ဧကရာဇ်လင်းကို လက်စားချေခြင်း
Vol. 48 Ch. 675
ယဲ့မျိုးနွယ်၏ အဓိကခန်းမအတွင်း ယဲ့ချန်သုံးယောက်က တစ်ယောက်တည်းအဖြစ် ဖြည်းဖြည်းချင်း ပေါင်းစပ်သွားပြီးနောက် ဒန်တန်အတွင်းမှ ဘုန်းခနဲ မြည်ဟီးသွားခဲ့သည်။ တစ်ယောက်ချင်းစီက တာအိုနတ်အဆင့်တစ်ဆယ်သို့ ရောက်ရှိနေပြီး ဉာဏ်အလင်းကိုယ်စီကို ပေါင်းစပ်လိုက်သောအခါ ကြယ်ကိုးလုံးက လျင်မြန်စွာ လည်ပတ်လာပြီး ဒန်တန်အတွင်းနယ်မြေက ကျယ်ပြန့်လာကာ ကြယ်ရံများစွာ ထပ်မံထွက်ပေါ်လာသောကြောင့် နဂါးငွေ့တန်း ကြယ်အဖွဲ့အစည်း အငယ်စားလေးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ကျင့်ကြံဆင့်က စစ်ဧကရာဇ်အဆင့်တစ်သို့ လျင်မြန်စွာ တိုးတက်သွားပြီး အချိန်လေဟာနယ်ချီများကလည်း ပိုမိုသိပ်သည်းလာခဲ့သည်။ မျက်ဝန်းအတွင်း ထင်ဟပ်သော ကြယ်ကိုးလုံး၏ပုံရိပ်များကလည်း အစစ်အမှန်နှင့် ပို၍တူညီလာသည်။ စစ်ဧကရာဇ်တစ်ယောက်၏ အရှိန်အဝါက သူ၏ကိုယ်တွင်းမှ ထွက်ပေါ်လာသောအခါ ကောင်းကင်ထက်၌ ကိုးရောင်ခြယ် သက်တန့်တစ်စင်းဖြစ်ပေါ်လာကာ အလင်းတန်းများ ကျဆင်းလာ၍ ရောင်စုံကြာပန်းများ ပွင့်လန်းလာကြသည်။ ဤမြင်ကွင်းက ထန်တိုက်လင် အဆင့်တက်စဥ်ကထက် ပို၍မျက်စိပသာဒဖြစ်ဖွယ် ကောင်းလှသည်။
ကောင်းကင်မူလကြယ်၏ စစ်ဧကရာဇ်များက ဤမြင်ကွင်းကို ကြယ်သလင်းကျောက်မှတဆင့် မြင်လိုက်ရသောအခါ ထိတ်လန့်သွားပြီး အကြောင်းအရင်းက ယဲ့မျိုးနွယ်ဝင်တစ်ယောက် အဆင့်တက်သွားသောကြောင့်ဟု သိလိုက်ကြသည်။ ထူးဆန်းသော ဖြစ်ရပ်ကို အခြေခံ၍ သတ်မှတ်ရလျှင် အထူးပါရမီရှင်တစ်ယောက် မွေးဖွားလာခြင်းဖြစ်ကာ ကြယ်သခင်လောင်းလျာပင် ဖြစ်နေနိုင်သည်။ သို့သော် ယဲ့ချန် အဆင့်တက်သွားကြောင်း သိလိုက်ရသောအခါ လူတိုင်းက မျက်လုံးပြူးကျယ်သွားကြသည်။ သုညပိုင်ရှင်များက ခန့်မှန်းရခက်ခဲလွန်းသဖြင့် ယဲ့ချန်ရောက်နိုင်မည့် ကျင့်ကြံဆင့်ကို သူတို့က မခန့်မှန်းတတ်ပေ။ သူတို့ပြောနိုင်သည့်အရာမှာ ယဲ့ချန်က ကြယ်သခင်တစ်ယောက် ဖြစ်မလာနိုင်ခြင်းပင်။
ယဲ့ချန်က အဆင့်တက်သွားသောအခါ ယဲ့မျိုးနွယ်ဝင်များက အလွန်ဝမ်းမြောက်သွားကြပြီး ကိုယ်တိုင်အဆင့်တက်သည်ထက် ပို၍ကျေနပ်နေကြသည်။ ယနေ့ ယဲ့မျိုးနွယ်ရရှိထားသော အောင်မြင်မှုကို ယူဆောင်ပေးခဲ့သူမှာ ယဲ့ချန်ဖြစ်ပြီး သူတို့အပေါ် ကျေးဇူးတရား အလွန်ကြီးမားသည်။ သူ၏ကိုယ်တွင်းရှိ ဝိညာဥ်သက်ရှိများ ပို၍အစွမ်းထက်လာကြောင်း ခံစားရသော်လည်း ယဲ့မျိုးနွယ်ဝင်များကို ထပ်မံပေါင်းစပ်ပေးလျှင် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်။ သူက စစ်ဧကရာဇ်များ၏အင်အားကို ၎င်းတို့ဖြင့် ပေါင်းစပ်၍ မြှင့်တင်ပေးချင်လျှင် အချိန်တစ်ခု စောင့်ဆိုင်းရပေလိမ့်မည်။ နောက်ဆုံးတွင် သူက စစ်ဧကရာဇ်တစ်ယောက်ဖြစ်လာပြီး လင်းဖန်ကို မယှဥ်နိုင်သေးသော်လည်း အနှေးနှင့်အမြန် စိန်ခေါ်နိုင်မည်ဟု ယုံကြည်နေသည်။
ထို့နောက် ယဲ့ချန်သည် သူ၏ကိုယ်တွင်းမှ ယဲ့ချန်သုံးယောက် ထပ်မံခွဲထုတ်လိုက်ပြီး တစ်ယောက်က ရှင်းဟိုင်းဒေသသို့ ခရီးထွက်သွားကာ နောက်တစ်ယောက်က ရောင်ယွမ်နှင့်အတူ ကျိယွမ်ကြယ်သို့ လိုက်ပါသွားမည်ဖြစ်ပြီး ကျန်ယဲ့ချန်က ရန်ယွင်မြို့တွင် ကျန်ရစ်ခဲ့ပေလိမ့်မည်။
အချိန်က တရွေ့ရွေ့ကုန်ဆုံးနေပြီး ယဲ့မျိုးနွယ်ဝင်များက စစ်ဧကရာဇ်အဆင့်သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကာ စစ်ဧကရာဇ်နန်းတော်သို့ သတင်းပို့ခဲ့သည်။ မျိုးနွယ်တစ်ခု၏ ကြောက်မက်ဖွယ် အစွမ်းထက်လာမှုက ကောင်းကင်မူလတိုက်တစ်ခုလုံးကို အလွန်အမင်း အံ့သြစေခဲ့သည်။ မူလတွင် ယဲ့မျိုးနွယ်ပိုင်ဆိုင်ထားသည်မှာ စစ်ဧကရာဇ်၃၄ယောက်သာ ဖြစ်သော်လည်း လဝက်အကြာ၌ ၅၁ယောက်အထိ တိုးလာခဲ့သည်။ ထို့အပြင် ယဲ့မျိုးနွယ်ဝင်များက စစ်ဧကရာဇ်စာရင်းကို စိန်ခေါ်ခဲ့ကြပြီး ခြောက်ယောက်က ထိပ်တန်းတစ်ရာအတွင်း ဝင်ရောက်နိုင်ခဲ့သည်။ ယဲ့မျိုးနွယ်၏ သြဇာအာဏာက ပိုမိုကြီးမားလာပြီး ကြယ်သခင်ရှင်း၏ခေတ်ကဲ့သို့ အောင်မြင်မှုမျိုးရယူနိုင်မည်ဟု လူတိုင်းက မျှော်လင့်နေကြသည်။ ထိုအချိန်၌ ကောင်းကင်မူလကြယ်သည် စစ်ဧကရာဇ်ထောင်ချီနှင့် နတ်အစေခံရာချီ ပိုင်ဆိုင်ခဲ့ပြီး ကြယ်သခင်ရှင်းအနားတွင် သုညပိုင်ရှင်တစ်ယောက်လည်း ရှိခဲ့သည်။ ဤကား ၎င်း၏ အအောင်မြင်ဆုံးကာလဖြစ်သောကြောင့် ပြန်လည်ရောက်ရှိလာရန် လူတိုင်းက မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။ လက်ရှိအချိန်တွင် ကြယ်သခင် မည်သူဖြစ်ကြောင်း မသိရသေးသော်လည်း ယဲ့မျိုးနွယ်နှင့် အလွန်တရာရင်းနှီးသူ ဖြစ်ပေလိမ့်မည်။
ယဲ့မျိုးနွယ်၌ စစ်ဧကရာဇ်များစွာ ပိုင်ဆိုင်ထားသဖြင့် ကြယ်သခင်နှင့် ဆက်ဆံရေးကောင်းမရှိလျှင် ကြယ်တစ်ခုလုံး ဗြောင်းဆန်သွားနိုင်သည်။ ရှင်းဟွမ်ပင် ကြယ်သခင်ရွေးချယ်ရာ၌ ယဲ့မျိုးနွယ်ကို ထည့်သွင်းစဥ်းစားရပေလိမ့်မည်။ ပါရမီအရဆိုလျှင် ထန်တိုက်လင်နှင့် သားရဲနတ်ဘုရားမျှော်စင်၏ကိုးထပ်သို့ ရောက်ရှိနေသော နင်အာက အသင့်တော်ဆုံး ဆက်ခံသူများဖြစ်သည်။ ယဲ့မျိုးနွယ် အစွမ်းထက်လာသောအခါ ရန်သူများအားလုံး ဖိအားခံစားနေရပြီး ကြယ်သခင်က ထိုမျိုးနွယ်နှင့် ပတ်သက်နေလျှင် သူတို့အတွက် ကောင်းကင်မူလကြယ်၌ နေရာမရှိတော့ပေ။ အထူးသဖြင့် ဧကရာဇ်လင်းမှာ လက်ရှိအချိန်၌ လက်စားချေခံနေရပြီဖြစ်သည်။
သူက အဆင့်ဇယားတွင် ၈၅ဖြစ်သောကြောင့် ထိပ်တန်းတစ်ရာအတွင်း ပါဝင်သည်။ စစ်ဧကရာဇ်တစ်ယောက်၏ဘဝက ထိုအဆင့်နှင့် သက်ဆိုင်နေပြီး အဆင့်ပိုမြင့်လေလေ၊ အာဏာပိုရှိလေလေဖြစ်သည်။ သွေးအရိပ်သိုင်းဒေသ၏ စစ်ဧကရာဇ်တစ်ယောက်ဖြစ်သော ဧကရာဇ်လင်း၏ ဂိုဏ်းတွင်းအဆင့်အတန်းကို ထိုအဆင့်ဖြင့် ဆုံးဖြတ်ပြီး ကျင့်ကြံခြင်းအရင်းအမြစ် ခွဲဝေမှုနှင့်လည်း တိုက်ရိုက်ပတ်သက်နေသည်။ သို့သော် လက်ရှိတွင် သူ၏အနေအထားက ခြိမ်းခြောက်ခြင်းခံနေရပြီး ယဲ့မျိုးနွယ်ဝင်များ၏ စိန်ခေါ်ခြင်းကို ဆက်တိုက်ရင်ဆိုင်နေရသည်။ ယဲ့မျိုးနွယ်ဝင်များက သူ့ကို ခြေနင်းတုံးအဖြစ် သတ်မှတ်ကာ နင်းတက်ရန် ကြံစည်ထားသောကြောင့် ရွေးချယ်စရာမရှိဘဲ တိုက်ခိုက်နေရသည်။ စည်းမျဥ်းအရ စိန်ခေါ်ခြင်းကို ငြင်းဆန်နိုင်သော်လည်း တစ်နှစ်လျှင် အများဆုံး သုံးကြိမ်သာ ငြင်းပယ်နိုင်သည်။ သုံးကြိမ်ထက် ပို၍ငြင်းပယ်လျှင် အဆင့်လျှော့ချခံရမည်ဖြစ်ပြီး လဝက်အတွင်း သူက စိန်ခေါ်မှုလေးဆယ်ကျော် လက်ခံခဲ့ရပြီး အများစုက ယဲ့မျိုးနွယ်ဝင်များဖြစ်ကြသည်။
ယဲ့မျိုးနွယ်ဝင်များက သူ၏ခေါင်းကို တက်နင်း၍ ထိပ်တန်းတစ်ရာအတွင်း ဝင်ရောက်ရန် ကြံစည်နေကြောင်း သိထားသော်လည်း ရွေးချယ်စရာမရှိခဲ့ပေ။ ဧကရယဇ်လင်းက စိန်ခေါ်မှုများကို ဆက်တိုက်လက်ခံခဲ့ရပြီး အဆင့်၉၆အထိ လျှောကျသွားခဲ့သည်။ ထို့အပြင် ယဲ့မျိုးနွယ်ဝင်များကြောင့် ထိပ်တန်းတစ်ရာ အပြင်ဘက်ရောက်သွားသော စစ်ဧကရာဇ်များကလည်း အဆင့်ပြန်တက်ရန်အတွက် သူ့ကို စိန်ခေါ်လာကြသည်။ သူက ငကြောက်တစ်ယောက်ဖြစ်သည့်အတွက် ကျင့်ကြံဆင့် တိုးတက်အောင် မကျင့်ကြံခဲ့သောကြောင့် အလွယ်တကူ အနိုင်ကျင့်နိုင်သည့် ပစ်မှတ်တစ်ခု ဖြစ်လာသည်။ သူက နေ့စဥ်နေ့တိုင်း တိုက်ခိုက်နေရပြီး ငြင်းပယ်လျှင် ထိပ်တန်းတစ်ရာအပြင်ဘက် ရောက်သွားပေလိမ့်မည်။ ထိုအချိန်တွင် သွေးအရိပ်သိုင်းဒေသသည်လည်း သူ့အတွက် အရင်းအမြစ်ခွဲတမ်းကို များစွာလျှော့ချလိုက်သဖြင့် ယဲ့မျိုးနွယ်ကို အလွန်မုန်းတီးနေမိသည်။
ဤအတိုင်း ဆက်လက်ဖြစ်ပွားနေလျှင် ဧကရာဇ်လင်းက ထိပ်တန်းတစ်ရာအပြင်ဘက်သို့ ရောက်ရန် သေချာနေခဲ့သည်။ ယဲ့မျိုးနွယ်ဝင် စစ်ဧကရာဇ်များက ကျားရဲများကဲ့သို့ အပတ်တကုတ်ကျင့်ကြံနေကြပြီး သူ့ကိုကျော်လွန်သွားရန် အချိန်အနည်းငယ်သာ လိုအပ်ပေလိမ့်မည်။ သူက ကူကယ်ရာမဲ့နေခဲ့ပြီး အတိတ်တွင် ယဲ့မျိုးနွယ်အပေါ် အနိုင်ကျင့်ခဲ့မိခြင်းကို နောင်တရနေပြီဖြစ်သည်။ အနာဂတ်အကြောင်း တွေးမိသောအခါ ပို၍ဒေါသကြီးလာပြီး ပြဿနာ၏ အရင်းခံဖြစ်သော ယိရန်ကို ဆက်ဆံရာတွင် အလွန်အေးစက်တင်းမာသွားခဲ့သည်။
ယဲ့မျိုးနွယ်၏ ရုတ်တရက် အင်အားမြင့်တက်လာမှုက ကောင်းကင်မူလကြယ်၏ စစ်ဧကရာဇ်များကို လှုပ်နှိုးလိုက်သကဲ့သို့ ထင်မှတ်ရပြီး လက်ရှိအဆင့်ကို ကာကွယ်ရန်အတွက် အားလုံးက ကြိုးကြိုးစားစား လေ့ကျင့်ကုန်သည်။ သို့သော်လည်း သူတို့အများစုက ပေါင်းစပ်နှုန်းငါးဆယ်သာ ပိုင်ဆိုင်ပြီး ယဲ့မျိုးနွယ်၏ စစ်ဧကရာဇ်များတွင် ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းခြောက်ဆယ်က အနိမ့်ဆုံးဖြစ်ကာ ခုနစ်ဆယ်အထက်ရှိသူများလည်း မနည်းမနောပင်ဖြစ်သည်။ ကွာခြားမှု ကြီးမားလွန်းသောကြောင့် သူတို့က ယဲ့မျိုးနွယ်၏ ကျော်ဖြတ်သွားခြင်း ခံရရန်အတွက် အချိန်တစ်ခုသာ လိုအပ်လေသည်။
ရှင်းဟိုင်သိုင်းဒေသတွင် ယဲ့ချန်သည် ရောက်ရှိလာချိန်မှစတင်၍ ထန်တိုက်လင်အပါးမှ တစ်ဖဝါးမျှ မခွာပေ။ ညအချိန်၌ပင် သူက အိပ်ရာတစ်ခုတည်း အတူတူအိပ်ပြီး ကာကွယ်စောင့်ရှောက်ရန် တောင်းဆိုခဲ့သောကြောင့် သူမက အနည်းငယ်ရှက်ရွံ့နေသော်လည်း လက်ခံလိုက်ရသည်။ မည်သို့ပင်ဖြစ်ပါစေ၊ သူတို့က လင်မယားဖြစ်နေပြီ မဟုတ်ပါလော။
ယဲ့ချန် ရောက်ရှိလာခြင်းက ကောင်းရန်နှင့် ရှင်းဟိုင်းသိုင်းဒေသ၏ လူငယ်ပါရမီရှင်များကို မကျေမနပ်ဖြစ်စေခဲ့သည်။ ထန်တိုက်လင်က ဂိုဏ်းအတွင်း၌ ပြိုင်ဘက်ကင်းအလှပိုင်ရှင် ပါရမီရှင်ဖြစ်သောကြောင့် သူတို့က ၂နှစ်တိုင်တိုင် ပိုးပန်းခဲ့သော်လည်း သူမက တစ်ချက်ပင်လှည့်မကြည့်ခဲ့ပေ။ သို့သော် နောက်ဆုံးတွင် သူမက အခြားတစ်ယောက်၏ရင်သွေးကို ကိုယ်ဝန်လွယ်ထားရပြီး မီးဖွားတော့မည်ဖြစ်သောကြောင့် အလွန်အမင်း စိတ်ဓာတ်ကျသွားသည်။ ယဲ့ချန်သည် ထန်တိုက်လင်၏ခြံဝန်းအတွင်း နေထိုင်၍ အချစ်ဇာတ်ခင်းနေခြင်းကလည်း သူတို့၏စိတ်အခြေအနေကို ပိုမိုဆိုးရွားစေသည်။ လက်ရှိအချိန်အထိ သူမ၏ခြံဝန်းအတွင်း ရှင်းဟိုင်သိုင်းဒေသရှိ ယောက်ျားတစ်ယောက်မှ ခြေမချဖူးပေ။ သို့သော်လည်း ယဲ့ချန်သည် ထန်တိုက်လင်၏ ဝမ်းကြာအတွင်းမှ ရင်သွေးလေး၏ဖခင် ဖြစ်နေသောကြောင့် သူတို့က မကျေနပ်သော်လည်း ဘာမှမတတ်နိုင်ချေ။ ပင်လယ်မိစ္ဆာမျိုးနွယ်၏ မိန်းမများက တစ်သက်တွင် ယောက်ျားတစ်ယောက်ကိုသာ သစ္စာရှိရှိ ပေါင်းသင်းသည်ဟု သူတို့က နားလည်ထားသောကြောင့် လက်လျှော့ရုံသာ တတ်နိုင်သည်။
ထန်တိုက်လင်၏ ခြံဝန်းအတွင်း နံနက်ခင်းနေရောင် ဖြာကျလာပြီး သူမက မျက်လုံးပွင့်လာသောအခါ ယဲ့ချန်၏လက်က ရင်ဘတ်ပေါ်သို့ ရောက်နေကြောင်း တွေ့လိုက်ရသည်။ ဤအဖြစ်ကြောင့် သူမက ရှက်သွေးဖြာသွားရပြီး ယဲ့ချန်နှင့် လင်မယားအရာမြောက်ပြီး၍ ကလေးပင် မွေးတော့မည်ဖြစ်သော်လည်း အသားမကျသေးပေ။ ယဲ့ချန်က အရင်ဆုံးနိုးနေသော်လည်း မျက်လုံးများမှိတ်၍ အိပ်ချင်ယောင်ဆောင်ပြီး နူးညံ့သော အထိအတွေ့ကို ခံစားနေသည်။ ကိုယ်ဝန်ဆောင်ဖြစ်လာပြီးနောက် သူမ၏ခန္ဓာကိုယ် အစိတ်အပိုင်းအချို့က ပိုမိုဖွံ့ထွားလာသောကြောင့် အပျိုတစ်ယောက်နှင့်မတူဘဲ ပိုမိုရင့်ကျက်၍ အလွန်လှပလာသည်။
"နင် နိုးနေပြီမလား မြန်မြန်ထစမ်း"
ထန်တိုက်လင်က ရှက်ရွံ့နေသော်လည်း ခံစားချက်ကို ဖုံးကွယ်ကာ ယဲ့ချန်အား လှုပ်နှိုးလိုက်သည်။
"ဟမ် မင်း နိုးနေပြီလား"
ယဲ့ချန်က သမ်းဝေလိုက်ရင်း ဘာမှမသိဟန်ဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ၏အပြုအမူကြောင့် ထန်တိုက်လင်မှာ ပြောစရာစကားများ ဆွံ့အသွားရသည်။
"ဒီနေ့မှာ ဘာလုပ်ရင် ကောင်းမလဲ။ ကိုယ်ဝန်ဆောင်တွေအတွက် နံနက်ခင်းလေ့ကျင့်ခန်း လုပ်ကြမလား"
ယဲ့ချန်က တစ်ချက်ပြုံး၍ စနောက်လိုက်သည်။
"ဘာလေ့ကျင့်ခန်းလဲ"
ထန်တိုက်လင်က နားမလည်သဖြင့် စိတ်ရှုပ်သွားပုံပေါ်သည်။
"ဟား ဟား မပြောပြာပါဘူး။ မြန်မြန်ထပြီး လေကောင်းလေသန့် သွားရှူရအောင်"
ယဲ့ချန်က ရယ်မော၍ အိပ်ရာမှထလိုက်သည်။ သူက ရှင်းဟိုင်ဒေသသို့ ရောက်ရှိလာပြီးနောက် သူမကို နေ့စဥ် အဖော်ပြုပေးခဲ့သည်။ သူက ထန်တိုက်လင်၏ ဝမ်းကြာတိုက်အတွင်းမှ မွေးဖွားလာမည့် ရင်သွေးလေးအကြောင်း တွေးလိုက်မိတိုင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့သည်။ သူ၏ပထမဆုံးကလေးက မွေးဖွားလာတော့မည် ဖြစ်သောကြောင့် ဖခင်တစ်ယောက်၏ စိတ်လှုပ်ရှားမှုက ထိန်းချုပ်ရန် အလွန်ခက်ခဲလေသည်။