အကောင်းဆုံး သရုပ်ဆောင်
Vol. 52 Ch. 770
“ ဘီစကစ်တွေ မစားနဲ့… ငါ နေ့လည်စာ လုပ်ပေးမယ်…”
“ အွန်း…”
ကျီချင်းရန် ခေါင်းညိမ့်လိုက်ပြီး “ ဒါပေမယ့် ရေခဲသေတ္တာထဲမှာက အသီးတွေပဲ ရှိတော့တာ…. ငါ ကန်သင်းက စားဖိုမှူးကို အမယ်တွေ လာပို့ပေးဖို့ ပြောလိုက်မယ်လေ….”
“ ကောင်းပြီ….”
အမယ်များ ရရှိပြီးနောက် လင်းရီ ကျီချင်းရန်အတွက် အမဲသားကြော်နှင့် ငရုတ်ပွ ကြက်ဥခလောက်ကြော်ကို ပြင်ဆင်ပေးလိုက်ပြီး ကျီချင်းရန်ကလည်း ပျော်ရွှင်စွာ စားသောက်လိုက်သည်။
“ နင် ချက်ပေးတာက အကောင်းဆုံးပဲ… ကန်သင်းက စားဖိုမှူးတွေ ချက်တာထက် ပိုကောင်းတယ်…”
“ စားကောင်းရင် များများစား…”
သူမ၏ ကျေနပ်နေသည့် အမူအရာကို မြင်တော့ လင်းရီ ရင်ထဲ၌ ကြည်နူးမိသွားသည်။
“ ဒါနဲ့ နင် အလုပ် ခရီးထွက်သွားတာ သုံးလေးရက်ပဲ ရှိသေးတယ်မဟုတ်ဘူးလား… ပြန်လာတာ အစောကြီးပဲကော… “
“ အင်း... သုတေသန နှစ်ခုနဲ့ အစည်းအဝေးနှစ်ခု ကျန်သေးတယ်…. ဒါပေမယ့် ညညဆို မင်းကို အရမ်း သတိရလွန်းလို့ ဒီက မနေနိုင်တော့ပဲ ပြန်လာခဲ့လိုက်တာ….”
“ အပိုတွေ… လူကြီး ဖြစ်နေပြီကို အဲ့လိုစကားမျိုးတွေ ပြောထွက်သေးတယ်ပေါ့…”
“ ငါသိပါတယ်… ဒါပေမယ့် ထိန်းချုပ်လို့မှ မရတာ… ပြောကြည့်… ငါဘယ်လိုလုပ်သင့်တယ်ထင်လဲ…”
“ အိမ်မှာ နေတော့လည်း နင့်အခန်းထဲ နင်အိပ်တာပဲ မဟုတ်ဘူးလား…”
“ အဲ့တာက ဘယ်လိုလုပ်ပြီး တူညီမှာ… ငါ့ အခန်း ဘေးမှာ မင်းရှိနေတယ် ဆိုတဲ့ အတွေးနဲ့တင် လူက သူ့အလိုလို အိပ်ပျော်သွားရော…..”
ကျီချင်းရန် ရှက်သွေးဖြန်းသွားပြီး မဝံ့မရဲ တိုးညင်းသည့် လေသံဖြင့် “ ငါကောပဲ….”
“ ဒါကြောင့်မို့ အစောကြီး ပြန်လာခဲ့တာပေါ့…” လင်းရီ ကျီချင်းရန် ဆံပင်ကို ပွတ်သပ်ရင်း ပြောလိုက်ပြီး “ နောက်ခါကျရင် ဘာကိစ္စတွေပဲ ရှိရှိ မင်း အနားကနေ ထွက်မသွားတော့ဘူးနော်…”
“ အာ…. အဲ့လို လုပ်လို့ ဘယ်ဖြစ်မှာ… နင် စီးပွားရေးလုပ်ဖို့ လိုသေးတယ်လေ…”
“ စီးပွားရေးက မင်းလောက် အရေးမပါဘူး…”
“ ဟွန့်… လျှောက်ပြောနေတယ်… ငါတော့ နင့်စကားတွေကို မယုံပေါင်… “ ကျီချင်းရန် ထိုသို့ ပြောလိုက်သော်လည်း သူမ မျက်နှာထက်တွင်တော့ တောက်ပသည့် အပြုံးက အထင်းသား ပေါ်လွင်နေသည်။
“ စကားမစပ် နင် လင်းယွမ် ရုံးခန်းကို ရောက်ပြီးပြီလား…”
“ မရောက်သေးဘူး… လေယာဉ် ဆင်းဆင်းပြီးချင်း မင်းဆီအရင် လာခဲ့တာ…” လင်းရီ သာမန်လေသံဖြင့် ပြောလိုက်ပြီး “ ဘာလဲ ဖြစ်လို့… ကုမ္ပဏီက တစ်ခုခု ဖြစ်နေလို့လား….”
“ ဟုတ်တယ်… မိုဘိုင်းဖုန်း ပရောဂျက်နဲ့ ပတ်သက်ပြီးတော့ တစ်ခုခု ပြဿနာ ရှိနေတဲ့ ပုံပဲ...... ချီ နဲ့ ယွမ်ယွမ်တို့နှစ်ယောက် ကိုင်တွယ်နေတာတောင် အဆင်မပြေသေးဘူး… နင်အချိန်ရတယ်ဆိုရင် တစ်ချက်လောက် သွားကြည့်လိုက်ဦး…”
“ အဲ့ဒီ အသေးမွှားလေးတွေကို ဘေးချိတ်ထားလိုက်စမ်းပါ…. ချင်းရန်နဲ့ ခဏလောက်တူတူနေဦးမယ်လေ…. မတွေ့ရတာ ကြာတော့ အတိုးချပြီး အလွမ်းသယ်ရဦးမယ်….”
“ ဖီး… လူကြီးဖြစ်နေပြီကို ရှက်ရကောင်းမှန်းလည်း မသိ…”
ကျီချင်းရန် နားရွက်လေးများ နီရဲလာသည်အထိ ရှက်ရွံ့နေပြီး “ မြန်မြန် သွားတော့…. ငါ့ကို ထပ်မတွေ့ရမှာလည်း မဟုတ်ပဲနဲ့ အဲ့လောက်ကြီး ပူးတိကပ်တိ လုပ်မနေနဲ့….”
“ တော်စမ်းပါ… ငါက မင်းနဲ့ တွေ့ချင်လို့ ဒီလာခဲ့တာ… အဲ့ဒီ လုပ်ကိစ္စတွေ မစဉ်းစားချင်သေးဘူး….”
“ ရပြီ ရပြီ… ကလေးဆိုးကြီးလို လုပ်မနေနဲ့တော့…” ကျီချင်းရန် လင်းရီကို ဆွဲခေါ်လာခဲ့ပြီး “ မြန်မြန် ရုံးကို သွားတော့… မဟုတ်လည်း နင် ဒီမှာ ရှိနေရင် လက်ကမျဉ်းတာနဲ့ ငါ အလုပ်အေးဆေး လုပ်လို့ရမှာ မဟုတ်ဘူး…”
“ အိုကေ အိုကေ… သွားပြီး တစ်ချက် ကြည့်ကြည့်လိုက်မယ်…ပြီးရင် ဒီညနေ မင်းဆီ ပြန်လာပြီး လာကြိုပေးမယ်…”
“ အွန်း … ဒါပေမယ့် မဖြစ်မနေကြီး လာကြိုပေးစရာ မလိုပါဘူး… အလုပ်က ပိုအရေးကြီးတယ်… နင့်ဘက်က အကုန်ပြီးစီးမှ ပြန်လာခဲ့…”
“ ဘာလို့ လုပ်ရမှာ… မင်းက ငါ့ရဲ့ ဦးစားပေးပဲလေ….”
“ အိုင်းယား… ဟုတ်ပါပြီ… သဘောပဲ… နင်လုပ်ချင်သလိုသာ လုပ်တော့…. အဲ့လောက်ထိ လာပြီးချွဲမနေနဲ့…” ကျီချင်းရန် မျက်နှာ နီနီရဲရဲဖြင့် ပြောလိုက်ပြီး လင်းရီကို တွန်းထုတ်လိုက်တော့၏။
လင်းရီ ထွက်ခွာသွားသည်ကို မြင်တော့ ကျီချင်းရန် ကူကယ်ရာမဲ့စွာဖြင့် မျက်နှာယပ်ခပ်ရင်း
“ ဟူး… လူကဖြင့် ကြီးကောင်ကြီးမားနဲ့ ဒါကို အထက်တန်းရည်းစားစုံတွဲတွေလိုမျိုး လာလုပ်နေတယ်… တကယ်တည်း မျက်နှာပူလိုက်တာ….”
ဓာတ်လှေကားထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီ လင်းယွမ်အုပ်စုသို့ ဦးတည်မောင်းနှင်လာခဲ့လိုက်ပြီး ချီရှန်းကျောက် ရုံးခန်းထဲသို့ ရောက်လာလေသည်။
တိုက်ဆိုင်စွာဖြင့် ဟော်ယွမ်ယွမ်လည်း ထိုနေရာ၌ ရောက်ရှိနေခဲ့၏။
နှစ်ယောက်လုံးမှာ လေးနက်သည့် မျက်နှာထား ကိုယ်စီဖြင့် ရှိနေပြီး တစ်စုံတစ်ခုကို ဆွေးနွေးနေကြသည့်နှယ်ပင်။
“ ဘော့စ်… ပြန်လာပြီလားဗျ…” ချီရှန်းကျောက် အံ့အားသင့်ဟန်ဆောင်၍ မေးလိုက်၏။
လင်းရီ ခေါင်းညိမ့်လိုက်ပြီး ချီရှန်းကျောက်၏ သရုပ်ဆောင်မှုကို အားရကျေနပ်သွားသည်။
သူက အတော်ဆုံး သရုပ်ဆောင်ဘေးက အကောင်းဆုံ ဇာတ်ပို့ပဲ… နောက် သုံးလေးနှစ်လောက်ဆို အရည်အသွေးပြည့်မှီတဲ့ မကောင်းတဲ့ကောင် ဖြစ်ဖို့ အခွင့်အရေး ရှိလာလောက်တယ်….
“ ဘော့စ် .. ရှင်ရောက်လာတာ အချိန်ကောင်းပဲ… ခု မိုဘိုင်းဖုန်း ပရောဂျက်က တစ်ခုခု ဖြစ်နေပြီ…”
“ ငါ မင်း အစ်မကျီဆီကနေ ကြားလာခဲ့ပြီးပြီ… ဒါပေမယ့် ဘာဖြစ်ခဲ့တာလဲ .. အသေးစိတ်ပြော….”
လင်းရီ၏ အမူအရာမှာ အင်မတန် စစ်မှန်လှပြီး ဟော်ယွမ်ယွမ်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိမပြုမိချေ။ ထို့ကြောင့် လက်ရှိ ဖြစ်ပျက်နေသည့် အခြေအနေကို အကြမ်းဖျင်းရှင်းပြလိုက်၏။
ချီရှန်းကျောက်ကသာလျှင် ဘေး၌ တိတ်ဆိတ်စွာ နားထောင်ရင်း ထူးဆန်းသည့် အမူအရာဖြင့် ဖြစ်နေခဲ့သည်။
သူ ဒီနေ့ မနက်လောက်တုန်းကမှ ဘော့စ်လင်းကို ဖုန်းခေါ်ခဲ့တာပါ…. ခု သုံးလေးနာရီပဲ ရှိသေးတယ်.. ဒီပြန်ရောက်လာနေပြီဆိုတော့…….. ကိုယ်ပိုင်လေယာဉ်နဲ့ ဆိုရင်တောင် ဒီလောက်ထိ မြန်ဖို့ဆိုတာ မဖြစ်နိုင်ဘူးမလား….
ကြည့်ရသလောက်တော့ ဘော့စ်လင်းက အမေရိကား ရောက်နေတာ မဟုတ်ဘူးနဲ့ တူတယ်…
“ စက်ရုံက အရင်အလုပ်သမားတွေက ဘယ်ကို သွားခဲ့ကြတာ… “
“ အများစုကတော့ ရှင်းရာ့(အာရှသစ်) နည်းပညာ နဲ့ ဟွေးခေါ့ အီလက်ထရောနစ်ဆီ ရောက်သွားကြတယ်…”
လင်းရီ ဆိုဖာပေါ်တင် ခြေတင်ချိတ်ထိုင်ရင်း “ အဲ့ဒီ စက်ရုံနှစ်ခု အကြောင်းကော စုံစမ်းပြီးသွားပြီလား…”
“ စုံစမ်းပြီးသွားပြီ… အဲ့ဒီ ကုမ္ပဏီ နှစ်ခုလုံးက နည်းပညာ နယ်ပယ်ထဲက အကောင်ကြီးကြီးတွေပဲ…. ရှင်းရာ့ နည်းပညာ က LED စခရင်တွေ ထုတ်လုပ်တယ်… သူတို့က ပြည်တွင်း LED စခရင် နယ်ပယ်ထဲမှာ ထိပ်တန်းဖြစ်ပြီးတော့ ဈေးကွက်ရှယ်ယာ အများအပြားကိုလည်း ပိုင်ဆိုင်ထားတယ်…. “
“ ဟွေးခေါ့အီလက်ထရောနစ်ကကျတော့ ပြည်တွင်း ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီ…. သူတို့ထုတ်တဲ့ ဖုန်းအားသွင်းကြိုးတွေနဲ့ power bank တွေက အရည်အသွေးကောင်းပြီး ပြည်တွင်းမှာလည်း တော်တော်လေး နာမည်ကြီးတယ်….”
“ ဘယ်လောက်တောင် ကောင်းလို့…”
“ ကောင်းလွန်းလို့ အစ်မကျီနဲ့ ကျွန်မတို့ နှစ်ယောက်လုံး သူတို့ရဲ့ အားသွင်းကြိုးတွေ ဝယ်သုံးရလောက်တဲ့ အထိပဲ…”
“ ငါ-ိုး….”
“ ကျွန်မကို အပြစ်တင်ဖို့ မစဉ်းစားနဲ့…. အစ်မကျီကပဲ ဝယ်သုံးဖို့ အကြံပေးတာ… တကယ်လို့ မကျေနပ်ဘူးဆိုရင် သူ့ကို သွားပြော….”
“ သူ့ကို ဘေးချိတ်ထားစမ်းပါ…” လင်းရီ ပြောလိုက်ပြီး “ ခု အဲ့ဒီ ကုမ္ပဏီနှစ်ခုရဲ့ အရွယ်အစားကကော ဘယ်လောက်ရှိလဲ… သူတို့ရဲ့ ဈေးကွက်တန်ဖိုးကကော…. “
“ နှစ်ခုလုံးက ၅၀ ဘီလီယမ် ဝန်းကျင်မှာပဲ…” ဟော်ယွမ်ယွမ် ပြောလိုက်၏။
“ အဲ့လိုဆိုရင် တော်တော် အထင်ကြီးဖို့ ကောင်းသား…”
“ အမှန်ပဲ… မဟုတ်ရင် သူတို့က ကျွန်မတို့ကို ဘယ်လိုလုပ်ပြီး ဆန့်ကျင်ရဲမှာ….”
“ မင်းတို့ထဲက ဘယ်သူ ဒီနေ့လည် အားလဲ… အားတဲ့သူ ငါနဲ့လိုက်ခဲ့….”
“ ကျွန်မ ကျွန်မ….. ကျွန်မလိုက်ခဲ့မယ်…. ကုမ္ပဏီက အစ်ကိုချီ မရှိလို့ မဖြစ်ဘူးလေ ….”
“ ငါမြင်တာတော့ မင်း ကုမ္ပဏီ အလုပ်မလုပ်ချင်လို့မလား….” လင်းရီ စောဒက တက်လိုက်၏။
“ ဘယ်နားကသာ.... ကျွန်မက ရှင်အဖော်ရအောင် လိုက်ခဲ့ပေးမလို့ပါနော်…. မဟုတ်ရင် ကျွန်မလိုမျိုး အလုပ်မှာပဲ စိတ်နစ်မြုပ်ထားတတ်တဲ့ ဝန်ထမ်းကောင်းက သူ့နေရာကို လွယ်လွယ်နဲ့ ထားခဲ့နိုင်မှာလဲ…”
“ မင်းရဲ့ စိတ်လှုပ်ရှားနေတဲ့ အမူအယာ အရဆိုရင် အလုပ်သဘောနဲ့ အပြင်ထွက်တာမျိုး မဟုတ်ပဲ ဘာညာဘာညာ လုပ်ချင်လို့ အပြင်ထွက်တာနဲ့ တူနေသလိုပဲ….”
“ မဖြစ်ဘူးနော်… လုံးဝမဖြစ်ဘူး… ဒီနေ့က လုံခြုံတဲ့ နေ့မဟုတ်သေးဘူး… ရှင် လိုအပ်ရင် အစ်မကျီကိုပဲ သွားရှာလိုက်….”
“ အဆင်ပြေပါတယ်…”လင်းရီ ပြောလိုက်ပြီး “ မီးနီ မရှိတဲ့ ဘဝက ရင်ဖိုစရာ ဘယ်ကောင်းတော့မှာ….”
“ ရှီး ရှီး ရှီး … ဘယ်လိုတောင် ရွံရှာဖို့ ကောင်းလိုက်လဲ… ငါ ဘယ်လိုဖြစ်ပြီးတော့များ ဒီလိုမျိုး နှာဘူး သူဌေးမျိုးနဲ့ လာကြုံရပါလိမ့်….”
နှစ်ယောက်သား ရယ်မောပြောဆိုရင်း ရုံးခန်းထဲမှ ထွက်ခွာသွားခဲ့ကြသည်ကိုမြင်တော့ ချီရှန်းကျောက်မှ ပဟေဠိ ဖြစ်သွားခဲ့၏။
?????
ဘာတွေ ဖြစ်သွားခဲ့တာ……
နည်းပညာမြင့် စက်မှုဇုန်က မြို့ဆင်ခြေဖုံး၌ တည်ရှိသောကြောင့် လမ်းအခြေအနေက ကောင်းမွန်ခြင်း မရှိချေ။ ထို့ကြောင့် လင်းရီ ဟော်ယွမ်ယွမ်၏ Cayenne ထဲ ဝင်ထိုင်လိုက်လေသည်။
“ မင်းရဲ့ ရည်းစားဟောင်းလေးဆီ သွားမတွေ့ဖြစ်သေးဘူးလား….” လင်းရီ လမ်းတွင် မေးမြန်းလိုက်၏။
“ သွားတွေ့ပြီး ဘာလဲလုပ်ရမှာ… ကျွန်မတို့နှစ်ယောက် လမ်းခွဲပြီးတာဖြင့် ဒီလောက်နှစ်တွေ ကြာနေပြီကို သူကလည်း သူ့ဘဝနဲ့သူ… ကျွန်မကလည်း ကျွန်မဘဝနဲ့ ကျွန်မ…. နှစ်ယောက်က ဘာမှ မပတ်သက်တော့ဘူး…”
ဟော်ယွမ်ယွမ် ထူးမခြားနားစွာဖြင့် ပြောလိုက်ပြီး “ ဒါပေမယ့် တစ်ခုရှိတာက ရှင်ပဲ… ဒီကိစ္စကို သေချာလေး ကိုင်တွယ်သင့်တယ်… တကယ်လို့ အဲ့ကောင်က တော်တယ်ဆိုရင် သူ့ကို ရာထူး လစာတိုးပေးလိုက်…. တကယ်လို့ အသုံးမဝင်ဘူးဆိုရင်တော့ အလုပ်သာထုတ်ပစ်လိုက်…. ကုန်ကုန်ပြောရရင် သူ့ကို သာမန်လိုပဲ ဆက်ဆံ… ပြီးတော့ စိတ်မပူနဲ့… ကိုးရီးယား ဒရာမာကားတွေထဲကလို ဇာတ်လမ်းမျိုး ကျွန်မဆီမှာ ဖြစ်လာမှာ မဟုတ်ဘူး…”
“ ဒါဆို မင်း… ဒီလောက်နှစ်တွေ အကြာကြီး ရည်းစား မထားဖြစ်တာ ဘာ အကြောင်းအရင်းမှ မရှိဘူးပေါ့…. “
“ ကျွန်မရဲ့ မလှလွန်း မပလွန်း(ရုပ်မဆိုးလွန်း)တဲ့ မျက်နှာကြောင့်လေ….” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ အဆင်လေးတွေက ကျွန်မကို မကြိုက်ကြဘူး… ကျွန်မကလည်း မဆင်ရင် မကြိုက်မပြန်ဘူး.. ဒါကြောင့်မို့ ခုထိ စင်ဂယ်ဖြစ်နေတာ… ရှင်းရှင်းလေးပဲ…”
“ ခုရှင်းပြလိုက်မှပဲ နားလည်သွားတော့တယ်… မဟုတ်ရင် ငါက မင်းမှာ ရောဂါ တစ်ခုခု ရှိနေတာများလားပေါ့….”
“ အရေးမပါတာတွေ…. ကျွန်မနဲ့ အစ်မကျီက ဒီနှစ်တွေထဲမှာ ကောင်လေး တစ်ယောက်မှ မရှိခဲ့ပါဘူးနော်… ရှင် အစ်မကျီကိုကျတော့ ဘာလို့ ဘာမှ မပြောလဲ….”
“ မင်းတို့ နှစ်ယောက်က အနေအထားခြင်း တူလို့လား…” လင်းရီ ပြောလိုက်ပြီး “ ငါကလွဲရင် မင်းရဲ့ အစ်မကျီနဲ့ ထိုက်တန်တဲ့ယောက်ျားမျိုးဆိုတာက မရှိဘူး… ဒါပေမယ့် မင်းကတော့ အဲ့လို မဟုတ်ဘူးလေ… ဒါကြောင့်မို စိတ်ကူးတွေ ယဉ်မနေနဲ့….”