ဗုဒ္ဓဂိုဏ်း ဖရိုဖရဲဖြစ်ခြင်း
Vol. 22 Ch. 261
ဆယ်ရက်ကြာတဲ့အခါမှာတော့ မသေမျိုးဧကရာဇ်ဟာ ဟန်ကျွယ်ရဲ့ ကျိန်စာစွမ်းအားကြောင့် သေဆုံးသွားပါတယ်။
[သင့်ကျိန်စာစွမ်းအားကြောင့် သင့်ရန်သူ မသေမျိုးဧကရာဇ်၏ ဝိညာဉ်အပိုင်းအစသည် လွင့်ပါးပျောက်ကွယ်ပြီး ရုပ်နာမ်နှစ်ပါးစလုံး ပျက်သုဉ်းသွား၏။]
လူမှုဆက်ဆံရေးထဲမှာ မသေမျိုးဧကရာဇ်ပုံ ပျောက်ကွယ်သွားတဲ့အတွက် ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ရန်သူလေးယောက်ကို သေအာင် ကျိန်စာတိုက်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ သက်တမ်း ၁၀၀,၀၀၀ ဆုံးရှုံးသွားပါတယ်။ သာမန်ကျင့်ကြံသူသာဆိုရင် ဒီလိုဆုံးရှုံးမှုကို ဘယ်လိုမှ ခံနိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ဒီဆုံးရှုံးမှုကိုကြည့်ပြီး နှလုံးသားတစ်ခုလုံး နာကျင်သွားပေမဲ့ ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ နောက်ထပ်ပစ်မှတ်က နဂါးနိုင်ဗုဒ္ဓပါ။
မဟာညီညွတ်မှု ရွှေအင်မော်တယ်အဆင့်နဲ့ မုန်းတီးမှုကြယ်လေးပွင့်တောင် ရှိတဲ့အတွက် သူ မသေလို့မရပါဘူး။
လဝက်ကြာတဲ့အခါမှာတော့ အသိပေးချက်တစ်ခု ထွက်ပေါ်လာပါတယ်။
[သင့်ကျိန်စာစွမ်းအားကြောင့် သင့်ရန်သူ နဂါးနိုင်ဗုဒ္ဓသည် ဗုဒ္ဓနှလုံးသား ကွဲကြေပြီး ချီဖောက်ပြန်သွား၏။ သို့သော်လည်း ကံကောင်းထောက်မစွာပင် ဗုဒ္ဓဘိုးဘေး၏ ကယ်တင်ခြင်းကို ခံလိုက်ရသည်။]
‘သေစမ်း... နောက်ထပ် ဆရာကြီး ဝင်ရှုပ်ပြန်ပြီ’
ဟန်ကျွယ်ဟာ အံကြိတ်လိုက်ပြီး ကျိန်စာဆက်တိုက်ပါတယ်။ ဟန်ကျွယ် ကံကောင်းတာတစ်ခုက ဗုဒ္ဓဘိုးဘေးဟာ နတ်ဆိုးဧကရာဇ်လောက် မပြတ်သားပါဘူး။ ဒါကြောင့် ဆယ်ရက်ကြာတဲ့အခါမှာတော့ နောက်ထပ် အသိပေးချက်တစ်ခု ထပ်ပေါ်လာပါတယ်။
[သင့်ကျိန်စာစွမ်းအားကြောင့် သင့်ရန်သူ နဂါးနိုင်ဗုဒ္ဓသည် မိစ္ဆာဘီလူးအသွင် ပြောင်းလဲသွားပြီး ခန္ဓာကိုယ်ထဲရှိ ဗုဒ္ဓစွမ်းအားနဲ့ မိစ္ဆာစွမ်းအား အချင်းချင်း တိုက်ခိုက်မှုကြောင့် ရုပ်နာမ်နှစ်ပါးစလုံး ပျက်သုဉ်းသွား၏။]
‘နောက်ထပ် ရန်သူတစ်ယောက်တော့ ရှင်းသွားပြီ’ ဟန်ကျွယ်ဟာ စိတ်လက်ပေါ့ပါးသွားပြီး ကျန်နေတဲ့ရန်သူတွေကို ကြည့်လိုက်ပါတယ်။ ကျန်နေတဲ့ ရန်သူအများစုဟာ ကောင်းကင်ရုံးတော်က ဖြစ်တာကြောင့် မုန်းတီမှု သိပ်မမြင့်ပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်က ရန်သူတွေကို ကြည့်ပြီး နည်းနည်း တုံ့ဆိုင်းသွားပါတယ် ‘ငါ သူတို့ကို သေအောင် ကျိန်စာတိုက်လိုက်ရင် ကောင်းကင်ရုံးတော်က ကြီးကြီးမားမား ဆုံးရှုံးသွားလိမ့်မယ်၊ ကောင်းကင်ရုံးတော် အားနည်းသွားတာက ငါ့အတွက် ကောင်းတဲ့ကိစ္စ ဖြစ်လာမှာ မဟုတ်ဘူး’
‘နောက်ပြီး သူတို့ရဲ့ မုန်းတီးမှုကလည်း ကြယ်တစ်ပွင့်နှစ်ပွင့်ပဲ ရှိတာဆိုတော့ ပြောင်းလဲလာနိုင်ချေ ရှိသေးတယ်၊ ဒီတော့ သူတို့ကို ဘေးမဲ့ပေးထားလိုက်ပါမယ်လေ၊ မုန်းတီးမှု ကြယ်သုံးပွင့်ရှိတဲ့သူတွေကိုတော့ အလွတ်ပေးလို့ မဖြစ်ဘူး’
ဟန်ကျွယ်ဟာ သူ့ကို မုန်းတီးတဲ့ ရန်သူတိုင်းကို သေအောင် ကျိန်စာတိုက်ဖို့ မစီစဉ်ထားပါဘူး။ ဒီလိုသာ မုန်းတဲ့သူတိုင်းကို ကျိန်စာတိုက်နေရင် ဟန်ကျွယ်မှာ မကုန်ဆုံးနိုင်တဲ့ သက်တမ်းရှိရင်တောင် လုံလောက်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ မုန်းတီးမှုနည်းနည်းပဲ ရှိတဲ့သူတွေကို ဘေးဖယ်ပြီး မုန်းတီးမှု ကြယ်သုံးပွင့်အထက် ရှိတဲ့သူတွေကို ရွေးချယ်ကာ ကျိန်စာ ဆက်တိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအင်မော်တယ်တွေက စွမ်းအားကြီးတဲ့ အင်မော်တယ်တွေ မဟုတ်တဲ့အတွက် လေးငါးယောက် သေသွားလည်း ဘာမှမဖြစ်ပါဘူး။
ဒီမုန်းတီးမှုတွေဟာ လွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်တုန်းက ဟန်ကျွယ် ကောင်းကင်စစ်သားတွေကို ခုခံသတ်ဖြတ်ရင်းနဲ့ ရရှိခဲ့တာပါ။ နှစ်တွေကြာပြီဖြစ်တဲ့အတွက် မုန်းတီးမှုအများစုက လျော့ကျ ပျောက်ကွယ်သွားပါပြီ။ ဒါပေမဲ့ တစ်ချို့အင်မော်တယ်တွေကတောင် ဟန်ကျွယ်ကို ဆက်မုန်းနေတုန်းပါပဲ။ ဒါကိုကြည့်ခြင်းအားဖြင့် ဒီအင်မော်တယ်တွေက ဟန်ကျွယ်ကို အရူးအမူး မုန်းတီးနေတာ ထင်ရှားလှပါတယ်။
အင်မော်တယ်ကမ္ဘာ၊ ဗုဒ္ဓဂိုဏ်း။
ကောင်းကင်တာအိုဗုဒ္ဓဟာ ရွှေကြာပလ္လင်ပေါ်မှာ ထိုင်နေပြီး သူ့ရှေ့မှာတော့ မရေမတွက်နိုင်တဲ့ ဗုဒ္ဓတွေ၊ ဗုဒ္ဓလောင်းလျာတွေနဲ့ ဘုန်းကြီးတွေ ရှိနေပါတယ်။ ခန်းမတစ်ခုလုံး ဗုဒ္ဓအလင်းရောင်တွေနဲ့ ထိန်လင်းနေပေမဲ့ စိုးရိမ်ကြောင့်ကြခြင်း အငွေ့အသက်ကိုတော့ မဖယ်ရှားနိုင်ပါဘူး။
ကောင်းကင်တာအိုဗုဒ္ဓက တစ်လုံးချင်း ပြောလိုက်ပါတယ် “တိုက်တိုင်းအောင်ဗုဒ္ဓ ကျဆုံးပြီး မကြာခင်မှာပဲ ကောင်းကင်ဒေါသဗုဒ္ဓနဲ့ နဂါးနိုင်ဗုဒ္ဓကလည်း ဗုဒ္ဓဂိုဏ်းထဲမှာ နေရင်းနဲ့ ကွယ်လွန်သွားတယ်၊ ငါတွက်ချက်ကြည့်တော့ တစ်ယောက်ယောက်က အကောင်းစားရတနာကိုသုံးပြီး ကျိန်စာတိုက်နေတာ တွေ့ရတယ်၊ ဘယ်သူဖြစ်မယ်လို့ မင်းတို့ထင်လဲ”
အင်မော်တယ်ဧကရာဇ်နှစ်ပါးနဲ့ မဟာညီညွတ်မှု ရွှေအင်မော်တယ်တစ်ပါး ကွယ်လွန်သွားတာက ဗုဒ္ဓဂိုဏ်းအတွက်တော့ ကြီးမားတော့ ဆုံးရှုံးမှုကြီးတစ်ခုပါပဲ။
ဝတုတ်တဲ့ဗုဒ္ဓတစ်ပါးက ပြောလိုက်ပါတယ် “တစ်ယောက်ယောက်က ဗုဒ္ဓဂိုဏ်းကို ရန်စပြီး စစ်ပွဲစချင်နေတာ ဖြစ်မယ်၊ ဒီလိုကိစ္စမျိုးကို လုံးဝသည်းခံလို့မရဘူး” ဒီစကားကြောင့် ဗုဒ္ဓအကုန်လုံး ဒေါသထွက်သွားကြပါတယ်။
“အော့မီတော်ဖော... ဗုဒ္ဓက ကရုဏာတရား ကြီးမားတယ်၊ ကျုပ်တို့က ဘယ်သူကိုမှ ရန်မစဘဲနဲ့ သူတို့က ကျုပ်တို့ကို ရန်လာစတယ်”
“တော်တော်လေး အရှက်မရှိတာပဲ၊ ဒါက ဗုဒ္ဓဂိုဏ်းတစ်ဂိုဏ်းလုံးရဲ့မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ”
“ကောင်းကင်ရုံးတော်များလား”
“မဖြစ်နိုင်ဘူး၊ ကောင်းကင်ဧကရာဇ်က ဒီလိုလုပ်မှာ မဟုတ်ဘူး၊ ကောင်းကင်ဧကရာဇ်သာ ငါ့တို့ကို ပစ်မှတ်ထားမယ်ဆိုရင် ကောင်းကင်စစ်သားတွေ ရောက်နေလောက်ပြီ”
“ကျုပ်ကတော့ ရှန်နန်းတော်လို့ပဲ ထင်တယ်၊ သူတို့က အမြဲတမ်းလျှို့ဝှက်ဆန်းကြယ်ပြီး နားလည်ရခက်တယ်၊ အဲဒီနန်းတော်ထဲမှာ စွမ်းအားကြီးတဲ့ပုဂ္ဂိုလ်တွေ ဘယ်လောက် ပုန်းအောင်းနေလဲဆိုတာ ကျုပ်တို့မသိဘူး၊ အနည်းဆုံးတော့ ကောင်းကင်ရုံးတော်မှာ ဒီလောက်စွမ်းအားကြီးတဲ့ ကျိန်စာတိုက်နိုင်စွမ်း ဘယ်သူမှာမှ မရှိဘူး”
ဗုဒ္ဓတွေဟာ တစ်ပါးနဲ့တစ်ပါး ဆွေးနွေးကြပါတယ်။ ဗုဒ္ဓလောင်းလျာနဲ့ ဘုန်းကြီးတွေကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး တီးတိုးပြောဆိုကြပါတယ်။
ကောင်းကင်တာအိုဗုဒ္ဓဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပြီး ပြောလိုက်ပါတယ် “ငါ့တွက်ချက်မှုအရတော့ ဒီဝိညာဉ်ရတနာက စာအုပ်တစ်အုပ်ပဲ”
‘စာအုပ်တစ်အုပ်လား’ ဗုဒ္ဓတွေဟာ ပိုပြီးတော့ ပဟေဠိ ဖြစ်သွားပါတယ်။
“လောကမှာ စာအုပ်ပုံစံနဲ့ ဝိညာဉ်ရတနာတွေက အများကြီးပဲ၊ နာမည်အကျော်ဆုံးကတော့ ငရဲပြည်က သေခြင်းရှင်ခြင်း စာအုပ်၊ သူ့နောက်မှာက အင်မော်တယ်ကမ္ဘာရဲ့ မြေအင်မော်တယ်စာအုပ်ပဲ” ဗုဒ္ဓတစ်ပါးဟာ ခေါင်းခါပြီး ပြောလိုက်ပါတယ်။
ဗုဒ္ဓတစ်ချို့ကလည်း သံသယဝင်သွားပါတယ် “ကျိန်စာတိုက်ပါတယ်ဆိုမှတော့ တစ်ဖက်လူက ဘယ်လိုလုပ်ပြီး သဲလွန်စ ချန်ထားခဲ့မှာလဲ၊ လမ်းလွဲအောင် တမင်သက်သက် သဲလွန်စ ချန်ထားခဲ့တာလား”
ဗုဒ္ဓအများစုဟာ ဒီစကားကို ခေါင်းညိတ်ပြီး ထောက်ခံကြပါတယ်။
ကောင်းကင်တာအိုလည်း အတွေးနက်သွားပြီး တစ်ဖက်လူရဲ့ သရုပ်မှန်ကို ပိုမှန်းရခက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝိညာဉ်ရတနာကို ဖုံးကွယ်ဖို့က သိပ်မခက်လို့ပါပဲ ‘သူက တမင်သက်သက် သဲလွန်စ ချန်ထားခဲ့တာလား’
ကောင်းကင်တာအိုဗုဒ္ဓဟာ မျက်မှောင်ကြုတ်သွားပြီး ဆက်တွေလေးလေ စိတ်ထဲမှာ မသက်မသာ ဖြစ်လေလေပါပဲ။ အနန္တကပ်ဘေး လာနေပြီဖြစ်တဲ့အတွက် ကောင်းကင်တာအိုဗုဒ္ဓဟာ ဗုဒ္ဓဂိုဏ်းကို ပထမဆုံး ကပ်ဘေးရင်ဆိုင်ရတဲ့သူ မဖြစ်စေချင်ပါဘူး။
ဗုဒ္ဓတွေ ဘယ်လိုပဲဆွေးနွေး ဆွေးနွေး လူသတ်သမားရဲ့ သရုပ်မှန်ကို ဘယ်လိုမှ မတွေးနိုင်ကြပါဘူး။
.....
ဟန်ကျွယ်ရဲ့ တည်ရှိမှုက အရမ်းသေးငယ်တဲ့အတွက် ကောင်းကင်တာအိုဗုဒ္ဓဟာ သိရင်တောင် ဂရုစိုက်မှာ မဟုတ်ပါဘူး။ သိလည်း မသိပါဘူး။
ကောင်းကင်တာအိုဗုဒ္ဓရဲ့ အမြင်မှာ မဟာအဂ္ဂဗုဒ္ဓနဲ့ ရှေးဟောင်း စိတ်ဝိညာဉ်ဂျင်ဆင်း ထုန်ကျန့်ကမ္ဘာ ရှိနေတာက ကောင်းကင်ဧကရာဇ်ရဲ့ အစီအစဉ်လို့ မှတ်ယူထားပါတယ်။ အရင်တုန်းကလည်း နတ်အရှင်ဝူသယ်နဲ့ မီးဧကရာဇ်ဟာ ထုန်ကျန့်ကမ္ဘာကို စောင့်ကြပ်ခဲ့တာကြောင့် ဟန်ကျွယ်ရဲ့ တည်ရှိမှုကို ဖုံးကွယ်ဖို့ လုံလောက်ပါတယ်။
နဂါးနိုင်ဗုဒ္ဓနဲ့ ကောင်းကင်ဒေါသဗုဒ္ဓကလည်း ဟန်ကျွယ် တည်ရှိမှုကို ထုတ်မပြောခဲ့ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတုန်းက ဟန်ကျွယ်ဟာ အရမ်းအားနည်းနေလို့ပါပဲ။ သူတို့ဟာ ဟန်ကျွယ်ကို သတ်ချင်ကြတယ်ဆိုပေမဲ့ ဟန်ကျွယ်ကို အမြင့်ကြီး မတွေးထားကြပါဘူး။ ဟန်ကျွယ် မသေသေးတာကလည်း ကောင်းကင်ဧကရာဇ် အစီအစဉ်ကြောင့်လို့သာ မှတ်ယူခဲ့ကြပါတယ်။
ဒီလိုနဲ့ နောက်ထပ်နှစ်ဝက် ကုန်ဆုံးသွားပါတယ်။
ဒီအချိန်မှာ နတ်ဆိုးဧကရာဇ်မှာကလွဲရင် မုန်းတီးမှုကြယ်သုံးပွင့်နဲ့ အထက်ရှိတဲ့ ရန်သူတွေအကုန်လုံး ဟန်ကျွယ်လက်ချက်နဲ့ သေအောင် ကျိန်စာတိုက်ခံလိုက်ရပါတယ်။ ဒီလိုကျိန်စာတိုက်မှုကြောင့် ဟန်ကျွယ်လည်း သက်တမ်း ၁,၀၀၀,၀၀၀ ဆုံးရှုံးသွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် သတ်မှတ်ထားတဲ့ သက်တမ်းသန်း ၁၀၀ နဲ့ နှိုင်းယှဉ်ရင် ဒီတစ်သန်းက ဘာမှမပြောပလောက်သေးပါဘူး။
ဟန်ကျွယ်ဟာ ရန်သူတွေ မရှိတော့တာကြောင့် စိတ်လက်ပေါ့ပါးပြီး နေလို့ထိုင်လို့ ကောင်းသွားပါတယ်။ ကောင်းကင်ကလည်း အရမ်းကိုကြည်လင်နေပြီး လေထုကလည်း အရမ်းကို လတ်ဆတ်နေပါတယ်။
“သခင်... အရမ်းပျော်နေတယ်၊ ခုနက ဘာလုပ်တာမို့လို့လဲ” ဝူတောက်ကျန့်ဟာ သိချင်စိတ်ကို မမြိုသိပ်နိုင်တာကြောင့် မေးလိုက်ပါတယ်။ ဝူတောက်ကျန့်ဟာ ဟန်ကျွယ်ရဲ့ ဒွါရတွေကနေ သွေးတွေ စီးထွက်လာတာကို မြင်ရတုန်းက အရမ်းကို ကြောက်လန့်နေခဲ့တာပါ။
ဟန်ကျွယ်က လေးလေးနက်နက် ပြောလိုက်ပါတယ် “မင်း ဘာမှမမြင်ခဲ့ဘူးလို့ပဲ သဘောထားလိုက်၊ ဒီအကြောင်းကိုလည်း သူများတွေ လျှောက်မပြောနဲ့၊ ငါ့တပည့်တွေကိုလည်း မပြောနဲ့၊ ဒီအကြောင်းကို မင်းလျှောက်ပြောရင် ငါတို့နှစ်ယောက်လုံး သေရလိမ့်မယ်”
ဝူတောက်ကျန့်ရဲ့ မျက်နှာဟာ ဟန်ကျွယ်စကားကြောင့် သွေးဆုတ်သွားပါတယ် ‘အဲဒီလောက်တောင် အရေးကြီးတာလား’ အဲဒီနောက် ဝူတောက်ကျန့်ဟာ ချက်ချင်းပဲ ကတိပေးလိုက်ပါတယ် “ကျွန်မ အဲဒီကိစ္စကို မေ့သွားပြီ”
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပြီး အဓိပ္ပာယ်ပါပါ ပြောလိုက်ပါတယ် “လောကကြီးက ဇောက်ထိုးမိုးမျှော် ဖြစ်တော့မယ်၊ အဲဒီအချိန်ကျရင် ငါတို့တွေ ပုန်းအောင်းဖို့နေရာ မရှိတော့ဘူး၊ အဲဒါကြောင့် အခုကတည်းက ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်ထားချည်၊ ငါ့ကိုပဲ စိုက်ကြည့်မနေနဲ့”
ဝူတောက်ကျန့်ဟာ ရှက်သွားပြီး မျက်နှာကလေး နီမြန်သွားပါတယ်။
.....
တာအိုဘုံကျောင်းအတွင်း။
ဝတ်ရုံဖြူဗုဒ္ဓဟာ ဘုံကျောင်းအပြင်ဘက်က ကောင်းကင်ကိုကြည့်ပြီး ရေရွတ်လိုက်ပါတယ် “သူ ဘာလို့ ရောက်မလာသေးတာလဲ”
ဝတ်ရုံဖြူဗုဒ္ဓဟာ နဂါးမျိုးနွယ်စုက မင်းသား ၁၃ ကို သတိရပြီး ရေရွတ်လိုက်ခြင်း ဖြစ်ပါတယ်။ မင်းသား ၁၃ ဟာ သူ့ကို ပြန်လာသတ်မယ်လို့ ကြိမ်းမောင်းသွားခဲ့တာကြောင့် ဝတ်ရုံဖြူဗုဒ္ဓဟာ တစ်နေ့မှာ စိတ်အေးလက်အေး မကျင့်ကြံရဲပါဘူး။
‘ကောင်းကင်ရုံးတော် လှုပ်ရှားလိုက်တာလား’
တတ်ရုံဖြူဗုဒ္ဓဟာ သက်ပြင်းချလိုက်ပြီး ကျင့်ကြံအားထုတ်ဖို့ ပြင်လိုက်စဉ်မှာပဲ သူ့ရှေ့မှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။ ဒီရုပ်သွင်ကတော့ တစ်ခြားသူ မဟုတ်ပါဘူး။ ကောင်းကင်တာအိုဗုဒ္ဓပဲ ဖြစ်ပါတယ်။ ကောင်းကင်တာအိုဗုဒ္ဓကို တွေ့လိုက်ရတာကြောင့် ဝတ်ရုံဖြူဗုဒ္ဓဟာ ကြောက်သေးပါနီး ဖြစ်သွားပါတယ်။
ကောင်းကင်တာအိုဗုဒ္ဓက ခံစားချက်ကင်းမဲ့တဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ငါမင်းကို ထိလို့မရပါဘူး၊ ငါ မင်းဆီလာတာ မေးစရာတစ်ခုရှိလို့”
ဝတ်ရုံဖြူဗုဒ္ဓဟာ တည်ငြိမ်ဟန်ဆောင်ပြီး ပြန်မေးလိုက်ပါတယ် “ဘာမေးမလို့လဲ”
“တိုက်တိုင်းအောင်ဗုဒ္ဓကို ဘယ်သူသတ်လိုက်တာလဲ” ကောင်းကင်တာအိုဗုဒ္ဓက မေးလိုက်ပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓဟာ ဒီမေးခွန်းကိုကြားတာနဲ့ ကောင်းကင်တာအိုဗုဒ္ဓက ဟန်ကျွယ်ကို လိုက်ရှာနေမှန်း သိလိုက်ပါတယ်။
“ကျယ်ကျောင်းတော်က အင်မော်တယ်ဧကရာဇ် တိုက်ခိုက်တာ”
ကောင်းကင်တာအိုဗုဒ္ဓဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ကျယ်ကျောင်းတော်က ဘာအကြောင်းနဲ့ တိုက်ခိုက်ရမှာလဲ”
“ကျယ်ကျောင်းတော်ရဲ့ အင်မော်တယ်ဧကရာဇ်က တော်တော် မာနကြီးတယ်၊ သူပြောတာတော့ တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ ခန္ဓာကိုယ်ကိုသုံးပြီး ရှေးဟောင်း စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးကို အသက်ပြန်သွင်းမလို့တဲ့” ဝတ်ရုံဖြူဗုဒ္ဓက ကြံဖန်ပြီး အကြောင်းပြချက် ပေးလိုက်ပါတယ်။
အတိတ်မှာတုန်းက ဝတ်ရုံဖြူဗုဒ္ဓဟာ ချန်ကျောင်းတော်ရဲ့ တပည့်ဖြစ်ခဲ့တာကြောင့် ကျယ်ကျောင်းတော်နဲ့ ရန်ငြိုးရန်စတွေ ရှိခဲ့ပါတယ်။ အနန္တကပ်ဘေးအတွင်းမှာ တာအိုဂိုဏ်းရဲ့ ကျောင်းတော်သုံးကျောင်းက အချင်းချင်းတိုက်ခိုက်ပြီး ပျက်သုဉ်းခဲ့ကြပါတယ်။ အဲဒီတုန်းက ရန်ငြိုးတွေဟာ ဒီနေ့အထိကို ကမ္ဘာမကျေနိုင်သေးပါဘူး။
ကောင်းကင်တာအိုဗုဒ္ဓဟာ တိတ်ဆိတ်သွားပြီး တစ်ခဏအကြာမှာတော့ ပျောက်ကွယ်သွားပါတယ်။
ဒီတော့မှာပဲ ဝတ်ရုံဖြူဗုဒ္ဓဟာ သက်ပြင်းချနိုင်သွားပြီး ဟန်ကျွယ်ကို ပိုလေးစားသွားပါတယ် ‘ဆရာက တော်တော်အထင်ကြီးဖို့ ကောင်းတာပဲ၊ တိုက်တိုင်းအောင်ဗုဒ္ဓကို သတ်ပြီးတာတောင် ကောင်းကင်တာအိုဗုဒ္ဓက မတွက်ချက်နိုင်ဘူး’
ဒီအဖြစ်ကြောင့် ဝတ်ရုံဖြူဗုဒ္ဓဟာ ဟန်ကျွယ်ကို စိတ်ရောကိုယ်ပါ အလုပ်အကျွေးပြုဖို့ စိတ်ပိုင်းဖြတ်လိုက်ပါတယ်။ လောကကြီးကို ကျယ်ပြောပေမဲ့ ဝတ်ရုံဖြူဗုဒ္ဓ နေနိုင်တာဆိုလို့ ဒီနေရာတစ်ခုပဲ ရှိပါတယ်။ အင်မော်တယ်အဆင့် တက်လှမ်းနိုင်ဖို့လည်း ဝတ်ရုံဖြူဗုဒ္ဓဟာ ထုန်ကျန့်ကမ္ဘာကို မှီခိုရအုန်းမှာပါ။
.....
ကောင်းကင်ရုံးတော်၊ ဧကရာဇ်ပန်းခြံအတွင်း။
ကောင်းကင်ဧကရာဇ်ဟာ ဇရပ်တစ်ဆောင်ထဲမှာ စာလိပ်တစ်လိပ်ကို ဇိမ်ပြေနပြေ ဖတ်နေတုန်း ကောင်းကင်တာအိုဗုဒ္ဓရဲ့ရုပ်သွင် ပေါ်လာပါတယ်။
“တိုက်တိုင်းအောင်ဗုဒ္ဓကို မင်းတို့ ကောင်းကင်ရုံးတော်က သတ်လိုက်တာလား”
ကောင်းကင်ဧကရာဇ်ဟာ ကောင်းကင်တာအိုဗုဒ္ဓကို တစ်ချက်ကြည့်ပြီး ပြောလိုက်ပါတယ် “ငါ သူ့ကို တကယ်သတ်ချင်တာ၊ သူက ငါရဲ့ အင်မော်တယ်နဲ့ နတ်ဘုရားတွေ အများကြီးကို သတ်ထားတာ”
ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို ဝှက်ဖဲအနေနဲ့ သဘောထားတာကြောင့် လွယ်လွယ်ကူကူ ထုတ်ပြမှာ မဟုတ်ပါဘူး။
ကောင်းကင်ဧကရာဇ်ဟာ ကောင်းကင်တာအိုဗုဒ္ဓက ဘာလို့ ဒီမေးခွန်း လာမေးမှန်း မသိပေမဲ့ ဟန်ကျွယ်ကို ကူညီချင်တာမို့ ဆက်ပြောလိုက်ပါတယ် “တိုက်တိုင်းအောင်ဗုဒ္ဓက ထုန်ကျန့်ကမ္ဘာနားမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး လက်ချက်နဲ့ သေသွားတာ၊ သူ ဘယ်သူလဲဆိုတာ ငါလည်း မခန့်မှန်းနိုင်ဘူး”
ကောင်းကင်တာအိုဗုဒ္ဓဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘တကယ်ပဲ ကျယ်ကျောင်းတော်လား’
ပြောရမယ်ဆိုရင် ဗုဒ္ဓဂိုဏ်းနဲ့ ကျယ်ကျောင်းတော်က ရန်ငြိုးရန်စရှိပါတယ်။ ဗုဒ္ဓဂိုဏ်းရဲ့ တပည့်တော်တော်များများက ကျယ်ကျောင်းတော်ကနေ ထွက်လာကြတာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။