လင်းဖန်ကို အနိုင်ရခြင်း
Vol. 48 Ch. 674
နဂါးဘုရင်သည် ခဏတာတုံ့ဆိုင်းပြီးနောက် ဤကိစ္စမှာ အမှန်တကယ် မှားယွင်းသူက လင်းဖန်ဖြစ်နေသောကြောင့် ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။ ယဲ့မျိုးနွယ်သည် ရှောင်ရိနှင့် ဝမ်အာကို သွေးသားရင်းချာများသဖွယ် သဘောထားသောကြောင့် ယဲ့မျိုးနွယ်၏ လက်ရှိခွန်အားအရ ယခုတစ်ခေါက် ရှုံးနိမ့်သွားသော်လည်း အနာဂတ်၌ ပြဿနာအကြီးအကျယ် တက်လာနိုင်သည်။ ယဲ့မျိုးနွယ်၏ ကြီးမားသော အလားအလာကြောင့် သူကိုယ်တိုင်ပင် လျှော့မတွက်ရဲသည့်အပြင် ယဲ့ချန် အကျပ်ကိုင်ထားသော သတင်းအချက်အလက်ကလည်း အလွန်အရေးကြီးနေသည်။ ဤသတင်းကို မဲကိုးခုဖြင့် လဲလှယ်နိုင်ခြင်းက သူ့အတွက် ကောင်းမွန်နေပြီဖြစ်သည်။ ထို့ကြောင့် သူက မဲပေးရန် တုံ့ဆိုင်းနေကြသော စစ်ဧကရာဇ်ကိုးယောက်ထံ အသံဖြင့်ဆက်သွယ်ကာ ယဲ့မျိုးနွယ်ကို မဲပေးရန် အမိန့်ပေးလိုက်သည်။
"ဒီတစ်ခေါက် မင်းကို ချွင်းချက်အနေနဲ့ မျက်နှာသာပေးလိုက်မယ်"
ဤကား စစ်ဧကရာဇ်နန်းတော်၏ မဲခွဲမှုအတွင်း နဂါးဘုရင်က ပထမဆုံးအကြိမ် ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သည်။ နဂါးဘုရင်၏စကားကို ကြားသောအခါတွင်မှ ယဲ့ချန်က စိတ်ဒုံးဒုံးချလိုက်နိုင်ပြီး လင်းဖန်ကို တစ်ချက်ကြည့်လိုက်သည်။
"လင်းဖန် မင်းက ယဲ့မျိုးနွယ်ကို အလွယ်တကူ အနိုင်ကျင့်နိုင်မယ် ထင်နေတာလား။ တာအိုအိမ်တော်က ဘယ်လောက်အစွမ်းထက်နိုင်မှာမို့လဲ။ မင်းကို သေတဲ့အထိ ကစားပြမယ်"
စစ်ဧကရာဇ်ကိုးယောက်သည် သူတို့၏မဲများက နောက်ဆုံးရလဒ်ကို ဆုံးဖြတ်နိုင်သောကြောင့် တုံ့ဆိုင်းနေကြသည်။ စစ်ဧကရာဇ်နန်းတော်အတွင်းရှိ လူတိုင်းက သူတို့ကို အာရုံစိုက်နေကြပြီး တာအိုအိမ်တော်နှင့် ယဲ့မျိုးနွယ်ကြား၌ ရွေးချယ်ရခက်ခဲနေသည်။ ထိုအချိန်တွင် နဂါးဘုရင်က ရုတ်တရက် ဆက်သွယ်လာသောကြောင့် အံ့သြသွားသော်လည်း မည်သည်ကို မဲပေးရမည်မှန်း နားလည်သွားကြသည်။ နဂါးဘုရင်နှင့် လင်းဖန် ယှဥ်လျှင် သူတို့က လင်းဖန်ကို စော်ကားရန်သာ ရွေးချယ်မိပေလိမ့်မည်။ နဂါးဘုရင်က နတ်အစေခံများ၏ ခေါင်းဆောင်ဖြစ်သောကြောင့် ကောင်းကင်မူလကြယ်၌ ကြယ်သခင်တစ်ယောက် ထွက်ပေါ်လာခြင်းမရှိလျှင် သူက အစစ်အမှန်အုပ်စိုးသူ ဖြစ်သည်။ ထို့အပြင် နဂါးဘုရင်က သူတို့ကို ကာကွယ်ပေးမည်ဖြစ်သောကြောင့် မည်သည်ကိုမှ ကြောက်စရာမလိုတော့ပေ။ နဂါးဘုရင်၏အမိန့်အရ လုပ်ကိုင်ခြင်းအတွက် သူတို့က ဂုဏ်ယူစိတ်များပင် ဖြစ်ပေါ်လာရသည်။ ထို့ကြောင့် နောက်ဆုံးမဲကိုးခုက ယဲ့မျိုးနွယ်အတွက်ဖြစ်လာပြီး ၁၆၈မဲရရှိခဲ့သဖြင့် တာအိုအိမ်တော်ကို လေးမဲအသာဖြင့် အနိုင်ယူလိုက်သည်။ ဤရလဒ်က စစ်ဧကရာဇ်နန်းတော်အတွင်း ရှိနေသူတိုင်းကို အံ့သြတုန်လှုပ်သွားစေသည်။
လင်းဖန်သည် အမြင့်တစ်နေရာတွင် ထိုင်နေသည့် နဂါးဘုရင်ကိုတလှည့်၊ ယဲ့ချန်ကိုတလှည့် ကြည့်လိုက်မိပြီး ရင်ထဲတွင် စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်။ သူ၏ဉာဏ်ရည်အရ နောက်ဆုံးရလဒ် ထွက်ပေါ်လာရန်အတွက် ထိုနှစ်ယောက်က ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း ခန့်မှန်းနိုင်သည်။ သို့မဟုတ်လျှင် စစ်ဧကရာဇ်ကိုးယောက်က ယဲ့မျိုးနွယ်ကို ပြတ်ပြတ်သားသား ထောက်ခံလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ယဲ့ချန်က မည်သို့သောအချက်ကို အားကိုး၍ နဂါးဘုရင်ကို လှုပ်ရှားစေခဲ့ကြောင်း နားမလည်ပေ။ လင်းဖန်က သူ၏ရှုံးနိမ့်မှုကို မကျေနပ်သော်လည်း နဂါးဘုရင်ကို မစော်ကားရဲသဖြင့် ဒေါသမပေါက်ကွဲရဲပေ။ ထိုအချိန်တွင် ယဲ့ချန်က သူ့ကို လှောင်ပြုံးတစ်ခုဖြင့် စိုက်ကြည့်နေသောကြောင့် မျက်နှာတစ်ခုလုံး အရုပ်ဆိုးသွားခဲ့သည်။ သူက တာအိုအိမ်တော်သခင်ဖြစ်ပြီး ယဲ့မျိုးနွယ်ကို ဖိနှိပ်ချင်သော်လည်း ထပ်ကာထပ်ကာ ကျရှုံးခဲ့ရသည်။ သူက လှည့်စား၍ အနိုင်ယူခံလိုက်ရကြောင်း နားလည်သော်လည်း နဂါးဘုရင်ကို ကလန်ကဆန်မပြုဝံ့သောကြောင့် လူသိရှင်ကြား ထုတ်ဖော်၍မဖြစ်ပေ။ နောက်ဆုံးတွင် သူက ရှောင်ရိ၊ ဝမ်အာနှင့် ယဲ့မြောင်တို့ငါးယောက်ကို ထားရစ်ကာ မတ်တပ်ထရပ်၍ ယဲ့ချန်ကို ခပ်စိန်းစိန်းစိုက်ကြည့်ပြီး နဂါးဘုရင်ကိုပင် မနှုတ်ဆက်ဘဲ ထွက်ခွာသွားလေသည်။
စစ်ဧကရာဇ်များက ထွက်ခွာသွားသော လင်းဖန်၏ပုံရိပ် ပျောက်ကွယ်သွားသည်အထိ မျက်စိတဆုံး လိုက်ကြည့်နေခဲ့သည်။ သူတို့က အကင်းပါးသောကြောင့် နောက်ဆုံးရလဒ်မှာ နဂါးဘုရင်၏ လက်ချက်ဖြစ်ကြောင်း နားလည်လိုက်သည်။ ဤတစ်ကြိမ်တွင် တာအိုအိမ်တော်က ယဲ့မျိုးနွယ်ကို ရှုံးနိမ့်သွားခဲ့ပြီး လင်းဖန်မှာလည်း လူပုံအလယ်၌ ဟားစရာဖြစ်ခဲ့ရသည်။ ဤအချင်းအရာကြောင့် နဂါးဘုရင်နှင့် နတ်ဧကရာဇ်ကြားတွင် အဖုအထစ်တစ်ခုဖြစ်လာသောကြောင့် တာအိုအိမ်တော်၏ ပလ္လင်အပြောင်းအလဲ ဖြစ်နိုင်သည်ဟု သူတို့က တီးတိုးဆွေးနွေးနေကြသည်။ အရာရာက ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားပြီး နဂါးဘုရင်၏အထောက်အပံ့ကို ရရှိခဲ့သော ယဲ့မျိုးနွယ်၏အဆင့်အတန်းကို အထင်သေးမရကြောင်း နားလည်လိုက်သည်။ မဲပေးမှု ပြီးဆုံးသွားသောအခါ စစ်ဧကရာဇ်များက နဂါးဘုရင်ကို ရိုသေစွာဦးညွှတ်၍ နန်းတော်အတွင်းမှ အလျှိုလျှို ထွက်ခွာသွားကြသည်။
နာရီအနည်းငယ်အကြာတွင် ယဲ့ချန်တစ်ယောက်က ယဲ့မျိုးနွယ်၏ စစ်ဧကရာဇ်များနှင့်အတူ ရှောင်ရိတို့ကို ခေါ်ဆောင်ကာ ရန်ယွင်မြို့ထံ ပြန်လာခဲ့သည်။ ကျန်တစ်ယောက်က ရောင်ယွမ်နှင့်အတူ စစ်ဧကရာဇ်နန်းတော်၌ ကျန်နေရစ်ပြီး နဂါးဘုရင်နှင့် ကျိယွမ်ကြယ်အကြောင်း ဆွေးနွေးမည်ဖြစ်သည်။ ရှောင်ရိနှင့် ဝမ်အာသည် ယဲ့မျိုးနွယ်ပိုင်နက်ရှိ ခန်းမအတွင်း မျက်ဝန်းဗလာနှင့် လူတိုင်းကို စပ်စုနေသည်။ သူတို့၏မှတ်ဉာဏ်များကို လင်းဖန်က ဖျက်ပစ်ထားသောကြောင့် မည်သည်ကိုမှ မှတ်မိပုံမရချေ။ ယဲ့မြောင်တို့ငါးယောက်မှာ မျိုးနွယ်တူများကို ကြင်နာစွာ ကြည့်ရမည့်အစား မျက်ဝန်းများ အေးတိအေးစက် ဖြစ်နေခဲ့သည်။ ယဲ့မျိုးနွယ်ဝင်များမှာ ဤဖြစ်ရပ်ကြောင့် လင်းဖန်အပေါ် လွန်စွာမုန်းတီးနေကြသည်။ ယဲ့မျိုးနွယ်ဝင်ခုနစ်ယောက်အပေါ် သူ၏လုပ်ရပ်က ဘောင်ကျော်သွားသောကြောင့် သည်းမခံနိုင် ဖြစ်နေခဲ့ရသည်။
ရှောင်ရိနှင့် ဝမ်အာ၏ဝိညာဥ်ကို အကြီးအကဲထွင်ထျန်းက အမြော်အမြင်ရှိရှိ ခွဲထုတ်နိုင်ခဲ့သောကြောင့် မှတ်ဉာဏ်များကို ပြန်လည်ရယူနိုင်သည်။ သို့သော်လည်း ယဲ့မြောင်တို့ငါးယောက်အတွက် နည်းလမ်းမရှိသောကြောင့် ကြင်နာစွာဆက်ဆံခြင်းဖြင့်သာ မျိုးနွယ်ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ရပေလိမ့်မည်။ ဤကိစ္စက ယဲ့မြောင်တို့နှင့် အလွန်ရင်းနှီးသော မျိုးနွယ်ဝင်များကို အလွန်တရာ ဝမ်းနည်းစေခဲ့သည်။
"အစ်ကိုကြီးလား"
ထိုအချိန်တွင် ယဲ့ချန်ကို တစ်ချိန်လုံးစိုက်ကြည့်နေသော ရှောင်ရိထံမှ စကားသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ သူက ရှောင်ရိ၏ဝိညာဥ်ကို ပြန်လည်ပေါင်းစပ်မပေးရသောကြောင့် အံ့သြသွားခဲ့သည်။
"စီနီယာ ဘာဖြစ်သွားတာလဲ"
ယဲ့ချန်က နားမလည်နိုင်ဟန်ဖြင့် ထွင်ထန်းထံ ကြည့်လိုက်မိသည်။
"ငါလည်း သေချာမသိဘူး။ ရှောင်ရိနဲ့ ဝမ်အာရဲ့မှတ်ဉာဏ်တွေကို လင်းဖန်က ဖျက်ပစ်ထားတာ သေချာတယ်။ ယေဘူယျသဘောပြောရရင် မှတ်မိနိုင်စရာ မရှိပါဘူး"
ဝိညာဥ်ပုလဲအတွင်းမှ ထွင်ထန်းက ထွက်ပေါ်လာပြီး နားမလည်နိုင်ဟန်ဖြင့် ခေါင်းယမ်းပြလိုက်၏။ ယဲ့ချန်သည် ရှောင်ရိနှင့် ဝမ်အာကို အခြားလူများအား မှတ်မိခြင်းရှိမရှိ စမ်းသပ်လိုက်သော်လည်း သူတို့က ယဲ့ချန်တစ်ယောက်တည်းကိုသာ မှတ်မိနေခြင်းဖြစ်သည်။ ဤအချင်းအရာက ဝိညာဥ်အသိစိတ်ဖြင့် ဆက်နွယ်နေခြင်းဖြစ်နိုင်ပြီး ၎င်းဖြင့်ဆိုလျှင် ယဲ့မြောင်တို့ငါးယောက်နှင့် ယဲ့မျိုးနွယ် ပြန်လည်ရင်းနှီးစေရန် လမ်းစတစ်ခု ရှာတွေ့ပြီဖြစ်သည်။ ထို့နောက် သူက ရှောင်ရိနှင့် ဝမ်အာ၏ ဝိညာဥ်မီးတောက်များကို ပင်မဝိညာဥ်များနှင့် ပြန်လည်ပေါင်းစည်းပေးလိုက်ပြီး ခဏအကြာတွင် သူတို့၏မျက်ဝန်းများ တောက်ပလာကြသည်။
"ရှောင်ရိ ဝမ်အာ ငါ ဘယ်သူဆိုတာ မှတ်မိကြလား"
ယဲ့မုန်က ရှေ့တက်လာပြီး မေးလိုက်ခြင်းဖြစ်သည်။
"အစ်ကိုယဲ့မုန့်"
ကလေးနှစ်ယောက်က မှတ်ဉာဏ်များ ပြန်လည်ရရှိသွားသောကြောင့် ချက်ချင်းမှတ်မိနေပြီး ယဲ့မုန်ကို ဝိုင်းဖက်လိုက်ကြသည်။ သူတို့၏အမူအရာများက အလွန်ချစ်စဖွယ်ကောင်းနေသောကြောင့် လူတိုင်း မျက်ရည်ဝဲသွားကြသည်။
"ဘာဖြစ်လို့လဲဟင်။ အားလုံးက ဘာလို့ငိုနေကြတာလဲ"
ရှောင်ရိက လူတိုင်း၏အမူအရာကြောင့် ထူးဆန်းနေကြောင်း ခံစားလိုက်ရပြီး နားမလည်နိုင်ဖြစ်နေခဲ့သည်။ ဝမ်အာသည်လည်း မျက်လုံးပြူးပြူးလေးများနှင့် စိတ်ရှုပ်နေပုံပေါ်သည်။
"ရှောင်ရိနဲ့ ဝမ်အာရဲ့မှတ်ဉာဏ်တွေ ပြန်ရပေမယ့် တာအိုအိမ်တော်ကို ဒီတစ်သက်မကျေဘူးကွ"
"လင်းဖန် မင်း ပြန်လည်ပေးဆပ်ရလိမ့်မယ်"
"ယဲ့မြောင်တို့ငါးယောက်ရဲ့ မှတ်ဉာဏ်တွေကို ပြန်မယူနိုင်ဘူး။ နတ်ဧကရာဇ်ဆိုတဲ့ကောင် အေးအေးဆေးဆေး နေရမယ် မထင်နဲ့"
ယဲ့မျိုးနွယ်ဝင်များက လက်သီးလက်မောင်းတန်း၍ ဒေါသတကြီး ကြုံးဝါးလိုက်ကြ၏။
"ဒီကိစ္စကို သေချာပေါက် လက်စားချေရမယ်"
ယဲ့ချန်သည်လည်း ဒေါသကြောင့် မျက်နှာတစ်ခုလုံး မည်းနက်နေသည်။ ဤဖြစ်ရပ်အပြင် ယဲ့မျိုးနွယ်တောင်ကြားမှ သတ်ဖြတ်မှုအတွက် လင်းဖန်၌ အဓိကတာဝန်ရှိပြီး သူ၏ဦးလေးနှစ်ယောက်ကလည်း ပျောက်ဆုံးနေဆဲပင် ဖြစ်သည်။
လက်ရှိတွင် တာအိုအိမ်တော်က တိတ်ဆိတ်နေပြီး တံခါးပိတ်ဝါဒကို ကျင့်သုံးနေခဲ့သည်။ နဂါးဘုရင်က ကျိယွမ်ကြယ်သို့ စစ်ကူအဖြစ် နတ်အစေခံသုံးယောက် စေလွှတ်ပြီး ကြယ်နှစ်လုံးကြားတွင် ဆက်ဆံရေးတစ်ခု ထူထောင်ရန် ဆုံးဖြတ်လိုက်၏။ ရောင်ယွမ်က ထိုသုံးယောက်ကို ဦးဆောင်သွားမည်ဖြစ်ကာ ဤအင်အားဖြင့်ဆိုလျှင် ကောင်းကင်နတ်ဆိုးကို သတ်ဖြတ်ရန် ပြဿနာမရှိပေ။ နောက်ထပ်သတင်းတစ်ခုကလည်း ကောင်းကင်မူလကြယ်ကို လှုပ်ခတ်သွားစေခဲ့ပြီး ရှင်းဟိုင်သိုင်းဒေသ၏ ပါရမီရှင် ထန်တိုက်လင်သည် ကိုယ်ဝန်လွယ်ထားရပြီး လအနည်းငယ်အတွင်း မီးဖွားသန့်စင်တော့မည်ဖြစ်သည်။ ပင်လယ်မိစ္ဆာမျိုးနွယ်ဝင်များ၏ ကိုယ်ဝန်ဆောင်ကာလကို လူတိုင်းက သိထားသောကြောင့် သူမ ကိုယ်ဝန်လွယ်ထားသည်မှာ အချိန်၂နှစ်နီးပါး ရှိပြီဖြစ်ကြောင်း နားလည်သွားကြသည်။ ကောင်းကင်မူလတိုက်တစ်ခုလုံးတွင် ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း အမြင့်ဆုံး ပါရမီရှင်၏လှုပ်ရှားမှုတိုင်းကို လူတိုင်းက စောင့်ကြည့်နေကြပြီး ကလေးမီးဖွားမည့်ကိစ္စအပေါ် အလွန်စိတ်ဝင်စားနေကြသည်။
ထန်တိုက်လင်သည် ယဲ့ချန်၏ဇနီးဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ပြောခဲ့သောကြောင့် ဤကလေးက ယဲ့မျိုးနွယ်ခေါင်းဆောင်၏ ရင်သွေးဖြစ်သည်။ လူတိုင်းက မွေးဖွားလာမည့် ကလေး၏ပါရမီကို ခန့်မှန်းနေကြပြီး ထန်တိုက်လင်ကဲ့သို့ ပါရမီမြင့်မားသူလား၊ ယဲ့ချန်ကဲ့သို့ သုညပိုင်ရှင်တစ်ယောက်လား သို့မဟုတ် ပျမ်းမျှဖြစ်မည်လားဟု အတွေးနက်နေကြသည်။ သို့သော် လူအများစုမျှော်လင့်သည်မှာ ယဲ့ချန်နှင့် ထန်တိုက်လင်၏ ရင်သွေးမှာ ပါရမီရှင်တစ်ယောက်ဖြစ်၍ အနာဂတ်၌ ကောင်းကင်မူလကြယ်၏ အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်လာရန်ပင်။
ယဲ့ချန်၏ ကိုယ်ပွားသုံးခုသည် ယဲ့မျိုးနွယ်၏ပိုင်နက်တွင် စုဝေးနေကြပြီး ဤသတင်းကို ကြားသောအခါ ကိုယ့်ကိုကိုယ် အပြစ်တင်လိုက်မိသည်။ သူက တစ်ချိန်လုံး ထန်တိုက်လင်အနားတွင် ရှိမနေပေးနိုင်ခဲ့ပေ။ လက်ရှိတွင် ကျိယွမ်ကြယ်မှ ကိုယ်ပွား ပြန်ရောက်လာသောအခါ ကိုယ်ပွားတစ်ယောက်က ထန်တိုက်လင် မီးဖွားချိန်တွင် သွားရောက်အားပေးနိုင်ပြီဖြစ်လေသည်။