မဲပေးမှု စတင်ပြီ
Vol. 48 Ch. 672
စစ်ဧကရာဇ်ရှစ်ယောက်က တည်ငြိမ်သော မျက်နှာကိုယ်စီဖြင့် ကောင်းကင်ချီများကို တိတ်တဆိတ်လည်ပတ်ကာ ရွှမ်လင်း တိုက်ခိုက်လာလျှင် အချိန်မရွေး တုံ့ပြန်နိုင်ရန် အသင့်ပြင်လိုက်ကြသည်။ သို့သော်လည်း သူတို့အားလုံး ပူးပေါင်းလိုက်လျှင်ပင် အမြင့်ဆုံးကျင့်ကြံသူက စစ်ဧကရာဇ်အဆင့်ငါးသာ ဖြစ်သောကြောင့် နတ်အစေခံတစ်ယောက်ကို ယှဥ်နိုင်မည် မဟုတ်ပေ။ အကယ်၍ အဆင့်တစ်ဆယ် စစ်ဧကရာဇ်များသာရှိနေလျှင် အနိုင်ရရန် အခွင့်အရေးတစ်ခု ရှိနိုင်သော်လည်း လက်ရှိ၌ အရှုံးနှင့်သာ ရင်ဆိုင်ရနိုင်ချေများသည်။
"ကျုပ်က ဒီကိုရောက်လာမှတော့ ကြိုတင်ပြင်ဆင်ထားတာပေါ့"
ယဲ့ချန်က တစ်ချက်ပြုံးလိုက်ပြီး ဆင့်ခေါ်လိုက်သောအခါ တိမ်ပုလဲအတွင်းမှ မြွေနီကြီးက ထွက်ပေါ်လာ၍ ခန်းမအတွင်း ရောက်ရှိလာခဲ့သည်။ ၎င်းက ယဲ့ချန်တို့အားလုံးရှေ့တွင် ခန္ဓာကိုယ်ကြီးကိုရစ်ခွေ၍ ကာကွယ်ပေးလိုက်ပြီး ရွှမ်လင်းနှင့် မျက်နှာချင်းဆိုင် နေရာယူထားလိုက်သည်။
"တိမ်နီမြွေ"
ရွှမ်လင်းက အနည်းငယ် မင်သက်သွားပြီး အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။ ကျိယွမ်ကြယ်၏ နတ်အစေခံဖြစ်သောကြောင့် သူက တိမ်နီမြွေ၏ခွန်အားကို နားလည်ထားသည်။ ၎င်းက သက်တမ်းရှည်လျားနေသော သားရဲကြီးတစ်ကောင်ဖြစ်ကာ နတ်အစေခံအဆင့်သို့ ရောက်ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သည်။ နတ်အစေခံအဆင့် နှစ်ယောက်က ရင်ဆိုင်ရန် အသင့်ပြင်ထားသောကြောင့် ခန်းမအတွင်း မြွေကြီး၏နှာမှုတ်သံ တရွှီးရွှီးမှလွဲ၍ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေသည်။ ရွှမ်လင်းက ဘဝနေဝင်ချိန်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် အင်အားအရာတွင် နိမ့်ကျနေပြီဖြစ်သည်။ တိမ်နီမြွေ၏ သက်တမ်းက နှစ်ထောင်သောင်းချီနေသော်လည်း မှော်သားရဲများ၏ အကောင်းဆုံးအချိန်အတွင်း ရှိနေဆဲပင်။
"ဒီတစ်ခေါက် ငါ အရှုံးပေးပါတယ်"
ရွှမ်လင်းက ယဲ့ချန်ကို စိုက်ကြည့်၍ သက်ပြင်းတစ်ချက်ချလိုက်သည်။ ထိုအချိန်တွင် ရောင်ယွမ်က ဦးဆောင်၍ စစ်ဧကရာဇ်ရှစ်ယောက်နှင့်အတူ အာကာသလမ်းကြောင်းကို စတင်ပြင်ဆင်နေကြသည်။
"ခင်ဗျားရဲ့အကြံက ရှုံးနိမ်ခဲ့ပေမယ့် နတ်အစေခံတစ်ယောက်ဖြစ်နေတဲ့အတွက် တောင်းပန်မယ်ဆိုရင် ရှင်းဟွမ်က သေချာပေါက် လက်ခံပါလိမ့်မယ်"
ယဲ့ချန်က ဖြောင်းဖျရန် ကြိုးစားလိုက်သည်။
"ငါက ရှုံးသွားပြီဖြစ်တဲ့အတွက် ပြောစရာ မရှိတော့ပါဘူး။ မင်းနဲ့ ဟိုမိန်းကလေးက သုညပိုင်ရှင်တွေဖြစ်တဲ့အတွက် ထူးခြားသူတွေ ဖြစ်ကြတယ်။ မင်းတို့က ရှင်းဟွမ်ရဲ့ ထောင်ချောက်ထဲကို ရောက်မသွားအောင် သတိထားကြပါ"
စကားအဆုံးတွင် ရွှမ်လင်းက ခန်းမအပြင်ဘက်သို့ ချာခနဲ လှည့်ထွက်သွားပြီး တိမ်နီမြွေနှင့် တိုက်ခိုက်လျှင်လည်း အကျိုးမရှိသောကြောင့် လက်လျှော့ခဲ့သည်။ သူ၏စကားကြောင့် ယဲ့ချန်မှာ အတွေးနက်သွားပြီး ရှင်းဟွမ်၏ ထောင်ချောက်ဆိုသည်ကို သိချင်စိတ် ဖြစ်ပေါ်လာသည်။
"သူက တစ်ခုခုကို ရှာတွေ့သွားလို့ ရှင်းဟွမ်ကိုသစ္စာဖောက်တာ ဖြစ်နိုင်တယ်။ ဒါပေမယ့် လူသားတွေက ရှင်းဟွမ်ကို ဆန့်ကျင်မယ်ဆိုရင် ဘယ်နေရာမှာ သွားနေကြရမလဲ။ အနည်းဆုံးတော့ ငါတို့မှာ ဘုံရန်သူဖြစ်တဲ့ ကောင်းကင်နတ်ဆိုးတွေ ရှိနေသေးတယ်။ တကယ်လို့ ရှင်းဟွမ်နဲ့ လူသားက အချင်းချင်းမယုံကြည်ဘူးဆိုရင် ပျက်စီးခြင်းနဲ့ပဲ ကြုံရလိမ့်မယ်"
ယဲ့ချန်က အချိန်ကြာမြင့်စွာ တွေးတောနေမိသည်။ စစ်ဧကရာဇ်များမှာ တရွေ့ရွေ့ထွက်ခွာသွားသော ရွှမ်လင်းကိုကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ရွှမ်လင်းက လူလေးစားခံရသော အကြီးအကဲတစ်ယောက်ဖြစ်သော်လည်း ကောင်းကင်နတ်ဆိုးနှင့် ပူးပေါင်း၍ လမ်းမှားသို့ ရောက်ရှိသွားခဲ့လေသည်။ ကံကောင်းစွာဖြင့် ကောင်းကင်မူလကြယ်၏ လမ်းကြောင်းက များစွာထိခိုက်မထားသဖြင့် ခဏတာ ပြင်ဆင်လိုက်ရုံဖြင့် ပြန်လည်အသုံးပြုနိုင်ပြီဖြစ်သည်။
"ကျေးဇူးပြုပြီး အာကာသလမ်းကြောင်းကို ကာကွယ်ပေးထားပါ။ တကယ်လို့ ရွှမ်လင်းသာ ပြန်ဝင်လာပြီး တိုက်ခိုက်မယ်ဆိုရင် ကျုပ်တို့အားလုံး ဒုက္ခရောက်သွားနိုင်တယ်"
"သွားကြစို့"
ယဲ့ချန်က တိမ်နီမြွေထံ ကာကွယ်ပေးရန် တောင်းဆိုလိုက်ပြီး စစ်ဧကရာဇ်များကို ညွှန်ကြားလိုက်သည်။ တိမ်နီမြွေက နားလည်ဟန်ဖြင့် ခေါင်းညိတ်ကာ လမ်းကြောင်းကို ကာကွယ်ရန်အတွက် ကျိယွမ်ကြယ်၌ နေရစ်ခဲ့ရန် သဘောတူလိုက်၏။ ထို့နောက် သူတို့အားလုံးက လမ်းကြောင်းအတွင်း တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားသဖြင့် အလင်းတန်းများက စကြဝဠာအတွင်း ထွက်ပေါ်လာသည်။ တည်နေရာပြောင်းခန်းမ၏ လမ်းကြောင်းက အချိန်လေဟာနယ်စီးကြောင်းများကို ရှောင်တိမ်းဖောက်လုပ်ထားသောကြောင့် ပြင်ပအနှောင့်အယှက်သာ မရှိလျှင် သေချာပေါက် လုံခြုံလေသည်။
ကောင်းကင်မူလကြယ်ပေါ်ရှိ စစ်ဧကရာဇ်နန်းတော်အတွင်း အချိန်ဆယ်ရက်ပြည့်ပြီ ဖြစ်သောကြောင့် စစ်ဧကရာဇ်များအားလုံး ရောက်ရှိနေကြကာ ယဲ့မျိုးနွယ်နှင့် တာအိုအိမ်တော်၏ အားပြိုင်မှုကို အာရုံစိုက်နေကြသည်။ နဂါးဘုရင်လည်း ရောက်ရှိနေပြီး တစ်နေရာတွင် ယဲ့ချန်ဦးဆောင်သော ယဲ့မျိုးနွယ်ဝင်များ စုဝေးနေသကဲ့သို့ လင်းဖန် ဦးဆောင်သော တာအိုအိမ်တော်၏ အင်အားစုများလည်း စုစည်းနေကြသည်။ စစ်ဧကရာဇ်တစ်ရာကျော်က နန်းတော်အတွင်း ရောက်ရှိနေသဖြင့် တီးတိုးဆွေးနွေးသံများ ထွက်ပေါ်နေသည်။
"မဲပေးမှု စတင်မယ်"
နဂါးဘုရင်၏ အမိန့်သံအဆုံးတွင် ယဲ့မျိုးနွယ်၏ စစ်ဧကရာဇ်များနှင့် နှင်းဧကရာဇ်တို့အုပ်စုက ယဲ့မျိုးနွယ်ကို မဲပေးလိုက်ကြသဖြင့် အရေအတွက်၆၅ခု ရသွားကြသည်။ တာအိုအိမ်တော်ဘက်မှလည်း လှုပ်ရှားလာသောကြောင့် မဲအရေအတွက်၈၆ ရရှိခဲ့သည်။ တာအိုအိမ်တော်ဘက်တွင် ဧကရာဇ်မင်၏ အင်အားစုက မလှုပ်ရှားသေးသဖြင့် အရေအတွက်၂၅ခု ကျန်ရစ်နေသည်။ ထို့ကြောင့် တာအိုအိမ်တော်ဘက်မှ သေချာပေါက်အနိုင်ရလိမ့်မည်ဟု အကြောင်းမသိသော စစ်ဧကရာဇ်များက ထင်မှတ်နေကြသည်။ လက်ရှိတွင် စစ်ဧကရာဇ်နန်းတော်၌ ၃၃၂မဲ ရှိပြီး သုံးပုံတစ်ပုံက ကြားနေများဖြစ်သောကြောင့် ယဲ့မျိုးနွယ် အနိုင်ရရန် အခွင့်အလမ်းက အလွန်နည်းပါးနေသည်။ ကြားနေအများစုက သိုင်းဒေသကြီးများမှ ဖြစ်သောကြောင့် အနိုင်ရရန် သေချာသော တာအိုအိမ်တော်ဘက်သို့ ယိမ်းယိုင်နေကြသည်။
"ဧကရာဇ်မင်က ယဲ့မျိုးနွယ်ကို မဲပေးတယ်"
လူတိုင်းက ယဲ့မျိုးနွယ်ရှုံးနိမ့်မည်ဟု တွေးနေကြစဥ် စကားသံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
"ဘာတွေဖြစ်ကုန်တာလဲ"
"ဧကရာဇ်မင်က တာအိုအိမ်တော်သခင်ရာထူးအတွက် နတ်ဧကရာဇ်ကို ယှဥ်ပြိုင်နေတာမလား။ ကြည့်ရတာ သူက ဆန့်ကျင်ဘက် လုပ်တော့မယ်ထင်တယ်"
"သိပ်မကြာခင်က အလင်းဧကရာဇ်က သူ့မျိုးနွယ်ရဲ့ သူတော်စင်ဓားကို ရခဲ့တယ်လို့ ကြားတယ်။ လက်ရှိမှာ သူ့ခွန်အားက နတ်ဧကရာဇ်အောက် မနိမ့်ဘူး"
ယဲ့မျိုးနွယ်၏ မဲအရေအတွက်သည် ဧကရာဇ်မင်၏ထောက်ခံမှုဖြင့် ကိုးဆယ်အထိ ရောက်သွားသောကြောင့် တာအိုအိမ်တော်ကို ကျော်လွန်သွားခဲ့သည်။ လင်းဖန်၏ဘက်တော်သားများက အနိုင်ရရန် သေချာသည်ဟု တွေးထားသော်လည်း ဧကရာဇ်မင်က နောက်လိုက်များကို ဦးဆောင်၍ အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်သည်။ လင်းဖန်သည် တည်ငြိမ်စွာထိုင်နေသော ဧကရာဇ်မင်ကို မည်းနက်သော မျက်နှာဖြင့် စိုက်ကြည့်လိုက်၏။ သူက ဧကရာဇ်မင်ကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားသော်လည်း ယဲ့မျိုးနွယ်အတွက် တစ်ဖက်လူက သူ့ကို ပေါ်တင်ဆန့်ကျင်နေခဲ့သည်။ ဤအချက်က အာဏာကိုတပ်မက်သူ လင်းဖန်အတွက် လက်မခံနိုင်စရာဖြစ်သည်။ ထို့အပြင် ရှောင်ရိနှင့် ဝမ်အာ၏ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက ခုနစ်ဆယ်ကျော်ပြီး အသက်ခုနစ်နှစ်အရွယ်၌ပင် စစ်ဧကရာဇ်အဆင့်သို့ ချိုးဖျက်နိုင်လုနီးပါး ထူးချွန်သူများ ဖြစ်ကြသည်။ ထို့ကြောင့် သူက ကိုယ်ကျိုးအတွက် ဤပါရမီရှင်နှစ်ယောက်ကို လွယ်လွယ်နှင့် လက်မလျှော့လိုပေ။
"မင်းက ငါ့ကို အနိုင်ယူနိုင်မယ် ထင်နေတာလား"
လင်းဖန်က နှာခေါင်းတစ်ချက်ရှုံ့၍ မျက်ရိပ်ပြလိုက်သောအခါ အဆင့်သတ်မှတ်ချက်တွင် အဆင့်သုံးဖြစ်သော မိုးကြိုးဧကရာဇ်က တာအိုအိမ်တော်ကို မဲပေးလိုက်သည်။ တာအိုအိမ်တော်၏ မဲအရေအတွက်က ၁၀၆ဖြစ်သွားသောကြောင့် ယဲ့မျိုးနွယ်ကို ကျော်ဖြတ်သွားပြန်သည် ။သို့သော် မူမျိုးနွယ်မှ စစ်ဧကရာဇ်များက ယဲ့မျိုးနွယ်ကို မဲပေးလိုက်သောကြောင့် ယဲ့မျိုးနွယ်ကလည်း တူညီသော မဲအရေအတွက်ကို ပိုင်ဆိုင်လာခဲ့သည်။
"မူမျိုးနွယ်က အမြဲတမ်း ကြားနေဖြစ်ခဲ့တာမလား။ ဒီတစ်ကြိမ်မှာ ဘာကြောင့် ယဲ့မျိုးနွယ်ကို ရွေးချယ်လိုက်တာလဲ"
"ငါကြားတာကတော့ ဧကရီရှီက ယဲ့မျိုးနွယ်နဲ့ ဆက်ဆံရေးကောင်းမွန်တယ်။ သူမက ကြားခံလူအဖြစ် ဆောင်ရွက်ပေးပြီး ယဲ့မျိုးနွယ်နဲ့ မူမျိုးနွယ်ကြားမှာ မဟာမိတ်တစ်ခု ဖြစ်လာခဲ့တယ်"
အခြေအနေကိုသိထားသော စစ်ဧကရာဇ်တစ်ယောက်က ခပ်တိုးတိုး ရှင်းပြလိုက်သည်။ နှစ်ဖက်လုံးမှ မဲအရေအတွက်က တူညီနေသောကြောင့် ကျန်စစ်ဧကရာဇ်များက ရွေးချယ်ရခက်ခဲနေသည်။ ဤပြောင်းလဲမှုက လူတိုင်းကို အံ့သြစေခဲ့ပြီး ယဲ့မျိုးနွယ်ရော တာအိုအိမ်တော်ပါ အရံအစီအစဥ်များရှိနေမည်ဟု ထင်မထားကြပေ။ ထို့နောက် မဲပေးမှုကို ဆက်လက်ဆောင်ရွက်ခဲ့ကြပြီး ယဲ့မျိုးနွယ်က ၁၂၄ မဲအထိ ရရှိလာကာ တာအိုအိမ်တော်က ၁၂၅မဲ ရရှိခဲ့သည်။
ဤအချက်က စစ်ဧကရာဇ်များကို အလွန်အံ့သြစေခဲ့ပြီး မူလတွင် သူတို့သည် ယဲ့မျိုးနွယ်အား တာအိုအိမ်တော်မှ ပြတ်ပြတ်သားသား အနိုင်ရမည်ဟု ထင်ထားခဲ့သော်လည်း စုစုပေါင်း မဲနှစ်ရာကျော်သည်အထိ ယဲ့မျိုးနွယ်က တာအိုအိမ်တော်ကို ယှဥ်ပြိုင်နိုင်နေသည်။ ပထမဆုံးအကြိမ်အဖြစ် သူတို့က ယဲ့မျိုးနွယ်ကို လေးစားသွားကြပြီး အသစ်ထွက်ပေါ်လာသော မျိုးနွယ်လေးတစ်ခုက အချိန်တိုအတွင်း စစ်ဧကရာဇ်များစွာ၏ ထောက်ခံမှုကို ရယူနိုင်ခဲ့သောကြောင့်ဖြစ်သည်။ ထောက်ခံသူများတွင် ဧကရာဇ်မင်၊ ဧကရီရှီတို့အပြင် ကြားနေစစ်ဧကရာဇ်များစွာလည်း ပါဝင်နေသောကြောင့် မည်သူမှ ယဲ့မျိုးနွယ်ကို အထင်မသေးဝံ့ကြတော့ပေ။
ရလဒ်က အလွန်စိတ်မချမ်းမြေ့စရာကောင်းသောကြောင့် စိတ်ပျက်နေပြီဖြစ်သော်လည်း လင်းဖန်က မျက်နှာမပျက်အောင် ထိန်းသိမ်းထားခဲ့ရသည်။ တာအိုအိမ်တော်သည် ကောင်းကင်မူလတိုက်ကို နှစ်ပေါင်းများစွာ အုပ်စိုးသော်လည်း အရှေ့ပိုင်းတိုက်ကြီးမှ ပြောင်းရွှေ့လာသော ယဲ့မျိုးနွယ်ကို အနိုင်မယူနိုင်ခြင်းက သူ့အတွက် စိတ်ပျက်စရာ ဖြစ်နေခဲ့သည်။ ကျန်တစ်ဖက်တွင် ယဲ့ချန်က စိတ်များလေးလံနေသော်လည်း တည်ငြိမ်စွာ ရှိနေခဲ့သည်။ နောက်ဆုံးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် လင်းဖန်သည် ခေါင်းညိတ်ပြလိုက်သောအခါ သူ၏ဘက်တော်သား စစ်ဧကရာဇ်များက မဲပေးလိုက်ကြသဖြင့် တာအိုအိမ်တော်၏ မဲအရေအတွက်က ၁၆၄အထိ တိုးတက်လာသည်။ ယဲ့မျိုးနွယ်ကလည်း စစ်ဧကရာဇ်အချို့ကို သိမ်းသွင်းနိုင်ခဲ့သောကြောင့် ၁၄၉မဲအထိ ဆက်တိုက်တိုးတက်လာခဲ့သည်။
မဲစုစုပေါင်း ၃၂၃မဲတွင် ကိုးမဲသာ ကျန်ရစ်သောကြောင့် ကျန်စစ်ဧကရာဇ်များက ယဲ့မျိုးနွယ်ဘက်မှ ရပ်တည်လျှင်ပင် မဲအရေအတွက်ကွာခြားမှုက ၁၅မဲဖြစ်သောကြောင့် တာအိုအိမ်တော်ကို မမီနိုင်တော့ပေ။
"အရှင်နဂါးဘုရင် မဲပေးမှုရလဒ်က ပြတ်ပြတ်သားသား ထွက်ပေါ်လာပါပြီ။ ဒါကြောင့် ရှောင်ရိ၊ ဝမ်အာနဲ့ ယဲ့ပင်းတို့ငါးယောက်ကို တာအိုအိမ်တော်က စောင့်ရှောက်ပေးသွားပါမယ်"
လင်းဖန်က အောင်နိုင်သူမျက်နှာထားမျိုးဖြင့် မတ်တပ်ထရပ်၍ နဂါးဘုရင်ထံ လျှောက်ထားလိုက်သည်။
"ယဲ့မျိုးနွယ်က ကန့်ကွက်စရာ ရှိသလား"
ထို့နောက် သူက အေးစက်စက်ပြုံး၍ ယဲ့ချန် ဘက်လှည့်ကာ မေးမြန်းလိုက်လေသည်။