လီရွှမ်အောက်၊ လီတောက်ခုံး
Vol. 22 Ch. 265
“ဒီခွေးစုတ်က ဘာလို့ ပြန်လာတာလဲ”
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး အေးစက်စွာ ပြောလိုက်ပါတယ်။
တစ်ခြားတပည့်တွေမှာ ကိုယ်ပိုင်နောက်ခံ ရှိကြပေမဲ့ ပဋိပက္ခကောင်းကင်ခွေးကတော့ စနစ်ကပေးထားတာမို့ ဘာနောက်ခံမှ မရှိပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ ပဋိပက္ခကောင်းကင်ခွေးကို အရမ်းဂရုစိုက်ပါတယ်။ ဒါပေမဲ့ ပဋိပက္ခကောင်းကင်ခွေးဟာ မဆင်မခြင် လုပ်လွန်းပါတယ်။ အပြင်ထွက်တိုင်း သေလောက်အောင် အစော်ခံရတာတောင် ဝီရိယတောင်ကို ပြန်မလာချင်ပါဘူး။
“ဒီတစ်ခေါက် သူ့မျက်လုံးတွေ ဖောက်ထုတ်ခံလိုက်ရတယ်...” ဝူတောက်ကျန့်ဟာ ဟန်ကျွယ် အရိပ်အကဲကိုကြည့်ပြီး ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး နတ်အာရုံကို ကျင့်ကြံခြင်းလိုဏ်ဂူအပြင်ဘက် စေလွှတ်လိုက်ပါတယ်။
ပဋိပက္ခကောင်းကင်ခွေးဟာ မြေကြီးပေါ်မှာ လဲလျောင်းနေပြီး တိတ်ဆိတ်ဂိုဏ်းသားတွေက ဝိုင်းဖေးမနေကြပါတယ်။ ပဋိပက္ခကောင်းကင်ခွေးရဲ့ ရောင်ဝါဟာ တော်တော်လေး အားနည်းနေပြီး အရင်ကလိုမျိုး ထောင်လွှားတဲ့အမူအရာ မရှိတော့ဘဲ တော်တော်လေး ကရုဏာသက်စရာကောင်းတဲ့ မျက်နှာလေး ဖြစ်နေပါတယ်။
ငရဲကြက်နက်ဟာ ဒေါသတကြီးနဲ့ မေးလိုက်ပါတယ် “အစုတ်ပလုတ်ခွေးအ... မင်းကို ဒီလိုဖြစ်အောင် ဘယ်သူလုပ်လိုက်တာလဲ” ငရဲကြက်နက်ဟာ ဆဲဆိုလိုက်ပေမဲ့ ပဋိပက္ခကောင်းကင်ခွေးကို အရမ်းဂရုစိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပဋိပက္ခကောင်းကင်ခွေးကို ငရဲကြက်နက်ကိုယ်တိုင် ဥခွဲခဲ့တာ မို့လို့ပါပဲ။ ဒါကြောင့် ငရဲကြက်နက်ဟာ ပဋိပက္ခကောင်းကင်ခွေးကို သူ့ကလေးတစ်ယောက်လို သဘောထားပါတယ်။
ပဋိပက္ခကောင်းကင်ခွေးဟာ သက်ပြင်းချလိုက်ပါတယ် “မေးမနေနဲ့... ငါ အပြင် ထပ်မထွက်တော့ဘူး...”
တစ်ခြားသူတွေလည်း မျက်မှောင်ကြုတ်သွားပါတယ်။
လုံဟောင်က မေးလိုက်ပါတယ် “ဘယ်သူလဲ၊ ပြောမှာသာ ပြောစမ်းပါ၊ ငါ မင်းအတွက် လက်စားချေပေးမယ်”
လုံဟောင်ဟာ တိတ်ဆိတ်ဂိုဏ်းကို ကာကွယ်ဖို့ အမြဲတမ်း ကတိပေးခဲ့ပါတယ်။ နောက်ပြီး ပဋိပက္ခကောင်းကင်ခွေးရဲ့ အခြေအနေက တော်တော်လေး သနားစရာကောင်းတဲ့အတွက် အခုလို မေးလိုက်ရခြင်း ဖြစ်ပါတယ်။
“ထားလိုက်ပါတော့... မလိုတော့ပါဘူး...” ပဋိပက္ခကောင်းကင်ခွေးဟာ ခေါင်းခါလိုက်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ပဋိပက္ခကောင်းကင်ခွေးဟာ တော်တော်လေး ကြောက်ရွံ့နေတယ်ဆိုတာ ထင်ရှားပါတယ်။
ဒီအဖြစ်ကြောင့် လူတိုင်းဟာ ဘာဖြစ်ခဲ့တာလဲ ပိုသိချင်သွားပါတယ်။
ပဋိပက္ခကောင်းကင်ခွေးဟာ သူ့ဘေးနားကလူတွေကို ကြည့်လိုက်ပြီး ရုတ်တရက် မေးလိုက်ပါတယ် “ရန်ထျန်တုန်းရော... သူ ထပ်ထွက်ပြန်ပြီလား”
လူတိုင်းဟာ ပခုံးတွန့် လက်ဖြန့်ပြီး သူတို့လည်း မသိကြောင်း အမူအရာ ပြလိုက်ပါတယ်။
“ရန်ထျန်တုန်း ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲ ဝင်သွားတာ နှစ်ရာချီပြီ” ဟန်ကျွယ်ရဲ့အသံဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ရုတ်တရက် ထွက်ပေါ်လာပါတယ်။
လူတိုင်းဟာ ကြက်သေသေသွားကြပါတယ် ‘ရန်ထျန်တုန်းက သေသွားပြီလား... သူပြန်မလာတာ အံဩစရာ မရှိတော့ပါဘူး’
“ပဋိပက္ခကောင်းကင်ခွေး အထဲဝင်လာခဲ့ချည်၊ ကျန်တဲ့သူတွေ ဆက်ကျင့်ကြံကြ” ဟန်ကျွယ်အသံဟာ ထပ်မံ ထွက်ပေါ်လာပါတယ်။ ချက်ချင်းဆိုသလိုပဲ ဝူတောက်ကျန့်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်လာပါတယ်။
ပဋိပက္ခကောင်းကင်ခွေးလည်း စိတ်မသက်မသာနဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲ လှမ်းဝင်သွားပါတယ်။ ပဋိပက္ခကောင်းကင်ခွေးဟာ မျက်လုံးမရှိတော့ပေမဲ့ နတ်အာရုံ ရှိနေသေးတာကြောင့် အရာအားလုံးကို ပြတ်သားစွာ သိရှိနိုင်ပါတယ်။
ပဋိပက္ခကောင်းကင်ခွေး ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဝင်သွားတဲ့အခါမှာတော့ တစ်ခြားတပည့်တွေဟာ အချင်းချင်း ဆွေးနွေးကြပါတော့တယ်။
“ပဋိပက္ခကောင်းကင်ခွေးက မျက်စိဖောက်ထုတ်ခံရပြီး ရန်ထျန်တုန်းက သေသွားပြီ”
“အပြင်မှာ ဒီလောက်တောင် အန္တရာယ်များတာလား”
“ဘာလဲ... မယုံဘူးလား၊ မယုံရင် အပြင်ထွက်ကြည့်ပါလား”
ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း။
ပဋိပက္ခကောင်းကင်ခွေးဟာ ဟန်ကျွယ်ရှေ့မှာ ခြေပစ်လက်ပစ် လဲလျောင်းလိုက်ပြီး ဟန်ကျွယ်ကို မော့မကြည့်ရဲပါဘူး။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပဋိပက္ခကောင်းကင်ခွေးရဲ့ မျက်ကွင်းမှာ မျက်လုံး ထပ်မထွက်လာအောင် တားဆီးထားတဲ့ စွမ်းအားတစ်ခုကို ခံစားလိုက်ရလို့ပါပဲ။
“ဒီလိုဖြစ်အောင် ဘယ်သူလုပ်လိုက်တာလဲ”
ပဋိပက္ခကောင်းကင်ခွေးက တစ်ဖက်လူကို အရင်ရန်စတာ မဟုတ်ရင် ဟန်ကျွယ်က ကျိန်းသေပေါက် လက်စားပြန်ချေမှာပါ။ ဒါပေမဲ့ ပဋိပက္ခကောင်းကင်ခွေးဟာ တုံ့ဆိုင်းနေပြီး အတန်ကြာအောင် အသံထွက်မလာပါဘူး။
“ဘာလဲ၊ တစ်ဖက်လူက အင်မော်တယ်ဧကရာဇ်မို့လို့ ငါ အနိုင်မယူနိုင်ဘူးလို့ ထင်နေတာလား” ဟန်ကျွယ်ဟာ ပဋိပက္ခကောင်းကင်ခွေးက ဖမ်းသွားတဲ့လူက စွမ်းအားကြီးပုဂ္ဂိုလ်မို့ အင်မော်တယ်ဧကရာဇ်ဆိုပြီး မှန်းဆလိုက်တာပါ။
ပဋိပက္ခကောင်းကင်ခွေးဟာ အံအားသင့်သွားပြီး ရုတ်တရက် မော့ကြည့်လိုက်ပါတယ် ‘သခင်က ဘယ်လိုလုပ်ပြီး သိနေတာလဲ’
ပဋိပက္ခကောင်းကင်ခွေးရဲ့ စိတ်ထဲမှာ ဟန်ကျွယ်က သေမျိုးကမ္ဘာမှာပဲ စွမ်းအားကြီးပြီး အင်မော်တယ်ကမ္ဘာအကြောင်း နားစွန်နားဖျားပဲ ကြားထားတယ်လို့ ထင်နေပါတယ်။ ပဋိပက္ခခွေးကိုယ်တိုင်လည်း အင်မော်တယ်ကမ္ဘာမှာ အဖမ်းခံရပြီးတော့မှ သေမျိုးကမ္ဘာက ဘယ်လောက်ထိ သေးငယ်လဲဆိုတာ သိသွားတာပါ။ ဒါကြောင့်လည်း ပဋိပက္ခကောင်းကင်ခွေးဟာ သူ့ကို ဘယ်သူလုပ်လိုက်လဲဆိုတာ ထုတ်မပြောရဲတာ ဖြစ်ပါတယ်။
ဒါ့အပြင် တစ်ဖက်လူက အရမ်းစွမ်းအားကြီးနေတဲ့အတွက် ပဋိပက္ခကောင်းကင်ခွေးဟာ မုန်းတောင် မမုန်းရဲရှာပါဘူး။
ဟန်ကျွယ်ဟာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ညလက်ကိုဝှေ့ယမ်းကာ ပဋိပက္ခကောင်းကင်ခွေးရဲ့ မျက်ကွင်းထဲက စွမ်းအားကို ဖယ်ရှားလိုက်ပါတယ်။
[လီရွှမ်အောက်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်တစ်ပွင့်။]
‘လီရွှမ်အောက်... ဘယ်သူလဲဟ’
အံအားသင့်သွားတဲ့ ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကနေ ချက်ချင်းပဲ စစ်ဆေးလိုက်ပါတယ်။
[လီရွှမ်အောက်: ကျင့်ကြံမှုမသိ။ လူသားကျောင်းတောင်၏ ဒုတိယတပည့်ဖြစ်ပြီး မိုးကောင်းကင်တစ်ခွင် လှည့်လည်ကာ ကံတရားအထောက်အပံ့အား စုဆောင်း၏။ သူသည် ရွမ်လိန့်ကျောင်းတော် တစ်ဖန်ပြန်စည်ကားလာအောင် ဦးဆောင်ချင်သူ ဖြစ်သည်။ လီရွှမ်အောက်သည် ပဋိပက္ခကောင်းကင်ခွေး မျက်ကွင်း၌ သူချန်ထားခဲ့သော စွမ်းအားကို သင်ဖယ်ရှားလိုက်၍ သင့်အား စိတ်ဝင်စားလာသည်။ လက်ရှိ မုန်းတီးမှု: ကြယ်တစ်ပွင့်။]
.’အား... စိတ်ဝင်စားလာတာလား... ဒါဆိုရင်လည်း ဘာလို့ မုန်းရတာလဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပြီး ကောင်းကင်ဧကရာဇ် ပြောခဲ့တဲ့စကားကို သတိပြန်ရသွားပါတယ်။
‘ရွမ်လိန့်ကျောင်းတော်ရဲ့ တပည့်နှစ်ယောက်က ကောင်းကင်ဘဝဂ်ကျင့်ကြံသူတောင် ဖြစ်ခါနီးပြီဆိုတော့ သူတို့က အနိမ့်ဆုံး နတ်မင်းအဆင့်တော့ ရှိမှာပဲ’
ဟန်ကျွယ်ဟာ သောကရောက်သွားပါတယ်။ ပဋိပက္ခကောင်းကင်ခွေးကလည်း သူ ဘာဖြစ်ခဲ့တယ်ဆိုတာ တစ်ခွန်းမ မဟပါဘူး။
“မင်း မပြောချင်လည်းနေ... သွားကျင့်ကြံတော့၊ အခုအချိန်ကစပြီး မင်းကို အပြင်ထွက်ခွင့် မပြုဘူး”
ပဋိပက္ခကောင်းကင်ခွေးဟာ သက်ပြင်းချလိုက်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ တစ်ချိုးတည်း ပြေးထွက်သွားပါတယ်။
ဟန်ကျွယ်ကတော့ ဆက်ကျင့်ကြံအားထုတ်ပါတယ်။
အဲဒီအချိန်ကစပြီး ပဋိပက္ခကောင်းကင်ခွေးဟာ လုံးဝကို ပြောင်းလဲသွားပါတယ်။ အရင်လို မာနထောင်လွှားခြင်း မရှိတော့ဘဲ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ပါတယ်။ ငရဲကြက်နက်က ဘယ်လောက်ဆဲဆဲ အပြုံးမပျက်တော့ပါဘူး။ ကြည့်ရတာ ဒီတစ်ခေါက်တော့ ပဋိပက္ခကောင်းကင်ခွေးဟာ တကယ် အသိတရား ရသွားပုံပါပဲ။
ဒီလိုနဲ့ ဆယ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပြီး လူဆိုးပြုံး ပြုံးလိုက်ပါတယ်။
‘ငါ စောင့်နေရတာ ဆယ်နှစ်ရှိပြီ၊ အခုတော့ အချိန်ကျပြီ’
ဟန်ကျွယ်ဟာ လီရွှမ်အောက်ကို ပထမဆုံး ကျိန်စာတိုက်ပါတယ်။ လီရွှမ်အောက်ကို သေအောင်ကျိန်စာတိုက်ဖို့ဆိုတာ မဖြစ်နိုင်မှန်း ဟန်ကျွယ် သိပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်က လီရွှမ်အောက်ကို စိတ်အနှောင့်အယှက်ပဲ ပေးချင်တာပါ။
‘မင်းကများ ငါ့အိမ်မွေးသားရဲရဲ့ မျက်လုံးကို ဖောက်ထုတ်ရဲတယ်... မင်းနဲ့ငါ ကမ္ဘာမကျေဘူး... မင်းရဲ့ တာအိုနှလုံးသားကို အရင်ဆုံး ဖျက်ဆီးပစ်မယ်’
ဒီလိုနဲ့ တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားလိုက်တာ နှစ် ၃၀ ကြာသွားပါတယ်။ အဲဒီအချိန်မှာတော့ ဟန်ကျွယ်ဟာ အသိပေးချက်တစ်ချက်ကို မြင်လိုက်ရပါတယ်။
[သင့်ကျိန်စာစွမ်းအားကြောင့် သင့်ရန်သူ လီရွှမ်အောက်သည် အတွင်းနတ်ဆိုး ဖြစ်ပေါ်လာသည်။]
ဟန်ကျွယ်ဟာ ပျော်လွန်းတဲ့အတွက် ပါးစပ်တောင် မစေ့နိုင်ပါဘူး။
‘ကောင်းတယ်... အရမ်းကောင်းတယ်၊ အခုအချိန်ကစပြီး မင်းကို ဆယ်နှစ်တိုင်း ကျိန်စာတိုက်ပေးရမယ်’
.....
တောအုပ်တစ်အုပ်အတွင်း။
ဝတ်ရုံဖြူအမျိုးသားတစ်ယောက်ဟာ သစ်ပင်အောက်မှာ ထိုင်နေပါတယ်။ ဒီဝတ်ရုံဖြူအမျိုးသား အသက်လေးဆယ်အရွယ် ရုပ်ရည်ရှိပြီး တည်ငြိမ်တဲ့ မျက်နှာထားရှိပါတယ်။ သူ့နောက်မှာတော့ သစ်သားဓားတစ်ချောင်း ပေါလောမျောနေပါတယ်။
ဒီဝတ်ရုံဖြူအမျိုးသားကတော့ ရွမ်လိန့်ကျောင်းတော်ရဲ့ ဒုတိယတပည့် လီရွှမ်အောက်ပဲ ဖြစ်ပါတယ်။
ဒီအချိန်မှာပဲ လီရွှမ်အောက်ဟာ မျက်မှောင်ကြုတ်သွားပြီး မျက်ခုံးနှစ်ဖက်အကြားမှာ သတ်ဖြတ်ရောင်ဝါ ထွက်လာပါတယ်။ လီရွှမ်အောက်ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ဒေါသသံနဲ့ ပြောလိုက်ပါတယ် “မင်းတော်တော် လွန်လာပြီ၊ ငါ့ကို ရှာမတွေ့စေနဲ့၊ မဟုတ်လို့ကတော့....”
လီရွှမ်အောက်ဟာ ခဏခဏ ကျိန်စာတိုက်ခံရတဲ့အတွက် အိပ်မက်ဆိုး မက်နေရသလိုပဲ။ ဒီထက်ပိုပြီး မုန်းဖို့ကောင်းတာက သူ့ကို ဘယ်သူကျိန်စာတိုက်နေလဲဆိုတာ တွက်ချက်မရတာပါ။
“ဂိုဏ်းတူညီလေး.. ကျင့်ကြံရတာ အဆင်မပြေဘူးလား”
သာယာပျော့ပျောင်းတဲ့ အသံတစ်သံ ထွက်ပေါ်လာပြီး မရေမတွက်နိုင်တဲ့ သစ်ရွက်တွေဟာ လီရွှမ်အောက်ရှေ့မှာ စက်ဝိုင်းပုံလှည့်ပတ်ကာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။ ဒီရုပ်သွင်ဟာ အစိမ်းရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ခါးမှာ ဓားတစ်လက် ချိတ်ဆွဲထားပါတယ်။ နဖူးမှာလည်း အစိမ်းရောင်နဖူးစည်းကို စည်းထားပြီး ချောမောတဲ့မျက်နှာ ရှိပါတယ်။
လီရွှမ်အောက်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “မင်း ဒီကို ဘာလာလုပ်တာလဲ”
ဒီရုပ်သွင်က တစ်ခြားသူ မဟုတ်ပါဘူ။ ရွမ်လိန့်ကျောင်းတော်ရဲ့ တပည့်ကြီး လီတောက်ခုံးပဲ ဖြစ်ပါတယ်။ လီတောက်ခုံးဟာ ပြုံးလိုက်ပါတယ် “အနန္တကပ်ဘေး စတော့မယ်၊ မင်း ကပ်ဘေးထဲ ဝင်မှာကို စိုးရိမ်လို့ ရောက်လာတာ”
လီရွှမ်အောက်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “ဝင်ပါတော့ရော ဘာဖြစ်လဲ၊ ငါသေရင် မင်းလည်း သေရမှာမို့ ကြောက်နေတာလား”
“ကောင်စုတ်လေး... မင်းက ငါကို ဘာလို့ ဒီလိုတွေးရတာလဲ”
“လူကောင်းယောင် ဆောင်မနေနဲ့၊ တစ်ခြားသူတွေက မင်းအကြောင်း မသိရင်နေမယ်၊ ငါကတော့ မင်းအကြောင်း ကောင်းကောင်းသိတယ်”
လီတောက်ခုံးဟာ ပြုံးလိုက်ပြီး ဘာမှမပြောပါဘူး။ အဲဒီနောက် လီရွှမ်အောက်ကို စိုက်ကြည့်ပြီး ရုတ်တရက် မျက်လုံးကျဉ်းသွားပါတယ် “မင်း ကျိန်စာတိုက်ခံထားရတာလား”
လီရွှမ်အောက်ရဲ့ မျက်နှာဟာ ချက်ချင်းဆိုသလို ရှက်သွားပါတယ် “မင်းကိစ္စ ဘာမှ မပါဘူး”
လီတောက်ခုံးဟာ ညာလက်မြှောက်ပြီး လီရွှမ်အောက်ဆီ ညွှန်လိုက်ပါတယ်။
လီရွှမ်အောက်ဟာ လက်မြှောက်ပြီး ဟန့်တားဖို့ ကြိုးစားလိုက်ပေမဲ့ မမီလိုက်ပါဘူး။ လီရွှမ်အောက်ရဲ့ ဝတ်ရုံဟာ လေထဲမှာ တလူးလူးခတ်သွားပြီး မျက်ခုံးမွေးကြားထဲက သတ်ဖြတ်ရောင်ဝါလည်း လွင့်ပါးပျောက်ကွယ်သွားပါတယ်။
‘သူ့ကျင့်ကြံမှုက တိုးလာပြန်ပြီလား’ လီရွှမ်အောက်ဟာ မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲမှာ မခံချိမခံသာ ဖြစ်သွားပါတယ်။ လီရွှမ်အောက်ဟာ သူ့ဂိုဏ်းတူအစ်ကိုကို အမြဲတမ်း ကျော်တက်ချင်နေခဲ့တာပါ။ ဒါပေမဲ့ ကျော်မတက်နိုင်တဲ့အပြင် နှစ်ယောက်ကြားက အကွာအဝေးဟာ တဖြည်းဖြည်း ပိုကျယ်လာပါတယ်။
‘ငါတို့က ကျင့်ကြံမှုအဆင့်တူရဲ့သားနဲ့ စွမ်းအားချင်းယှဉ်ရင် ဘာလို့ ဒီလောက်တောင် ကွာနေရတာလဲ’
“ကောင်းကင်ဧကရာဇ်က ငါ့ကို ကောင်းကင်ရုံးတော်မှာ တာအိုဟောကြားဖို့ ဖိတ်ထားတယ်၊ ဒီအတောအတွင်း အပြင်မထွက်နဲ့၊ မဟုတ်ရင် တစ်ခြားသူတွေ အသုံးချတာခံရပြီး အနန္တကပ်ဘေးကို ပထမဆုံး ရင်ဆိုင်ရလိမ့်မယ်” လီတောက်ခုံးက အလေးအနက် မှာကြားလိုက်ပါတယ်။
လီရွှမ်အောက်က ဒေါသတကြီး ပြန်ပြောပါတယ် “မင်းက ငါ့ကို ငတုံးလို့ ထင်နေတာလား၊ နောက်ပြီး ဒီအင်မော်တယ်ကမ္ဘာမှာ ဘယ်နှယောက်ကများ ငါ့ကို ယှဉ်နိုင်လို့လဲ”
“မင်း ဒီနှစ်ထဲ မကြာခဏ ကျိန်စာတိုက်ခံရလို့ အတွင်းနတ်ဆိုးတောင် ဖြစ်နေပြီ၊ မင်းပုံကိုကြည့်ရသလောက် တစ်ဖက်လူက ဘယ်သူလဲဆိုတာ မသိသေးဘူးမလား”
လီတောက်ခုံးရဲ့ စကားကြောင့် လီရွှမ်အောက်ဟာ မျက်နှာတစ်ခုလုံး မည်းမှောင်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။