ရွှမ်လင်း၏ သရုပ်မှန်
Vol. 48 Ch. 671
"ငါ ရှင်းပြပါရစေ"
ရောင်ယွမ်က စစ်ဧကရာဇ်ရှစ်ယောက်ကို ဖြောင်းဖျရန် ကြိုးစားလိုက်သည်။
"ဘာပြောစရာလိုသေးလို့လဲ။ မင်းတို့ရဲ့လုပ်ရပ်ကြောင့် အရှင်ရွှမ် သေသွားနိုင်တယ်။ သူသာ သေသွားရင် ကျိယွမ်ကြယ် ပျက်စီးသွားရလိမ့်မယ်။ ဒီအကျိုးဆက်ကို မင်းတို့ တာဝန်ယူနိုင်လို့လား"
မီးဧကရာဇ်က ရောင်ယွမ်၏စကားကို အလေးမထားဘဲ အော်ဟစ်လိုက်သည်။ ထိုအချိန်တွင် ယဲ့ချန်၏ကိုယ်ပေါ်ရှိ အဆိပ်များ ပျောက်ကွယ်သွားသောကြောင့် သူက ရုန်းကန်၍ မတ်တပ်ထရပ်လိုက်သည်။
"ရွှမ်လင်းသေရင်တောင် ကျိယွမ်ကြယ် ပျက်စီးမှာ မဟုတ်ဘူး။ ကျိယွမ်ရဲ့ အစစ်အမှန်ကာကွယ်သူဖြစ်တဲ့ နတ်အစေခံတွေ ရှိသေးတယ်"
ယဲ့ချန်က တည်ငြိမ်စွာ ပြောလိုက်ခြင်းဖြစ်သည်။
"မင်းက ဘာကို ပြောချင်နေတာလဲ"
စစ်ဧကရာဇ်များက သူ၏စကားကြောင့် ရှုပ်ထွေးသွားပုံပေါ်သည်။
"ရောင်ယွမ်နဲ့ ကျုပ်ကို ရှင်းဟွမ်က ဒီအတိုင်းလုပ်ဖို့ အမိန့်ပေးထားတယ်။ ခင်ဗျားတို့က ရွှမ်လင်းကို ယုံကြည်မှာလား၊ ရှင်းဟွမ်ကို ယုံကြည်မှာလား"
ယဲ့ချန်၏မေးခွန်းကြောင့် သူတို့က တိတ်ဆိတ်သွားကြပြီး လေးနက်စွာ စဥ်းစားလိုက်ကြသည်။ သူတို့၏အမြင်တွင် ရွှမ်လင်းက ကျိယွမ်ကြယ်၏ကာကွယ်သူအဖြစ် ထင်မှတ်နေသောကြောင့် တစ်ခုခု မှားယွင်းမနေခဲ့ပေ။ ထိုအချိန်တွင် တည်နေရာပြောင်းခန်းအတွင်း တစ်ကိုယ်လုံး ဒဏ်ရာများပြည့်နှက်၍ သွေးများပေကျံနေသော ရွှမ်လင်းက ဝင်ပေါက်မှတဆင့် တုန်တုန်ရီရီနှင့် ဝင်ရောက်လာခဲ့သည်။
"အရှင်ရွှမ် အဆင်ပြေရဲ့လား"
စစ်ဧကရာဇ်များက ရွှမ်လင်း အသက်ရှင်လျက်ရှိနေသောကြောင့် ပျော်ရွှင်သွားသော်လည်း ယဲ့ချန်၏စကားကြောင့် သံသယများရှိနေသဖြင့် ချက်ချင်းသွားမကြိုခဲ့ပေ။
"ဘယ်လိုလဲ၊ မင်းတို့က တိမ်ပုလဲကို ရှာတွေ့ကြပြီလား"
ရွှမ်လင်းက စစ်ဧကရာဇ်များ၏အမေးကို လျစ်လျူရှုကာ အားလုံးကို တစ်ချက်ဝေ့ကြည့်၍ အေးစက်စက်မေးလိုက်သည်။
"ဒီနေရာမှာ တိမ်ပုလဲ မရှိဘူး"
"ဒီအချက်ကို ငါ ခန့်မှန်းထားမိတယ်။ မင်းတို့အားလုံး တည်နေရာပြောင်းခန်းမကို လာရတဲ့ အကြောင်းအရင်းကို ရုတ်တရက် နားလည်သွားပြီ။ မင်းက ငါ့ကို လှည့်စားခဲ့တာပဲ"
ရွှမ်လင်း၏စကားများက အကျိုးအကြောင်း မဆီလျော်သဖြင့် စစ်ဧကရာဇ်များက ရုတ်တရက် သတိကြီးကြီးထားလိုက်ကြသည်။
"ကျုပ်က ခင်ဗျားကို ရွှမ်လင်းလို့ ခေါ်ရမလား၊ ကောင်းကင်နတ်ဆိုးလို့ ခေါ်ရမလား"
ယဲ့ချန်က ရွှမ်လင်းကိုစိုက်ကြည့်၍ အခြေအနေအမှန်ကို ထုတ်ဖော်ရန် ကြိုးစားလိုက်သည်။
"ငါက ကောင်းကင်နတ်ဆိုး မဟုတ်ဘူး။ လူသားတစ်ယောက်ဖြစ်တယ်"
ရွှမ်လင်းက တည်ငြိမ်စွာ ခေါင်းယမ်းလိုက်၏။
"ခင်ဗျားရဲ့ ရည်ရွယ်ချက်က ဘာလဲ"
"မင်းရဲ့ကျင့်ကြံဆင့်က နိမ့်လွန်းတော့ ငါပြောပြရင်တောင် နားလည်နိုင်မှာမဟုတ်ဘူး။ ငါလုပ်နေသမျှ အရာအားလုံးက တစ်ကိုယ်စာကောင်းဖို့မဟုတ်ဘဲ လောကကြီးရဲ့တာအိုအရ လူသားမျိုးနွယ်ကောင်းကျိုးအတွက်ပဲ။ လူသားတွေက ဘာကြောင့် ရှင်းဟွမ်အတွက် ကျွန်တွေလိုမျိုး အလုပ်လုပ်ပေးနေရမှာလဲ။ ငါက အသက်ခြောက်ထောင်ကျော် နေထိုင်လာခဲ့ပြီး အရာအားလုံးကို မြင်ခဲ့ရပြီးပြီ။ ရှင်းဟွမ်ကိုသတ်ခြင်းကသာ လူသားတွေကို အစစ်အမှန်ကျင့်ကြံသူ ဖြစ်လာစေလိမ့်မယ်"
ရွှမ်လင်းက သက်ပြင်းတစ်ချက်ချ၍ ဖြေလိုက်သည်။
"ကျုပ်တို့က ရှင်းဟွမ်ကိုသတ်လိုက်ရင် လူသားတွေက ဘယ်မှာ သွားနေကြမှာလဲ။ ကျိယွမ်ကြယ်ရဲ့ ရှင်းဟွမ်က ခင်ဗျားအပေါ် အပြစ်ပြုခဲ့လို့လား"
ရွှမ်လင်း၏စကားကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သည်။
"ရှင်းဟွမ်ကို ဝါးမျိုလိုက်မယ်ဆိုရင် လူသားတစ်ယောက်က အဆင့်နှစ်မျိုးနွယ်ဝင်တစ်ယောက်လို အစွမ်းထက်လာလိမ့်မယ်။ အားနည်းတဲ့လူသားတွေအတွက် ကျယ်ပြောလှတဲ့ စကြဝဠာထဲမှာ နေရာမရှိဘူး။ ငါတို့က အခြားမျိုးနွယ်တွေရဲ့အမြင်မှာ အနိုင်ကျင့်ချင်စရာ ဖြစ်နေခဲ့တယ်"
"ကျုပ်တို့ကို နေထိုင်စရာနဲ့ အသက်တစ်ခုပေးအပ်ထားတဲ့ ရှင်းဟွမ်ကို ဝါးမျိုရမယ်လို့ လောကကြီးရဲ့တာအိုက ပြောခဲ့လို့လား"
ယဲ့ချန်က လှောင်ပြုံးပြုံးလိုက်ပြီး ရွှမ်လင်း၏စကားကို စစ်ဧကရာဇ်ရှစ်ယောက်ကလည်း လက်မခံခဲ့ပေ။ သူတို့က ရှင်းဟွမ်ကို ကျေးဇူးမသိတတ်ဘဲ ပြန်လည်တိုက်ခိုက်မည်ဆိုလျှင် နတ်ဆိုးများနှင့် မခြားတော့ပေ။
"ငါပြောရင်တောင် မင်းတို့ နားမလည်နိုင်ဘူး။ စကြဝဠာမှာ ရှင်းဟွမ်က သက်တမ်းအရင့်ဆုံးဖြစ်ပြီး မျိုးနွယ်တွေ အများကြီးဖန်တီးခဲ့ပေမယ့် အဆင့်နှစ်မျိုးနွယ်တွေက သူ့ရဲ့ထိန်းချုပ်မှုကနေ ရုန်းထွက်ပြီး အစွမ်းထက်လာကြတယ်။ ငါတို့လူသားတွေက ကိုယ်ကျင့်တရားနဲ့ ကျေးဇူးတရားကြောင့် ရှင်းဟွမ်ရဲ့လက်အောက်မှာ နေထိုင်မယ်ဆိုရင် နောက်ဆုံးမှာ အင်အားယုတ်လျော့ပြီး ပျက်စီးရလိမ့်မယ်"
ရွှမ်လင်းက ယဲ့ချန်၏တုံ့ပြန်ပုံကို မျှော်လင့်ထားသဖြင့် ခေါင်းယမ်းပြလိုက်သည်။
"ဒါဆိုရင် ကျုပ်တို့က သဘောမတူနိုင်တာကို ခွင့်လွှတ်ပါ"
နောက်ဆုံးတွင် ယဲ့ချန်က ရွှမ်လင်း၏ ရည်ရွယ်ချက်အစစ်အမှန်ကို နားလည်သွားခဲ့သည်။
"မင်းတို့ရော သူနဲ့ သဘောတူလား။ မင်းတို့သာ ငါနဲ့ရပ်တည်ဖို့ ရွေးချယ်မယ်ဆိုရင် ရှင်းဟွမ်ရဲ့ကျွန်အဖြစ်ကနေ လွတ်မြောက်ပြီး ကောင်းကင်နတ်ဆိုးထက် ပိုအစွမ်းထက်လာလိမ့်မယ်"
ရွှမ်လင်းက စစ်ဧကရာဇ်ရှစ်ယောက်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သို့သော် သူတို့က တည်ငြိမ်စွာဖြင့် ခေါင်းယမ်း၍ ငြင်းဆန်လိုက်ကြပြီး ရွှမ်လင်းအပေါ် စိတ်ပျက်သွားကြသည်။ သူတို့က မြင့်မြတ်သော ကာကွယ်သူတစ်ယောက်အဖြစ် ထင်မှတ်ထားခဲ့သူ၏ စိတ်ထဲတွင် အရူးတစ်ယောက်ကဲ့သို့ အကြံအစည်မျိုး ရှိနေမည်ဟု ထင်မထားခဲ့ပေ။
"မင်းက ငါ့ကို ဘယ်အချိန်တည်းက သံသယဝင်နေတာလဲ"
ရွှမ်လင်းသည် စစ်ဧကရာဇ်ရှစ်ယောက်နှင့် အချိန်ကြာမြင့်စွာရှိခဲ့သဖြင့် အကျင့်စရိုက်များကို နားလည်ထားသောကြောင့် ငြင်းပယ်မည်ဟု ကြိုတင်မျှော်လင့်ထားပြီးဖြစ်သည်။ ထို့နောက် သူက ယဲ့ချန်ဘက်လှည့်ကာ မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။
"တိမ်နန်းတော်မှာ ဆိုပါတော့။ ဖိနှိပ်ခြင်းဆိုတဲ့စကားလုံးကို ကြယ်သခင်တွေက ဖန်တီးခဲ့ပြီး မကောင်းတဲ့ရည်ရွယ်ချက်ရှိသူတွေကို တားမြစ်ဖို့ဖြစ်ရမယ်လို့ နားလည်ခဲ့တယ်။ ခင်ဗျားမှာ မကောင်းတဲ့ရည်ရွယ်ချက်ရှိနေတော့ အတွင်းကို မဝင်နိုင်ဘူး"
ယဲ့ချန်က တစ်ချက်ပြုံး၍ ရှင်းပြလိုက်သည်။ ရွှမ်လင်းကမူ ကြယ်သခင်၁၂ယောက်ကို စိတ်ထဲမှ ကဲ့ရဲ့နေသည်။ သူ၏အမြင်တွင် ရှင်းဟွမ်ကို ကာကွယ်နေသူများအားလုံးကို ကျွန်အဖြစ် သတ်မှတ်ထားသည်။
"တိမ်နန်းတော်မှာ ကောင်းကင်ပိုက်ကွန်နဲ့ တိမ်ပုလဲကို ကျုပ် ရခဲ့တယ်။ ကောင်းကင်ပိုက်ကွန်က မဟာတာအိုလက်နက်အစစ်မဟုတ်ဘဲ ဟန်ပြဆိုတာ ကျုပ် သိထားတယ်။ ဒါပေမယ့် ခင်ဗျားကတော့ တစ်ချက်ကြည့်ရုံနဲ့ အတုဆိုတာ သိပေမယ့် လိမ်ပြောခဲ့တယ်"
ယဲ့ချန်က ဆက်ပြောလိုက်သည်။
"မင်းရဲ့အမြင်က ဒီလောက်ထူးခြားနေမယ်လို့ ထင်မထားဘူး။ ရွှမ်အဆင့် ကျင့်ကြံသူတစ်ယောက်ဟာ ကောင်းကင်ပိုက်ကွန်က မဟာတာအိုလက်နက်အတုဆိုတာကို သိနေပြီး ခွဲခြားနိုင်မယ်လို့ ထင်မထားဘူး။ မင်းရဲ့ထောင်ချောက်ထဲကို ငါ ရောက်သွားခဲ့တာပဲ"
ရွှမ်လင်းက သက်ပြင်းတစ်ချက် ချလိုက်သည်။
"လူတစ်ယောက်က လိမ်နေပြီဆိုရင် ချွင်းချက်တွေ ဖြစ်လာတာပါပဲ"
ယဲ့ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။ မီးဧကရာဇ်နှင့် ရှေးဦးဧကရာဇ်သည် ယဲ့ချန်က သူတို့ကိုသတိထားရန် မှာကြားခဲ့သော အကြောင်းအရင်းကို နားလည်သွားကြသည်။
"ကျုပ်သာမမှားရင် ခင်ဗျားက ကောင်းကင်နတ်ဆိုးမဟုတ်ရင်တောင် သူနဲ့ အဆက်အသွယ်ရှိရမယ်။ မဟုတ်ရင် တည်နေရာပြောင်းခန်းမထဲကို အသက်ရှင်လျက် ဝင်လာနိုင်မှာ မဟုတ်ဘူး"
ယဲ့ချန်က ရွှမ်လင်းကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ ရောင်ယွမ်သည်လည်း သူက တိမ်နီမြွေကို မဆင့်ခေါ်ရသည့် အကြောင်းအရင်းကို နားလည်လိုက်သည်။ အကယ်၍ တိမ်နီမြွေသာ ထွက်ပေါ်လာလျှင် ရွှမ်လင်းက သူ၏အကြံကို ရိပ်မိသွားနိုင်ပြီး ကောင်းကင်နတ်ဆိုးဖြင့် ပူးပေါင်းသွားနိုင်သည်။ တိမ်နီမြွေက အစွမ်းထက်သော်လည်း နတ်အစေခံနှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို ယှဥ်နိုင်စရာ အကြောင်းမရှိပေ။ အကယ်၍ ကောင်းကင်နတ်ဆိုးသာ အစွမ်းကုန်ထုတ်သုံးလျှင် သူတို့က တည်နေရာပြောင်းခန်းမအတွင်း ဝင်ရောက်နိုင်စွမ်းရှိမည် မဟုတ်ပေ။ သို့သော်လည်း ယဲ့ချန်က ရွှမ်လင်းကို ခန်းမအတွင်း၌ တိမ်ပုလဲရှိသည်ဟု လှည့်ဖျားခဲ့သောကြောင့် ကောင်းကင်နတ်ဆိုးက အလွယ်တကူ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
"မင်းက ငါ့ကို လူယုတ်မာတစ်ယောက်လို့ မြင်နိုင်ပါတယ်။ ဒါပေမယ့် မင်းတို့အားလုံးသိထားရမှာက ငါဟာ တစ်ကိုယ်ကောင်းဆန်နေတာမဟုတ်ဘဲ လူသားမျိုးနွယ်အကျိုးအတွက် လုပ်နေတာဖြစ်တယ်။ ဘယ်သူမဆို ငါ့လမ်းမှာ ပိတ်နေရင် ရှင်းပစ်ရမှာပဲ။ မင်းတို့က တည်နေရာပြောင်းခန်းမထဲကို ရောက်နေရင်တောင် ကျိယွမ်ကြယ်က ထွက်သွားနိုင်မယ် မထင်နဲ့"
ရွှမ်လင်းက ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။
"ခင်ဗျားဘာပြောပြော အသုံးမဝင်ဘူး။ ကောင်းကင်နတ်ဆိုးတွေနဲ့ ပူးပေါင်းတာက လူသားမျိုးနွယ်ကို ကောင်းကျိုးမဖြစ်စေဘဲ ပျက်စီးကိန်းစိုက်စေလိမ့်မယ်။ ရွှမ်လင်း ခင်ဗျား အရမ်းမှားနေပြီ၊ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုးနေလိမ့်မယ်။ ကောင်းကင်နတ်ဆိုးက ခင်ဗျားရဲ့ဆန္ဒကို ကူညီပေးမယ်လို့ တကယ်ထင်နေတာလား"
မီးဧကရာဇ်က သက်ပြင်းတစ်ချက်ချ၍ ခေါင်းယမ်းလိုက်သည်။
"မင်းတို့ ဘာမှနားမလည်ပါဘူး။ ကောင်းကင်နတ်ဆိုးမျိုးနွယ်က မင်းတို့ထင်သလောက် မဆိုးရွားဘူး။ မင်းတို့က နားမလည်နိုင်တာပဲ ရှိတယ်။ သူတို့အပေါ်မှာ နားလည်မှုလွဲနေကြတယ်"
ရွှမ်လင်း၏စကားကြောင့် ယဲ့ချန်မှာ ကောင်းကင်နတ်ဆိုးက မည်သို့လှည့်စားထားကြောင်းကိုပင် စိတ်ဝင်စားမိသွားခဲ့သည်။ ကောင်းကင်နတ်ဆိုးများက ရှင်းဟွမ်များကို ဝါးမျို၍ မရေမတွက်နိုင်သော လူသားများကို သတ်ဖြတ်နေသည်ဖြစ်သော်လည်း ရွှမ်လင်းက ထိုမျိုးနွယ်ဘက်မှ ကာကွယ်ပြောဆိုနေသည်။ ယဲ့ချန်သည် ဤလောကရှိ ကျင့်ကြံသူများကဲ့သို့ ရှင်းဟွမ်ကို ဘုရားပမာ မျက်စိစုံမှိတ်ကိုးကွယ်သူမဟုတ်ဘဲ သူ၏အသက်ကိုရင်း၍ ရှင်းဟွမ်ကို ကာကွယ်ပေးရန် အကြောင်းမရှိပေ။ သူက မျက်မြင်ကြုံတွေ့ရသော အကြောင်းအရာများကိုသာ ယုံကြည်သည့် လက်တွေ့ကျသူတစ်ယောက် ဖြစ်သည်။ သူသိထားသမျှအရ ကောင်းကင်မူလကြယ်နှင့် ကျိယွမ်ကြယ်၏ ရှင်းဟွမ်များမှာ လူသားမျိုးနွယ်ကို တင်းကြပ်စွာ အုပ်စိုးနေခြင်း မရှိပေ။ ထို့အပြင် လူသားနှင့် ရှင်းဟွမ်က အချင်းချင်းမှီခိုနေကြပြီး ရှင်းဟွမ်က လူသားများကို ဖန်တီး၍ နေထိုင်ရန်နှင့် ကျင့်ကြံရန်အတွက် ကြယ်များ ထောက်ပံ့ပေးသည်။ လူသားများက အစွမ်းထက်ကျင့်ကြံသူများဖြစ်လာလျှင် ကောင်းကင်နတ်ဆိုးများကို တွန်းလှန်၍ ရှင်းဟွမ်ကို ကာကွယ်ပေးရသည်ဆိုသော်လည်း အမိမြေကို ကာကွယ်ပေးခြင်းပင် ဖြစ်သည်။ သူက ဤအရာအားလုံးကို လုပ်ဆောင်နေခြင်းမှာ ရှင်းဟွမ်အတွက် မဟုတ်ဘဲ ယဲ့မျိုးနွယ်နှင့် ကိုယ်တိုင်ရှင်သန်ရေးအတွက် ဖြစ်သည်။
"ဒါဆိုရင်မင်းတို့လို အမြင်ကျဥ်းသူတွေကို ရှင်းပြနေလို့ အကျိုးမရှိဘူး။ ဘာဖြစ်ဖြစ် ငါက မင်းတို့ကို ကျိယွမ်ကြယ်က ထွက်သွားခွင့် မပေးနိုင်ဘူး။ မင်းတို့က ဒီလောက်ခေါင်းမာနေမှတော့ သေသင့်တယ်"
ရွှမ်လင်း၏မျက်လုံးတွင် သတ်ဖြတ်လိုစိတ်များ ရုတ်တရက် ဖြစ်ပေါ်လာခဲ့လေသည်။