ်ပြုလိုက်၏။
"သခင်မလေးရော ဒီနေရာကို ရောက်နေတာလား"
ရွှမ်လင်းမှလွဲလျှင် ကျန်ရှစ်ယောက်က ကောင်းကင်မူလကြယ်၏ စစ်ဧကရာဇ်များဖြစ်သောကြောင့် ရောင်ယွမ်ကို ကြိုဆိုလိုက်ကြသည်။
"အရှင်ရွှမ်က ငါတို့ကိုကူညီပြီး ကျန်တဲ့စစ်ဧကရာဇ်တွေကို လိုက်ရှာပေးခဲ့တယ်။ ငါးယောက်တည်း ရှာတွေ့နိုင်ခဲ့တာကတော့ နှမြောစရာပဲ။ ယဲ့ချန် မင်းတို့က ဘယ်သွားကြမလို့လဲ"
ရှေးဦးဧကရာဇ်က စပ်စုလိုက်ခြင်းဖြစ်သည်။
"ကျုပ်တို့က ရှင်းဟွမ်နဲ့ ဆက်သွယ်နိုင်ခဲ့တယ်"
ယဲ့ချန်၏စိတ်ထဲတွင် အကြံတစ်ခု ဖြစ်ပေါ်လာပြီး တစ်ချက်ပြုံးကာ ရွှမ်လင်းကို လှမ်းကြည့်လိုက်သည်။ သူက အမှန်တိုင်းပြောနေသော အကြောင်းအရင်းကို ရောင်ယွမ်က နားမလည်သောကြောင့် ရင်ထိတ်သွားခဲ့သည်။
"တကယ်လား။ ဒါဆိုရင် ငါတို့ကို ရှင်းဟွမ်ဆီ ခေါ်သွားပေးပါဦး"
မီးဧကရာဇ်က စိတ်လှုပ်ရှားစွာဖြင့် တောင်းဆိုလိုက်၏။
"မှန်တယ်။ ငါတို့က ရှင်းဟွမ်နဲ့တွေ့ပြီး ကောင်းကင်နတ်ဆိုးကို တိုက်ခိုက်ရမယ့် နည်းလမ်းကို ဆွေးနွေးရမယ်"
ကျန်စစ်ဧကရာဇ်များကလည်း ပျော်ရွှင်စွာဖြင့် ထောက်ခံလိုက်ကြသည်။ သူတို့၏ရင်ထဲတွင် ရှင်းဟွမ်က နတ်ဘုရားပမာဖြစ်သောကြောင့် ကောင်းကင်နတ်ဆိုးကို အနိုင်ယူရန် စိတ်အားတက်ကြွနေကြသည်။
"မင်းတို့ကသာ ရှင်းဟွမ်နဲ့တွေ့ဖို့ ခေါ်သွားပေးနိုင်မယ်ဆိုရင် ကျိယွမ်ကြယ်ရဲ့ သူရဲကောင်းတွေ ဖြစ်လာကြလိမ့်မယ်"
ထိုအခိုက်တွင် ရွှမ်လင်းသည်လည်း အလွန်စိတ်ဝင်စားဟန်ပြလာပြီး အသံတုန်ယင်စွာဖြင့် ပြောလာခဲ့သည်။ သူ၏စိတ်လှုပ်ရှားမှုက အတုမဟုတ်သော်လည်း အကြောင်းအရင်းအစစ်အမှန်ကိုမူ ယဲ့ချန်က သံသယဝင်နေဆဲပင်ဖြစ်သည်။
"ဒါပေမယ့် ရှင်းဟွမ်က ကျုပ်တို့ကို တာဝန်တစ်ခု ပေးထားတယ်။ ဒါကြောင့် သူမကို သွားမတွေ့ခင် ဒီတာဝန်အောင်မြင်အောင် လုပ်ရဦးမယ်"
"ဘာတာဝန်လဲ။ ရှင်းဟွမ်နဲ့ ငါတို့ကို ဆက်သွယ်ပေးတာထက် ပိုအရေးကြီးလို့လား"
ယဲ့ချန်၏စကားကြောင့် ရွှမ်လင်းက မျက်မှောင်ကြုတ်လိုက်သည်။
"ဒီတာဝန်က ကြယ်ဝိညာဥ် မဟာတာအိုလက်နက်ဖြစ်တဲ့ တိမ်ပုလဲကို သွားရှာရမှာဖြစ်တယ်"
စစ်ဧကရာဇ်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိသည်။ သူတို့က မဟာတာအိုလက်နက်၏ အစွမ်းထက်ပုံကို ကြားဖူးနားဝရှိပြီး စစ်ဧကရာဇ်တစ်ယောက် ကိုင်ဆောင်ထားလျှင်ပင် နတ်အစေခံတစ်ယောက်ကို ယှဥ်တိုက်နိုင်သည်ဟု နားလည်ထားကြသည်။
"တိမ်ပုလဲက ဘယ်နေရာမှာလဲ"
ရွှမ်လင်းက ယဲ့ချန်၏စကားက အလိမ်ဟုတ်မဟုတ် မသေချာသော်လည်း စိတ်လှုပ်ရှားလွန်းသဖြင့် မျက်လုံးများပင် တောက်ပလာခဲ့သည်။ သူ၏အမြင်တွင် ယဲ့ချန်၏စကားများက အကျိုးအကြောင်းသင့်လျော်နေပြီး ကောင်းကင်ပိုက်ကွန်က ဟန်ပြမဟာတာအိုလက်နက်သာ ဖြစ်သည်။ ထို့ကြောင့် ကျိယွမ်ကြယ်ပေါ်တွင် အလွန်တရာအစွမ်းထက်သော မဟာတာအိုလက်နက် အစစ်အမှန်ရှိရမည်ဟု အပိုင်တွက်ထားခဲ့သည်။
"ရှေ့တည့်တည့်က တောင်သုံးလုံးကိုကျော်နိုင်ရင် တည်နေရာပြောင်းခန်းမလို့ခေါ်တဲ့ နေရာတစ်ခု ရှိတယ်။ ဒီနေရာမှာ ကြယ်သခင်တွေက ကာကွယ်ရေးအစီအရင်တွေချထားလို့ ကောင်းကင်နတ်ဆိုးတွေ မဝင်ရောက်နိုင်တဲ့အတွက် တိမ်ပုလဲကို သိမ်းဆည်းထားတယ်။ ဒီခန်းမကို အတိတ်ကခရီးသွားလာရေးအတွက် အသုံးချခဲ့ပေမယ့် လက်ရှိမှာတော့ ဖျက်ဆီးစွန့်ပစ်ခံထားရတယ်"
ယဲ့ချန်က လိမ်၍ပြောလိုက်သည်။ သို့သော် ရွှမ်လင်းက လူသားတစ်ယောက်ဖြစ်သောကြောင့် ကောင်းကင်နတ်ဆိုးများမဝင်နိုင်သည့် ခန်းမအတွင်း ဝင်ရောက်နိုင်စွမ်းရှိသည်။
"ရှင်းဟွမ်က ပြောသေးတယ်။ တိမ်ပုလဲကို ခန်းမရဲ့အောက်မှာ ဖုံးကွယ်ထားတာဖြစ်လို့ ကြယ်သခင်၁၂ယောက်ရဲ့ ကာကွယ်ရေးစည်းကို ဖျက်ဖို့အတွက် လျှို့ဝှက်နည်းပညာတစ်ခု လိုအပ်တယ်။ ရှင်းဟွမ်က ဒီပညာကို ကျုပ်တို့နှစ်ယောက်ဆီ လက်ဆင့်ကမ်းပေးလိုက်တယ်"
ထို့ကြောင့် ယဲ့ချန်က တည်ငြိမ်စွာဖြင့် ရွှမ်လင်းကို အယုံသွင်းရန်အတွက် လှိမ့်လုံးဟန့်လုံးများ ထပ်မံပေါင်းထည့်လိုက်သည်။ သူ၏စကားအပြည့်အစုံကို ကြားသောအခါ မျက်မှောင်ကြုတ်ထားသော ရွှမ်လင်း၏မျက်နှာမှ တင်းမာမှုများ ပြေလျော့သွားခဲ့သည်။ အကယ်၍ တိမ်ပုလဲကို နက်ရှိုင်းစွာ ဖုံးကွယ်ထားသောကြောင့် သူက ရှာမတွေ့ခဲ့ခြင်းဖြစ်နိုင်သည်။ အတိတ်တွင် ကြယ်သခင်များသည် ကျိယွမ်ကြယ်ပေါ်၌ ကောင်းကင်နတ်ဆိုးများ မဝင်ရောက်နိုင်သော အဆောက်အအုံခြောက်ခု တည်ဆောက်ခဲ့သည်။ သူက ခြောက်ခုလုံးကို ရှာဖွေခဲ့သော်လည်း ကြယ်ဝိညာဥ် မဟာတာအိုလက်နက်ကို ရှာမတွေ့ခဲ့သောကြောင့် ယဲ့ချန်၏စကားအတိုင်း ဖြစ်နိုင်သည်ဟု လက်ခံလိုက်သည်။
"ဒါပေမယ့် အရှေ့ကိုဆက်သွားရင် ကောင်းကင်နတ်ဆိုးရဲ့ပိုင်နက်ဖြစ်လို့ ရှင်းဟွမ်က ကျုပ်တို့သတိထားဖို့ မှာကြားလိုက်တယ်။ ကောင်းကင်နတ်ဆိုးကလည်း နတ်အစေခံအဆင့်ကို ရောက်နေပြီ"
ယဲ့ချန်က စိုးရိမ်တကြီး ထပ်ပြောလိုက်သည်။
"နတ်အစေခံအဆင့် ကောင်းကင်နတ်ဆိုးရဲ့ပိုင်နက်ထဲကို ရှင်းဟွမ်က ဘာကြောင့်စေလွှတ်ရတာလဲ"
ရွှမ်လင်းက မေးလိုက်ခြင်းဖြစ်သည်။
"ကျုပ်လည်း နားမလည်ဘူး။ ရှင်းဟွမ်မှာ သူ့အစီအစဥ်နဲ့သူ ရှိပါလိမ့်မယ်"
ယဲ့ချန်က မသိနားမလည်ဟန်ဖြင့် ခေါင်းယမ်းပြလိုက်သည်။
"ဒါဆိုရင် ငါတို့က တိမ်ပုလဲကို ဘယ်လိုယူကြမလဲ"
စစ်ဧကရာဇ်ရှစ်ယောက်ကလည်း မျက်မှောင်ကြုတ်၍ အလေးအနက် စဥ်းစားနေကြသည်။
"ငါက အသက်ကြီးနေပေမယ့် ကောင်းကင်နတ်ဆိုးကို အချိန်ဆွဲပေးထားနိုင်ပါတယ်။ မင်းတို့က တိမ်ပုလဲကိုယူပြီးရင် တိုက်ပွဲမှာ လာကူညီပေးကြ"
ရွှမ်လင်းက ခဏတာစဥ်းစား၍ သူ၏ခါးကိုင်းကိုင်းခန္ဓာမှ အစွမ်းထက်အရှိန်အဝါတစ်ခု ထုတ်ဖော်ကာ လေးနက်စွာ ပြောလိုက်သည်။
"ဒါပေမယ့် ဒီကိစ္စက အန္တရာယ်များလွန်းပါတယ်"
ယဲ့ချန်က တုံ့ဆိုင်းနေဟန်ဆောင်လိုက်သည်။
"ကျိယွမ်ကြယ်ရဲ့ ကံကြမ္မာအတွက် ဒီအဘိုးကြီးက သေရမယ်ဆိုရင်တောင် နောင်တမရပါဘူး။ သွားကြစို့"
ရွှမ်လင်းက တက်ကြွစွာပြော၍ တည်နေရာပြောင်းခန်းမရှိသည့် အရပ်မျက်နှာသို့ ဦးတည်ကာ အမိန့်ပေးလိုက်လေသည်။