လင်းရီကို လာကြောချင်နေတာလား…
Vol. 52 Ch. 774
“ အိုကေ အိုကေ… မင်းစိတ်ချမ်းသာရင် ပြီးရော…”
လင်းရီ လျန်ရူရွှယ်၏ မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်ပြီး လိုအပ်သည့် အမယ်များကို ပြင်ဆင်၍ ကြော်လှော်လိုက်လေသည်။
လျန်ရူရွှယ်ကတော့ ထမင်းစား စားပွဲတွင် ထိုင်နေရင်း မီးဖိုချောင်ထဲတွင် အလုပ်များနေသည့် လင်းရီကို တိတ်ဆိတ်စွာ ငေးကြည့်နေသည်။
အကယ်၍ ကံကြမ္မာကသာ သူမနှင့် လင်းရီကို စော၍ ဆုံစည်းစေခဲ့မည်ဆိုပါက ထိုသူနှင့် အတူရှိနေရမည့်သူမှာ သူမ ဖြစ်နေလောက်ချေသည်။
ထိုအကြောင်း စဉ်းစားမိတော့ လျန်ရူရွှယ် မျက်နှာ အနည်းငယ် ရဲတက်လာပြီး ရင်ခုန်သံတို့ မြန်ဆန်လာခဲ့၏။
အာ....သူမဘာလို့ ဒီအကြောင်းကြီး စဉ်းစားမိသွားတာ…
ဆယ်မိနစ်ကြာပြီးနောက် လင်းရီ အငွေ့တထောင်းထောင်းနှင့် စားချင်စဖွယ်ကောင်းသည့် ဥထမင်းကြော်ကို စားပွဲထံသို့ သယ်ဆောင်လာလေသည်။
“ ဘာလို့ တစ်ပွဲတည်းလဲ… နင်ကော မစားဘူးလား…”
“ ငါအိမ်မှာ စားခဲ့ပြီ….”
“ အိုး… “ လျန်ရူရွှယ် ခေါင်းညိမ့်လိုက်ပြီး ပထမတစ်လုတ် စားတော့မည့် ဆဲဆဲတွင် လေထဲ၌ တုံ့ကနဲ ရပ်သွားကာ လင်းရီကို ကြည့်၍ “ သူမ လုပ်ပေးတာလား…”
“ ဘာလုပ်မလို့…”
“ ပြော… ဘယ်သူလုပ်ပေးတာလဲလို့….”
“ သေချာပေါက် ချင်းရန် လုပ်ပေးတာပေါ့…” လင်းရီ အမှန်အတိုင်း ဝန်ခံလိုက်၏။
"အိုး.... "လျန်ရူရွှယ် သူမ ထမင်းကို တိတ်ဆိတ်စွာ စားသောက်ရင်း တီးတိုးရေရွတ်လိုက်၏။
"ဟွန့်... ငါလည်း ထမင်းကောင်းကောင်း ချက်တတ်ပါတယ်.. "
" ဘာပြောလိုက်တယ်..... "
"ဘာမှ မပြောပါဘူး... "လျန်ရူရွှယ် အပြစ်မကင်းသလို ဖြစ်သွားခဲ့ပြီး ခေါင်းငုံ့ရဲ့ ထမင်းလုတ်ကြီးများကိုသာ အားပါးတရ စားသောက်လိုက်၏။
စားသောက်ပြီးနောက် လျန်ရူရွှယ် ပန်းကန်များကို ဆေးကြောလိုက်ပြီး လင်းရီနှင့်အတူ ထွက်လာခဲ့လိုက်သည်။ ထို့နောက် အလုပ်ကိုယ်စီသို့ ဦးတည်လိုက်ကြ၏။
လျန်ရူရွှယ်၏ အိမ်မှ ထွက်လာခဲ့ပြီးနောက် လင်းရီ ကျိုကျုံးဗီလာထံသို့ ပြန်လာ၍ နောက်ဆက်တွဲ အလုပ်ကိစ္စများအတွက် ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်လေသည်။
နှစ်ရက်ကြာပြီးနောက် လျန်ရူရွှယ်ထံမှ ဖုန်း၀င်လာခဲ့ပြီး လုပ်ထုံးလုပ်နည်းများအားလုံး အသင့်ဖြစ်ပြီ ဖြစ်ကြောင်း အသိပေးလာခဲ့၏။
ယင်းက အကယ်၍ လင်းရီ အလုပ်စချင်သည်ဆိုပါက ယခုချက်ချင်း စလို့ရပြီ ဟူသည့် သဘောပင်။
လျန်ရူရွှယ်နှင့် ဖုန်းပြောပြီးနောက် လင်းရီ သူ ကြိုတင်စီစဉ်ထားသည့် လူများကို ခေါ်ဆောင်၍ စက်မှုဇုန်သို့ ရောက်ချလာသည်။
သူ့နောက်တွင်တော့ ဆောက်လုပ်ရေး အလုပ်သမား အယောက်သုံးဆယ်၊ မြေတူးစက် ဆယ်စီးနှင့် ထရပ်ကား ဆယ်စီးတို့ အသီးသီး လိုက်ပါလာလေသည်။ အဝေးမှ လှမ်းမြင်ကြည့်မည်ဆိုပါက အတော်လေး ခမ်းနားကြီးကျယ်သည့် မြင်ကွင်းပင်။
"ဘော့စ်လင်း... ကျုပ်တို့က ဘာလဲလုပ်ရမှာ... "
ပြောလိုက်သူကတော့ အသက်ငါးဆယ် အရွယ်ရှိသည့် သက်လတ်ပိုင်း လူကြီး တစ်ဦးပင်။ သူ၏ နားထင်တစ်ဝိုက်တွင် မီးခိုးရောင် သမ်းနေပြီး မျက်နှာကြန်အင်အရ ကြင်နာတတ်သည့် လူကြီးတစ်ယောက်ဖြစ်မည့် ပုံပင်။
ထိုလူ၏ နာမည်မှာ စွန်းပေါင်းကော်ဖြစ်ပြီး ချောင်ရန်အုပ်စု၏ ဝါရင့်အင်ဂျင်နီယာတစ်ဦးဖြစ်၏။ ထို့ပြင် ချောင်ရန် အုပ်စုမှ ဦးစီးဦးဆောင်ပြုသည့် အဆောက်အဦးပေါင်း ၈၀ ရာခိုင်နှုန်းကျော်ကိုလည်း သူကပဲ ခေါင်းဆောင်၍ ဆောက်လုပ်ပေးခဲ့လေသည်။
" အင်ဂျင်နီယာစွန်း .. ခင်များရဲ့ အဖွဲ့သားတွေကို ဖေးဟုန်လမ်း၊ လမ်းသစ်နဲ့ ဖေးကျီးလမ်းကို တူးဆွခိုင်းထားလိုက်... ဒါပေမယ့် တအား အနက်ကြီးတော့ မဆွလိုက်နဲ့... ကား မဖြတ်နိုင်ရုံတမယ်ဆို ရပြီ... "
" ဘော့စ်က အဲ့လမ်းသုံးခုလုံးက်ု တူးဆွ စေချင်နေတာလား...."
" အမှန်ပဲ... "
စွန်းပေါင်းကော် ဘေးဘီကို တစ်ချက်ကြည့်လိုက်ပြီး " တကယ်လို့ အဲ့လို တူးဆွလိုက်မယ်ဆိုရင် ဒီရဲ့ အရှေ့ခရိုင်ဘက်ခြမ်းကို ကားသွားလို့ ရမှာ မဟုတ်တော့ဘူးနော်.... "
" အင်း... ကျုပ်လိုချင်တာလည်း အဲ့တာပဲ... "
" တကယ်လို့ အဲ့လိုလုပ်မယ်ဆိုရင် သေချာပေါက် အငြင်းပွားစရာ ကိစ္စတွေ ဖြစ်ပြီးတော့ ဒီစက်ရုံတွေက တရားစွဲမှာပေါ့..."
"စွဲချင် စွဲပါလေ့စေ... ဘာမှ မစိုးရိမ်နဲ့ .. ရဲရဲသာလုပ်... တကယ်လို့ တစ်ယောက်ယောက်က ခင်များကို လာရှာတယ်ဆိုရင် ကျုပ်နာမည်သာ ပြောလိုက်... "
" နားလည်ပါပြီ ဘော့စ်...."
အသေးစိတ် ညွှန်ကြားပြီးနောက် လင်းရီ ထိုနေရာမှ မောင်းထွက်လာခဲ့လိုက်သည်။
ယခု ကျန်ရှိသည်က တစ်ဖက်မှ ဖုန်းခေါ်လာသည်ကို စောင့်ဆိုင်းဖို့ရာပင်။
မျှော်လင့်ထားသည့် အတိုင်း လင်းရီ ကျိုကျိုးဗီလာသို့ ပြန်မရောက်သေးမီ ရှင်းရာ့ နည်းပညာဘက်မှ ဖုန်းခေါ်ဆိုလာခဲ့၏။
ခေါ်ဆိုလာသူကတော့ စက်ရုံသူဌေး ၀မ်ရာ့ရှင်းပင်။
" ဟယ်လို ဘော့စ်လင်း... ဘာတွေများ အလုပ်ရှုပ်နေတာ.... "
" ကျုပ်အခု အားလပ်တာနဲ့ နိုင်ငံခြားကို အပန်းဖြေခရီး ထွက်နေတာလေ... "လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။
" ဘော့စ်လင်းကတော့ တကယ်နောက်တာပဲ... ခုလေးတင် ကျုပ်လူတွေက ဘော့စ်လင်း စက်မှုဇုန်လာသွားတာကို မြင်လိုက်တယ် ပြောနေတာ... ခဏပဲ ရှိသေးတာကို ဘယ်လိုလုပ်ပြီး နိုင်ငံခြား ရောက်သွားခဲ့တာ.... "
"စောနတုန်းက စောန ... အခုက အခု... ပြော ဘာကိစ္စလဲ.... "
" ဘော့စ်လင်း ပြောတာလည်း မှန်နေတာပဲ..."၀မ်ရာ့ရှင်းမှ ပြောလိုက်၏။
" တကယ်လို့ ဘော့စ်၀မ်က တခြား ပြောစရာ မရှိဘူးဆိုရင် ကျုပ် ဖုန်းအရင် ချလိုက်တော့မယ်... ခင်များကလည်း ခု အပန်းဖြေနေတာဆိုတော့ အလုပ်ကိစ္စတွေ မပြောကြတာပေါ့..."
" မ.. မလုပ်ပါနဲ့ ဘော့စ်လင်း... ဖုန်းမချသေးနဲ့ဦး ... "၀မ်ရာ့ရှင်းမှ ပြောလိုက်ပြီး " ကျုပ်အောက်က လူတွေဆီကနေ ပြောသံကြားတာတော့ ဘော့စ်လင်းက စက်မှုဇုန် တစ်ဝိုက်က လမ်းတွေကို တူးဆွနေတယ်ဆို... ဘာတွေ ဖြစ်နေတာ.... "
"အဲ့တာလား... ပြောမနေစမ်းပါနဲ့... ကုမ္ပဏီရဲ့ ၀င်ငွေက သိပ်မကောင်းတော့ တခြား အပို အလုပ်လေးတွေ လိုက်လုပ်နေတာ... ခု ကွန်ကရစ်လမ်းကို နိုင်လွန်လမ်းပြောင်းပြီး အလှဆင်လိုက်ရင် ပိုပြီး ကြည့်ကောင်းသွားမလားလို့... ဘာပဲဆိုဆို စက်မှုဇုန်ကလည်း ကျိုးဟိုင်ရဲ့ မျက်နှာတစ်ခုပဲလေ... စုတ်ပြတ်သပ်နေလို့ ဘယ်နားက လူမြင်တင့်တယ်တော့မှာ.... "
" ဟားဟားဟား... ဘော့စ်လင်းက တော်တော်လေး ရယ်စရာ ပြောတတ်တာပဲ... ဒီလောက်ထိ ကြီးမားတဲ့ စီးပွားရေး အင်ပါယာကြီးကို ပိုင်ဆိုင်ထားတာတောင်မှ ဆောက်လုပ်ရေး ပရောဂျက်တွေ လုပ်နေသေးတယ်ပေါ့...."
" ဟင်း .. .... ကျုပ်လည်း တစ်ချိန်တုန်းက နေရာ ပေါင်းစုံကို လွင့်မြောပြီး မှတ်ကျောက်ထူချင်တဲ့ သွေးတက်ကြွတဲ့ လူငယ်လေးပဲလေ... ဒါပေမယ့် ဘယ်တတ်နိုင်မှာ... လောကကြီးရဲ့ ထုထောင်းမှုတွေက တက်ကြွတဲ့ အားမာန်တွေကို တုံးတိသွားစေခဲ့ပြီ... ဒီတော့လည်း ၀မ်းတစ်ထွာ အတွက် ပြေရာ သင့်လျော်ရာ အကုန် လုပ်ရတော့တာပါပဲ... "
" ဒါပေမယ့် ဘော့စ်လင်းက အဲ့လို လမ်းကြီးတစ်ခုလုံး တူးဆွလိုက်တော့ ကျုပ်တို့ စက်ရုံထဲ ၀င်မယ့် ကားတွေက ဘယ်လို လုပ်ရတော့မှာ.... "
" ဘယ်သိမှာ ... ကျုပ် တမြန်မနေ့တုန်းက ခင်များနဲ့ အဲ့အကြောင်း ဆွေးနွေးပြီး ကားတစ်စီးသွားစာလောက် ချန်ထားပေးမလို့ဟာကို ခင်များမှ အချိန်မရတာ... ဒါကြောင့်မို့ ကျုပ်လည်း ကျုပ် အဆင်ပြေသလို ဆုံးဖြတ်ချက်ချလိုက်တယ်လေ.... "
" ဘော့စ်လင်း ဆုံးဖြတ်ချက်ချတာကတော့ ဟုတ်ပါပြီ... ဒါပေမယ့် ကျုပ်တို့ရဲ့ စီးပွားရေးကိုတော့ မကြန့်ကြာစေနဲ့လေ... ခု အပြင်ဘက်က ကုန်ကြမ်းတွေက အထဲ မ၀င်နိုင်သလို အထဲက ကုန်ချောတွေကလည်း အပြင်ကို ဖြန့်လို့မရတော့ဘူး... ဘော့စ်လင်းက လမ်းလေးပဲ တူးဆွလိုက်တာ မဟုတ်ဘူး... ကျုပ်တို့ရဲ့ ၀င်ငွေကို ပိတ်ဆို့လိုက်တာနဲ့ အတူတူပဲ...."
" ဘော့စ်၀မ်.. ခင်များစကားတွေက နည်းနည်းတော့ ပြင်းထန်သွားပြီ..."လင်းရီ ပြောလိုက်ပြီး " ကျုပ်လည်း ခင်များတို့ကောင်တွေ အရင်းအမြစ် ကြွယ်၀တော့ ကိုယ်ပိုင် နည်းလမ်း ရှာနိုင်တယ်ဆိုပြီး အဲ့ဟာတွေကို ထွေထူးလုပ်ပြီး မစဉ်းစားမိလိုက်ဘူး... လမ်းကတော့..... ကျုပ်လည်း ခုတော့ ဘာမှ မတတ်နိုင်ဘူး... ခင်များတို့ ပစ္စည်းတွေက ပုပ်ကုန်မှ မဟုတ်တာ.. စောင့်လို့ ရပါတယ်.... "
" မရတော့ဘူး... ခု အောက်ခြေက ကိုယ်စားလှယ်တွေက ကုန်ပစ္စည်းတွေကို စောင့်နေကြပြီ...ခု လမ်းက ၀င်မရ ထွက်မရနဲ့ ဘယ်လိုလုပ်ရတော့မှာ...."
" အဲ့တာ ခင်များအပူလေ... ကျုပ်နဲ့ ဘာဆိုင်လို့... ကျုပ်က ကျုပ်အလုပ်ကျုပ် လုပ်မယ်... ခင်များတို့က ခင်များတို့ အလုပ် ခင်များတို့လုပ်... ဘယ်သူကမှ ဘယ်သူ့လမ်းကို ၀င်ပြီး စွက်ဖက်စရာ အကြောင်းမရှိဘူး... ပြီးတော့ အစတုန်းကတည်းက ဒီကိစ္စ ဆွေးနွေးဖို့ ပြောတာပဲ.. ခင်များတို့မှ မအားလပ်ကြတာ... ဒီတော့ ကျုပ်ကို လာပြီး အပြစ်မတင်နဲ့.... "
" ဘော့စ်လင်းက ကျုပ်တို့ကို အနိုင်ကျင့်နေတာပဲ.... "၀မ်ရာ့ရှင်း ပြောလိုက်ပြီး " တစ်နေရာမှာ ဆုံကြရင်ကော... တမြန်မနေ့တုန်းက ကျုပ်နဲ့ ထမင်းအတူစားချင်တယ်လို့ ပြောတယ်မလား... ဒီနေ့ အဆင်ပြေလား... "
"ခင်များက ခု အလုပ်ခရီးလွန်နေတယ်... နောက် သုံးလေးလလောက် အထိ ပြန်လာနိုင်သေးမှာ မဟုတ်ဘူးဆို... ဒီလို အသေးမွှား ကိစ္စလောက်လေးနဲ့ ပြန်လာစရာ မလိုပါဘူး...ဒီတိုင်း ကုန်ပစ္စည်းလေးတွေပဲ မဟုတ်ဘူးလား... ဘော့စ်၀မ်.. ခင်များက ချမ်းသာပြီး ခြယ်လှယ်နိုင်တဲ့ လူစားမျိုးပါ... ဒီလောက်လေးကို ရေးကြီးခွင်ကျယ်လုပ်လို့.... "
လင်းရီ၏ ရိသဲ့သဲ့ စကားလုံးများက ၀မ်ရာ့ရှင်းကို ဒေါသ ဖြစ်သွားစေသည်။
" အဲ့တာဆို ကျုပ် ရဲ ခေါ်မယ်... "
" ခေါ်လေ... ကြိုက်တဲ့သူကိုခေါ်... မကျေနပ်သေးရင် ခင်များ အဘိုး အုတ်ဂူကိုပါ တူးပြီး ပြန်ခေါ်လိုက်..... "
ပြောပြီးနောက် လင်းရီ ၀မ်ရာ့ရှင်းကို စကားပြောရန် အခွင့်အရေး မပေးဘဲ ဖုန်းချပစ်လိုက်၏။
မကြာမီ လင်းရီ ဖုန်းသံ တစ်ဖန် မြည်လာပြန်သည်။ ဟွေးခေါ့ အီလက်ထရောနစ်မှ စွန်းရုံမင်ပင်။
"ဒါရိုက်တာစွန်း... ဘာကိစ္စရှိလို့လဲ... "
" ဥက္ကဌလင်း... ခင်များ ဘာလို့ လမ်းကို ဖျက်ဆီးနေတာ... ခု ကျုပ်တို့ကားတွေ ရွေ့မရတော့ဘူး.... "
နှိုင်းယှဉ်ရမည် ဆိုပါက စွန်းရုံမင်၏ သဘောထားမှာ ပို၍ တည့်တိုးဆန်လေသည်။
မည်သည့် စကား ပလ္လင်ခံနေခြင်းတို့မျှ မရှိချေ။
" အဲ့တာက စည်ပင်ပရောဂျက်... သူတို့က လမ်းကို ပြန်ပြီး ပြုပြင်ချင်တယ်ဆိုလို့ ကျုပ်က အရင်ကြိုပြီး တူးဆွထားပေးတာ... ပြဿနာ ရှိလို့လား.... "
" လမ်းပြင်တာက ကိစ္စမရှိပါဘူး.. ဒါပေမယ့် ခင်များက ၀င်လို့ရတဲ့ ဧရိယာ မှန်သမျှကို တူးဆွပစ်တာလေ... ကျုပ်တို့ အတွက် လမ်းတစ်လမ်းလေးတောင် ချန်မထားပေးဘူး... ခု ကျုပ်တို့ရဲ့ ထရပ်တွေက ဘယ်လို သွားရတော့မှာ... "
" တကယ်တော့ ကျုပ် တမြန်မနေ့တုန်းက ဖုန်းခေါ်လိုက်တယ်ဆိုတာ ဒါရိုက်တာစွန်းနဲ့ ဒီကိစ္စ ဆွေးနွေးချင်လို့ပဲ... ဒါပေမယ့် ခင်များက မအားဘူးလေ.. ဒါကြောင့်မို့ ကျုပ်ကိုယ့်ဘာကိုယ် ဆုံးဖြတ်ချက်ချလိုက်တယ်... ဒီတော့ စိတ်မရှိပါနဲ့ ဒါရိုက်တာစွန်း... လမ်းပြင်ပြီးတဲ့ထိ ခင်များတို့ ကုန်ပစ္စည်းတွေ ပို့တာကို ရပ်ဆိုင်းထားခိုင်းရဦးမယ်.. “