← Chapters

နဂါးဘုရင်ကို အကျပ်ကိုင်ခြင်း

Vol. 48 Ch. 673

နဂါးဘုရင်ကို အကျပ်ကိုင်ခြင်း

Vol. 48 Ch. 673

နှင်းဧကရာဇ်တို့လူစုသည် ယဲ့မျိုးနွယ်၏မဲက တာအိုအိမ်တော်ကို မီလုမီခင်ဖြစ်လာသောကြောင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ နောက်ထပ်နှစ်အနည်းငယ်သာ အချိန်ရလျှင် ယဲ့မျိုးနွယ်က တာအိုအိမ်တော်ကို ကျော်ဖြတ်သွားနိုင်မည် ဖြစ်သော်လည်း လက်ရှိ၌ ရှုံးနိမ့်သွားခဲ့ရသည်။ ယဲ့မျိုးနွယ်ဝင်များကမူ ရှောင်ရိ၊ ဝမ်အာနှင့် ယဲ့မြောင်တို့၏မှတ်ဉာဏ်ကို အောက်တန်းကျစွာ ဖျက်ထားသော လင်းဖန်အပေါ် မကျေမနပ်ဖြစ်နေကြသည်။ အားလုံးက သူတို့ကို လင်းဖန်လက်မှ ကယ်တင်ချင်သော်လည်း အစွမ်းကင်းမဲ့ခဲ့ရသည်။ အပြစ်ကင်းစင်သော ကလေးနှစ်ယောက်ကို ကိုယ်ကျိုးအတွက် အသုံးချလိုနေသော လင်းဖန်အား ယဲ့မျိုးနွယ်ဝင်များက မုန်းတီးစွာ စိုက်ကြည့်နေသည်။

ဤအဖြစ်အပျက်ကို တိတ်တဆိတ် စောင့်ကြည့်နေသော နဂါးဘုရင်က သတိထားမိသွားခဲ့ပြီး မဲရလဒ် ထွက်ပေါ်လာသောအခါ သူလည်း ဘာမှမတတ်နိုင်ချေ။ သို့သော် ယဲ့မျိုးနွယ်ဝင်များက လင်းဖန်ကို အရှင်လတ်လတ် ဝါးစားမတတ် ကြည့်နေသောကြောင့် ဤသို့ဆက်လက်ဖြစ်ပွားလျှင် အနာဂတ်၌ ယဲ့မျိုးနွယ်သည် တာအိုအိမ်တော်ကို သေချာပေါက် တိုက်ခိုက်ပေလိမ့်မည်။ ယဲ့မျိုးနွယ်ဝင်များက ကလေးနှစ်ယောက်ကို သွေးသားရင်းချာများသဖွယ် သဘောထားသောကြောင့် လင်းဖန်က လုယူသွားသောအခါ ကြီးမားသော အမုန်းတရား ဖြစ်ပေါ်လာသည်။ ဤကိစ္စတွင် လင်းဖန်လွန်ကြောင်း သိထားသော်လည်း မဲခွဲဆုံးဖြတ်ရန် ချမှတ်ခဲ့သည့်အတွက် နဂါးဘုရင်က နောင်တရနေခဲ့သည်။ စစ်ဧကရာဇ်များကြား၌ လွှမ်းမိုးနိုင်စွမ်းတွင် ယဲ့မျိုးနွယ်က တာအိုအိမ်တော်ကို လုံးဝမယှဥ်နိုင်ပေ။ မည်သို့ပင်ဖြစ်စေ၊ ကောင်းကင်မူလတိုက်ကို နှစ်ပေါင်းများစွာအုပ်စိုးခဲ့သော တာအိုအိမ်တော်၏လက်ထဲတွင် အသက်ပေါင်းများစွာကို ထိန်းချုပ်ထားသောကြောင့် ယဲ့မျိုးနွယ်က ယှဥ်နိုင်မည် မဟုတ်ပေ။

"ယဲ့ချန် မစိုးရိမ်နဲ့။ ငါက နည်းလမ်းတစ်ခုခုသုံးပြီး ကလေးနှစ်​ယောက်ကို ကယ်တင်ဖို့ ကြိုးစားပေးမယ်"

နဂါးဘုရင်က ယဲ့မျိုးနွယ်ခေါင်းဆောင်ဖြစ်သော ယဲ့ချန်ကို ဖြောင်းဖျရန် ကြိုးစားလိုက်သည်။ ယဲ့ချန်ကမူ သူ၏စကားက ဆင်ခြေတစ်ခုသာဖြစ်ကြောင်း နားလည်ထားသဖြင့် အံတင်းတင်းကြိတ်၍ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားသဖြင့် အကြောအပြိုင်းပြိုင်းထနေသည်။ အကယ်၍ ယဲ့မျိုးနွယ်သာ အစွမ်းထက်လျှင် လင်းဖန်လုပ်သမျှကို ခေါင်းငုံ့ခံစရာ မလိုပေ။

"နေဦး ရလဒ်က အခုထိ ဆုံးဖြတ်လို့ မပြီးသေးဘူး"

ထိုအချိန်တွင် သူ၏မျက်နှာက ရုတ်တရက်တောက်ပသွားပြီး ချက်ချင်းမတ်တပ်ထရပ်ကာ ကြည်လင်စွာ ပြောလိုက်သည်။ နန်းတော်အတွင်း ထပြန်ရန်ပြင်ဆင်နေသော စစ်ဧကရာဇ်များက သူ၏စကားကြောင့် လမ်းတစ်ဝက်တွင် တန့်သွားကြသည်။

"ရလဒ်က ဆုံးဖြတ်ပြီးပြီ။ မင်းက စစ်ဧကရာဇ်နန်းတော်ရဲ့ ဆုံးဖြတ်ချက်ကို ကလန်ကဆန်လုပ်ချင်တာလား။ ဒီနေရာက အရှေ့ပိုင်းတိုက်ကြီး မဟုတ်ဘူး။ ကောင်းကင်မူလတိုက်ကြီးရဲ့ စည်းမျဥ်းကို အပြင်လူဆိုရင်တောင် လိုက်နာရမယ်"

လင်းဖန်က တည်ကြည်ဖြောင့်မတ်ဟန်ဖြင့် ငေါက်ငမ်းလိုက်သည်။ စစ်ဧကရာဇ်အများစုမှာလည်း ရလဒ်က သိသာနေသောကြောင့် ယဲ့ချန်ဘာပြောပြော အသုံးမဝင်ဟု လက်ခံထားကြသည်။ ကောင်းကင်မူလတိုက်တွင် မည်သူမှ စစ်ဧကရာဇ်နန်းတော်၏ ဆုံးဖြတ်ချက်ကို မလွန်ဆန်နိုင်ဘဲ ဆန့်ကျင်မည်ဆိုလျှင် စစ်ဧကရာဇ်အားလုံးကို စစ်ကြေငြာလိုက်သည်နှင့် မခြားပေ။ နဂါးဘုရင်သည်လည်း ယဲ့ချန်ကို စကားဖြင့် ဖြောင်းဖျခဲ့သည့်တိုင်အောင် တစ်ဖက်လူ၏လုပ်ရပ်ကြောင့် မျက်မှောင်ကြုတ်လိုက်သည်။ ယဲ့ချန်၏လုပ်ရပ်က အခြေအနေကို ပို၍ဆိုးရွားသွားစေနိုင်သည်။

"အရှင် စစ်ဧကရာဇ်နန်းတော်ရဲ့ အဖွဲ့ဝင်တိုင်းက မဲပေးခွင့် ရှိတယ်မလား"

ယဲ့ချန်က လင်းဖန်ကို လျစ်လျူရှု၍ နဂါးဘုရင်ကို မေးလိုက်ခြင်းဖြစ်သည်။ သူ၏ရည်ရွယ်ရင်းကို မသိသော်လည်း နဂါးဘုရင်က ဟုတ်မှန်ကြောင်း ထောက်ခံလိုက်သည်။

"ဒါဆိုရင် ခရမ်းရောင်အလင်းကြယ်ကိုသွားတဲ့ စစ်ဧကရာဇ်တွေမှာလည်း မဲပေးခွင့် ရှိတယ်မလား"

ယဲ့ချန်သည် သူ၏ကိုယ်ပွားတစ်ယောက်က ရောင်ယွမ်နှင့် စစ်ဧကရာဇ်ရှစ်ယောက်ကို ခေါ်ဆောင်ပြီး ရှေးဟောင်းတျန်းယွမ်မြို့သို့ ရောက်လာကြောင်း အာရုံခံမိလိုက်သည်။ ကျိယွမ်ကြယ်နှင့် ကောင်းကင်မူလကြယ်၏ လမ်းကြောင်းက ဤမြို့အတွင်းရှိ လျှို့ဝှက်နန်းဆောင်တစ်ခုတွင် အဆုံးသတ်သောကြောင့် အကွာအဝေးချင်း နီးကပ်လာသောအခါ ယဲ့ချန်နှစ်ယောက်ကြားတွင် ဖြစ်ပျက်သမျှ အရာအားလုံးသည် တစ်ယောက်ချင်းစီ၏ စိတ်အတွင်း ကူးလူးထွက်ပေါ်လာကြသည်။

"ဒါပေါ့။ သူတို့မှာ အခွင့်အရေးရှိတယ်"

နဂါးဘုရင်သည်လည်း ထိုအချက်ကို အာရုံခံမိလိုက်သဖြင့် ယဲ့ချန်၏ဆိုလိုရင်းကို နားလည်သောကြောင့် တစ်ချက်ပြုံးလိုက်သည်။

"ခရမ်းရောင်အလင်းကြယ်ကိုသွားတဲ့ စစ်ဧကရာဇ်တွေက မဲပေးခွင့်ရှိပေမယ့် ပြန်မလာနိုင်ကြဘူးမလား"

"အဲ့ဒီကြယ်ကိုသွားကြတဲ့ စစ်ဧကရာဇ်၁၅ယောက်လုံး သေလား ရှင်လားတောင် မသိရဘူး။ သူတို့ပြန်အလာကို စောင့်ပေးရမှာလား"

"ယဲ့မျိုးနွယ်ခေါင်းဆောင်ရဲ့ စကားက အကျိုးအကြောင်း မဆီလျော်ဘူး"

စစ်ဧကရာဇ်အများစု၏ တီးတိုးစကားများကြောင့် လင်းဖန်က ပြုံးလိုက်မိသည်။ ယဲ့ချန်၏ရုန်းကန်မှုက အကျိုးမရှိဟု ထင်ရသော်လည်း သူက မြို့တွင်းမှ အရှိန်အဝါအချို့ကို အာရုံခံမိလိုက်သောကြောင့် မျက်နှာထက်တွင် အပြုံးက အေးခဲသွားရသည်။ အချိန်ခဏအကြာတွင် ယဲ့ချန်၊ ရောင်ယွမ်နှင့် စစ်ဧကရာဇ်ရှစ်ယောက်က နန်းတော်အတွင်း ဝင်ရောက်လာသောကြောင့် သူတို့ အမှန်တကယ် အသက်ရှင်မည်ဟု ထင်မထားသော စစ်ဧကရာဇ်များအားလုံး အုတ်အော်သောင်းတင်းဖြစ်ကုန်သည်။ သူတို့အားလုံးကို သေပြီဟု ထင်မှတ်ထားသောကြောင့် စစ်ဧကရာဇ်များက အချိန်ကြာမြင့်စွာ ဝမ်းနည်းခဲ့ကြသည်။ လက်ရှိတွင် ထိုလူများ အမှန်တကယ် ပြန်လည်ရောက်ရှိလာသောအခါ ကောင်းကင်မူလကြယ်အတွက် အကျိုးရှိသောကိစ္စဖြစ်၍ အားလုံးက ဝမ်းသာပျော်ရွှင်နေကြသည်။

နန်းတော်အတွင်းရှိ စစ်ဧကရာဇ်များက စစ်ဧကရာဇ်ရှစ်ယောက်ကို လက်ရှိအခြေအနေအကြောင်း ရှင်းပြလိုက်သကဲ့သို့ ကျိယွမ်ကြယ်မှ အခြေအနေကို စုံစမ်းလိုက်ကြသည်။ ခရမ်းရောင်အလင်းကြယ်ကို ကျိယွမ်ကြယ်ဟု ခေါ်တွင်ကြောင်းနှင့် ယဲ့ချန်၏ကိုယ်ပွားတစ်ယောက်က ရှင်းဟွမ်နှင့် ဆက်သွယ်နိုင်ခဲ့ပြီး နတ်အစေခံတစ်ယောက်ကို လှည့်စားကာ စစ်ဧကရာဇ်ရှစ်ယောက်ကို အသက်ရှင်လျက်ပြန်ခေါ်လာခဲ့ကြောင်း သိလိုက်ရသောအခါ ယဲ့ချန်အပေါ် အမြင်ပြောင်းလဲသွားကြသည်။ ယဲ့မျိုးနွယ်သည် အရှေ့ပိုင်းတိုက်ကြီးမှ ပြောင်းရွှေ့လာသော​ကြောင့် စစ်ဧကရာဇ်အများစုက သတိထားနေကြသော်လည်း စစ်ဧကရာဇ်ရှစ်ယောက်၏အသက်ကို ကယ်တင်ခဲ့ခြင်းမှာ သူတို့၏လေးစားမှုနှင့် ထိုက်တန်သည်။ ထို့အပြင် ယဲ့ချန်သည် ကျိယွမ်ကြယ်၏ ရှင်းဟွမ်နှင့် ဆက်သွယ်နိုင်ခဲ့ပြီး ရှင်းဟွမ်ကို နတ်ဘုရားပမာသဘောထားသော သူတို့၏ရင်ထဲတွင် ရှင်းဟွမ်ယုံကြည်သူက အမှန်တကယ် ယုံကြည်ထိုက်သည်ဟု လက်ခံလိုက်ကြသည်။

စစ်ဧကရာဇ်များ၏ အမူအရာကို မြင်သောအခါ လင်းဖန်၏မျက်နှာသည် မည်းနက်သွားပြီး အခြေအနေက ချက်ချင်းပြောင်းလဲသွားမည်ဟု ထင်မထားခဲ့ပေ။ စစ်ဧကရာဇ်ရှစ်ယောက်က အခြားအချိန်တွင် ပြန်လည်ရောက်ရှိလာလျှင် အကြောင်းမဟုတ်သော်လည်း လက်ရှိအချိန်က မသင့်တော်ဆုံးဖြစ်နေသည်။ အခြားစစ်ဧကရာဇ်များ၏ ရှင်းပြမှုကြောင့် ထိုရှစ်ယောက်က ဇာတ်ကြောင်းတစ်ခုလုံးကို နားလည်သွားကြပြီး နှစ်အနည်းငယ်အတွင်း အရာများစွာဖြစ်ပျက်ခဲ့ကြောင်း မယုံနိုင်ဖြစ်နေကြသည်။ အရှေ့ပိုင်းတိုက်ကြီးမှ ပြောင်းရွှေ့လာသော ယဲ့မျိုးနွယ်က အချိန်တိုအတွင်း စစ်ဧကရာဇ်သုံးဆယ်ကျော် မွေးထုတ်ပေးနိုင်ရုံသာမက တာအိုအိမ်တော်ကိုပါ ဆန့်ကျင်နေသည်။ သို့သော်လည်း သူတို့က အံ့သြရုံသာဖြစ်ပြီး မဲပေးသောအခါ ယဲ့မျိုးနွယ်ကို ချက်ချင်းရွေးချယ်လိုက်ကြသည်။ ယဲ့ချန်က သူတို့၏ အသက်သခင်ကျေးဇူးရှင်ဖြစ်ကာ ကောင်းကင်မူလကြယ်သို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့သောကြောင့် ကျေးစွပ်ရန် မဖြစ်နိုင်ပေ။ အကယ်၍ သူတို့သာ တာအိုအိမ်တော်ကို မဲပေးလျှင် ကျေးစွပ်သူများ ဖြစ်သွားပေလိမ့်မည်။

စစ်ဧကရာဇ်ရှစ်ယောက်တွင် ထိပ်ဆုံးငါးဆယ်အတွင်းရှိသူ နှစ်ယောက် ပါဝင်သောကြောင့် ယဲ့မျိုးနွယ်၏ မဲအရေအတွက်က ၁၅၉မဲအထိ တိုးတက်လာသည်။ တာအိုအိမ်တော်က ၁၆၄မဲဲ ပိုင်ဆိုင်ထားသောကြောင့် ကွာခြားချက်က ငါးမဲသာဖြစ်၍ နောက်ထပ် မဲကိုးခု ကျန်ရစ်နေသဖြင့် အခြေအနေကို ပြောင်းပြန်လှန်နိုင်သော အခွင့်အရေးတစ်ရပ်က ယဲ့မျိုးနွယ်ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာသည်။

"ယဲ့မျိုးနွယ်က တာအိုအိမ်တော်ကို တကယ်အနိုင်ယူလိုက်မှာလား"

ဤမေးခွန်းက စစ်ဧကရာဇ်များ၏ရင်ထဲတွင် ဖြစ်ပေါ်လာကာ နောက်ဆုံးကိုးမဲက အလွန်အရေးပါလာသည်။ တာအိုအိမ်တော်နှင့် ယဲ့မျိုးနွယ်၏ ဘက်တော်သားအားလုံးက မဲပေးပြီးဖြစ်သောကြောင့် ကျန်ရစ်နေသည့် စစ်ဧကရာဇ်ကိုးယောက်မှာ ကြားနေများဖြစ်ကြသည်။ သူတို့၏မဲများက ရုတ်တရက် အရေးပါလာသောကြောင့် တုံ့ဆိုင်းနေကြသည်။ အတိတ်မှဆိုလျှင် ပြောင်းရွှေ့လာသော ယဲ့မျိုးနွယ်ထက် တာအိုအိမ်တော်ကို ရွေးချယ်မည်ဖြစ်သော်လည်း ယဲ့ချန်က စစ်ဧကရာဇ်ရှစ်ယောက်ကို ကယ်တင်ပေးခဲ့သောကြောင့် ဘက်ရွေးရန် ခက်ခဲနေသည်။ ထိုအချိန်တွင် ယဲ့ချန်၏ကိုယ်ပွားနှစ်ယောက်က တစ်ယောက်တည်းအဖြစ် ပေါင်းစပ်သွားကာ အခြေအနေကို စောင့်ကြည့်လိုက်သည်။

"စစ်ဧကရာဇ်တို့ ခဏနေကြပါဦး။ မဲမပေးခင် ကျုပ်မှာ​ ပြောစရာရှိတယ်"

ယဲ့ချန်၏စကားသံ ရုတ်တရက် ထွက်ပေါ်လာသောကြောင့် လင်းဖန်၏စိတ်များ လေးလံသွားရသည်။

"နောက်ဆုံးကိုးမဲ ကျန်တဲ့အချိန်မှာ ငါတို့က တိတ်တိတ်ဆိတ်ဆိတ်နဲ့ စောင့်ကြည့်ရမယ်။ မဲပေးခြင်းကို ဝင်ရောက်စွက်ဖက်လို့ မရဘူး"

လင်းဖန်က ကန့်ကွက်လိုက်သောကြောင့် စစ်ဧကရာဇ်ကိုးယောက်မှာ ဖိအားများ ခံစားလိုက်ရသည်။ သူတို့က အဆင့်နိမ့်စစ်ဧကရာဇ်များသာ ဖြစ်သောကြောင့် တာအိုအိမ်တော်ကို မစော်ကားရဲပေ။ အကယ်၍ လင်းဖန်ကသာ သူတို့ကို ပစ်မှတ်ထားမည်ဆိုလျှင် မျိုးနွယ်များပင် ဒုက္ခရောက်သွားနိုင်သောကြောင့် တုံ့ဆိုင်းသွားပြန်သည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်၍ ယဲ့မျိုးနွယ်ကို မဲမပေးရန် ရွေးချယ်လိုစိတ်များလာခဲ့သော်လည်း ချက်ချင်းမလှုပ်ရှားခဲ့ပေ။

"လင်းဖန် ငါက သူတို့ရဲ့လွတ်လပ်ခွင့်ကို စွက်ဖက်ချင်တာ မဟုတ်ဘူး။ ချက်ချင်းမဲမပေးဖို့ စောင့်စေချင်ရုံသက်သက်ပဲ"

ယဲ့ချန်က လင်းဖန်ကို မျက်နှာသာလုံးဝမပေးဘဲ ခွန်းတုံ့ပြန်လိုက်သည်။ သူ၏ရည်ရွယ်ချက် အောင်မြင်သွားသောကြောင့် နဂါးဘုရင်ထံ အသံဖြင့်ဆက်သွယ်၍ အကျပ်ကိုင်ရန် ကြိုးစားလိုက်သည်။

"နဂါးဘုရင် ကျုပ်မှာ သတင်းပို့စရာ ရှိပါတယ်။ ကျုပ်က ကျိယွမ်ကြယ်ရဲ့ ရှင်းဟွမ်နဲ့ ဆက်သွယ်နိုင်ခဲ့ပြီး အဲ့ဒီမှာ နတ်အစေခံတစ်ယောက်နဲ့ နတ်အစေခံအောက် အားမနည်းတဲ့ စစ်ဧကရာဇ်အဆင့်တစ်ဆယ် သုံးယောက် ရှိတယ်။ ကျိယွမ်ကြယ်ရဲ့ရှင်းဟွမ်က ကောင်းကင်မူလကြယ်ရဲ့ နတ်အစေခံတွေဆီ သတင်းစကားတစ်ခု ပါးခိုင်းလိုက်တယ်။ ကျိယွမ်ကြယ်ပေါ်မှာ ကောင်းကင်ဖျက်ဆီးရေး နတ်သစ်ပင်တစ်ပင် ပေါက်နေတယ်"

"ယဲ့ချန် ဒီပါးနပ်တဲ့ ကလေးကတော့ ကောင်းကင်ဖျက်ဆီးရေးနတ်သစ်ပင်ကို အသုံးချပြီး ငါ့ကို အကျပ်ကိုင်နေပါလား"

ယဲ့ချန်၏စကားကြောင့် နဂါးဘုရင်ပင် ခါးသက်သက်ဖြစ်သွားကာ စိတ်ထဲမှ မှတ်ချက်ချလိုက်သည်။ သို့သော်လည်း ယဲ့ချန်ယူဆောင်လာသော သတင်းက သူနှင့် ကောင်းကင်မူလကြယ်အတွက် အလွန်အရေးကြီးကြောင်း ဝန်ခံရပေလိမ့်မည်။

All Chapters