← Chapters

ဆန်းကြယ်တဲ့လူ

Vol. 52 Ch. 779

ဆန်းကြယ်တဲ့လူ

Vol. 52 Ch. 779

“ အက်….” လင်းရီ ခေတ္တမျှ ရပ်တန့်လိုက်ပြီး “ ဝိုင်ဆိုတာက အေးမှ သောက်လို့ရတာ…. နောက်သုံးလေးရက်လောက်နေရင် ငါမင်းကို ပြန်ဖိတ်လိုက်မယ်… အဲ့ခါကျမှ အတူသောက်ကြတာပေါ့….”

“ နင်ကတော့လေ တကယ့်ကို……….”

ရန်စီ ပြုံးလိုက်ပြီးနောက် ဖုန်းချလိုက်၏။

လင်းရီကတော့ သူ့ဖုန်းကို ဘေးသို့ လွင့်ပစ်လိုက်လေသည်။ ယခုတော့ ကိစ္စများက အခြေခံ အခင်းအကျင်း ပြီးမြောက်သွားပြီဟု ဆိုနိုင်လေသည်။

ကျန်ရှိသည်ကတော့ တစ်ဖက်သူမှ သူ့ထံ ဆက်သွယ်လာမည်ကို စောင့်ဆိုင်းဖို့ရာပင်။

ထိုနောက်ပိုင်းတွင်တော့ လင်းရီ စွန်းပေါင်းကော်ထံ ဖုန်းဆက်ပြီး အခြေအနေ အသေးစိတ်ကို မေးမြန်းလိုက်၏။ လျော်ကြေးအနေနှင့် သူ ယွမ် တစ်ထောင်ပေးလိုက်သည်။

စွန်းပေါင်းကော်အတွက် ကိစ္စမျာကို စီစဉ်ပြီးနောက် လင်းရီ ချောင်ရန်အုပ်စုသို့ ထွက်လာပြီး ကျီချင်းရန်ကို လာကြိုလိုက်၏။

ညစာကိုတော့ လင်းရီနှင့် ကျီချင်းရန်တို့ အတူပြင်ဆင်ချက်ပြုတ်ကြလေသည်။

ကျီချင်းရန်က အသီးအရွက်များ ဆေးကြောဖြတ်တောက်ရန် တာဝန်ယူထားပြီး လင်းရီကတော့ ချက်ပြုတ်သည့် တာဝန်ကို ယူထား၏။ နှစ်ယောက်ကိုယ်စီက နားလည်မှုရှိစွာဖြင့် တာဝန်အသီးသီးကို ဆောင်ရွက်သွားခဲ့ကြသည်။

ကလင် ကလင် ကလင်

ညနေစာစားပြီးနောက် လင်းရီ စာကြည့်ခန်းထဲသို့ ဝင်၍ ချစ်ပ် ၃.၀ အတွက် အလုပ်စရန် ဟန်ပြင်‌နေစဥ် သူ့အိတ်ကပ်ထဲရှိ ဖုန်းက အသံမြည်လာခဲ့၏။

“ ဟဲလို ခေါင်းဆောင်ချိန်….”

“ ဥက္ကဌလင်း… ဝမ်ရာ့ရှင်းလို့ ခေါ်တဲ့လူက မင်းနဲ့ တွေ့ချင်တယ်ပြောတယ်… အဲ့တာ ဥက္ကဌလင်း ဘယ်လိုသဘောရလဲ…”

“ ကောင်းပြီလေ… အဲ့တာဆို ကျွန်တော် အခုပဲ လာခဲ့လိုက်မယ်…. ခေါင်းဆောင်ချိန်ကို အလုပ်ရှုပ်စေမိပြီ…”

“ ငါက ဘာလုပ်ခဲ့လို့… အကုန်လုံးက တစ်လှေတည်း စီးနေကျတဲ့သူတွေကိုပဲ… တကယ်လို့ တစ်ခုခုလိုအပ်ရင် အကြောင်းကြားလိုက်…”

“ အိုကေဗျာ….”

ဖုန်းချပြီးနောက် လင်းရီ သူ၏ သာမန် အားကစားဝတ်စုံကို လဲပြုလိုက်သည်။

“ အပြင်သွားမလို့လား…” ကျီချင်းရန် မေးလာခဲ့၏။

“ အင်း… စခန်း ခဏသွားမလို့… မကြာပါဘူး… တံခါး သေချာသော့ခတ်ပြီး အိမ်ထဲမှာ နေနော်…”

“ အင်းပါ… နင်လည်း ဖြည်းဖြည်းမောင်းဦး…”

ကျီချင်းရန် လင်းရီ ဘယ်သွားမလဲ၊ ဘာလုပ်မလဲ အစရှိသဖြင့် လိုက်ပြီး စပ်စု မေးမြန်းမနေချေ။

အဘယ်ကြောင့်ဆိုသော် လင်းရီတွင် လုပ်စရာ အလုပ်တို့က အင်မတန်များပြားလှပြီး အရာရာတိုင်းကို သူမအား ရှင်းပြရန် မဖြစ်နိုင်သောကြောင့်ပင်။ ထို့ကြောင့် လင်းရီ အန္တရာယ်ကင်းကင်းနှင့် အိမ်ပြန်ရောက်လာသေးသရွေ့တော့ အားလုံး အဆင်ပြေသည်။

ကျီချင်းရန်ကို ပြောပြီးနောက် လင်းရီ ရဲစခန်းသို့ ဦးတည်လာခဲ့လိုက်သည်။ ချိန်ပင်းရှန်းကလည်း ထိုနေရာ၌ တာဝန်ကျနေလေသည်။

“ ခေါင်းဆောင်ချိန်… အလုပ်ကြိုးစားလှချည်လားဗျို့…. နောက်တောင်ကျနေပြီကို ….”

“ မကောင်းမှုကို နှိမ်နင်းရမှာက ငါ့တာဝန်ပဲလေ… မင်း ဒီကောင်တွေကို စခန်းပို့ပေးတာကိုပဲ ငါကကျေးဇူးတင်နေတာ…ဟားဟားဟား…..”

နှစ်ယောက်သား ရယ်ရယ်မောမောနှင့် ခေတ္တမျှ စကားပြောနှုတ်ဆက်ပြီးနောက် လင်းရီ စစ်ကြောရေးခန်းထဲသို့ ဝင်၍ ဝမ်ရာ့ရှင်းနှင့် စွန်းရုံမင်တို့ဆီ ရောက်လာလေသည်။

နှစ်ယောက်လုံးမှာ လင်းရီ ထင်ထားသည်ထက်ပင် သနားကမားလေးများ ဖြစ်နေတော့၏။

သူတို့၏ ရှပ်အင်္ကျီနှင့် ဝတ်စုံမှာ ညစ်ပတ်ပေရေနေပြီး ဦးခေါင်းကလည်း ကွဲထားကာ ငလျင်ဘေးမှလွတ်မြောက်လာကြသူများနှင့်ပင် ဆင်တူနေကြသည်။

လင်းရီကို မြင်တော့ နှစ်ယောက်လုံး ဖင်ကို အပ်နှင့်ဆွခံလိုက်ရသကဲ့သို့ ကိုးရို့ကားယား ဖြစ်သွားကြပြီး မည်သို့ စကားစရမှန်း မသိ ဖြစ်နေကြလေသည်။

“ ဘာလဲ.. စကားမပြောတတ်တော့လို့လား….”

“ အုတ်....ဥက္ကဌလင်း…. ကျုပ်တို့ ဘက်ကမှားသွားတာပါ… ကျေးဇူးပြုပြီး… ကျေးဇူးပြုပြီး အခွင့်အရေး တစ်ခါလောက်ပဲ ထပ်ပေးပါ… နောက်မလုပ်တော့ပါဘူး…”

ယခုအချိန်တွင်တော့ နှစ်ယောက်လုံးမှာ အတော်လေး ငြိမ်ကုပ်သွားကြကာ လင်းရီကို အသနားခံနေသည့် မျက်နှာပေး‌လေသံတို့ဖြင့် တောင်းဆိုနေကြ၏။

အကြောင်းအရင်းကတော့ လင်းရီထံ၌ အဆုံးမရှိဟု ထင်ရသည့် အဆက်အသွယ် အရင်းအမြစ်များကြောင့်ပင်။ နောက်တစ်ခု ပို၍ အရေးကြီးသည်က သူ့ထံတွင် ရိုက်ကူးထားသည့် ဗွီဒီယို မှတ်တမ်းကလည်း သူ့လက်ထဲ၌ ရှိနေလေသည်။

အကယ်၍ နေ့ခင်းက အဖြစ်အပျက်များသာ ပျံ့နှံ့သွားခဲ့မည်ဆိုပါက ကုမ္ပဏီ၏ နာမည်ဂုဏ်သတင်းကို အကြီးအကျယ် ထိခိုက်လာနိုင်ပြီး ရှယ်ယာများလည်း ထိုးကျလာနိုင်ကာ အခြားကုမ္ပဏီများ၏ ဝါးမျိုသိမ်းပိုက်ခြင်းကို ခံရနိုင်၏။

ထိုပြင် သူတို့ဘက်မှ မောက်မောက်မာမာနှင့် တရားမဝင်သည့် ကိစ္စအများအပြားကို လုပ်ဖူးခဲ့သည်ဟုတောင် ဝန်ခံထားသေးသည်။

အကယ်၍ အဆိုပါ ရုပ်သံဖိုင်သာ ဟိုးလေး တကြော်ကြော် ဖြစ်သွားခဲ့မည်ဆိုပါက ကုမ္ပဏီမျှမကသေး၊ သူတို့ကိုယ်တိုင်ပါ သံတိုင်နောက်တွင် အချိန်ဖြုန်းရကိန်းရှိ၏။

ထိုသို့ ဖြစ်လာခဲ့မည်ဆိုပါက သူတို့ နှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ထားသည့် စီးပွားရေး ၊ လူမှုရေး အရာအားလုံးက ကြွေပန်းအိုးနှယ် ကွဲကြေသွားရလိမ့်မည်။

“ ခင်များတို့လို လူမျိုးတွေက ရွံဖို့ အကောင်းဆုံးပဲ… အစတုန်းကတော့ ခင်များတို့ကိုယ် ခင်များတို့ သောက်ရမ်းအံ့ဩဖို့ ကောင်းတယ်ထင်နေကြတယ်… ဒါပေမယ့် ဘယ်လောက်မှတောင် မကြာလိုက်သေးဘူး အရှုံးက ပေးနေပြီ…” လင်းရီ သူ့နားကလော်ရင်း စိတ်မရှည်စွာဖြင့် ပြောလိုက်ပြီး " တကယ်လို့ အမျိုးသမီး တစ်ယောက်က အဲ့လိုမျိုး ပြုမူတယ်ဆိုရင် ကြားကောင်းသေးတယ်… ဒါပေမယ့် ယောက်ျားတစ်ယောက်က အဲ့လောက်ထိ စိတ်အပြောင်းအလဲမြန်တာကတော့ ရှက်ဖို့ မကောင်းဘူးလား….ခင်များတို့ မရှက်တတ်ကြဘူးလား...”

“ ဟုတ်တယ် ဟုတ်တယ်… ဥက္ကဌလင်း ပြောတာ မှန်တယ်… ကျုပ်တို့ ကိုယ့်အမှားကိုယ် သိပြီမို့ အမှားပြင်ဆင်ဖို့ အခွင့်အရေးလေး ပေးလို့ရမလား….”

“ တကယ်လို့ ခင်များတို့ကောင်တွေသာ နေ့ခင်းတုန်းက ဒီလိုစိတ်ထားမျိုး မွေးမြူခဲ့မယ်ဆိုရင်တော့ အခွင့်ရေး ရှိကောင်းရှိလိမ့်မယ်.. ဒါပေမယ့် ခုကတော့…. အခါနှောင်းသွားခဲ့ပြီ….”

ထိုအခါ နှစ်ယောက်လုံး လင်းရီရှေ့တွင် မျက်ရည်မျက်ခွက်နှင့် ဒူးထောက်လိုက်ကြပြီး

“ ဥက္ကဌလင်း … ကျေးဇူးပြုပြီး နောက်တစ်ကြိမ်လောက်ပါပဲ…. ဥက္ကဌလင်း သိချင်တာမှန်သမျှကို ကျုပ်တို့ ဖြေပေးပါ့မယ်… ပြီးတော့ လျော်ကြေးလည်း ပေးပါ့မယ်…. ကျေးဇူးပြုပြီး အဲ့ဒီ ရုပ်သံကိုသာ ရဲလက်မအပ်လိုက်ပါနဲ့….”

“ အင်း…............ ကောင်းပြီလေ…. ခင်များတို့ဘက်က ပြောလာပြီဆိုမှတော့ ကျုပ်လည်း အားနာမနေတော့ဘူး…” လင်းရီ ပြောလိုက်ပြီး “ ခင်များတို့ထဲက တစ်ယောက်က ဖုန်းစခရင်တွေ ထုတ်တယ်… နောက်တစ်ယောက်က ဖုန်းအပိုပစ္စည်းတွေ ထုတ်တယ်… တိုက်ဆိုင်ချင်တော့ ကျုပ်ကလည်း မကြာခင် ဖုန်းတွေ ထုတ်တော့မှာ... ဒီတော့ တကယ်လို့ ခင်များတို့ဘက်က ပစ္စည်းတွေ အလကား ထောက်ပံ့ပေးမယ်ဆိုရင် ဒီကိစ္စ ဒီမှာတင် ပြီးပြီ….”

“ အ.... အလကား… "

၎င်းကိုကြားတော့ ဝမ်ရာ့ရှင်း၏ အမူအရာမှာ သူ မကြားသင့်သည်ကို ကြားလိုက်ရသည့် အလား ဖြူဆုတ်သွားခဲ့တော့သည်။

ဖုန်းစခရင် တစ်ခု၏ တန်ဖိုးက ဖုန်း အားသွင်းကြိုးများထက် ဈေးပိုများလေသည်။ အကယ်၍ သူ၏ ရှင်းရာ့ နည်းပညာကသာ ဖုန်းစခရင်များကို အလကား ထောက်ပံ့ပေးရမည်ဆိုပါက သူ့ကုမ္ပဏီ၏ ရင်းနှီးမြုပ်နှံမှုများအပေါ် ကြီးမားသည့် အကျိုးသက်ရောက်မှုတို့ ရှိလာနိုင်သည်။

ကံဆိုးစွာဖြင့် ယခုတော့ သူ အံကြိတ်ပြီး သဘောတူရုံမျှသာ တတ်နိုင်တော့၏။

“ကျုပ်…. ကျုပ် သဘောတူတယ်….” ဝမ်ရာ့ရှင်း အံတင်းတင်းကြိတ်ပြီး ထိုစကားလုံးများကို ဖျစ်ညစ်ပြောလိုက်ရသည်။

“ ကျုပ်လည်း သဘောတူတယ်..”

စွန်းရုံမင်၏ အမူအရာကတော့ တည်တည်ငြိမ်ငြိမ်ပင်။ ဝမ်ရာ့ရှင်းနှင့် နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုပါက သူ၏ ဆုံးရှုံးမှုမှာ ဖြေသာသေးသည်။

“ ဒါဆို တခြား အကြောင်း ပြောကြတာပေါ့….” လင်းရီ ပြောလိုက်ပြီး “ ခင်များတို့ကို ဒီလိုမျိုး လုပ်ဖို့ ညွှန်ကြားတဲ့သူက ဘယ်သူလဲ….”

ထိုအခါ နှစ်ယောက်လုံး မျက်နှာပျက်သွားကြ၏။ လင်းရီ ရုတ်တရက်ကြီး ထိုမေးခွန်းကို မေးမြန်းလာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။

သို့တိုင်အောင် ဤအခြေအနေတွင်တော့ သူတို့ လင်းရီနှင့် ဈေးဆစ်ခွင့် မရှိကြောင်းကိုတော့ နားလည်ထားလေသည်။

“ ထုံးဟွာ အီလက်ထရောနစ်ကို ပိုင်ရှင်လွဲပြောင်းပြီး ဒုတိယနေ့ရောက်တော့ ကျန်းဟိုင်ရုံဆိုတဲ့သူ ကျုပ်တို့ဆီ ဆက်သွယ်လာခဲ့တယ်… သူ့ရဲ့ အဓိက ရည်ရွယ်ချက်က ထုံးဟွာ အီလက်ထရောနစ်ရဲ့ လုပ်ငန်း လည်ပတ်မှုကို အနှောင့်အယှက်ပေးဖို့ပဲ….”

“ အဲ့ကောင်က ထိုင်ဝမ်း အီလက်ထရောနစ်မှာ ဘာရာထူးရှိတဲ့ကောင်လဲ…”

ထိုစကားလုံးများ ပြောပြီးနောက် နှစ်ယောက်လုံး၏ မျက်နှာထက်တွင် အံ့အားသင့်နေဟန်က ပေါ်ပေါက်လာလေသည်။

ကြည့်ရသလောက်တော့ ဥက္ကဌလင်းက ဒီကိစ္စရဲ့ နောက်ကွယ်မှာ ထိုင်ဝမ်း အီလက်ထရောနစ် ရှိနေတယ်ဆိုတာ သိနေပြီးတဲ့ပုံပဲ….

“ သူက ထိုင်ဝမ်း အီလက်ထရောနစ်ရဲ့ အထွေအထွေ လက်ထောက်မန်နေဂျာ… သူ့နာမည်က ကျန်းဟိုင်ရုံ… ပြီးတော့ သူက ကတိပေးသေးတယ်…. ကျုပ်တို့ဘက်က အဲ့လိုမျိုး ဖြစ်မြောက်အောင် လုပ်ဆောင်ပေးမယ်ဆိုရင် ဖုန်းစခရင်နဲ့ အပိုပစ္စည်းအော်ဒါတွေကို ခွဲပေးမယ်လို့ ပြောတယ်…. အဲ့လိုမျိုး ကမ်းလှမ်းမှုကြီးကိုတော့ ကျုပ်တို့လည်း ဘယ်ငြင်းနိုင်ပါ့မလဲ ဟုတ်တယ်မလား….”

“ ခု အဲ့လူက ဘယ်မှာလဲ…”

“ အဲ့တာကတော့ ကျုပ်လည်း သေချာမသိဘူးလေ…. “ ဝမ်ရာ့ရှင်း ဇဝေဇဝါဖြစ်စွာ ပြောလိုက်ပြီး “ ဘာပဲဆိုဆို ကျုပ်တို့နဲ့ အဲ့ဒီထိုင်ဝမ်းကုမ္ပဏီကြား ကွာဟမှုကြီးကလည်း အတော်လေး အလှမ်းဝေးတယ်လေ….” ( အဓိပ္ပာယ်နှစ်ခု ကောက်လို့ရပါတယ်.. ခရီးအကွာအဝေးနဲ့ အဆင့်အတန်းကွာဟမှု)

“ ခင်များတို့ကောင်တွေက အတော်ရယ်ရသားပဲ…. အဲ့ဒီ ထိုင်ဝမ်းကုမ္ပဏီနဲ့ ခင်များတို့ကြား ကွာဟမှုကိုတော့ သိတယ်… ဒါပေမယ့် လင်းယွမ်အုပ်စုနဲ့ ခင်များတို့ကြား ကွာဟမှုကိုတော့ မသိဘူးပေါ့ ဟုတ်လား….”

“ လင်းယွမ်အုပ်စုက အမှန်တကယ်လည်း ကုမ္ပဏီကြီးပါပဲ…. ဒါပေမယ့် ကျုပ်တို့ကလည်း အသေးမွှား မဟုတ်ဘူးလေ…. ပြီးတော့ လင်းယွမ်နဲ့ ဆက်စပ်လုပ်နေရတဲ့ စီးပွားရေး လုပ်ငန်းတွေကလည်း မရှိဘူးဆိုတော့ ထိုင်ဝမ်းဘက်ကနေ ရပ်တည်ပေးဖို့ ရွေးချယ်လိုက်တာ…”

သူတို့ ယခုလို ပြုမူဝံ့သည့် အကြောင်းအရင်းကတော့ လင်းယွမ်အုပ်စုကို ရိုးရှင်းသည့် ကုမ္ပဏီတစ်ခုအဖြစ်သာ သိထားသောကြောင့်ပင်။

သူတို့ စုံစမ်းမိသလောက်တော့ လင်းရီမှာ အမြဲတမ်း တစ်ကိုယ်တော် လှုပ်ရှားလေ့ရှိပြီး သူ့နောက်တွင်လည်း နက်ရှိုင်းသည့် လူမှုရေး ကျောထောက်နောက်ခံကလည်း ရှိမနေချေ။ ထိုင်ဝမ်းအီလက်ထရောနစ်နှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက အဆင့်ကြီး တစ်ခုမျှ ကွာဟနေသောကြောင့် သူတို့ကလည်း အလေးသာသည့် ဘက်သို့ စီးလိုက်ကြ၏။

အကယ်၍များ လင်းရီကသာ ဖိုတိုလီတိုဂရပ်ဖီ ပရောဂျက်ကို လျှိုု့ဝှက်လုပ်ဆောင်နေကြောင်း သို့မဟုတ် ကမ္ဘာ့အဆင့်မှီ ဆေးဝါးသုတေသန စင်တာကြီးကို လင်းရီက တည်ထောင်ထားကြောင်း သိခဲ့မည် ဆိုပါက ထိုသို့ ပြုဝံ့သည့် သတ္တိရှိလိမ့်မည် မဟုတ်ချေ။

“ မသိလည်း ရတယ်…. သူ့ဖုန်းနံပါတ်တော့ ခင်များတို့ဆီမှာ ရှိတယ်မလား…”

“ ရှိ… ရှိပါတယ်…” ဝမ်ရာ့ရှင်း ပြောလိုက်၏။

“ ပြော…. အဲ့ကောင်ရဲ့ ဖုန်းနံပါတ်….”

ဝမ်ရာ့ရှင်း ရွေးချယ်စရာ မရှိပဲ ကျန်းဟိုင်ရုံ၏ ဖုန်းနံပါတ်ကို လင်းရီအား ပြောပြလိုက်ရသည်။

“ မစ္စတာလင်း… ကျုပ်တို့ ပြောတဲ့အတိုင်းလည်း လုပ်ပေးပြီးသွားပြီ… ခုပြန်လို့ ရပြီလားမသိဘူး…”

“ နေစမ်းပါ.. ခင်များတို့ကလည်း… ရောက်လက်စနဲ့ တစ်ရက်ပြည့်အောင်တော့ နေသွားလိုက်ကြပေါ့…. ဒါမျိုးအတွေ့အကြုံက လူတိုင်းရနိုင်တာမှတ်လို့….” လင်းရီ ပြောလိုက်ပြီး “ စကားမစပ် ခင်များတို့ မနက်ဖြန် ပြန်ရောက်ရင် ဒီကိစ္စကို အသေးစိတ် အစီရင်ခံစာရေးပြီး ကျုပ်ကို အီးမေး ပို့ပေးဦး…”

“ ဟုတ် ဟုတ်… သေချာပေါက် ရတာပေါ့… ကျုပ်တို့ ဘာတစ်ခုမှ မမေ့စေရဘူး… စိတ်ချ ဥက္ကဌလင်း…”

လင်းရီ ခေါင်းညိမ့်ပြီး ကျေနပ်နေသည့် အပြုံးဖြင့် ထွက်ခွာသွားခဲ့လိုက်သည်။

“ ထိုင်ဝမ်း … ထိုင်ဝမ်း… မင်းဘက်က ဒီလောက် မြန်မြန်ကြီး လှုပ်ရှားလာလိမ့်မယ်လို့ ထင်မထားဘူး… ဆိုတော့လည်း လက်သီးချင်း ဖလှယ်ရုံ ရှိတော့တာပေါ့…”

All Chapters