တည်နေရာပြောင်းခန်းမ
Vol. 48 Ch. 670
ရွှမ်လင်းက ရှေ့ဆုံးမှ ဦးဆောင်ထွက်ခွာသွားသောကြောင့် ယဲ့ချန်နှင့် ရောင်ယွမ်က အကြည့်ချင်းဖလှယ်၍ လိုက်ပါသွားကြသည်။ ရွှမ်လင်းနှင့် စစ်ဧကရာဇ်ရှစ်ယောက်၏ အကူအညီသာရလျှင် သူတို့၏တာဝန်က အောင်မြင်နိုင်စွမ်း မြင့်မားလာပေလိမ့်မည်။ သူတို့က တောင်များပေါ်သို့ ကျော်ဖြတ်နေစဥ် မျက်လုံးတစ်စုံက ထောင့်တစ်နေရာမှ စောင့်ကြည့်နေကြောင်း ခံစားလိုက်ရပြီး ဦးတည်ရာမဲ့ပျံသန်းနေသော ကျွန်ပိုးကောင်များကလည်း တစ်စုံတစ်ခုမှ ဆင့်ခေါ်လိုက်သကဲ့သို့ စုဝေးလာကြသည်။ အဝေးတွင် အစီအရင်ရုန်းများဖြင့် ကာကွယ်ထားသောကြောင့် ပုံသဏ္ဍာန်အတိအကျကို မြင်နိုင်ရန်မလွယ်သော တည်နေရာပြောင်းခန်းမက ကြီးကျယ်ခမ်းနားစွာ တည်ရှိနေသည်။ ၎င်း၏ရွှေရောင်အမိုးခုံးနှင့် ကြီးမားတုတ်ခိုင်သော တိုင်လုံးကြီးများကိုသာ မြင်တွေ့နိုင်သော်လည်း အလွန်ခမ်းနားကြောင်း ပြောနိုင်သည်။ သူတို့က ၎င်းအတွင်း ဝင်ရောက်နိုင်လျှင် ကြယ်သခင်များ စီရင်ထားသော အကာအကွယ်ကြောင့် ကောင်းကင်နတ်ဆိုးကို ကြောက်လန့်စရာ မလိုတော့ပေ။ ကောင်းကင်ထက်တွင် စစ်ဧကရာဇ်အဆင့် ပိုးကောင်ကြီးများ စုဝေးလာပြီး နောက်ဆုံးတွင် တစ်ကောင်က ဦးဆောင်၍ သူတို့ထံ ထိုးဆင်းလာခဲ့သည်။
ရွှမ်လင်း၏ကိုယ်တွင်းမှ အစွမ်းထက်အရှိန်အဝါတစ်ခု ထွက်ပေါ်လာလာချင်း လမ်းလျှောက်တုတ်ကို တစ်ချက်ယမ်းလိုက်သောအခါ မရေမတွက်နိုင်သော ပိုးကောင်များ ပေါက်ကွဲသွား၍ အနက်ရောင်သွေးမိုး ရွာချလာသည်။ တုတ်ဖြင့် ရိုက်နှက်ခံလိုက်ရသော စစ်ဧကရာဇ်အဆင့် ပိုးကောင်နှစ်ကောင်မှာ အသံတစ်ချက်ပင် မထွက်နိုင်ဘဲ ချက်ချင်းအပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သည်။ နတ်အစေခံတစ်ယောက်က အစွမ်းထက်လွန်းပြီး ရွှမ်လင်း၏ခွန်အားက စစ်ဧကရာဇ်များနှင့် ယဲ့ချန်ကို တုန်လှုပ်သွားစေသည်။ စစ်ဧကရာဇ်ရှစ်ယောက်သည် ဤမျှအံ့သြဖွယ်ကောင်းသော ခွန်အားမျိုးကို ပိုင်ဆိုင်ချင်သော်လည်း ကိုယ်ပိုင်ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကို ပြန်တွေးမိလိုက်သောအခါ စိတ်ပျက်မှုကို ခံစားလိုက်ရ၏။ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက အဆင့်တစ်ခုသို့ ရောက်ရှိမနေလျှင် မည်မျှကြိုးစားပါစေ၊ ထိုအဆင့်သို့ရောက်ရန် မဖြစ်နိုင်ပေ။
ကောင်းကင်တွင် ကျွန်ပိုးကောင်များ ပိုမိုစုဝေးလာပြီး ရွှမ်လင်းက အဆက်မပြတ်တိုက်ခိုက်၍ သွေးလမ်းခင်းကာ ရှေ့ဆက်နေသည်။ မရေမတွက်နိုင်သော ပိုးကောင်များပေါက်ကွဲနေပြီး သွေးချောင်းစီးနေကာ ၎င်းတို့က မည်မျှအရေအတွက်များပါစေ၊ သူ့ကိုတားဆီးရန် မတတ်နိုင်ပေ။ သူ၏ကာကွယ်မှုဖြင့် လူတိုင်းက ခန်းမထံ ချီတက်နေကြပြီး ထိုအချိန်၌ ဧရာမအနက်ရောင်အရိပ်ကြီးတစ်ခု ထွက်ပေါ်လာကာ ကြမ်းကြုတ်သော နတ်ဆိုးမျက်နှာကြီးက ငုံ့ကြည့်လာခဲ့သည်။
"ရွှမ်လင်း နောက်တစ်ကြိမ် ပြန်တွေ့ကြပြီ။ မင်းက လူသားတွေကို အသေခံခိုင်းဖို့ ခေါ်လာမယ်လို့ မထင်ထားဘူး"
ကောင်းကင်နတ်ဆိုးက ရယ်မောလိုက်ပြီး ခပ်အက်အက်အသံဆိုးနှင့်အတူ နတ်အစေခံအဆင့် ဖိအား ကျဆင်းလာသည်။ ရွှမ်လင်းမှလွဲ၍ လူတိုင်းက နာကျင်သွားကြပြီး ထိုဖိအားကြောင့် ခန္ဓာများ ဖိချေခံနေရသည်။
"ဟမ့် ကျိယွမ်ကြယ်က မင်းလိုနတ်ဆိုးတစ်ကောင်ကို သောင်းကျန်းခွင့် မပေးနိုင်ဘူး"
ရွှမ်လင်းက နှာခေါင်းတစ်ချက်ရှုံ့၍ သူ၏အရှိန်အဝါကို ကောင်းကင်သို့ ဦးတည်ထုတ်ဖော်လိုက်ပြီး လူတိုင်းအား နတ်ဆိုး၏ဖိအားအောက်မှ ကယ်တင်ပေးလိုက်သည်။ သူ၏ကိုင်းနေသော ခါးက ပြန်လည်တည့်မတ်သွားပြီး အဆုံးမဲ့ဟုထင်ရသော အသက်အားများ ပေါက်ကွဲထွက်ပေါ်လာသည်။ နတ်အစေခံနှစ်ယောက်က အရှိန်အဝါချင်း အားပြိုင်နေသဖြင့် ကောင်းကင်ထက်ရှိ ကျွန်ပိုးကောင်များ လွင့်ထွက်သွားကြသည်။
"ငါ နတ်ဆိုးကို ထိန်းထားလိုက်မယ်။ မင်းတို့ မြန်မြန်သွားကြ"
ရွှမ်လင်းက လောဆော်လိုက်ပြီး ယဲ့ချန်နှင့်ရောင်ယွမ်က တည်နေရာပြောင်းခန်းမထံ ပထမဆုံးပျံသန်းသွားကာ စစ်ဧကရာဇ်ရှစ်ယောက်မှာ အနည်းငယ် တုံ့ဆိုင်းနေသော်လည်း နတ်အစေခံများ၏တိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်နိုင်စွမ်း မရှိသောကြောင့် လိုက်ပါသွားခဲ့ကြသည်။
"ဘယ်ကိုသွားမလို့လဲ"
နတ်ဆိုးက နှာခေါင်းရှုံ့လိုက်ပြီး ဧရာမလက်ကြီးတစ်ဖက် ဖန်တီးကာ ထိုလူစုကိုဖမ်းဆီးရန် ကြိုးစားလိုက်သည်။
"မင်းရဲ့ပြိုင်ဘက်က ဒီမှာ"
ရွှမ်လင်းက အေးစက်စက်ကြုံးဝါး၍ တုတ်ဖြင့် ထိုလက်ကြီးကို ပြင်းထန်စွာ ရိုက်ထုတ်လိုက်သောအခါ ဘုန်းခနဲ ပေါက်ကွဲသွားသဖြင့် နတ်ဆိုးက နာကျင်စွာ အော်ဟစ်လိုက်သည်။
"ငါ မင်းကို သတ်ပစ်မယ်"
နတ်ဆိုးက ဒေါသတကြီးဖြင့် ရွှမ်လင်းကို တိုက်ခိုက်နေစဥ် ယဲ့ချန်နှင့် အဖွဲ့သည် ခန်းမထံ သွားရာလမ်း၌ စစ်ဧကရာဇ်အဆင့် ပိုးကောင်များကို ရင်ဆိုင်လိုက်ရ၏။
"ဘုန်း ဘုန်း ဝုန်း"
ကြမ်းတမ်းသော တိုက်ပွဲတစ်ခု ဖြစ်ပွားနေကာ စစ်ဧကရာဇ်အဆင့်နှစ်၏ခွန်အားမျိုး ပိုင်ဆိုင်ထားသော ယဲ့ချန်နှင့် ရောင်ယွမ်က ဆက်တိုက်ရှေ့တိုးနေသည်။
"ငါ နင့်ကို ကာကွယ်ပေးထားမယ်။ အရင်ဆုံးသွားနှင့်"
အနက်ရောင်သွေးများ တစ်ကိုယ်လုံးစွန်းထင်းနေသော ယဲ့ချန်က ရောင်ယွမ်၏အနောက်မှ ကာကွယ်ပေးနေခဲ့သည်။
"ဘာကြောင့် တိမ်နီမြွေကို မဆင့်ခေါ်ရတာလဲ"
ရောင်ယွမ်က ဝိညာဥ်ချင်းဆက်သွယ်၍ မေးလိုက်ခြင်းဖြစ်သည်။
"အချိန်မကျသေးဘူး"
ယဲ့ချန်က ခေါင်းယမ်း၍ အဝေးတွင်တိုက်ခိုက်နေသော ရွှမ်လင်းနှင့် ကောင်းကင်နတ်ဆိုးထံ မေးငေါ့ပြလိုက်သည်။ ထို့နောက် သူက ကောင်းကင်ဓားပျံများဖန်တီး၍ ကျွန်ပိုးကောင်များထံ ပစ်ခတ်ဖောက်ခွဲခြင်းဖြင့် အပိုင်းပိုင်းအစစ ဖြစ်သွားစေသည်။ သူ၏သတ်ဖြတ်နှုန်းက ရှေးဦးဧကရာဇ်နှင့် မီးဧကရာဇ်ထက် ပို၍မြန်ဆန်နေသောကြောင့် စစ်ဧကရာဇ်ရှစ်ယောက်က တအံ့တသြ ဖြစ်နေကြသည်။ လွန်ခဲ့သောရက်များအတွင်း ရွှမ်အဆင့်၌သာရှိနေသူက အချိန်တိုအတွင်း စစ်ဧကရာဇ်တစ်ယောက်၏ခွန်အားမျိုးကို ထုတ်ဖော်ပြသနေပြီး သူတို့အောက်ပင် မနိမ့်ချေ။ ထို့ကြောင့် ယဲ့ချန်က ရှင်းဟွမ်နှင့် အမှန်တကယ် တွေ့ဆုံခဲ့ခြင်းဖြစ်နိုင်သည်ဟု ယုံကြည်သွားကြသည်။ ကြယ်ဝိညာဥ်တစ်ကောင်ကသာ ကျင့်ကြံသူတစ်ယောက်ကို အချိန်တိုအတွင်း ရွှမ်အဆင့်မှ စစ်ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားစေနိုင်သည်။
ယဲ့ချန်က ရောင်ယွမ်ကို ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် အသက်စွန့်၍ ကာကွယ်ပေးနေသောကြောင့် သူမ၏နှလုံးသားတွင် ထူးခြားသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ လက်ရှိတွင် သူမက မရေမတွက်နိုင်သော ကျွန်ပိုးကောင်များကို ရင်ဆိုင်တိုက်ခိုက်နေရသော်လည်း ယဲ့ချန်အနားတွင်ရှိလျှင် လုံခြုံသည်ဟု ခံစားနေရသည်။ ယဲ့ချန်က သူမကို ကာကွယ်ပေးနေခြင်းမှာ ကိုယ်ကျိုးအတွက်မဟုတ်ကြောင်း သေချာသည်။ သူမက သစ်ပင်မှ လူတစ်ယောက်အဖြစ်ပြောင်းလဲလာကာ လူသားများနှင့်ဆက်သွယ်ပြီးနောက် လင်းဖန်၊ ဧကရာဇ်ချင်၊ ဧကရာဇ်ယုစသည့် လူသားအများစုက သူမကို ကိုယ်ကျိုးအတွက် အသုံးချလိုနေကြောင်း နားလည်ခဲ့ရသည်။ ယဲ့ချန်၏ကိုယ်ကျင့်စရိုက်ကမူ ထိုလူများနှင့် ကွဲပြားသောကြောင့် ကောင်းကင်မူလကြယ်၏ ရှင်းဟွမ်က ရွေးချယ်ခဲ့ပုံပေါ်ပြီး သတ်ဖြတ်ခြင်းများ ပြည့်နှက်နေသော ကျင့်ကြံခြင်းလောက၌ အလွန်တရာရှားပါးသော လူစားမျိုးဖြစ်သည်။
ယဲ့ချန်သည် တည်နေရာပြောင်းခန်းမအတွင်း ရောင်ယွမ် ဘေးမသီရန်မခ ရောက်ရှိသွားစေရန် ရန်သူများကို အစွမ်းကုန် တိုက်ခိုက်ပေးနေခဲ့သည်။ ထိုအချိန်တွင် စစ်ဧကရာဇ်အဆင့် ပိုးကောင်ကြီးတစ်ကောင်က အလစ်ဝင်ရောက်လာကာ ထက်ရှသော လက်သည်းများဖြင့် သူ၏ရင်ဘတ်ကို ကုတ်ဆွဲလိုက်သဖြင့် သွေးများ ဗြန်းခနဲ ထွက်ပေါ်လာသည်။
"သေစမ်း"
သူက ဒေါသတကြီးဖြင့် ဒဏ်ရာကို လျစ်လျူရှုကာ ကောင်းကင်ဓားပျံသုံးချောင်းဖန်တီး၍ ၎င်း၏ခေါင်းအတွင်း ထိုးစိုက်ကာ ဖောက်ခွဲပစ်လိုက်သည်။ ကျွန်ပိုးကောင်က ပေါက်ကွဲမှုကြောင့် အပိုင်းပိုင်းအစစဖြစ်သွားသော်လည်း လက်သည်းတွင် အဆိပ်ရှိသောကြောင့် သူ၏အမြင်အာရုံက စတင်ဝေဝါးလာသည်။
"သွားကြမယ်"
ရောင်ယွမ်သည် ယဲ့ချန်၏ရင်ဘတ်ရှိ ဒဏ်ရာက အပြာရောင်ပြောင်းသွားသည်ကို မြင်သောအခါ မျက်နှာပျက်သွားပြီး သူ့ကိုဆွဲခေါ်ကာ ခန်းမထံ ထိုးဖောက်ပျံသန်းလိုက်သည်။ စစ်ဧကရာဇ်ရှစ်ယောက်ကလည်း သူတို့ကို ကာကွယ်ပေးပြီး ရန်သူများကို ပူးပေါင်းသတ်ဖြတ်နေကြသည်။
နောက်ဆုံးတွင် ဆယ်ယောက်လုံးက တည်နေရာပြောင်းခန်းမအတွင်း ဝင်ရောက်သွားနိုင်ခဲ့ပြီး ကျွန်ပိုးကောင်များက ရပ်တန့်ခြင်းမရှိဘဲ တဂီးဂီးအော်ဟစ်၍ လိုက်ပါလာကြသည်။ ၎င်းတို့က ခန်းမ၏ ကာကွယ်ရေးအစီအရင်ဖြင့် ထိမိသွားသောအခါ လျှပ်စီးကြောင်းများဖြစ်ပေါ်လာကာ အပိုင်းပိုင်းအစစ ဖောက်ခွဲခံလိုက်ရသည်။ အကာအကွယ်အစီအရင်က ခုခံရာ၌ အစွမ်းထက်သည့်အပြင် ထိတွေ့မိရုံဖြင့် ကျွန်ပိုးကောင်များကို သတ်ဖြတ်နိုင်စွမ်းရှိနေသည်။ ကျန်ပိုးကောင်ကြီးများက ဒေါတသကြီးအော်ဟစ်နေသော်လည်း ခန်းမအတွင်း ဝင်ရောက်နိုင်စွမ်းမရှိသောကြောင့် လက်မှိုင်ချနေရုံသာ တတ်နိုင်သည်။
တည်နေရာပြောင်းခန်းမက အလွန်ကျယ်ဝန်းပြီး စက်ဝိုင်းခြမ်းသဏ္ဍာန် တည်ဆောက်ထားကာ ဧရာမတိုင်လုံးကြီးများဖြင့် အစီအရီထောက်ပင့်ထားသည်။ ခန်းမအတွင်း အချိန်လေဟာနယ်ချီများ လည်ပတ်ခဲ့ဖူးဟန်တူသော တည်နေရာပြောင်းအစီအရင်များ ရှိနေသော်လည်း အတိတ်၌သာ အလုပ်လုပ်ခဲ့ပြီး လက်ရှိတွင် အက်ကြောင်းများပြည့်နှက်၍ ချီများခန်းခြောက်ကာ အလုပ်မလုပ်တော့ပေ။
ယဲ့ချန်သည် ကြမ်းပြင်တွင် တင်ပျဥ်ခွေထိုင်၍ အဆိပ်များကိုကုသရန် ကြိုးစားနေသည်။ အချိန်တိုအတွင်း သူ၏ခန္ဓာကိုယ်တစ်ခုလုံး အပြာရောင်သန်းလာသဖြင့် အဆိပ်က ပြင်းထန်လွန်းနေပြီး အခြားလူတစ်ယောက်သာဆိုလျှင် လှုပ်ပင်လှုပ်နိုင်တော့မည် မဟုတ်ပေ။ သို့သော် ယဲ့ချန်တွင် ဓားပျံမှထုတ်လုပ်ပေးထားသော ကောင်းကင်ချီများက အဆိပ်ဖြေနိုင်စွမ်းရှိနေသဖြင့် အချိန်တစ်ခုသာ ကုသရန် လိုအပ်သည်။
"အရှင်ရွှမ် အဆင်ပြေပါ့မလား"
မီးဧကရာဇ်က ခန်းမအပြင်သို့ မျှော်ကြည့်၍ စိုးရိမ်တကြီး ရေရွတ်လိုက်သည်။
"သခင်မလေး တိမ်ပုလဲကို မြန်မြန်ရှာပြီး အရှင်ရွှမ်ကို ကူညီပေးပါ"
ရှေးဦးဧကရာဇ်က တိုက်တွန်းလိုက်ခြင်းဖြစ်သည်။ ရောင်ယွမ်က ယဲ့ချန်၏အကြံကို နားမလည်သောကြောင့် အဆိပ်ကုသနေသည့် ယဲ့ချန်ထံ တစ်ချက်လှမ်းကြည့်လိုက်သည်။
"ကောင်းကင်မူလကြယ်ရဲ့ လမ်းကြောင်းကို အရင်ဆုံး ပြင်ကြတာပေါ့"
ခဏအကြာတွင် သူမက ခေါင်းယမ်း၍ လာရင်းကိစ္စကို ပြုလုပ်ရန်သာ ရွေးချယ်လိုက်သည်။
"ဒါဆိုရင် ဒီခန်းမထဲမှာ တိမ်ပုလဲ မရှိဘူးလား"
စစ်ဧကရာဇ်ရှစ်ယောက်က သူမ၏စကားကြောင့် မျက်မှောင်ကြုတ်လိုက်ကြသည်။
"သခင်မလေး အပြင်မှာ အရှင်ရွှမ်က ကောင်းကင်နတ်ဆိုးနဲ့ အပြင်းအထန် တိုက်ခိုက်နေရတယ်။ သူက အသက်ကြီးလွန်းနေပြီဖြစ်လို့ နတ်ဆိုးကို ယှဥ်နိုင်မှာမဟုတ်ဘူး။ ဒီလိုသာ ဆက်ဖြစ်နေရင် သူက အသတ်ခံလိုက်ရနိုင်တယ်။ အရင်ဆုံး တိမ်ပုလဲကိုရှာပြီးမှ လမ်းကြောင်းကို ပြင်ဆင်လို့ မရဘူးလား"
မီးဧကရာဇ်က ရွှမ်လင်းကို ပူပန်နေခဲ့သည်။ ခဏအကြာတွင် စစ်ဧကရာဇ်ရှစ်ယောက်က ဤခန်းမအတွင်း တိမ်ပုလဲမရှိဘဲ ယဲ့ချန်က ဆင်ခြေတစ်ခုအဖြစ် အသုံးပြုခဲ့ကြောင်း နားလည်သွားကြသည်။ ထို့ကြောင့် အားလုံး၏မျက်နှာများက မည်းနက်သွားကြသည်။
"အောက်တန်းကျတယ်"
"အရှင်ရွှမ်က ငါတို့ကို ကယ်ပေးဖို့အတွက် အသက်နဲ့ရင်းပေးထားတယ်။ မင်းတို့ကတော့ ကောင်းကင်နတ်ဆိုးနဲ့ တိုက်ခိုက်ပေးဖို့ သူ့ကို လှည့်စားခဲ့တယ်။ အပြစ်သား"
ဒေါသကြီးလေ့ရှိသော မီးဧကရာဇ်က ရောင်ယွမ်နှင့် ယဲ့ချန်ကို လက်ညှိုးငေါက်ငေါက်ထိုး၍ ဒေါသတကြီးဆူပူလိုက်သည်။
"ဒီလိုကိစ္စမျိုးကို လက်မခံနိုင်ဘူး။ ငါတို့က အရှင်ရွှမ်ကို သွားကူညီပေးကြမယ်။ သူတို့က ကောင်းကင်မူလကြယ်ကို ပြန်ချင်တယ်ဆိုရင်လည်း ပြန်ပါစေ"
ရှေးဦးဧကရာဇ်၏ ဦးဆောင်မှုဖြင့် စစ်ဧကရာဇ်ရှစ်ယောက်က ရွှမ်လင်းကို ကူညီရန်အတွက် တည်နေရာပြောင်းခန်းမအပြင်ဘက်ထံ ခြေလှမ်းများ ဦးတည်လိုက်ကြလေသည်။