ဂူချန်းချွမ်၏ အဆင့်အတန်း
Vol. 52 Ch. 766
လောင်းကြေး ပမာဏကို မြင်တော့ ကြံ့ကြီး သူ့နှဖူးပေါ်ရှိ ချွေးအေးများကို သုတ်လိုက်မိသည်။
သူ ဤနယ်ပယ်ထဲ၌ ကျင်လည်နေသည်မှာ ကြာမြင့်နေပြီး ဖြစ်သော်လည်း ယခုလို များပြားသည့် လောင်းကြေးပမာဏ ကွာဟမှုကိုတော့ ပထမဆုံးအကြိမ် တွေ့မြင်ဖူးချင်းပင်။
‘ ဒီရဲ့ လင်းရီလို့ ခေါ်တဲ့သူကလည်း လွန်ကိုလွန်ပါတယ်… တစ်ဖက်သူက ဘယ်လိုကောင်လဲဆိုတာကို သေချာ မစုံစမ်းပဲနဲ့ စိန်ခေါ်ရဲတယ်ပေါ့… ဒါက သေလမ်းရှာနေတာ မဟုတ်ဘူးလား…’
လောင်းကြေးထပ်ပြီးနောက် လင်းရီနှင့် ဂူချန်းချွမ်တို့ ရှေ့ထွက်လာကြ၏။
သို့သော်လည်း နှစ်ယောက် ရင်ဆိုင်လိုက်ရသည့် ဆက်ဆံခံရမှုကတော့ ကမ္ဘာချင်း ခြားနားနေသည့် အလားပင်။
လင်းရီမှာ တစ်ယောက်တည်း မတ်တပ်ရပ်နေရပြီး အခြား ယှဉ်ပြိုင်သူ ရှစ်ယောက်တို့မှာတော့ ဂူချန်းချွမ်အား လာရောက် နှုတ်ဆက်ကြလေသည်။
“ အစ်ကိုချွမ်လည်း ဒီရောက်နေတာပဲလား… ကျွန်တော်တို့ နောက်ဆုံးတစ်ခေါက် ယှဉ်ပြိုင်ပြီးကတည်းက မတွေ့ဖြစ်တော့တာဆို တော်တော်လေးတောင် ကြာနေပြီ..”
“ အင်း.. အရင်တစ်ခေါက်တုန်းက တစ်ချက်နဲ့ မှောက်သွားတဲ့ကောင်က ဒီရက်ပိုင်းတွေ တိုးတက်လာလား ကြည့်ကြတာပေါ့….”
“ အာဟား.. အစ်ကိုချွမ်ကလည်း နောက်နေပါပြီ… ကျွန်တော်တို့က အစ်ကိုချွမ်နဲ့ ဘယ်လိုလုပ်ပြီး လယ်ဗယ်တူ တိုက်ခိုက်နိုင်မှာ… တကယ်လို့ တိုးတက်လာခဲ့တယ်ဆိုရင်တော့ အစ်ကိုချွမ်ရဲ့ ပြိုင်ဘက်တော့ မဟုတ်သေးပါဘူး…”
တစ်ချိန်တည်းတွင် အခြား ကစားသမား တစ်ဦးမှ ရောက်ရှိလာပြီး “ အဲ့ဒီ မျက်နှာဖုံး တပ်ထားတဲ့ ဘဲက ဘယ်သူတဲ့လဲ…သူက အစ်ကိုကြီးနဲ့ လက်ရည်ချင်း ယှဉ်ဖို့ စိန်ခေါ်ရဲနေတယ်ပေါ့…”
“ အဲ့ကောင်က ကျိုးဟိုင်က… တော်တော်လေးလည်း မောက်မာတယ်…. ငါသူ့ကို ကြည့်မရလို့ ကောင်းကောင်းလေး ပြုမူတတ်အောင်ဆိုပြီး သင်ခန်းစာပေးမလို့ စီစဉ်နေတာ…”
“ ဒါဆို သူ့ကို တစ်ချက်ထိုးပြီး အသေသတ်လိုက်သလို ဖြစ်သွားမှာပေါ့…”
“ ကျွန်တော်တို့ ရှစ်ယောက်လုံး ပေါင်းပြီး တိုက်ခိုက်ရင်တောင် အစ်ကိုချွမ်ရဲ့ ပြိုင်ဖက်မဟုတ်တာကို အဲ့လို ငဖောင်ရိုးဆိုလို့ကတော့ ပိုတောင် မဖြစ်နိုင်သေး…”
“ မင်းတို့ကောင်တွေက အဲ့လို တွေးတယ်… ဒါပေမယ့် အဲ့ကောင်ကတော့ အဲ့လို မတွေးဘူး… ပြီးတော့ သူနဲ့ ငါ့ကြားမှာလည်း အဖုအထစ်လေးတွေ ရှိထားတယ်ဆိုတော့ အတော်ပဲ …. ဒီအခွင့်အရေးကို အသုံးချပြီးတော့ ကောင်းကောင်းကြီး ဆော်ပလော် တီးပေးလိုက်မယ်…”
“ ဒါဆိုလည်း အစ်ကိုချွမ် တစ်ချက်တည်းနဲ့ အမှောက်သိပ်နိုင်ဖို့ရာ ဆုတောင်းပေးလိုက်ပါတယ်ဗျာ…. ဖွင့်ပွဲကောင်းကောင်းလေး လုပ်လိုက်ကြတာပေါ့…”
“ ပြဿနာမရှိဘူး… မင်းတို့ကောင်တွေ စင်အောက်ကနေ နေပြီး အေးဆေးစောင့်ကြည့်နေလိုက်…”ဂူချန်းချွမ် ပြောလိုက်၏။
“ ဟားဟား… ကောင်းတယ်… အဲ့တာဆို ကျွန်တော်လည်း အစ်ကိုချွမ်ဆီကနေ သင်ယူလို့ရပြီ… ဒီလပိုင်းတွေမှာ ကိုယ့်ကိုယ်ကို ဘာမှ သိပ်မတိုးတက်လာသလို ဖြစ်နေလို့…”
“ ဒါဆိုလည်း အောက်ကနေ ကြည့်ပြီး ကောင်းကောင်းလေး သင်ယူ…. ငါ ဒီပွဲကို အသုံးချပြီးတော့ မင်းတို့ကို သင်ပြပေးမယ်…”
မူလကတော့ ဂူချန်းချွမ်မှာ အင်မတန် သိုဝှက်သည့် လူဖြစ်၏။
သို့သော်လည်း လူတိုင်း၏ အာရုံကို လင်းရီမှ ထပ်ခါတလဲလဲ ခိုးယူနေသောကြောင့် သူ၏ ဝမ်းတွင်း၌ ဒေါသတို့ဖြင့် ပြည့်သိပ်လာကာ သိုသိပ်ခြင်းကို ဂရုမပြုနိုင်တော့ချေ။
သူ၏ ကိုယ်ပိုင် ခွန်အားနှင့် ပေါင်းစပ်လိုက်ပါက အကယ်၍ သူသာ ဆန္ဒရှိမည်ဆိုလျှင် ပထမ တစ်ချီတည်းနှင့် အပြတ်ဖြတ်နိုင်လေသည်။
ကစားသမား ရှစ်ယောက်လုံးက ဂူချန်းချွမ်အနား စုပြုံနေသည်ကိုမြင်တော့ ပွဲကြည့်ပရိသတ်များအားလုံး အံ့အားသင့်သွားခဲ့ကြ၏။
သူတို့ အားလုံး ဂူချန်းချွမ်မှာ အင်အားကြီးမားမှန်း သိနေသော်ငြား ယခုလောက်အထိ ကြီးမားနေလိမ့်မည်လို့တော့ မျှော်မှန်းမထားချေ။
ဘောက်ဆင်ကစားသမား ရှစ်ယောက်မှာ ထိုသူ၏ ရှေ့တွင် အမှန်အကန် ယဉ်ကျေးလို့နေသည်။ သာမန်လူများဆိုပါက ထိုကဲ့သို့ သော ဆက်ဆံမှုမျိုး ရရှိလိမ့်မည် မဟုတ်ချေ။
ဒိုင်လူကြီး တစ်ယောက်ဖြစ်သည့် ကြံ့ကြီးကလည်း ကြိုးဝိုင်းပေါ်တွင် လေးစားရိုသေစွာဖြင့် မတ်တပ်ရပ်နေလေသည်။
ဖိုက်တာ အသိုင်းအဝန်း၌ ဂူချန်းချွမ်မှာ ထိပ်ဆုံး၌ ရပ်တည်နေသူ တစ်ဦးဖြစ်ပြီး သူကဲ့သို့ ရွှေခါးပတ် သုံးလေးခု ရရှိထားသူပင် ထိုပုဂ္ဂိုလ်၏ ရှေ့မှောက်၌ တစ်ချီတောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ဂူချန်းချွမ်ကို လေးစားသကဲ့သို့ ပြုမူနေသည်က နားလည်ပေး၍ ရလေသည်။
တစ်ဖက်တွင်တော့ လင်းရီ၏ သွင်ပြင်သဏ္ဌာန်မှာ ပိုးမွေးသကဲ့သို့ ဖူးဖူးမှုတ်ခြင်း ခံထားရသည့် သခင်လေး တစ်ယောက်နှင့် ဆင်တူနေသည်။
အထီးကျန်မှုကို အောင့်အီးသည်းခံ၍ ပို၍ သန်မာလာစေရန် ဆန္ဒကို အနိုင်ယူနိုင်သည့် ဂူချန်းချွမ်နှင့် နှိုင်းယှဉ်မည် ဆိုပါက လုံးဝကို မတူညီသည့် လယ်ဗယ်တစ်ခု၌ ရှိနေသည်။
အားမနာစတမ်း ပြောရမည် ဆိုပါက ထိုနှစ်ယောက်မှာ ခိုင်းနှိုင်းရင်ပင် မသင့်လျော်ချေ။ ထိုသို့သော သူမျိုးက မည်သူ့အားကို ပုဆိန်ရိုးလုပ်၍ လက်ရည်စမ်းရန် ဂူချန်းချွမ်အား စိန်ခေါ်လာလည်း မသိပေ။
‘ ကြည့်နေ.. ခဏနေ တိုက်ခိုက်တဲ့ အချိန်ကျရင် ဂူချန်းချွမ်က တစ်စက်ကလေးမှ ငဲ့ညာနေမှာ မဟုတ်ဘူး… အဲ့ကောင်ကတော့ ဆိုးဆိုးရွားရွားကြီး အရိုက်ခံရလောက်တယ်….’
တစ်ဖက်တစ်ချက်ရှိ လင်းရီ၏ စထွင်းထဲတွင်တော့ ကွန်းမန့်ဗုံးများမှာ တစ်ဖန်ပေါက်ကွဲထွက်နေပြန်သည်။
မူလက သူတို့ လင်းရီကို ဤ စိန်ခေါ်ပွဲ၌ အနိုင်ရလိမ့်မည်ဟု ခန့်မှန်းထားကြသော်လည်း တစ်ဖက်သူမှာ အင်မတန် သန်မာသည့် လူတစ်ယောက်ဖြစ်နေလိမ့်မည်လို့တော့ ထင်မှတ်မထားချေ။
“ ရှောင်းယွီ…. မင်းတို့ကောင်တွေ လာနောက်နေတာလားကွ… အဲ့လို ပရော်ဖက်ရှင်နယ် ဘောက်ဆင်ကစားသမားတွေတောင် ဟိုကောင်ရှေ့မှာ ကုပ်ကုပ်ကလေး နေနေရတယ်ဆိုတော့ တကယ်လို့ မျက်နှာဖုံးအစ်ကိုကြီးသာ အဲ့လိုလူမျိုးနဲ့ ထိုးသတ်လို့ကတော့ သေလမ်းရှာတာနဲ့ အတူတူပဲ မဟုတ်ဘူးလား….”
“ တစ်ယောက်ယောက် ဂျင်းထည့်သွားတာများလား… မျက်နှာဖုံးအစ်ကိုကြီးလည်း အဲ့ကောင် ဒီလောက်ထိ ခွန်အားကြီးမှန်း သိထားလောက်မှာ မဟုတ်ဘူး….”
“ သွားပြီ…သွားပြီ… ငါတော့ မျက်နှာဖုံး အစ်ကိုကြီး သွားကျွတ်အောင် အထိုးခံရမယ်လို့ မြင်ယောင်နေတယ်… “
“ ရှောင်းယွီ… မျက်နှာဖုံး အစ်ကိုကြီးကို ပွဲပြန်ဖျက်ဖို့ ပြောလိုက်… ဒီတိုင်း ငွေစက္ကူလေးပဲ မလား… ငါတို့ ခဏနေကျရင် ဒုံးပျံတွေ ပို့ပေးမယ်… ငါ နောက်ကျရင်လည်း သူ့စထွင်းတွေ ကြည့်ချင်သေးတယ်ဟ….”
တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ လူတိုင်းက လင်းရီကို ဂရုစိုက်နေကြသည်ကို မြင်တော့ ကျန်းရှောင်ယွီ စိတ်သက်သာရာရသွားခဲ့လေသည်။
လူတိုင်းက သူ့ကို ဂရုစိုက်ပေးကြတာပဲ….
“ တကယ်တမ်းကျတော့ မျက်နှာဖုံး အစ်ကိုကြီးကလည်းအရမ်း အင်အားကြီးမားတယ်… အားလုံးပဲ… စိတ်မပူကြနဲ့… ငါတို့ နိုင်ဖို့ အခွင့်အရေး ရှိပါသေးတယ်….”
အစကတော့ ကျန်းရှောင်ယွီ လင်းရီ အနိုင်ရလိမ့်မည်လို့ တစ်သမှတ်တည်း တွက်ထားခဲ့သော်လည်း ယခုလေးတင် ဖြစ်သွားသည့် အဖြစ်အပျက်က သူမ ယုံကြည်ချက်များကို ရိုက်ချိုးသွားခဲ့တော့၏။
အကယ်၍ ဂူချန်းချွမ်ဟု ခေါ်သည့် အမျိုးသားတွင်သာ ခွန်အား တစ်ချို့မရှိပါက ပရော်ဖက်ရှင်နယ် ဘောက်ဆင်သမား ရှစ်ဦးက ရိုကျိုးစွာ ပြုမည်နေလိမ့်မည်လော။
ထို့ကြောင့် သူမလည်း မတတ်နိုင်တော့ပဲ အဆုံး၌ မည်သူက မတ်တပ်ရပ်နိုင်သူဖြစ်မလဲဆိုတာ မျှော်လင့်စောင့်စား နေမိတော့သည်။
“ ငိုးပဲ… နောက်နေတာတွေ တော်လိုက်တော့… အဲ့ လူက သေချာပေါက် မရိုးရှင်းဘူး…. မျက်နှာဖုံး အစ်ကိုကြီးက သူ့ပြိုင်ဘက် ဘယ်လိုမှ မဖြစ်နိုင်လောက်ဘူး… မြန်မြန် ပြန်ဆုတ်ခဲ့တော့….”
“ ညီကိုတို့… မင်းတို့ ဒီတိုင်း ကြည့်ကောင်းနေရလားကွ… မင်းတို့မှာ ပိုက်ဆံရှိရင် လက်ဆောင်တွေ ပို့ပေးကြလေ…. မလုပ်ဘူးဆိုရင်တောင် မျက်နှာဖုံး အစ်ကိုကြီး ပိုပြီး ရေပန်းစားအောင်လို့ ဝိုင်းရှဲပေးကြလေကွာ….”
“ ဟုတ်တယ်… အဲ့လို့ လုပ်သင့်တယ်… ရှေ့ရက်တွေတုန်းက ငါ့တို့ကောင်တွေ မျက်နှာဖုံး အစ်ကိုကြီးဆီကနေ ဟုန်ပေါင်းတွေ ယူထားကြတာ… အဲ့ကျေးဇူးတွေကို မမေ့လိုက်ကြနဲ့… ခု မျက်နှာဖုံးအစ်ကိုကြီးကို ပြန်ပြီး ကူညီပေးဖို့ အချိန်အခါ ကျရောက်လာပြီ…”
“ ငိုးပဲ… သောက်ပိုတွေ ပြောမနေကြနဲ့… အဲ့ စောက် ဒုံးပျံတွေ ပို့ကြ….”
လိုက်စထွင်းထဲ၌ လက်ဆောင်များ ပျံဝဲနေသည်ကို မြင်တော့ ကျန်းရှောင်ယွီ ရင်ထဲ နွေးထွေးသွားခဲ့၏။ ထိုသူများက သူမကို အမြဲတစေ စနောက်နေတတ်ကြသော်လည်း လူကောင်း သူကောင်းများ ဖြစ်ကြလေသည်။
သို့သော် ကျန်းရှောင်ယွီကိုယ်တိုင်လည်း ဘာမျှ မတတ်နိုင်ချေ။ အစ်ကိုရီက စိတ်ပိုင်းဖြတ်ပြီးသားဖြစ်သောကြောင့် သူမ ဖြောင်းဖြသော်ငြား အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
“ အစ်ကိုလျန်…. အစ်ကိုရီကို ဒီတိုင်း လွှတ်ထားတော့မှာလား….”
ကျန်းရှောင်ယွီ လျန်ကျင်းမင်းကို တံတောင်ဖြင့် တွတ်လိုက်၏။
“ မပူနဲ့… အဆင်ပြေသွားလိမ့်မယ်…” လျန်ကျင်းမင် ထူးမခြားနား လေသံဖြင့် ပြောလိုက်ပြီး “ မင်းရဲ့ အစ်ကိုရီက ဘယ်တော့မှ ရှုံးတယ်ရယ်ကို မရှိဘူး… ပြီးတော့ သူက အရှုံးပေါ်မယ့် ကိစ္စဆိုလည်း ဘယ်တော့မှ မလုပ်ဘူး…. ဂူချန်းချွမ်က ဒီတိုင်း မိမိုက်သလို လုပ်နေတာ…. သူ စင်ပေါ်ရောက်တဲ့ အချိန်ကျရင် တစ်ချက်တည်းနဲ့ အမှောက်သိပ်ခံရလိမ့်မယ်.. ပူမနေနဲံ…”
လျန်ကျင်းမင်၏ စကားလုံးများက ကျန်းရှောင်ယွီကို စိတ်သက်သာရာ ရသွားစေခဲ့သည်။
သူမ နှစ်မီလီယမ် လောင်းကြေးတင်ထားသော်ငြား ထိုပိုက်ဆံများကို ဂရုမစိုက်ချေ.
အကယ်၍ လင်းရီသာ တစ်ခုခု ထိခိုက်ဒဏ်ရာ ရသွားမည်ဆိုပါက သူမလည်း မသက်မသာ ဖြစ်မိပေလိမ့်မည်။
သို့သော်လည်း ထိုစကားလုံးများကိုတော့ ကျန်းရှောင်ယွီရင်ထဲ၌သာ သိမ်းထားပြီး လိုက်စထွင်းထဲရှိ လူများအား မပြောပြလိုက်ချေ။ အဘယ်ကြောင့်ဆိုသော် စထွင်းထဲရှိ ရေပန်းစားမှုက ၈.၅ သန်းကို ကျော်လွန်နေပြီး ဆက်လက်လည်း မြင့်တက်လျက်ရှိ၏။
ဘောက်ဆင်ပွဲပြီးနောက်တွင် အစ်ကိုရီ၏ စထွင်းက ကြည့်ရှုသူ ဆယ်သန်းပမာဏကို ကျော်လွန်သွားနိုင်လေသည်။
“ ဟေ့… စပါတော့ဟ… ဘယ်အချိန်ထိ စောင့်ခိုင်းထားမလို့တုန်း….”
“ လူကြီးမင်းတို့… ကျေးဇူးပြုပြီး မလောကြပါနဲ့… ကျွန်တော် ခု ကြယ်ငါးရဲ့ lightweight ဖိတ်ခေါ်ပြိုင်ပွဲကြီး စတင်ကြောင်း ကြေညာပါတယ်…”
သို့နှင့် ကြံ့ကြီးမှ လင်းရီဘက်သို့ လှည့်လိုက်ပြီး ကျယ်လောင်သည့် လေသံဖြင့် “ နောက်ထပ် မစ္စတာလင်းကို ကြိုးဝိုင်းထဲသို့ ဖိတ်ခေါ်လိုက်ရအောင်လား ခင်မျာ….”
လင်းရီ များများ စဉ်းစားမနေပဲ ကြိုးဝိုင်းထဲသို့ ဝင်သွား၍ ကြံ့ကြီးဘေးတွင် သွားရပ်နေလိုက်သည်။
တစ်ချိန်တည်းတွင် ကြံ့ကြီးမှ ဂူချန်းချွမ်ကို ကြည့်လိုက်ပြီး “ မစ္စတာဂူကိုလည်း ကြိုးဝိုင်းထဲ ဖိတ်ခေါ်လိုက်ကြရအောင်လားခင်မျာ….”
ဂူချန်းချွမ် ကြိုးဝိုင်းထဲသို့ အပြုံးလေးဖြင့် ရောက်လာခဲ့၏။
တစ်ချိန်တည်းတွင် မျက်နှာကြက် ပွင့်ထွက်လုမတတ် ဩဘာပေးသံကလည်း ကြိုးဝိုင်းအောက်မှ ထွက်ပေါ်လာပြီး နှစ်ယောက်ကြားရှိ စိန်ခေါ်ပွဲမှာ တရားဝင် စတင်လေပြီ။