မဟာတာအို အပိုင်းအစများအား ပေါင်းစပ်ခြင်း
Vol. 22 Ch. 262
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုဗုဒ္ဓက တိုက်တိုင်းအောင်ဗုဒ္ဓကို သတ်သွားတဲ့ လူသတ်သမားကို လိုက်ရှာနေမှန်းမသိဘဲ ပျော်ပျော်ရွှင်ရွှင် ကျင့်ကြံအားထုတ်ပါတယ်။
နတ်ဆိုးဧကရာဇ်ပဲ ကျန်ရှိတော့တဲ့အတွက် ဟန်ကျွယ် ခံစားနေရတဲ ဖိအားတွေက တော်တော်လေး လျော့ကျသွားပါတယ်။ ဟန်ကျွယ်ရဲ့ နောက်ထပ်ပစ်မှတ်က အင်မော်တယ်ဧကရာဇ် ဒုတိယအဆင့်ပါ။
ဧကရာဇ်အဆင့်မှာ အဆင့်တက်ဖို့က အရမ်းခက်ခဲတယ်ဆိုပေမဲ့ ဟန်ကျွယ်ဟာ ပထမအဆင့်မှာပဲ ရပ်မနေချင်ပါဘူး။ ပိုပြီးတော့ခက်ခဲလေလေ ပိုပြီးတော့ ရောက်ချင်လေလေပါပဲ။
ဒီလိုနဲ့ အချိန်စက်ဝန်းဟာ ပုံမှန်လည်ပတ်ပြီး တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားပါတယ်။ နဂါးစစ်မျိုးနွယ်စုက ထုန်ကျန့်ကမ္ဘာကို ထပ်မလာသလို ဖူစန်းသစ်ပင်ဟာလည်း ထပ်ပြီးတော့ မလှုပ်ခါတော့ပါဘူး။
ဒါကိုကြည့်ခြင်းအားဖြင့် မင်းသား ၁၃ ကပဲ ထုန်ကျန့်ကမ္ဘာကို စိတ်ဝင်စားတာလို့ ကောက်ချက်ချနိုင်ပါတယ်။
ဒီလိုနဲ့ မျက်တောက်တစ်ခတ်အတွင်း နောက်ထပ် နှစ် ၂၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ ပုံမှန်တိုးတက်လာပေမဲ့ အင်မော်တယ်ဧကရာဇ် ဒုတိယအဆင့်ကို ရောက်ဖို့တော့ အလှမ်းဝေးနေပါသေးတယ်။
ဒီလိုနဲ့ တစ်နေ့မှာတော့ ထုန်ကျန့်ကမ္ဘာရဲ့ ကံတရားအထောက်အပံ့ဟာ ထပ်တိုးသွားပြီး မြေအင်မော်တယ်ကို သယ်ဆောင်နိုင်သွားပါတယ်။ ဒါကြောင့် ကောင်းကင်တာအိုဟာ မြေအင်မော်တယ်အဆင့်ထက် ကျော်လွန်တဲ့သူတွေကိုပဲ ဖယ်ရှားပါတော့တယ်။
ထုန်ကျန့်ကမ္ဘာရဲ့ စိတ်ဝိညာဉ်ချီကလည်း အဆများစွာ ထိုးတက်သွားပြီး ဒီလိုတိုးတက်သွားတာကိုလည်း ထုန်ကျန့်ကမ္ဘာက လူတိုင်း ခံစားနိုင်ပါတယ်။ ချက်ချင်းဆိုသလိုပဲ ထုန်ကျန့်ကမ္ဘာမှာ ကောလဟာလတစ်ခု ထွက်ပေါ်လာပါတယ်။
“ဘုံပျံတက်ဖို့မလိုဘူး၊ ငါတို့ကမ္ဘာက အင်မော်တယ်ကမ္ဘာပဲ”
ဒီကောလဟာလဟာ ပိုပိုပျံ့နှံ့သွားပြီး မြင့်မြတ်နယ်မြေတွေကလည်း ဒီကောလဟာလကို အသိအမှတ်ပြုကြပါတယ်။
ကျင့်ကြံသူတွေ ဘုံပျံတက်တာဟာ သေမျိုးကမ္ဘာမှာ ဆက်နေရင် ကျင့်ကြံမှုအဆင့် မတက်နိုင်လို့ပါပဲ။ ကျင့်ကြံမှုအဆင့်သာ တက်နိုင်မယ်ဆိုရင် ဘယ်သူက ကိုယ်မွေးဖွားတဲ့ ကမ္ဘာကနေ ထွက်ခွာချင်မှာလဲ။
ဒီကောလဟာလတွေရဲ့ နောက်ကွယ်က လက်သည်ကတော့ ဝတ်ရုံဖြူဗုဒ္ဓပဲ ဖြစ်ပါတယ်။ ဝတ်ရုံဖြူဗုဒ္ဓဟာ ထုန်ကျန့်ကမ္ဘာရဲ့ ကံတရား အထောက်အပံ့ တိုးတက်အောင် တော်တော်လေး အားစိုက်ထားရတာမို့ ကျင့်ကြံသူတွေ ဘုံပျံတက်သွားမှာကို မလိုချင်ပါဘူး။
ထုန်ကျန့်ကမ္ဘာရဲ့ ကျင့်ကြံမှု ကန့်သတ်ချက်က တိုးတက်လာတဲ့အတွက် ဟန်ကျွယ်ဟာ မြေအင်မော်တယ်အဆင့် မရောက်သေးတဲ့ သူ့တပည့်တွေကို တောင်အောက်ဆင်းပြီး လေ့ကျင့်ခွင့် ပြုလိုက်ပါတယ်။ အထူးသဖြင့် ဟန်ညီနောင်ရှစ်ဖော်ကို တောင်အောက်ဆင်းပြီး အတွေ့အကြုံ ယူစေပါတယ်။
ဒီအတွက်ကြောင့် နဂိုကတည်းကမှ တိတ်ဆိတ်နေတဲ့ ဝီရိယတောင်ဟာ ပိုပြီးတော့ တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်ကို ကျင်ကြံပါတယ်။ အင်မော်တယ်အဆင့်ကို ရောက်နေတာတောင်မှ ဟန်ကျွယ်ရဲ့ လောကဦး ကြယ်တာရာခန္ဓာကိုယ်ဟာ ဆက်ပြီးတော့ သန်မာလာနေတုန်းပါပဲ။
[ကောင်းကင်ရုံးတော်သည် နတ်ဆိုးရုံးတော်အား စစ်ကြေငြာလိုက်သောကြောင့် သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ချက်ချင်းဘုံပျံတက်၍ ကောင်းကင်ရုံးတော်ထဲ ဝင်ရောက်ပြီး ကံတရားအထောက်အပံ့အတွက် တိုက်ခိုက်ပါ။ မဟာတာအိုအပိုင်းအစ တစ်စ၊ ဆန်းကြယ်စွမ်အားတစ်ပါးနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို ရရှိမည်။]
[၂။ ဘုံပျံမတက်ဘဲ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံပါ။ မဟာတာအိုအပိုင်းအစ တစ်စအား ရရှိမည်။]
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို ကြည့်ပြီး မှင်သက်အံဩသွားပါတယ် ‘ကောင်းကင်ရုံးတော်က နတ်ဆိုးရုံးတော်ကို စစ်ကြေငြာတာလား’
ဟန်ကျွယ် အံအားသင့်မယ်ဆိုလည်း အံအားသင့်စရာပါ။ အတိတ်မှာတုန်းက တစ်ခြားသူတွေကပဲ ကောင်းကင်ရုံးတော်ကို လာတိုက်တာပါ။ ကောင်းကင်ရုံးတော်က တစ်ခါမှ သွားမတိုက်ခဲ့ဖူးပါဘူး။
‘ကောင်းကင်ဧကရာဇ်က ဘဝမြင့်လာတာလား၊ ဒါမှမဟုတ် တစ်ခြားအကြံအစည်များ ရှိနေတာလား...’
ဟန်ကျွယ်ဟာ စနစ်ရဲ့ ဆုလာဘ်တွေကိုကြည့်ပြီး ဘုံပျံတက်အောင် ဆွဲဆောင်နေမှန်း သိလိုက်ပါတယ်။
‘အနန္တကပ်ဘေးက စတင်လာပြီလား... မဖြစ်ဘူး... ငါ ဒီစစ်ပွဲထဲ မဝင်တာ အကောင်းဆုံးပဲ’
ဟန်ကျွယ်ဟာ နံပါတ်နှစ်ကို ရွေးချယ်ပြီး မဟာတာအိုအပိုင်းအစ တစ်စကို ရယူလိုက်ပါတယ်။ ဒီတစ်ခုရောဆိုရင် ဟန်ကျွယ်မှာ မဟာတာအိုအပိုင်းအစ ကိုးစရှိသွားပြီ ဖြစ်တာကြောင့် မဟာတာအိုကို အာရုံခံပြီး မဟာအဂ္ဂတာအိုကျင့်စဉ်ကို ရယူလို့ ရသွားပါပြီ။
ဟန်ကျွယ်ဟာ ဒီအချိန်လေးကို စောင့်နေတာပါ။
ဟန်ကျွယ်ဟာ မဟာတာအိုအပိုင်းအစ ကိုးစပြည့်ဖို့ အသက် ၃,၀၀၀ ပြည့်တာကို စောင့်ရအုန်းမယ်လို့ တွေးထားခဲ့တာပါ။ အခုလိုမျိုး ကောင်းကင်ဧကရာဇ်က ရုတ်တရက်ကြီး လက်ဆောင်ပေးလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
ကောင်းကင်ဧကရာဇ်မှသာ ဟန်ကျွယ်လိုမျိုး စနစ်ရှိမယ်ဆိုရင် ဟန်ကျွယ်ရဲ့ မျက်နှာသာပေးမှုက ကြယ်ကိုးပွင့် ဖြစ်နေတာကို တွေ့နိုင်မှာပါ။
ဟန်ကျွယ်ဟာ သူ့ခံစားချက်ကို ထိန်းချုပ်ပြီး ဝူတောက်ကျန့်ကို နှင်ထုတ်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ မဟာတာအိုအပိုင်းအစ ကိုးစကို ထုတ်ယူလိုက်ပါတယ်။
မဟာတာအို အပိုင်းအစတွေဟာ သံလိုက်အိမ်မြှောင် အပိုင်းအစတွေလိုပါပဲ။ အရောင်လည်း မတူညီသလို တစ်ခုနဲ့တစ်ခုလည်း မလိုက်ဖက်ပါဘူး။ သေချာတာ တစ်ခုကတော့ အရာဝတ္ထုတစ်ခုတည်းက အပိုင်းအစတွေ မဟုတ်တာပါပဲ။
ဟန်ကျွယ်ဟာ ဝိညာဉ်စွမ်းအားနဲ့ မဟာတာအိုအပိုင်းအစ ကိုးစကို သေချာဂရုတစိုက် ပေါင်းစပ်လိုက်ပါတယ်။ ရုတ်ခြည်းဆိုသလို အလွန်တောက်ပတဲ့ အလင်းရောင်ထွက်ပေါ်လာပြီး ကျင့်ကြံခြင်းလိုဏ်ဂူတစ်ခုလုံး လင်းထိန်သွားပါတယ်။
ဟန်ကျွယ်ဟာ အလွန်ကြောက်မက်ဖို့ကောင်းတဲ့ ရောင်ဝါကို ခံစားလိုက်ရပါတယ်။ ဒီရောင်ဝါက ဘယ်လောက်ထိတောင် ကြောက်ဖို့ကောင်းလဲဆိုရင် အင်မော်တယ်ဧကရာဇ် ပထမအဆင့်ရှိတဲ့ ဟန်ကျွယ်ဟာ အချိန်မရွေး ပြာမှုန့်ဖြစ်သွားနိုင်တယ်လို့ ခံစားရတဲ့အထိပါပဲ။
‘ဒါက မဟာတာအိုရဲ့ ရောင်ဝါလား’ ဟန်ကျွယ်ဟာ ထိတ်လန့်သွားပါတယ် ‘ငါရဲ့ သေခြင်းရှင်ခြင်း မဟာတာအိုက ဘာလို့ ဒီလောက် စွမ်းအားမကြီးတာလဲ’
တောက်ပတဲ့ အလင်းရောင်ဟာ ဟန်ကျွယ်ရဲ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားတာကြောင့် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်သွားပါတယ်။ အလင်းရောင် ပျောက်ကွယ်သွားတဲ့အခါမှာတော့ မဟာတာအိုအပိုင်းအစ ကိုးစလည်း ပျောက်ကွယ်သွားပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူအပြင်ဘက်။
ဖူစန်းသစ်ပင်အောက်မှာ ကျင့်ကြံအားထုတ်နေတဲ့ လီယောင်၊ လုံဟောင်၊ ဝူတောက်ကျန့်၊ ငရဲကြက်နက်၊ ရွှင်ချန်အန်း၊ ချူရှီရန်နဲ့ မြွေနဂါးဘုရင်တို့ဟာ ကျင့်ကြံခြင်းလိုဏ်ဂူဘက်ကို လှမ်းကြည့်လိုက်ပါတယ်။
ကျန်တဲ့သူတွေကတော့ အပြင်ထွက် လေ့ကျင့်နေကြပါတယ်။
“ဒီရောင်ဝါက...” ရွှင်ချန်အန်းဟာ ဒီရောင်ဝါကို အရင်တုန်းက ခံစားဖူးပါတယ်။ ဘဝဟောင်းမှာတုန်းက ဗုဒ္ဓဘိုးဘေးဆီက ခံစားခဲ့ဖူးတာပါ။
ချူရှီရန်ကတော့ နှလုံးခုန်မြန်လာပါတယ်။ အကြောင်းအရင်းတစ်ချို့ကြောင့် ချူရှီရန်ဟာ ကျင့်ကြံခြင်လိုဏ်ဂူထဲက ထွက်လာတဲ့ ရောင်ဝါကို ခံစားမိပြီး မှင်သက်အံဩသွားပါတယ်။ ဒါ့အပြင် သူ့နဲ့မရင်းနှီးတဲ့ မှတ်ဉာဏ်အချို့ကိုလည်း မြင်တွေ့လိုက်ရပါတယ်။
“သခင်က အဆင့်တက်ပြန်ပြီလား” မြွေနဂါးဘုရင်က အံဩတကြီး ပြောလိုက်ပါတယ် ‘ဘယ်လောက်ပဲ ရှိသေးတာလဲ’
လူတိုင်းဟာ ဟန်ကျွယ်ရဲ့ မကြာခဏ အဆင့်တက်တာကို နေသားကျနေပြီမို့ ဘာမှမပြောတော့ပါဘူး။
ချူရှီရန်ဟာ ဖြည်းညင်းစွာ မျက်လုံးမှိတ်လိုက်ပါတယ်။
ရွှင်ချန်အန်းကတော့ ချူရှီရန်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ခရမ်းရောင်မြူခိုးတွေ ပြည့်နှက်နေတဲ့ လျှို့ဝှက်ဆန်းကြယ်နေရာတစ်ခုကို ရောက်လာပါတယ်။ ဒီနေရာမှာ ခရမ်းရောင်မြူခိုးတွေကလွဲရင် ဘာမှမရှိပါဘူး။ ဟန်ကျွယ်ဟာ ပေါလောမျောနေပြီး အတန်ကြာမှာပဲ သိစိတ်တစ်ခုလုံး ရှင်းလင်းသွားပါတယ်။
‘ငါ ဘယ်ရောက်နေတာလဲ... မဟာတာအိုအပိုင်းစတွေ ပေါင်းစပ်နေတာ မဟုတ်ဘူးလား’
‘ငါ ဘယ်လိုဖြစ်ပြီး ဒီရောက်လာတာလဲ’
ဟန်ကျွယ်ဟာ ပတ်ဝန်းကျင်ကို သေချာ အကဲခတ်လိုက်ပါတယ်။
‘ဟမ်... ခရမ်းရောင်မြူခိုးတွေက ငါ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပဋိပက္ခချီ မဟုတ်ဘူးလား’
‘ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ဒီလောက်အများကြီး ရှိနေရတာလဲ’
‘ငါ့သိစိတ်က ငါ့ခန္ဓာကိုယ်ထဲ ရောက်နေတာလား’
‘ငါ့ခန္ဓာကိုယ်ထဲမှာဆိုရင်လည်း ဘီလီယံချီတဲ့ကြယ်တွေက ဘယ်ရောက်သွားတာလဲ’
ဟန်ကျွယ်ဟာ စိတ်ရှုပ်ထွေးသွားပြီး ပတ်ဝန်းကျင်ကို လျှောက်ကြည့်ပါတယ်။ ဒါပေမဲ့ ဒီနေရာက အရမ်းကျယ်ပြောတဲ့အတွက် အင်မော်တယ်ဧကရာဇ် အလျင်နဲ့ ခရီးနှင်တာတောင် အဆုံးကို မရောက်နိုင်ပါဘူး။ ဟန်ကျွယ်ဟာ ဒီနေရာကနေ ထွက်မသွားနိုင်တာကြောင့် အလန့်တကြား ဖြစ်လာပါတယ်။
‘ငါ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးပါးရဲ့ တိုက်ခိုက်မှုကို ခံရလို့ ငါ့ဝိညာဉ်က တစ်နေရာရာမှာ ပိတ်မိသွားတာလား’
အတန်ကြာတဲ့အခါမှာတော့ မလွတ်မြောက်နိုင်မှန်း သိသွားတဲ့ ဟန်ကျွယ်ဟာ လက်လျှော့လိုက်ပြီး တရားထိုင်ကာ ကျင့်ကြံအားထုတ်ပါတယ်။
‘ဘာလဲဟ... ငါကျင့်ကြံမှုက မြန်လှချည်လား’
‘ငါက ပိတ်မိတာမဟုတ်ဘဲ ဒီကိစ္စတစ်ခုလုံးက မဟာတာအိုအပိုင်းအစတွေနဲ့ ပေါင်းစပ်တဲ့ ဖြစ်စဉ်တစ်ခုလား’
‘မဟာအဂ္ဂတာအိုကျင့်စဉ်က အမွေဆက်ခံတာ မဟုတ်ဘဲ ကိုယ်ဘာသာ ဖန်တီးရမှာလား’
သေချာတွေးတောပြီးတဲ့ နောက်မှာတော့ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်ကို စတင်သုံးသပ်လိုက်ပါတယ်။
ဟန်ကျွယ် အခုလိုအခြေအနေမျိုး ရောက်လာတာက ဒီ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်ကြောင့်ပါ။ ဟန်ကျွယ်သာ စွမ်းအားကြီးတဲ့ ကျင့်စဉ်ကို ဖန်တီးချင်တယ်ဆိုရင် ဒီပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်ကိုပဲ အခြေခံပြီး ဖန်တီးနိုင်မှာပါ။
ဟန်ကျွယ်ဟာ အကြံကြီးတစ်ခုကို ကြံမိလိုက်ပါတယ်။
‘ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်နဲ့ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်ကို ပေါင်းစပ်လိုက်ရင်...’
ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်ဟာ နိယာမတွေကို အလေးဂရုပြုပြီး ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်ကတော့ တာအိုကို ခွန်အားနဲ့ ရယူတာမို့ တော်တော်လေး ဗိုလ်ကျတယ်လို့ ပြောရမှာပါ။
“ဝုန်း...”
အရပ်ဆယ်မျက်နှာက ခရမ်းရောင်မြူခိုးတွေဟာ ဟန်ကျွယ်ရဲ့ခန္ဓာကိုယ်ထဲကို တိုးဝင်လာပြီး ဟန်ကျွယ်ရဲ့သိစိတ်ဟာ အလွန်တရာမှ လျှို့ဝှက်ဆန်းကြယ်တဲ့ အခြေအနေကို ဝင်ရောက်သွားပါတယ်။
အရင်တုန်းက ဟန်ကျွယ် နားမလည်ခဲ့တဲ့ ကိစ္စတွေဟာ အခုအချိန်မှာ ရိုးရှင်းလွယ်ကူလာပြီး အရာအားလုံးကလည်း ရှင်းလင်း ပြတ်သားလာပါတယ်။
မရေမတွက်နိုင်တဲ့ အတွေးတွေဟာ ဟန်ကျွယ်စိတ်ထဲမှာ ပေါ်လာပါတယ်။ ဥပမာပေးရရင် စကြဝဠာပေါက်ကွဲမှုလိုပါပဲ။
တာအိုဟာ တစ်ကနေစတင်ပြီး နှစ်ကို ဖန်တီးပါတယ်။ နှစ်ကနေ သုံးခုဖြစ်လာပြီး အဲဒီသုံးခုကပဲ အရာအားလုံကို ဖန်တီးပါတယ်။
ဒီလိုနဲ့ ဟန်ကျွယ်ဟာ ကျင့်စဉ်အသစ်တစ်ခုကို ဖန်တီးပါတော့တယ်။
ကောင်းကင်ရုံးတော်၊ နတ်ဘုရားခန်းမ။
အင်မော်တယ်တွေဟာ နတ်ဆိုးရုံးတော်ကို ဘယ်လိုတိုက်ခိုက်ရမလဲ ဆွေးနွေးနေကြပါတယ်။ ကောင်းကင်ဧကရာဇ်ကတော့ သလွန်ပေါ်ကနေ တိတ်တဆိတ် နားထောင်နေပါတယ်။ ဒီအချိန်မှာပဲ စိတ်ဝိညာဉ်နန်းတော်တစ်ခုလုံး သိမ့်သိမ့်ခါတောင် တုန်လှုပ်သွားပါတယ်။
ထိတ်လန့်သွားတဲ့ အင်မော်တယ်တွေဟာ သူတို့ရတနာတွေကို အသီးအသီး ထုတ်ယူလိုက်ကြပါတယ်။
“ဘာဖြစ်တာလဲ”
“ရန်သူ တိုက်တာလား”
“ရန်သူရောင်ဝါကို မခံစားမိဘူး”
“ရန်သူတိုက်တာ မဟုတ်ဘူး၊ အဲဒါ ကံတရား အထောက်အပံ့ပဲ၊ ကောင်းကင်ရုံးတော်ရဲ့ ကံတရားအထောက်အပံ့ တိုးတက်လာတာ”
“ဘာဖြစ်လို့ ရုတ်တရက်ကြီး တိုးသွားတာလဲ”
အုတ်အော်သောင်းနင်း ဖြစ်သွားတဲ့ အင်မော်တယ်တွေဟာ သူတို့နတ်အာရုံကို ဖြန့်ကျက်လိုက်ကြပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပြီး လက်ချောင်းတွေနဲ့ တွက်ချက်လိုက်တဲ့အခါမှာ မျက်နှာအမူအရာ လုံးဝ ပြောင်းလဲသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ရုံးတော်ရဲ့ ကံတရားအထောက်အပံ့က အလွန်လျင်မြန်တဲ့အလျင်နဲ့ ထိုးတက်လာလို့ပါပဲ။ ဒါတင်မကသေးပါဘူး။ ကောင်းကင်တာအိုထက် စွမ်အားကြီးတဲ့ နိယာမတစ်ခုဟာ ဆင်းသက်လာပြီး ကောင်းကင်ရုံးတော်တစ်ခုလုံးကို လွှမ်းခြုံထားပါသေးတယ်။
‘တစ်ယောက်ယောက် ကောင်းကင်ဘဝဂ်ကျင့်ကြံသူ ဖြစ်လာတာလား... မဖြစ်နိုင်ဘူး’
ကောင်းကင်ဧကရာဇ်ဟာ ကောင်းကင်ရုံးတော်အကြောင်းကို ကောင်းကောင်းကြီး သိပါတယ်။ ကောင်းကင်ရုံးတော်မှာ ဒီလိုမျိုးပုဂ္ဂိုလ် လုံးဝမရှိပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။