စစ်နည်းဗျူဟာအကြောင်း လေ့လာခြင်း
Vol. 52 Ch. 771
(ဉာဏ်နီဉာဏ်နက် များတဲ့လူတွေ)
“ ဘော့စ်… ရှင် အခု လက်ရှိ အခြေအနေကို နားလည်ထားရင် ပိုကောင်းမယ်နော်…” ဟော်ယွမ်ယွမ်မှ တည်ငြိမ်သည့် လေသံဖြင့် ပြောလိုက်၏။
“ ငါ့ရဲ့ လက်ရှိ ဘယ် အခြေအနေကိုလဲ… ငါခု ဒီမှာ သက်တောင့်သက်တာနဲ့ ထိုင်နေတယ် မဟုတ်ဘူးလား… မင်းရဲ့ cayenne လေးကလည်း မဆိုးပါဘူး… “ လင်းရီ ပြောလိုက်ပြီး “ အားတဲ့ချိန် တစ်စီးလောက် သွားဝယ်ထားရင် ကောင်းမယ်….”
“ အဲ့တာကို ပြောနေတာ မဟုတ်ဘူး…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ခု မောင်းနေတာ ဘယ်သူက လဲ… တကယ်လို့ ကျွန်မ စတီယာရင် တစ်ချက်လောက် လှည့်လိုက်မယ်ဆိုရင် နှစ်ယောက်လုံး တံတားအောက် အရောက်ပဲ… စိတ်တိုအောင် လာလာဆွနေရင် တကယ်ကြီး လုပ်ပစ်လိုက်မှာနော်…. “
“ ငလူးပဲ… မင်း လျှောက်လျှောက် မလုပ်နဲ့… စိတ်ငြိမ်ငြိမ်ထားစမ်း…”
“ အဲ့တာ ရှင့် အပြုအမူတွေပေါ် မူတည်တယ်လေ…တကယ်လို့ ကျွန်မနဲ့ အတူ ရေဝေးသွားချင်တယ်ဆိုလည်း သဘောပါ….”
“ ရပြီ ရပြီ ရပြီ .. မင်းက အရမ်းကို အံ့ဩဖို့ကောင်းတဲ့ မိန်းမချောလေးပါ… ပြောစရာရှိတယ်ဆိုရင် ကောင်းကောင်းလေး ဆွေးနွေးကြမယ်… ဟုတ်ပြီလား…”
“ ဒါကမှ အကူညီတောင်းတဲ့လူနဲ့ တူတာ… ဘာလို့ ကျွန်မကို အစွန်းရောက်အောင် ပို့မှာလဲ … ဟုတ်တယ်မလား…”
လင်းရီ ဘာမျှ ပြန်မပြောချေ။ သူ ဤရူးနှမ်းနေသည့် ယွမ်ယွမ်က စကားအကျကောက်ပြီး တံတားအောက် မောင်းချလိုက်မယ်ကို အတော်လေး စိုးရိမ်နေသည်။
သို့နှင့် တစ်နာရီ နီးပါးလောက် မောင်းနှင်လာပြီးနောက် နှစ်ယောက်မှာ စက်မှုဇုန်သို့ ရောက်ရှိလာခဲ့ကြသည်။
“ ဒါက ရှင်းရာ့ နည်းပညာ စက်ရုံပဲ… တကယ်လို့ ဒီကနေ နည်းနည်းလေး ဆက်သွားလိုက်မယ်ဆိုရင် ကျွန်မတို့ ဝယ်ထားတဲ့ ထုံးဟွာအီလက်ထရောနစ်ကို ရောက်ပြီ… အဲ့ကနေမှ ဆက်သွားမယ်ဆို ဟွေးခေါ့ အီလက်ထရောနစ်ပဲ….”
“ ဟမ်.. ဒါဆို ငါတို့က အလယ်မှာ ကြားညှပ်နေတာပေါ့….”
“ အမှန်ပဲ..” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ အစကတော့ ဒီစက်ရုံ သုံးခုရဲ့ အရွယ်အစားက တန်းတူပဲ…. ဒါပေမယ့် ဒီနှစ်ဆန်းပိုင်းတွေမှာ ထုံးဟွာဘက်က မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်လာတော့ ဆိုရိုးအတိုင်းပဲလေ… ခေါင်းဆောင်က ခြေတစ်လှမ်းမှားတာနဲ့ နောက်လိုက်တွေအကုန် ငါးပါးမှောက်တာပဲ… ဒါကြောင့်မို့ ဒီနေ့လို အခြေအနေမျိုး ဖြစ်လာခဲ့တာ….”
လင်းရီ ခေါင်းညိမ့်လိုက်၏။ ထိုစက်ရုံ၏ နောက်ခံ အသေးစိတ်ကိုတော့ သူ ဂရုစိုက်မနေချေ။ မည်သို့ပင်ဆိုစေ ဝယ်ထားပြီးမှတော့ သူ့အပိုင် ဖြစ်သွားပြီ ဖြစ်၏။
“ စက်ရုံ ပေါက်၀မှာ ရပ်နေတဲ့လူတွေက ဘယ်သူတွေလဲ… ငါတို့နဲ့ သိတာလား…ဘာလို့ ငါတို့ဘက်ပဲ စိုက်ကြည့်နေတာ.... ”
ဟော်ယွမ်ယွမ် ခေါင်းတစ်ချက်ငဲ့ကြည့်လိုက်တော့ “ ကျွန်မ သူတို့ထဲက နှစ်ယောက်ကိုတော့ သိတယ်… သူတို့က အရင် ထုံးဟွာက နောက်ခံ မဏ္ဍိုင်ကျောရိုးကြီးတွေလေ…. တစ်ယောက်ကကျတော့ ကျန်းရန်ချွမ်း…. နောက်တစ်ယောက်ကျတော့ လျိုချန်းပေါ …. ကုမ္ပဏီ အရောင်းခံလိုက်ရပြီးတော့ သူတို့ ဒီမှာ အလုပ်လာလုပ်နေကြတာပဲ…”
“ သူတို့က သူတို့ သဘောနဲ့ သူတို့ ထွက်သွားခဲ့တာလား…. ဒါမှမဟုတ် အခိုးခံလိုက်ရတာလား…”
“ အဲ့တာကြ ပြောဖို့ခက်တယ်… “ ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ဘာလို့ဆို သူတို့နဲ့ မရင်းနှီးဘူးလေ.. ရင်းနှီးနေစရာ အကြောင်းလည်း ရှိမှ မရှိတာ….”
“ ဒါဆို သွားပြီးတော့ စကားပြောကြည့်လိုက်… သူတို့ကို ပြန်ခေါ်နိုင်တယ်ဆိုတော့လည်း ထုတ်လုပ်ရေးကို မြန်မြန်စလို့ရတာပေါ့….”
“ ဘော့စ် ဆိုလိုတာ သွားပြီးတော့ သူတို့ အတွေးက ဘယ်လိုမျိုးလဲဆိုတာ သိအောင် လုပ်ရမှာလား…”
လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ အင်း… အဲ့လို အရင်လုပ်ကြတာပေါ့…”
သို့နှင့် နှစ်ယောက်မှာ ကားထဲမှ ထွက်ပြီး ရှင်းရာ့ နည်းပညာ ဝင်ပေါက်ဝသို့ ရောက်လာခဲ့လေသည်။
လင်းရီနှင့် ဟော်ယွမ်ယွမ်တို့ ရောက်လာသည်ကို မြင်တော့ ဝင်ပေါက်ဝ၌ ဆေးလိပ်ဖွာနေကြသည့် ကျန်းရန်ချွမ်းနှင့် လျိုချန်းပေါတို့မှာ ဆေးလိပ်မီးကို ငြိမ်းသတ်လိုက်ကြပြီး နှစ်ယောက်ကို သတိအပြည့်ဖြင့် ကြည့်လိုက်ကြ၏။
“ ဆရာကျန်း ၊ ဆရာလျို… ကျွန်မကို မှတ်မိတယ်မလား… စက်ရုံဝယ်ဖို့ ရောက်လာတုန်းက ကျွန်မတို့ တစ်ခါတွေ့ဖူးတယ်လေ….”
“ အင်း … မှတ်မိပါတယ်…” ကျန်းရန်ချွမ်း ပြောလိုက်၏။
ဟော်ယွမ်ယွမ် ပြုံးလိုက်ပြီး “ ကျွန်မက ရှင်တို့ နဂို စက်ရုံမှာပဲ အလုပ်ဆက်လုပ်ကြမယ်ထင်ထားတယ်… ဒါပေမယ့် ထွက်သွားလိမ့်မယ်လို့တော့ ထင်မထားဘူး…”
“ စက်ရုံတောင် ပိုင်ရှင်ပြောင်းသွားပြီ… ငါတို့လည်း ကိုယ်စီ ရှာကျွေးနေရတဲ့ မိသားစုတွေကလည်း ရှိသေးတော့ လုပ်စရာရှိတာတော့ ဆက်လုပ်ရမှာပဲ…”
“ ရှင်တို့ပြောတာ မှန်တယ်… လူတိုင်းက မိသားစုကို ရှာကျွေးနေကြတဲ့သူတွေချည်းပဲ….” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ဒါပေမယ့် ကျွန်မတို့ ကုမ္ပဏီက မကြာခင် မိုဘိုင်းဖုန်း ကန်ထရိုက်ပြန်လုပ်တော့မှာ… အဲ့တာ ရှင်တို့ နှစ်ယောက်ကို ပြန်ခေါ်ချင်လို့… လစာနဲ့ အကျိုးခံစားခွင့်တွေလည်း အရင်ကထက် ပိုကောင်းစေရမယ်… ဘယ်လိုထင်လဲ….”
“ မေ့လိုက်တော့… ငါတို့ မသွားဖို့ ဆုံးဖြတ်ပြီးသွားပြီ… ဒီက လစာနဲ့ အကျိုးခံစားခွင့်တွေက ပိုကောင်းတယ်.. ငါတို့ကို အရူးလာမလုပ်နဲ့…”
“ ကျွန်မ ရှင်တို့ကို ညာနေတာ မဟုတ်ဘူး… ဒီနေ့ သူဌေးကိုပါ ခေါ်လာခဲ့တယ်.. ညာပြီး ဘာလုပ်မှာ…”
ထိုအခါ နှစ်ယောက် လင်းရီဘက်သို့ အကြည့်လှည့်လိုက်ပြီး “ ဘယ်သူလာလာ ဂရုမစိုက်ဘူးကွာ… ပြီးတော့ လူတွေကို အရူးလုပ်နေတာတွေ ရပ်တန်းကရပ်လိုက်တော့…. ငါတို့ဘက်က အဲ့ဒီနေရာကို ပြန်သွားဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး… မြန်မြန် မင်းတို့ လာခဲ့တဲ့နေရာကို ပြန်လိုက်တော့ … ငါတို့ရဲ့အလုပ်ကို လာမနှောင့်ယှက်နဲ့…”
သို့နှင့် နှစ်ယောက်မှာ လင်းရီတို့ကို စကားပြောရန် အခွင့်အရေးမပေးဘဲ စက်ရုံထဲသို့ ပြန်ဝင်သွားကြလေသည်။
“ အခြေအနေတော့ မဟန်ဘူးပဲ… နည်းနည်းခက်ခဲလောက်တယ်….” စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်ပြီးနောက် လင်းရီမှ ပြောလိုက်၏။
“ မင်း ထုံးဟွာက အဓိက နည်းပညာရှင် ဘယ်နှစ်ယောက်ကို မြင်ဖူးလဲ…”
“ လေးယောက်… ခု နှစ်ယောက်က ရှင်းရာ့ထဲ ဝင်သွားပြီ… နောက်နှစ်ယောက်က ဟွေးခေါ့ အီလက်ထရောနစ်မှာ…”
“ သွားစို့… ပြောမရဘူး… အဲ့ နှစ်ယောက်ကို ဆွယ်လို့ရချင် ရမှာပေါ့…”
“ ရှင်က သူတို့ စက်ရုံရှေ့ သွားချောင်းမလို့လား….”
“ မဟုတ်ရင်ကော….”
“ ရှင်က… ကျွန်မလို သဘာဝအလှ ပိုင်ရှင်လေးကို ရှင်နဲ့အတူ သူများ စက်ရုံရှေ့မှာ ခိုးကြောင်ခိုးဝှက် သွားလုပ်ခိုင်းချင်နေတယ်…. အဲ့တာက ကျွန်မလုပ်သင့်တဲ့ အလုပ်လား….”
“ မင်းကို လစာ တိုးပေးမယ်လေ….”
“ ကျွန်မ… ဟော်ယွမ်ယွမ်က အဲ့လို လုပ်ဖို့ မွေးဖွားလာတာပဲ…. ခုကားထဲဝင်…”
သို့နှင့် နှစ်ယောက်သား ရှေ့သို့ အနည်းငယ်မျှ ဆက်မောင်းလိုက်ပြီး ဟွေးခေါ့ အီလက်ထရောနစ်သို့ ရောက်ရှိလောလေသည်။
သို့သော်လည်း ဝင်ပေါက်ဝ၌ တစ်ယောက်မျှ ရှိမနေသောကြောင့် ကားထဲ၌ စောင့်ရုံသာ တတ်နိုင်တော့၏။
တစ်နာရီခန့်ကြာသော် စက်ရုံထဲမှ လူအများအပြား ဆေးလိပ်သောက်ရန် ထွက်လာကြလေသည်။
“ ဘော့စ်… ဘော့စ်.. သူတို့ လာနေပြီ….”
ဟော်ယွမ်ယွမ် ထိပ်ပြောင်နေသည့် သက်လတ်ပိုင်းလူကြီးကို ညွှန်ပြလိုက်ပြီး “ သူ့နာမည်က ဝမ်ဖူ…. ထုံးဟွာရဲ့ အဓိက နည်းပညာရှင်တစ်ယောက်ပဲ….”
“ တစ်ချက် သွားကြည့်ကြစို့…”
နှစ်ယောက်သား ကားထဲမှ ထွက်လာပြီး ဝမ်ဖူထံ လျှောက်လာကြသည်။ တစ်ချိန်တည်းတွင် ဝမ်ဖူနှင့် သူ့ဘေးရှိ သာမန်အလုပ်သမားများမှ လင်းရီနှင့် ဟော်ယွမ်ယွမ်ကို မြင်တွေ့သွားခဲ့ကြ၏။
“ ဟယ်လို အင်ဂျင်နီယာဝမ်…” ဟော်ယွမ်ယွမ် အပြုံးလေးဖြင့် နှုတ်ဆက်လိုက်၏။
“ မင်းတို့က … ဒီဘာလာလုပ်ကြတာ…”
“ ဘာမှ လုပ်စရာမရှိလို့ ဒီနားတစ်ဝိုက် လမ်းလျှောက်ထွက်လာတာလေ….” ဟော်ယွမ်ယွမ် ပြုံးလိုက်ပြီး “ ဘယ်လိုလဲ… ဆရာဝမ်ကော ဒီမှာ လုပ်ငန်းကိုင်ငန်း အဆင်ပြေရဲ့လား…”
“ ပြေတယ်…” ဝမ်ဖူ တိုတိုတုတ်တုတ် ပြန်ဖြေလိုက်၏။ သူ၏ လေသံက ဟော်ယွမ်ယွမ်နှင့် စကားအပို မပြောချင်သည့်နှယ် အနည်းငယ်ပင် အေးစက်နေသည်။
“ ဆရာဝမ်… ဒီလိုပါ… ကျွန်မတို့ ဒီနေ့ရောက်လာတာက ဆရာဝမ်နဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စလေး ဆွေးနွေးချင်လို့….”
“ ဘယ်လို ကိစ္စလဲ…”
“ ကျွန်မတို့ ခု ထုံးဟွာ အီလက်ထရောနစ်ကို ပြန်ပြီး လည်ပတ်ဖို့ စီစဉ်နေတာ… ဒါကြောင့်မို့ ဆရာဝမ်ကို ပြန်ပြီး လာစေချင်တယ်…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ လစာနဲ့ အကျိုးခံစားခွင့်တွေအတွက်ကတော့ စိတ်မပူနဲ့… အရင်ကထက် ပိုပြီးတော့ အဆင့်မြင့်စေရမယ်…. ပြီးတော့ ကျွန်မဘော့စ်ကလည်း ခု ဘေးမှာပဲ… သူ့ရဲ့ အသက်နဲ့ စာရိတ္တပေါ် တိုင်တည်ပြီး ကျိန်ဆိုရဲတယ်….”
လင်းရီ “ …. “
သေစမ်း….
‘ ငါ့ အကျင့်စရိုက်က အပြစ်ပြောစရာ သိပ်မရှိဘူးဆိုပေမယ့် ငါ့အသက်ကတော့ ငိုးမ ဒါနောက်စရာ မဟုတ်ဘူးကွ….’
၎င်းကိုကြားတော့ သာမန် အလုပ်သမားများမှာ ချက်ချင်းလက်ငင်း ဆွဲဆောင်ခံလိုက်ရသည်။
သူတို့ အလိုချင်ဆုံးက အကျိုးခံစားခွင့်များပင်။ လစာပိုကောင်းသည့် နေရာ၌ မည်သူမဆို အလုပ်လုပ်ရန် ဆန္ဒရှိကြလေသည်။
သို့သော်လည်း ဝမ်ဖူ၏ အမူအရာကတော့ ပြောင်းလဲသွားခြင်း မရှိချေ။
“ ဝေးဝေးသွားစမ်း… ဒီလာပြီး လူတွေကို အရူးလာလုပ်မနေနဲ့… မင်းတို့ စက်မှုလုပ်ငန်းရှင်တွေဆိုတာ လူတွေအပေါ် ဂုပ်သွေးစုပ်တတ်တဲ့ သွေးစုပ်ကောင်တွေချည်းပဲ…. ငါက မင်းတို့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားလုံးတွေကို ယုံကြည်မယ်လို့ မျှော်လင့်နေတာလား…”
“ အစ်ကိုဝမ်… အဲ့လောက်ထိ ငြင်းဖို့ မလောနဲ့ဦးလေ…သူမနဲ့ စကားအရင် ပြောကြည့်ရအောင်…. ပိုပေးနိုင်တဲ့ စက်ရုံမှာ အလုပ်လုပ်ကြတာပေါ့….”
“ မင်းတို့ လူငယ်တွေက မကြုံဖူးတော့ မသိကြဘူး… ငါ ပြောလိုက်မယ်… မင်း သူတို့နဲ့ လိုက်သွားမယ်ဆိုရင် သေချာပေါက် နစ်နာမှာပဲ… ငါ့စကားနားထောင်ပြီး ဒီမှာပဲ အလုပ်အေးဆေးလုပ်… နောက် သုံးလေးနှစ်လောက်ဆို မင်း အိမ်တစ်လုံး ဝယ်နိုင်ပြီ…. “
“ ကောင်းပြီလေ… ကျွန်တော်တို့ အစ်ကိုဝမ် ပြောတာကို နားထောင်လိုက်မယ်….”
“ သွားစို့… အလုပ်ပြန်လုပ်ကြစို့… ဒီနေ့ အချိန်ပို ဆင်းစရာမလိုဘူး…”
ပြောပြီးနောက် အချို့မှာ ဆေးလိပ်များ နင်းခြေလိုက်ကြပြီး စက်ရုံထဲသို့ တစ်ယောက်ပြီး တစ်ယောက် ပြန်ဝင်သွားကြလေသည်။
ယွမ်ယွမ် သူမလက်ကို ပြန့်ကားပြလိုက်ပြီး ကူကယ်ရာမဲ့နေဟန်ဖြင့် “ မြင်တဲ့အတိုင်းပဲ… ကြည့်ရတာတော့ သူတို့ကို ပြန်ခေါ်ဖို့ဆိုရင် တော်တော်လေး ခက်ခဲမယ်နဲ့တူတယ်….”
“ အင်း… တကယ်ကြီး ခက်ခဲမှာ.. ဒီလူတွေက မက်လုံးပေးခံထားရတော့ သူတို့ကို ကိုင်တွယ်ဖို့ လွယ်ကူမှာ မဟုတ်လောက်ဘူး….”
“ ကျွန်မလည်း စဉ်းစားလို့ မပေါက်ဘူး… ဒီလောက် လစာ မြင့်မြင့်နဲ့ကမ်းလှမ်းတာကိုတောင်မှ မလိုချင်ဘူးဆိုတော့… သူတို့က ရူးသွားတာလား… ဒါမှမဟုတ် ပိုက်ဆံမလိုချင်တော့တာလား…”
“ ဒီကောင်တွေက စက်ရုံနှစ်ခုဆီကနေ ပိုကောင်းတဲ့ အကျိုးအမြတ်တွေ ရနေတာလေ… ဒါကြောင့်မို့ ငါတို့ ပြန်ခေါ်ဖို့ ကြိုးစားတော့ မတုန်မလှုပ်နဲ့ တည်ငြိမ်နေတာ…” လင်းရီ ပြောလိုက်ပြီး “ ဒီလူတွေက တော်တော်လေး အထင်ကြီးဖို့ ကောင်းသား… စီးပွားရေး ဘယ်လိုလုပ်ရမလဲ ဆိုတာ လေ့လာမယ့်အစား စစ်အင်္ဂါရပ်တွေကို လေ့လာနေတယ်ပေါ့….”