တိတ်ဆိတ်ဂိုဏ်းမှ အင်မော်တယ်ဧကရာဇ်များ
Vol. 23 Ch. 276
“အင်း... တက်လေ” ဟန်ကျွယ်ဟာ သာမန်ကာလျှံကာ ပြန်ဖြေလိုက်ပါတယ်။ ဝတ်ရုံဖြူဗုဒ္ဓကို ဝီရိယတောင်ထဲ ဝင်ခွင့်ပြုတာကလည်း ဧကရာဇ်အဆင့် ရောက်တော့မယ်မှန်းသိလို့ ငရဲနက်နတ်ဆိုးသခင်ကိုသုံးပြီး ခြိမ်းခြောက်ချင်တာကြောင့်ပါ။
ဝတ်ရုံဖြူဗုဒ္ဓက ဆက်ပြောပါတယ် “ထုန်ကျန့်ကမ္ဘာ မထိခိုက်အောင် ကျွန်တော် ဟင်းလင်းပြင်မှာ ကောင်းကင်စမ်းသပ်မှုကို ဖြတ်ကျော်ဖို့ ပြင်ဆင်ထားတယ်၊ ဒါပေမဲ့ ကျွန်တော် စိုးရိမ်တာက....”
ဟန်ကျွယ်က ဖြတ်ပြောလိုက်ပါတယ် “အင်မော်တယ်ဧကရာဇ် ဖြစ်လာဖို့သာ အကောင်းဆုံးကြိုးစားချည်၊ မင်း ထုန်ကျန့်ကမ္ဘာကနေ မခွာဘူးဆိုရင် ကျန်တဲ့ကိစ္စတွေ ငါ ဖြေရှင်းနိုင်တယ်”
ဝတ်ရုံဖြူဗုဒ္ဓဟာ ကျေနပ်အံအားသင့်သွားပြီး ဟန်ကျွယ်ကို ချက်ချင်း ရှိခိုးလိုက်ပါတယ်။
“နောက်ကျရင် မင်းက တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ပဲ၊ မင်း လက်ခံလား” ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓဟာ ချက်ချင်းပဲ ကတိပေးလိုက်ပါတယ် “အခုအချိန်ကစပြီး ကျွန်တော်က တိတ်ဆိတ်ဂိုဏ်းတပည့်ပဲ၊ ဗုဒ္ဓဂိုဏ်းပဲဖြစ်ဖြစ် ချန်ကျောင်းတော်ပဲဖြစ်ဖြစ် တိတ်ဆိတ်ဂိုဏ်းကို ရန်စရင် သူတို့က ကျွန်တော့်ရန်သူပဲ”
ဟန်ကျွယ်ဟာ ကျေနပ်စွာပြုံးလိုက်ပြီး ထွက်သွားဖို့ အချက်ပြလိုက်ပါတယ်။ ဝတ်ရုံဖြူဗုဒ္ဓသာ အင်မော်တယ်ဧကရာဇ် ဖြစ်လာမယ်ဆိုရင် တိတ်ဆိတ်ဂိုဏ်းမှာ ဟန်ကျွယ်အပြင် အင်မော်တယ်ဧကရာဇ်နှစ်ပါး ရှိသွားပါပြီ။ ဒီအင်အားက အင်မော်တယ်ကမ္ဘာမှာ ထိပ်တန်းစာရင်းဝင်နေပါပြီ။
ဟန်ကျွယ်ဟာ ထုန်ကျန့်ကမ္ဘာနားက ထိပ်သီးကျင့်ကြံသူတွေကို စစ်ဆေးလိုက်တဲ့အခါမှာ ဘာရန်သူမှ မတွေ့ရပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ စိတ်အေးလက်အေး ဆက်ကျင့်ကြံအားထုတ်ပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓဟာ ဟင်းလင်းပြင်ဆီ ဦးတည်ပြီး တရားစထိုင်ပါတယ်။ ဝတ်ရုံဖြူဗုဒ္ဓဟာ ကောင်းကင်စမ်းသပ်မှုကို ချက်ချင်း မဖြတ်ကျော်ဘဲ လိုအပ်တာတွေကို အချိန်အတော်လေးကြာအောင် ပြင်ဆင်ပါတယ်။
ဒီလိုနဲ့ လေးငါးလ အကြာမှာတော့ တိထိုက်ပိုင်ဟာ ကောင်းကင်တာအိုတိုကင်ကနေ ဟန်ကျွယ်ကို ဆက်သွယ်လာပါတယ်။
ဟန်ကျွယ်ရဲ့ နတ်အာရုံက ဘာမှမပြောခင်မှာဘဲ တိထိုက်ပိုင်က အရင်ဦးအောင် ပြောလိုက်ပါတယ် “တစ်ခုခုမှားနေပြီ၊ နတ်ရွှေကျီးမျိုးနွယ်စုက နတ်ဆိုးရုံးတော်ကို ထောက်ပံ့ပြီး ကောင်းကင်ရုံးတော်လက်အောက်က သေမျိုးကမ္ဘာတွေကို မီးလောင်တိုက်သွင်းနေတယ်၊ အခုဆိုရင် သေမျိုးကမ္ဘာ ဆယ်ကမ္ဘာကျော်ကျော် ဖျက်ဆီးခံလိုက်ရပြီ၊ မင်း ဂရုစိုက်မှရလိမ့်မယ်၊ အဆင်မပြေဘူးလို့ထင်ရင် ကောင်းကင်ရုံးတော်ကို ချက်ချင်းတက်လာခဲ့”
‘နတ်ရွှေကျီးမျိုးနွယ်စုလား’
ဟန်ကျွယ်က တအံတဩ ပြန်မေးလိုက်ပါတယ် “နတ်ဆိုးရုံးတော်နဲ့ နတ်ရွှေကျီးမျိုးနွယ်စု ပူးပေါင်းအင်အားက အနန္တကမ္ဘာကို ထင်တိုင်းကြဲနိုင်လို့လား”
တိထိုက်ပိုင်က မတက်နိုင်တဲ့လေသံနဲ့ ပြောလိုက်ပါတယ် “အင်မော်တယ်ကမ္ဘာရဲ့ မျိုးနွယ်စုတော်တော်များများက နတ်ဆိုးမျိုးနွယ်စုစာရင်းဝင်တယ်၊ နတ်ဆိုးအရေအတွက် လူသားတွေထက် အဆအများကြီးပိုတယ်၊ နောက်ပြီး နတ်ဆိုးဧကရာဇ်က ဒီလောက်များတဲ့ မျိုးနွယ်စုတွေကို စုရုံးနိုင်လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး၊ ကြည့်ရတာ နတ်ဆိုးဧကရာဇ်က ဒီဟာကို အစောကြီကတည်းက ကြံစည်ထားခဲ့ပုံပဲ”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နတ်ရွှေကျီးမျိုးနွယ်စုက အရမ်းအင်အားကြီးလို့ပါပဲ။ ပြီးခဲ့တစ်ခေါက်တုန်းကလည်း နတ်ရွှေကျီးမျိုးနွယ်စုဟာ ရှန်နန်းတော်ကို တိုက်ခိုက်ပြီး အနိုင်ပိုင်းနိုင်ခဲ့ပါတယ်။
ဟန်ကျွယ်ဟာ သူ့ရွှေကျီးနှစ်ကောင်ရဲ့ အမေ သိဟုန်ယဲ့ကို တွေးမိသွားပါတယ် ‘ငါ ဒီရွှေကျီးနှစ်ကောင်ကို အသုံးချပြီး တိုက်ခိုက်မှုကို ရှောင်လွှဲလို့ရရင် သိပ်ကောင်းမှာပဲ’
“စီနီယာရဲ့ သတိပေးမှုအတွက် ကျေးဇူးပါပဲ၊ ကျွန်တော် ထုန်ကျန့်ကမ္ဘာကို ကာကွယ်ဖို့ လိုသေးတယ်ဆိုတော့ ဘုံပျံတက်ဖို့က မဖြစ်နိုင်သေးပါဘူး”
ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်ကို ဒီတစ်သက် မသွားဘူးလို့ ဆုံးဖြတ်ထားပါတယ်။ ကောင်းကင်ရုံးတော်မှာ နာမည်ကြီးတာက အပြင်က ရန်သူကို လက်ယပ်ခေါ်ရုံတင်မက အတွင်းကလည်း မနာလိုသူတွေကိုပါ အကောက်ကြံစေနိုင်ပါတယ်။
“ဒါဆို မင်း ဂရုစိုက်မှရလိမ့်မယ်၊ အရှင်မင်းကြီးက ကောင်းကင်ရုံးတော်ကနေ ထွက်သွားတယ်၊ ဘယ်အချိန် ပြန်လာမလဲ ငါလည်း မသိဘူး၊ ဟင်း... ဒါပဲ” တိထိုက်ပိုင်ဟာ နတ်အာရုံကို ချက်ချင်း ဖြတ်တောက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ် ထွက်သွားတာကို ကြားလိုက်ရတဲ့အတွက် မစိုးရိမ်ဘဲ မနေနိုင်ပါဘူး ‘တစ်ခုခုများ ဖြစ်သွားလို့လား’ ဟန်ကျွယ်ဟာ စာအိတ်တွေကို ချက်ချင်း စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် သင့်မိတ်ဆွေ သိဟုန်ယဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ထိုက်စုတျန်သည် ပုကျုံးနတ်တောင်သို့ ရောက်ရှိသွားသည်။]
[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် ကောင်းကင်စစ်သူကြီးတစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားသော်လည်း လီရွှမ်အောက်၏ ကယ်တင်ခြင်းကို ခံလိုက်ရသည်။]
[သင့်မိတ်ဆွေ ပန်ရှင်းသည် စွမ်းအားကြီးပုဂ္ဂိုတစ်ပါး၏ လက်ချက်ဖြင့် အဆုံးမဲ့ငရဲသို့ ကျရောက်သွား၏။]
[သင့်မြေးတပည့် မုရုံချီသည် အင်မော်တယ်ကမ္ဘာမှ ထွက်ခွာသွားသည်။]
[သင့်တပည့်စုချီသည် အင်မော်တယ်ကမ္ဘာမှ ထွက်ခွာသွားသည်။]
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇
‘ကောင်းကင်ဧကရာဇ်က တကယ် တိုက်ခိုက်ခံရတာပဲ၊ ရှန်စစ်သူကြီးကလည်း သိဟုန်ယဲ့ တိုက်ခိုက်တာ ခံရတယ်၊ နတ်ဆိုးရုံးတော်က ကောင်းကင်ရုံးတော်ကို ပစ်မှတ်ထားနေတာလား’
‘ရှန်နန်းတော်နဲ့ ဗုဒ္ဓဂိုဏ်းက ဘာလို့ မလှုပ်ရှားကြသေးတာလဲ’
ဟန်ကျွယ် ဆက်ဖတ်ကြည့်တဲ့အခါမှာ ဓားနတ်ဧကရာဇ်က နတ်ဆိုးမျိုးနွယ်စုရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားတာကို တွေ့လိုက်ရပါတယ်။
‘ရှန်နန်းတော်လည်း အတိုက်ခိုက်ခံရတာပဲ၊ ဒါဆို တော်သေးတယ်’ ဟန်ကျွယ်ဟာ နတ်ဆိုးမျိုးနွယ်စုနဲ့ နတ်ရွှေကျီးမျိုးနွယ်စုက ကောင်းကင်ရုံးတော်ကို ဝိုင်းတိုက်မှာ ကြောက်နေတာပါ။ ဒီလိုဆိုရင် ကောင်းကင်ဧကရာဇ်မရှိတဲ့ ကောင်းကင်ရုံးတော်က ကြာကြာတောင့်ခံနိုင်မှာ မဟုတ်ပါဘူး။
‘အန္တရာယ် တော်တော်များတာပဲ၊ ဒါက အနန္တကပ်ဘေးလား’
‘ငါသာ ကောင်းကင်ဘဝဂ်ကျင့်ကြံသူဆိုရင် ဒီလောက်ထိ စိုးရိမ်နေရမှာ မဟုတ်ဘူး’
‘ငါ တော်တော် အားနည်းနေသေးတာပဲ’
ဟန်ကျွယ်ဟာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ကာ ဆက်လက်ကျင့်ကြံပါတယ်။
ဒီလိုနဲ့ ရှစ်နှစ်ကြာတဲ့အခါမှာတော့ ဝတ်ရုံဖြူဗုဒ္ဓဟာ ကောင်းကင်စမ်းသပ်မှုကို စတင် ဖြတ်ကျော်ပါတယ်။ အင်မော်တယ်ဧကရာဇ်ရဲ့ ကောင်းကင်စမ်းသပ်မှုက အရမ်းကို ကြောက်မက်ဖို့ကောင်းတာပါ။ ထုန်ကျန့်ကမ္ဘာရှိနေတဲ့ သာမန်သက်ရှိတွေတောင် ကောင်းကင်စမ်းသပ်မှုရဲ့ ကြောက်မက်ဖွယ်စွမ်းအားကို ခံစားနိုင်ကြပါတယ်။
အင်မော်တယ်ဧကရာဇ် ကောင်းကင်စမ်းသပ်မှု စက်ဝန်းက ထုန်ကျန့်ကမ္ဘာထက်တောင် ကျယ်ပြန့်ပါသေးတယ်။ ကံကောင်းတာတစ်ခုက ကောင်းကင်စွမ်းအားဟာ သေမျိုးကမ္ဘာက သက်ရှိတွေကို စိတ်မသက်မသာဖြစ်စေရုံတင်ပါ။ မဟုတ်ရင် တွေးရဲစရာတောင် မရှိပါဘူး။
ဟန်ကျွယ်ဟာ ဟင်းလင်းပြင်ကို လှမ်းကြည့်ပြီး ဆွံအသွားပါတယ် ‘ဒါက အင်မော်တယ်ဧကရာဇ် ကောင်းကင်စမ်းသပ်မှုလား... တော်တော်ကြောက်ဖို့ကောင်းတာပဲ၊ ဒီစွမ်းအားက အင်မော်တယ်ဧကရာဇ် ပထမအဆင့်တောင် တောင့်ခံနိုင်ဖို့ မလွယ်ဘူး၊ ကြည့်ရတာ ဝတ်ရုံဖြူဗုဒ္ဓတော့ ခံစားရတော့မှာပဲ’
‘အင်မော်တယ်ဧကရာဇ်ရဲ့ ကောင်းကင်စမ်းသပ်မှုက တော်တော်ကျယ်ပြန့်တာပဲ၊ စွမ်းအားကြီးပုဂ္ဂိုလ်ကို ဆွဲဆောင်မိရင်တော့ သွားပြီ’
ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓဟာ ရန်သူအများကြီးမရှိဖို့ ဆုတောင်းလိုက်ပါတယ်။ ဒီလိုနဲ့ နှစ်ဝက်ကြာသွားပေမဲ့ ကောင်းကင်စမ်းသပ်မှုက မပြီးဆုံးသေးပါဘူး။
ဒီအချိန်မှာ လူနှစ်ယောက်ဟာ ဟင်းလင်းပြင်ရဲ့ တစ်ဖက်စွန်းကနေ ပျံသန်းလာကြပါတယ်။ သူတို့နှစ်ယောက်ကတော့ မုရုံချီနဲ့ စုချီပါ။
မုရုံချီနဲ့ စုချီဟာ သေမျိုးကမ္ဘာကို ဆင်းသက်ပြီး ထုန်ကျန့်ကမ္ဘာဆီ ပြန်လာတဲ့လမ်းမှာ တွေ့ဆုံခဲ့တာကြောင့် အတူတူပြန်လာတာ ဖြစ်ပါတယ်။
“ရှေ့မှာ တစ်ယောက်ယောက်က ကောင်းကင်စမ်းသပ်မှုကို ဖြတ်ကျော်နေတယ်” မုရုံချီက ရုတ်တရက် လက်မြှောက်ပြီး စုချီကို ဟန့်တားလိုက်ပါတယ်။
စုချီလည်း ရပ်တန့်ပြီး လှမ်းကြည့်လိုက်တဲ့အခါမှာ ဟင်းလင်းပြင်ရဲ့ တစ်ဖက်စွန်းက ကြောက်မက်ဖွယ်ကောင်းတဲ့ ကောင်းကင်စမ်းသပ်မှုကို တွေ့လိုက်ရပါတယ်။ မရေမတွက်နိုင်တဲ့ ခရမ်းရောင်လျှပ်စီးတွေဟာ တလက်လက်တောက်နေပြီး ရွှေရောင်လျှပ်စီးတွေကလည်း မကြာမကြာ ပေါ်ထွက်လာတာကြောင့် ရှုမငြီးတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။
“ဒါက ဘယ်အဆင့်လဲ၊ ဒီဖိအားက...” စုချီဟာ မျက်လုံးပြူးသွားပါတယ်။
မုရုံချီလည်း မျက်နှာပျက်သွားပါတယ် “အင်မော်တယ်ဧကရာဇ်... ဒီပုဂ္ဂိုလ်က ဗုဒ္ဓဂိုဏ်းရဲ့ ဝတ်ရုံဖြူဗုဒ္ဓပဲ”
စုချီဟာ ရင်ထိတ်သွားပါတယ် “အင်မော်တယ်ဧကရာဇ်က ဒီနေရာမှာ ကောင်းကင်စမ်းသပ်မှုကို ဖြတ်ကျော်နေတယ်ဆိုတော့ သေမျိုးကမ္ဘာကရော ဘာဖြစ်နေပြီလဲ...”
မုရုံချီလည်း စိုးရိမ်စိတ်ဝင်သွားပါတယ်။ ဒါကြောင့် စုချီနဲ့ မုရုံချီဟာ ကောင်းကင်စမ်းသပ်မှုကို ရှောင်ကွင်းပြီး ထုန်ကျန့်ကမ္ဘာထဲ အမြန်ဝင်လိုက်ပါတယ်။ သေမျိုးကမ္ဘာမှာ ဘာကပ်ဘေးမှ မဖြစ်ပေါ်တာ တွေ့လိုက်ရတဲ့အတွက် စုချီနဲ့ မုရုံချီဟာ ဝီရိယတောင်ကို အပြေးသွားကြပါတယ်။
သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံမှုက အတော်လေး မြင့်နေပြီဖြစ်တဲ့အတွက် ဖူစန်းသစ်ပင်အောက်ကို တစ်ခဏချင်း ရောက်ရှိသွားကြပါတယ်။
“ဆရာသခင် ဘယ်မှာလဲ၊ ငါဆရာသခင်ကို တွေ့ချင်တဘ်၊ အင်မော်တယ်ကမ္ဘာတစ်ပါးက အပြင်မှာ ကောင်းကင်စမ်းသပ်မှုကို ဖြတ်ကျော်နေတယ်” စုချီဟာ အမြန်ပြောဆိုပြီး ကျင့်ကြံခြင်းလိုဏ်ဂူဆီ လျှောက်သွားပါတယ်။
မုရုံချီက ရုတ်တရက် လှမ်းဆွဲလိုက်တဲ့အတွက် စုချီက ဒေါသတကြီး မေးလိုက်ပါတယ် “မင်း ဘာလို့ ငါ့ကို ထပ်တားပြန်ပြီလဲ”
မုရုံချီဟာ အသက်ပြင်းပြင်းရှူပြီး ပြောလိုက်ပါတယ် “ဘာမှမဖြစ်ဘူး၊ ဒီမှာ နောက်ထပ် အင်မော်တယ်ဧကရာဇ်တစ်ပါး ရှိနေတယ်”
ဒီတော့မှ စုချီလည်း လှည့်ကြည့်လိုက်တဲ့အခါ ဖူစန်းသစ်ပင်အောက်မှာ ကျင့်ကြံအားထုတ်နေတဲ့ ငရဲနက်နတ်ဆိုးသခင်ကို တွေ့သွားပါတယ်။
ငရဲနက်နတ်ဆိုးသခင်ဟာ မျက်လုံးတစ်ဖက် ဖွင့်လိုက်ပြီး အပြုံးနဲ့ စသလိုနောက်သလို ပြောလိုက်ပါတယ် “ဘယ်သူများလဲလို့... ကျန်းရှနတ်ဧကရာဇ်ကို”
‘တကယ် စစ်နတ်ဘုရားပဲ’
အရင်တုန်းက ရွှင်ချန်အန်းဟာ သူ့တပည့်က စစ်နတ်ဘုရား ပြန်မွေးဖွားတာလို့ ငရဲနက်နတ်ဆိုးသခင်ကို ကြွားခဲ့ပါတယ်။ အဲဒီတုန်းက ငရဲနက်နတ်ဆိုးသခင်ဟာ ရွှင်ချန်အန်းစကားကို မယုံခဲ့ပါဘူး။ စစ်နတ်ဘုရားတိုင်းက အရည်အချင်းရှိတဲ့သူတွေမို့ ရွှင်ချန်အန်းလိုမျိုး သုံးစားမရတဲ့လူဆီမှာ တပည့်ခံဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ကိစ္စပါ။ ဒါပေမဲ့ ဒီနေ့မှာတော့ ရွှင်ချန်အန်းက လေလုံးထွားတာ မဟုတ်မှန်း ငရဲနက်နတ်ဆိုးသခင် သိလိုက်ပါပြီ။
နောက်ပြီး ဒီစစ်နတ်ဘုရားက အင်မော်တယ်ကမ္ဘာကို တုန်လှုပ်စေခဲ့သူပါ။
မုရုံချီဟာ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “ခင်ဗျား ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ”
“ဟမ်... ငါက တိတ်ဆိတ်ဂိုဏ်းထဲ ဝင်လိုက်ပြီ” ငရဲနက်နတ်ဆိုးသခင်ဟာ ဝင့်ကြွားစွာ ပြောလိုက်ပါတယ်။
မုရုံချီ စစ်နတ်ဘုရား ဘဝမှာတုန်းက ငရဲနက်နတ်ဆိုးသခင်ဟာ မုရုံချီကို မော့ကြည့်ခဲ့ရတာပါ။ ဒါပေမဲ့ နှစ်တွေလည်း ကြာပြီဖြစ်တဲ့အတွက် မုရုံချီက ပြန်မွေးဖွားပြီး ပြန်ကျင့်ကြံသလို သူကလည်း နတ်ဆိုးရုံးတော်ရဲ့ နတ်ဆိုးသခင် ဖြစ်နေခဲ့ပါပြီ။
အခုတော့ ငရဲနက်နတ်ဆိုးသခင်ဟာ နတ်ဆိုးရုံးတော်ရဲ့ နတ်ဆိုးသခင် မဟုတ်တော့ပါဘူး။ တိတ်ဆိတ်ဂိုဏ်းသား ဖြစ်နေပါပြီ။
စုချီဟာ ကြက်သေသေသွားပါတယ် ‘အင်မော်တယ်ဧကရာဇ်က တိတ်ဆိတ်ဂိုဏ်းထဲ ဝင်လာတာလား’
မုရုံချီက ဆက်မေးပါတယ် “ဝတ်ရုံဖြူဗုဒ္ဓကလည်း တိတ်ဆိတ်ဂိုဏ်းထဲ ဝင်လိုက်ပြီလား”
ငရဲနက်နတ်ဆိုးသခင်ဟာ နှာခေါင်းရှုံ့ပြီး ပြောလိုက်ပါတယ် “အင်း...” ငရဲနက်နတ်ဆိုးသခင်ဟာ ဝတ်ရုံဖြူဗုဒ္ဓကို နည်းနည်းမှ အထင်မကြီးပါဘူး။
မုရုံချီနဲ့ စုချီဟာ ငရဲနက်နတ်ဆိုးသခင်ရဲ့ အဖြေကြောင့် အံဩတကြီး ဖြစ်ကုန်ကြပါတယ် ‘နှစ်ဘယ်လောက်ရှိလို့ တိတ်ဆိတ်ဂိုဏ်းမှာ အင်မော်တယ်ဧကရာဇ်နှစ်ယောက် ရှိလာရတာလဲ၊ နေအုန်း... အင်မော်တယ်ဧကရာဇ်ကိုတောင် ဆွဲဆောင်နိုင်တယ်ဆိုတော့ ဆရာသခင်က ဘယ်လောက်ထိတောင် စွမ်းအားကြီးနေတာလဲ’
“ဝင်လာခဲ့” ဟန်ကျွယ်ရဲ့အသံဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်ပေါ်လာပါတယ်။
စုချီနဲ့ မုရုံချီလည်း ကျင့်ကြံခြင်းလိုဏ်ဂူထဲ အမြန်ဝင်လိုက်ပြီး ဟန်ကျွယ်ရှေ့မှာ ဒူးထောက်လိုက်ပါတယ်။
ဝူတောက်ကျန့်ဟာ စုချီနဲ့ မုရုံကိုကြည့်ပြီး ပဟေဠိ ဖြစ်သွားပါတယ် ‘ဒီနှစ်ယောက်က ဘုံပျံတက်သွားတာမလား၊ ဘာဖြစ်လို့ ပြန်ဆင်းလာတာလဲ’
ဟန်ကျွယ်က မေးလိုက်ပါတယ် “ကပ်ဘေးက တော်တော်ကြီးလာလို့လား”
မုရုံချီဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... ကျွန်တော်က တိတ်ဆိတ်ဂိုဏ်းကို စိုးရိမ်လို့ ပြန်လာတာ၊ ဒါပေမဲ့ အခုကြည့်ရသလောက် တိတ်ဆိတ်ဂိုဏ်းက ကျွန်တော်ရဲ့ ကာကွယ်မှု မလိုအပ်ဘူးပဲ”
စုချီက ရယ်မောပြီး ပြုံးလိုက်ပါတယ် “ကျွန်တော်ကတော့ ကာကွယ်ဖို့ ပြန်လာတာ မဟုတ်ပါဘူး၊ ကာကွယ်ခံဖို့ ပြန်လာတာပါ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။