← Chapters

အိမ်မှာနေပြီး ကလေးထိန်းမယ်

Vol. 52 Ch. 780

အိမ်မှာနေပြီး ကလေးထိန်းမယ်

Vol. 52 Ch. 780

ရဲစခန်းထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီ စွန်းပေါင်းကော်ထံ ဖုန်းဆက်လိုက်၏။

စက်ရုံနှစ်ခုကြား ကိစ္စရပ်များက ဖြေရှင်းပြီး ဖြစ်သောကြောင့် သူတို့ တူးဆွထားသည့် လမ်းများက ပြန်ဖို့ရတော့မည့် အချိန်ပင်။ မဟုတ်ပါက သူ၏ စက်ရုံအပေါ်သို့ပါ သက်ရောက်မှုများ ရှိလာနိုင်သည်။

စွန်းပေါင်းကော်နှင့် ဖုန်းပြောပြီးနောက် လင်းရီ ဟော်ယွမ်ယွမ်ထံ ဖုန်းဆက်လိုက်၏။

စက်ရုံကိစ္စများ ဖြေရှင်းပြီးဖြစ်သောကြောင့် သူမ နောက်ဆက်တွဲ ကျန်သည်များကို ဆက်လုပ်နိုင်လေသည်။

“ အဲ့လောက်မြန်တယ်လား…” ဟော်ယွမ်ယွမ် အံ့အားသင့်နေသည့် လေသံဖြင့် မေးမြန်းလိုက်ပြီး “ သူတို့ ဒီနေ့ထွက်သွားတုန်းက ဘာတဲ့.. နောင်တမရနဲ့ … စောင့်ကြည့်နေ… အဲ့လိုမျိုး စကားကြီး စကားကျယ်တွေ ပြောသွားတာ မဟုတ်ဘူးလား…”

“ ငါလည်း အံ့ဩနေတာပဲ… သူတို့ ငါးစာကို ဒီလောက်မြန်မြန်ဟပ်လိမ့်မယ်လို့တောင် ထင်မထားဘူး…”

“ ဒါပေမယ့် ထုံးဟွာ ကိစ္စကတော့ ဘာမှအထူးတလှယ်ကြီးလည်း မရှိပါဘူး… ရှင် ဝမ်ရန်ကိုပဲ သွားရှာလိုက်… ဘာပဲပြောပြော ကျွန်မက ဒုဥက္ကဌလေ… ပိုပြီး အဆင့်မြင့်တဲ့ လုပ်ငန်းတွေကိုပဲ အာရုံစိုက်သင့်တာပေါ့…”

“ ဟမ့်.. ဘယ်လိုတောင် မောက်မာလိုက်လဲ….”

ယွမ်ယွမ်နှင့် ဖုန်းပြောပြီးနောက် လင်းရီ ဝမ်ရန်ထံ ဖုန်းဆက်လိုက်၏။ ဟော်ယွမ်ယွမ်ပြောသကဲ့သို့ ကျန်သည့် ကိစ္စလေးများက အသေးမွှားလေးများသာ ဖြစ်ကာ CFO ဖြစ်သည့် သူမကိုယ်တိုင် ကိုင်တွယ်မည်ဆိုပါက အမှန်ပင် အရည်အချင်း ဖြုန်းတီးရာကျလေသည်။

“ ရန်ရန် ... မင်းလည်း ထုံးဟွာ အီလက်ထရောနစ်အကြောင်း သိပြီးရောပေါ့…”

“ ဟုတ်.. သိတယ်…သိတယ်… ကျွန်မလည်း အဲ့တာကို ဖြေရှင်းဖို့ နည်းလမ်းရှာနေတာ… တီချယ် ဘာမှ စိတ်မပူနဲ့…. ကျွန်မ အမြန်ဆုံး အကောင်းဆုံးနည်းလမ်းနဲ့ ဖြေရှင်းပေးမယ်နော်…” လင်းရီ မပျော်မရွှင်ဖြစ်မည်ကို စိုးရွံ့နေသည့် အလား ဝမ်ရန်မှ အလောတကောဖြင့် ပြောလာခဲ့၏။

“ ရတယ်… မင်းရဲ့ တီချယ်က မင်းကိုယ်စား အားလုံး ဖြေရှင်းပေးပြီးသွားပြီ….” လင်းရီ ပြောလိုက်ပြီး “ မနက်ဖြန်ကနေ စပြီးတော့ လူခေါ်တဲ့ လုပ်ငန်းစဉ်ကို သာမန်လုပ်ထုံးလုပ်နည်းတွေအတိုင်းပဲ လုပ်လိုက်တော့… လစာနဲ့ အကျိုးခံစားခွင့်တွေကလည်း အရင်အတိုင်းပဲ….”

“ အရင်အတိုင်းပဲ….” ဝမ်ရန် ကြောင်အမ်းသွားခဲ့ပြီး “ တီချယ်… အရင်တုန်းက လစာတိုးမြင့်ပြီး ခေါ်တာတောင်မှ လုပ်မယ့်သူ မရှိတာကို ခုလို ပြန်လျော့လိုက်တော့ ဖြစ်ပါ့မလားနော်….”

“ ရတယ်… ငါပြောတဲ့အတိုင်းသာလုပ်…”

“ ဟုတ်… နားလည်ပါပြီ…. တီချယ်ပေးတဲ့ တာဝန်ကို ကျေပွန်စေရပါမယ်….”

“ ကောင်းပြီ…. ဒါနဲ့ စကားမစပ် သုတေသန စင်တာမှာ စီနီယာ အင်ဂျင်နီယာ တစ်ယောက် ရောက်နေတယ်ဆို… သူ့နာမည်ကဘယ်သူ….”

“ အိုး… တလောက ရောက်လာတဲ့ တစ်ယောက်လား… သူ့နာမည်က ချိုးရွှီချိန်တဲ့…. အဲ့လူက တော်တော်လေး တော်တယ်…” ဝမ်ရန် ပြောလိုက်ပြီး “ သူက ဟာပင်း တက္ကသိုလ်ကနေ ကွန်ပျူတာသိပ္ပံ ဘွဲ့ရပြီးတော့ ကယ်လီဖိုးနီးယား တက္ကသိုလ်မှာ မာစတာနဲ့ PhD ဆက်တက်ခဲ့တာ…. ဒါရိုက်တာစွန်း ပြောတာတော့ သူက အရမ်းကို တော်တယ်ဆိုပဲ…. တီချယ်က သူ့အတွက် စီစဉ်ထားတာများ ရှိလို့လား…”

“ မရှိပါဘူး… ဒီတိုင်းမေးကြည့်တာပါ…” လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ အလုပ်သမား ခေါ်တဲ့ကိစ္စကို မြန်နိုင်သမျှ မြန်မြန်လေးလုပ်… မနှောင့်နှေးစေနဲ့…”

“ ဟုတ်.. နားလည်ပါပြီ တီချယ်….”

လင်းရီ ကားထဲ၌ တိတ်ဆိတ်စွာ ထိုင်နေရင်း သူ့ဖုန်းကို အပေါ်ပွတ် အောက်ဆွဲဖြင့် ကစားနေလိုက်၏။

သို့တိုင်အောင် သူ ကျန်းဟိုင်ရုံကို လုံးဝ လုံး၀ ဖုန်းမခေါ်ခဲ့ပေ။

ကျန်းဟိုင်ရုံအတွက်တော့ ဝမ်ရာ့ရှင်းနှင့် စွန်းရုံမင်တို့မှာ လုံရှင်းကို နှောင့်ယှက်ပေးရန်အတွက် နယ်ရုပ်လေး နှစ်ရုပ်မျှသာ ဖြစ်လေသည်။

အကယ်၍ သူသာ လက်ဦးမှု ရယူပြီး ဖုန်းခေါ်ဆိုလိုက်မည် ဆိုပါက သူ့ဘက်က တစ်ပန်းရှုံးသွားလိမ့်မည်။ ထို့ကြောင့် အနည်းငယ် စောင့်ကြည့်လိုက်သည်က ကောင်း၏။

ထိုအကြောင်း တွေးတောမိတော့ လင်းရီ ဟော်ယွမ်ယွမ်၏ နံပါတ်ကို နှိပ်ပြီး ဖုန်းခေါ်ရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း ထိုအချိန်တွင်ပဲ သူ့ခေါင်းထဲ၌ အတွေးတစ်ခုက ပေါ်ပေါက်လာကာ သူ့လက်ကို ထျန်းရန်၏ ဖုန်းနံပေါ်သို့ ရွှေ့လိုက်လေသည်။

ထျန်းရန်က လင်းယွမ်အုပ်စု၏ ရင်းနှီးမြုပ်နှံမှုပိုင်း ဆိုင်ရာကို တာဝန်ယူထားပြီး အကယ်၍ သူက ဟော်ယွမ်ယွမ်ကို အဆိုပါ ကိစ္စနှင့် သက်ဆိုင်သည့် မေးခွန်းများ မေးလိုက်မည်ဆိုပါက လင်းယွမ်အုပ်စုကြားတွင် မလိုလားအပ်သည့် သဘောထားကွဲလွဲမှုများ ပေါ်ပေါက်လာနိုင်လေသည်။

“ ဒါရိုက်တာလင်းလား…..”

ယခုလို အချိန်၌ လင်းရီထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရလိုက်သည့် အတွက် ထျန်းရန် အနည်းငယ် အံ့ဩသွားခဲ့သည်။

“ အင်း.... အလုပ်ရှုပ်နေတာလား… ငါ တစ်ခု မေးချင်တာလေး ရှိလို့…”

“ မရှုပ်ပါဘူး… မေးလေ….”

“ မစ်ဆူအုပ်စုရဲ့ ရင်းနှီးမြုပ်နှံမှုအကြောင်း ငါ့ကို အသေးစိတ်ရှင်းပြ….”

သူ ထိုကိစ္စကို ကျီချင်းရန်ထံမှ တစ်ဆင့်ပြန်ကြားသိလိုက်ရပြီး သူမကလည်း သူ့ကို အသေးစိတ် မပြောပြချေ။ ထို့ကြောင့် သူကလည်း ရင်နှီးမြုပ်နှံလာသည်ဟုသာ သိထားလေသည်။

“ အဲ့ကိစ္စက အတော်လေးကို ဗြုတ်စဗျင်းတောင်း နိုင်လွန်းတယ်…” ထျန်းရန် ပြောလိုက်ပြီး “ ရှေ့ သုံးလေးရက်လောက်တုန်းက မစ်ဆူအုပ်စုရဲ့ လက်အောက်ခံ ကုမ္ပဏီ ဆူမီတိုမိုဘဏ်ရဲ့ ဥက္ကဌကနေပြီး လုံရှင်းရဲ့ လျှပ်ကူးတစ်ပိုင်း သုတေသနတွေမှာ ဒေါ်လာသန်းလေးဆယ် ရင်းနှီးမြုပ်နှံချင်တယ်လို့ ပြောသွားတယ်… ဒါပေမယ့် ကျွန်မက အသေးစိတ်ဆွေးနွေးမယ့် အကြောင်းပြောတော့ သူက အချိန်မရှိသေးဘူး… နောက်မှ ပြန်ဆက်သွယ်လိုက်မယ်တဲ့….”

“ ဆိုတော့ သူက ပရောဂျက်အကြောင်းလည်း ဘာမှ ပြောမသွားဘဲနဲ့ ဒီတိုင်း ပိုက်ဆံလွဲသွားတယ် ဆိုပါတော့…”

“ အဲ့လို ပြောလို့လည်း ရတယ်… “ ထျန်းရန် ပဟေဠိ ဖြစ်သွားခဲ့ပြီး “ သူက ကျွန်မတို့ကို ဒီတိုင်း ပိုက်ဆံ အလကား ပေးသွားသလိုချည်းဆိုတော့ ဒီငွေတွေကို ဘယ်မှာ သုံးရမလဲ မသိဘူး ဖြစ်နေတာ….”

“ အင်း….” လင်းရီ စက္ကန့်အနည်းငယ်ကြာအောင် တုံ့ဆိုင်းနေပြီး “ ထုံးဟွာအီလက်ထရောနစ်မှာပဲ သုံးလိုက်ကွာ…”

“ ဘော့စ်က စဉ်းစားပြီးသွားပြီပေါ့….” ထျန်းရန် အံ့အားသင့်နေသည့် လေသံဖြင့် မေးမြန်းလိုက်ပြီး “ ဒါပေမယ့် ထုံးဟွာရဲ့ အရွယ်အစားနဲ့ ရင်းနှီးငွေတွေ အများကြီး ဘယ်လိုလုပ်ပြီး ဝင်ဆံ့မှာ…. နောက်ပိုင်း ရှယ်ယာခွဲတဲ့အချိန်ကျရင် တစ်ဖက်လူနဲ့ ပြဿနာတွေ တက်နိုင်တယ်….”

“ အဲ့တာများ ပိုင်ဆိုင်မှုတွေ တွက်ချက်ဖို့ လူငှားပြီးတော့ ဟော်ယွမ်ယွမ်ကို အကောင့်အတုတွေ ဖွင့်ခိုင်းလိုက်လေ… အဲ့တာဆို ဒီပြဿနာက အေးဆေး ဖြေရှင်းပြီးသား ဖြစ်သွားပြီ မဟုတ်ဘူးလား…”လင်းရီ ပြောလိုက်ပြီး “ ကုန်ကုန်ပြောမယ်ကွာ… အဲ့ငွေတွေကို ထုံးဟွာအီလက်ထရောနစ်မှာပဲသုံး…. တခြား ပရောဂျက်တွေပေါ်မှာ သူတို့ပိုက်ဆံကို ထိကိုမထိနဲ့.,..”

“ ဟုတ်ကဲ့ … နားလည်ပါပြီ…”

ဖုန်းချပြီးနာက် လင်းရီ ကားထဲတွင် ထိုင်ရင်း ယခုလို ဖြေရှင်းသည့် နည်းလမ်းက မချွတ်ချော်နိုင်ဟု ခံစားနေရသည်။ သို့သော်လည်း အကယ်၍ ကျန်းဟိုင်ရုံသာ အခြားလှည့်ကွက်များကို ထုတ်သုံးလာမည်ဆိုပါက သူ့ဘက်က အနည်းငယ် ပြဿနာ ရှိလာနိုင်လေသည်။

ယခု ကိစ္စ၌ ချောင်ကျင်းချိုးကိုပင် အကူအညီတောင်းရန် လိုအပ်လာလောက်၏။ သို့သော်လည်း သူ ထိုအမျိုးသမီးနှင့် မတွေ့ဖြစ်သည်မှာ ကြာပြီဖြစ်သောကြောင့် စိတ်ဖိစီးမှုများကြောင့် ဆံချသွားပြီလားတောင် မသိတော့ချေ။

အရာအားလုံးကို စီစဉ်ပြီးနောက် လင်းရီ အိမ်သို့ ပြန်မောင်းလာခဲ့လိုက်၏။

သူ ကားမောင်းရင်း တစ်ချက် ပြန်စဉ်းစားကြည့်လိုက်တော့ မနက်ဖြန် ထုံးဟွာ အီလက်ထရောနစ်သို့ သွားကြည့်ရန် လိုအပ်သည်ဟု ခံစားနေရလေသည်။

အကယ်၍ အရာအားလုံးက ယခုလို ပုံစံအတိုင်းဆိုလျှင်တော့ ဝမ်ရန် တစ်ဦးတည်းနှင့် ကိုင်တွယ်ဖြေရှင်း၍ အဆင်ပြေသည်။ သို့သော်လည်း အကယ်၍ ကျန်းဟိုင်ရုံဘက်မှ အခြား ပြဿနာများ ဖြစ်ပွားစေပါက သူမတစ်ဦးတည်း ဘာမျှ တုံ့ပြန်နိုင်မည် မဟုတ်ချေ။

ထို့ကြောင့် သူကိုယ်၌ကလည်း မနက်ဖြန် အားနေသောကြောင့် သွားပြီး တစ်ချက်ကြည့်ရန် ဆုံးဖြတ်ချက် ချလိုက်တော့၏။

သူ ကျိုကျုံးဗီလာသို့ ရောက်ရှိလာပြီး ဖိနပ်ချွတ်၍ အိမ်ထဲဝင်တော့မည့် အချိန်တွင် ကျီချင်းရန်မှ ရောက်လာပြီး “ အားလုံး ပြီးခဲ့ပြီပေါ့….”

“ အင်း… အားလုံး အိုကေသွားပြီ…”

“ ကောင်းတယ်..” ကျီချင်းရန် ပြောလိုက်ပြီး “ ဒါဆို မြန်မြန် ရေသွားချိုးလိုက်တော့… နင် ရေမချိုးတာ ဘယ်နှစ်ရက်တောင် ရှိနေပြီလဲ…”

“ ရေချိုးတာက အချိန်ဖြုန်းတာနဲ့ အတူတူပဲ… ဘာလို့ ရေချိုးရမှာ…”

“ နင် ငပျင်းကောင်…” ကျီချင်းရန် အထင်သေးစွာဖြင့် မျက်စောင်းထိုးလိုက်ပြီး “ သွား... မြန်မြန်သွားပြီး ရေချိုးတော့…”

ကျီချင်းရန် ဆော်ဩမှုအောက်တွင် လင်းရီ စာကလေး ရေဆွတ်သကဲ့သို့ အလျင်အမြန် ရေချိုးလိုက်ပြီး အိပ်ခန်းထဲသို့ ပြန်ကာ အနားယူလိုက်လေသည်။

နောက်တစ်နေ့နံနက်တွင်တော့ လင်းရီ အားလပ်နေသောကြောင့် မနက်စာ ပြင်ပေးလိုက်၏။

ယင်းကလည်း သူ အခုတလော ကျီချင်းရန်မှာ အတော်လေး ဝိတ်ကျသွားခဲ့သည်ဟု ခံစားနေရပြီး သူ့ဘက်မှ ဗိုက်ကားအောင် ကျွေး၍ သူမ၏ စူဖြိုးနေသည့် အသားစိုင်ကြီးများအား လျော့ကျမသွားစေရန် တာဝန်ယူရပေမည်။

“ အမ်… နင်က မနက်စာ လုပ်နေတယ်ပေါ့…”

ယခုလေးတင် အိပ်ရာထပြီး မနက်စာပြင်တော့မည့် ကျီချင်းရန်မှာ ထမင်းစားပွဲပေါ်ရှိ မုန့်များကို မြင်တော့ ရွှင်မြူးသွားခဲ့လေသည်။

“ ဟုတ်တယ်... ဒီနေ့က အလုပ်မရှိဘူးလေ…. ဒါကြောင့်မို့ မနက်စာ ပြင်လိုက်တာ….”

“ မဆိုးပေါင်... “ ကျီချင်းရန် လှေကားထစ်တစ်ခု ခုန်ကျော်၍ အောက်ဆင်းခဲ့လိုက်ပြီး “ နင်က အိမ်ထောင်ရှင်မကောင်း ဖြစ်ဖို့ အလားအလာကောင်းတွေ ရှိတာပဲ…. ဒီလိုလုပ်ပါလား… နင်က အိမ်မှာနေပြီး ကလေးထိန်းလိုက်…. ငါက ပိုက်ဆံရှာမယ်လေ…”

“ ကောင်းသားပဲ….”

“ ဟင်…”

ကျီချင်းရန် ကြက်သေသေသွားခဲ့ပြီး “ နင် သဘောတူလိုက်တယ်ပေါ့…”

ကျီချင်းရန် အမြင်တွင်တော့ လူမျိုးကြီး ဝါဒီဆန်သည့် လင်းရီမှာ ထိုသို့သော တောင်းဆိုမှုမျိုးကို ဘယ်တော့မှ သဘောတူလိမ့်မည် မဟုတ်ဟု ထင်မှတ်ထားခဲ့၏။

“ ဘာလို့ မတူရမှာ… အိမ်မှာနေပြီး ကလေးတွေရဲ့ ဝေယျာဝစ္စ လုပ်ပေးတာလည်း ကောင်းတာပဲလေ…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ငါတို့ကလေးတစ်ယောက်လောက်တော့ အမြန်ယူသင့်ပြီ ထင်တာပဲ… မဟုတ်ရင် ငါက အိမ်မှာ ဘာမှ လုပ်စရာရှိမှာ မဟုတ်ဘူး… ဘယ်လောက် သနားစရာ ကောင်းထားလဲ…”

All Chapters