ငရဲနက်ဖီးနစ်မျိုးနွယ်စု တိတ်ဆိတ်ဂိုဏ်းထဲ ဝင်ခြင်း
Vol. 23 Ch. 277
ဟန်ကျွယ်ဟာ စုချီကိုကြည့်ပြီး တိတ်ဆိတ်သွားပါတယ်။ ဟန်ကျွယ်ဟာ အင်မော်တယ် ဧကရာဇ်အဆင့်ကို တက်လှမ်းပြီးနောက်ပိုင်းမှာ ကြမ္မာဆိုးတည်ရှိမှုကို ခံစားနိုင်လာပါတယ်။
‘ဒီကောင်ရဲ့ ကြမ္မာဆိုးက ငါ့တွေ့ဖူးသမျှထဲမှာ အားအကောင်းဆုံးပဲ’
ကြမ္မာဆိုးနဲ့ အကုသိုလ်ကံက မတူပါဘူး။ အကုသိုလ်ကံက ကြောက်ဖို့ကောင်းတယ်ဆိုပေမဲ့ ကြမ္မာဆိုးကိုတော့ မမီသေးပါဘူး။
စုချီဟာ ဟန်ကျွယ်ရဲ့အကြည့်ကြောင့် ပျော့ခွေသွားပါတယ် ‘ဆရာသခင်က ငါ့ကို သဘောမကျလို့များလား၊ ဒါဖြစ်နိုင်တယ်၊ ဆရာသခင်က ငါ့ကို ရှန်နန်းတော်ဆီ စေလွှတ်လိုက်တာကို ငါကလည်း ပြန်ပြေးလာတာကို’
“ဆရာသခင် ကျွန်တော်က အသုံးမကျပါဘူး၊ ကျေးဇူးပြုပြီ အပြစ်ပေးပါ” စုချီက ပြောလိုက်ပါတယ်။
စုချီရဲ့အသံကြောင့် ဟန်ကျွယ်ဟာ သတိပြန်ဝင်လာပြီး ပြောလိုက်ပါတယ် “ရတယ်၊ နောက်ကျရင် ဝီရိယတောင်မှာပဲနေပြီး ကျင့်ကြံအားထုတ်ချည်၊ အနန္တကပ်ဘေးက လာနေပြီ၊ ဒါကြောင့် တိတ်ဆိတ်ဂိုဏ်းတစ်ဂိုဏ်းလုံး ဒီကပ်ဘေးကို ကြိုးစားရှောင်တိမ်းသင့်တယ်”
စုချီဟာ ခေါင်းညိတ်လိုက်ပါတယ်။
မုရုံချီက သိချင်စိတ်ကို မမြိုသိပ်နိုင်ဘဲ မေးလိုက်ပါတယ် “ဆရာဘိုးဘိုး... ငရဲနက်နတ်ဆိုးသခင်နဲ့ ဝတ်ရုံဖြူဗုဒ္ဓက တိတ်ဆိတ်ဂိုဏ်းထဲဝင်တာ ရိုးရောရိုးရဲ့လား”
“အချိန်က ပြောပြပါလိမ့်မယ်၊ စောင့်ကြည့်ကြတာပေါ့၊ ဒါပေမဲ့ သူတို့တွေ ထုန်ကျန့်ကမ္ဘာမှာ စိတ်ထင်တိုင်း မလုပ်ရဲပါဘူး”
မုရုံချီဟာ ဟန်ကျွယ်ကို အတော်လေး ကြည်ညိုလေးစားသွားပါတယ် ‘ဆရာဘိုးဘိုးက ဘယ်လောက်တောင် စွမ်းအားကြီးနေတာလဲ၊ အင်မော်တယ်ဧကရာဇ် နဝမအဆင့်လား၊ နတ်မင်းအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်လား ဒါမှမဟုတ် ဒဏ္ဍာရီထဲက ကောင်းကင်ဘဝဂ်ကျင့်ကြသူများလား’
ဟန်ကျွယ်ဟာ မုရုံချီနဲ့ စုချီကို ကျင့်ကြံဖို့နေရာရှာပြီး ကျင့်ကြံအားထုတ်ကြဖို့ ပြောလိုက်ပါတယ်။
တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေဟာ ဖူစန်းသစ်ပင်အောက်မှာ အေးအေးဆေးဆေး ကျင့်ကြံနေကြပေမဲ့ အင်မော်တယ်ကမ္ဘာကတော့ မုန်တိုင်းထန်နေပါပြီ။
စုချီနဲ့ မုရုံချီ ထွက်သွားတဲ့အခါမှာ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထောင့်က ပြန်လည်မွေးဖွားခြင်း လီလီပန်းကို ကြည့်လိုက်ပါတယ်။
ပြန်လည်မွေးဖွားခြင်း လီလီပန်းကို မုန့်ပေါ်က ပေးခဲ့တာပါ။ အစပထမတော့ လီလီပန်းက တစ်ပင်တည်းဆိုပေမဲ့ ဒီနှစ်အတောအတွင်းမှာ နောက်ထပ်လေးငါးပင် ထပ်ပေါက်လာပါတယ်။ ဒီအတိုင်းဆိုရင် ပြန်လည်မွေးဖွားခြင်း လီလီပန်းက နောက်ထပ်လည်း ပန်းပင်အများကြီး ထပ်ပေါက်ဖို့ အလားအလာ ရှိနေပါတယ်။
ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း လီလီပန်းကို နတ်အာရုံနဲ့ စစ်ဆေးကြည့်ရှုလိုက်တဲ့အခါမှာ ပြန်လည်မွေးဖွားခြင်း လီလီပန်းက ယင်ယန်စွမ်းအင်နှစ်မျိုးစလုံး ပါဝင်နေပြီး ငရဲပြည်မှာရော သက်ရှိကမ္ဘာမှာပါ ရှင်သန်နိုင်တာကို တွေ့လိုက်ရပါတယ်။
ပုံမှန်ဆိုရင် သက်ရှိတွေက ငရဲပြည်မှာ မရှင်သန်နိုင်ပါဘူး။ ငရဲပြည်မှာ သရဲတွေနဲ့ ဝိညာဉ်တွေပဲ ရှင်သန်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအချက်ကလည်း အမြဲတမ်း မမှန်ကန်ပါဘူး။ ငရဲပြည်မှာ ဟန်ကျွယ် လျှောက်သွားနေတုန်း သက်ရှိအချို့ကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီသက်ရှိတွေကလည်း လက်တစ်ဆုပ်စာပါ။
ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းကို သွားမယ်ဆိုရင် တိတ်ဆိတ်ဂိုဏ်း တပည့်တွေအတွက် ဘယ်လိုလုပ်သင့်လဲဆိုတာကို စဉ်းစားနေတာပါ။ အင်မော်တယ်ဧကရာဇ် မဟုတ်ဘူးဆိုရင် ငရဲပြည်ရဲ့ စိတ်ဝိညာဉ်ချီကို တောင့်ခံနိုင်ကြမှာ မဟုတ်ပါဘူး။
‘ပြန်လည်မွေးဖွားခြင်း လီလီပန်းက ဒီပြဿနာကို ဖြေရှင်းပေးနိုင်လောက်တယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးတောလိုက်ပါတယ် ‘နေပါအုန်း... ငါက ဘာလို့ တွေးနေရမှာလဲ၊ မေးလိုက်ရင် ပြီးနေတာပဲဟာကို’
ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ငတုံးလို့ ကြိမ်းမောင်းလိုက်ပြီး ငရဲနက်နတ်ဆိုးသခင်ကိုခေါ်ကာ အကျိုးအကြောင်း မေးလိုက်ပါတယ်။
ငရဲနက်နတ်ဆိုးသခင်ဟာ ဟန်ကျွယ်ရဲ့ ဆင့်ဆိုမှုကြောင့် ပထမတော့ ရင်ထိတ်သွားပေမဲ့ မေးခွန်းတစ်ခုမှန်း သိလိုက်ရတဲ့အတွက် ရင်ထဲက အလုံးကြီးကျသွားပါတယ်။
“အဟွတ်... ပြန်လည်မွေးဖွားခြင်း လီလီပန်းက သက်ရှိတွေက ငရဲပြည်မှာ နေနိုင်စေတာ အမှန်ပဲ၊ ဒါပေမဲ့ ဒီလိုလုပ်မယ်ဆိုရင် သူတို့တွေ့ ပြန်မွေးဖွားလို့မရတော့ဘူး”
‘ဪ... ဒီလိုလား...’
ဟန်ကျွယ်က ဆက်မေးပါတယ် “ငါ ငရဲပြည်မှာ တာအိုစက်ကွင်းဖွင့်မလို့၊ အဲဒီလိုဆိုရင် သက်ရှိတွေ ရှင်သန်နိုင်လား”
“ကျွန်တော်တို့တွေ တာအိုစက်ကွင်းကို နည်းနည်းပြင်ဆင်ပြီး အင်မော်တယ်ချီ ဖြည့်မယ်၊ ငရဲပြည်ရဲ့ယင်ချီကို သီးခြားခွဲထုတ်လိုက်မယ်ဆိုရင် သက်ရှိတွေ ရှင်သန်နိုင်ပါတယ်”
“မင်း လုပ်နိုင်လား”
“လုပ်နိုင်ပါတယ်”
“ကောင်းပြီ၊ နောက်ကျရင် ဒီကိစ္စကို မင်းလုပ်ရမယ်”
“ကျွန်တော် ဆရာ့ကို စိတ်မပျက်စေရပါဘူး”
ငရဲနက်နတ်ဆိုးသခင်ရဲ့ ကတိပေးချက်ကြောင့် ဟန်ကျွယ်ဟာ ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် ကျင့်ကြံခြင်းလိုဏ်ဂူတစ်ခုလုံး တိတ်ဆိတ်သွားပါတယ်။ ဟန်ကျွယ်ဟာ ဘာမှထပ်မပြောတော့ဘဲ ငရဲနက်နတ်ဆိုးသခင်ကို ထွက်သွားဖို့ လက်ဟန်ပြလိုက်ပါတယ်။
ငရဲနက်နတ်ဆိုးသခင်ဟာ တစ်စုံတစ်ခုကို ပြောချင်ပေမဲ့ ပြောမထွက်ဖြစ်နေပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ငရဲနက်နတ်ဆိုးသခင်ဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ် “ဆရာ... ကျွန်တော် ငရဲနက်ဖီးနစ်မျိုးနွယ်စုကို ထုန်ကျန့်ကမ္ဘာဆီ ရွှေ့ပြောင်းချင်တယ်၊ ကျွန်တော်မျိုးနွယ်စုမှ ကျွန်တော်က အစွမ်းဆုံးပဲ၊ ကျန်တဲ့သူတွေက နှစ်တစ်သန်း မပြည့်ကြသေးဘူး၊ ဆရာသာ ငရဲပြည်ကိုသွားမယ်ဆိုရင် သူတို့က တိတ်ဆိတ်ဂိုဏ်းကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်”
“ဘာဖြစ်လို့လဲ”
ငရဲနက်နတ်ဆိုးသခင်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... ကျွန်တော်က ဖီးနစ်မျိုးနွယ်စုကလေ၊ ဖီးနစ်မျိုးနွယ်စုက ပြိုကွဲသွားပြီဆိုပေမဲ့ ကျွန်တော့်မျိုးနွယ်စုကိုတော့ ဆက်ပြီး ရှိနေစေချင်သေးတယ်၊ ကျွန်တော်က နတ်ဆိုးရုံးတော်ကို သစ္စာဖောက်ခဲ့တာဆိုတော့ နတ်ဆိုးဧကရာဇ်က ငရဲနက်ဖီးနစ်မျိုးနွယ်စုကို လုံးဝ အလွှတ်ပေးမှာ မဟုတ်ဘူး၊ ဒါကြောင့် နတ်ဆိုးဧကရာဇ် ကလဲ့စားချေဖို့ အချိန်မရခင် ကျွန်တော့်မျိုးနွယ်စုကို နေရာရွှေ့ပြောင်းဖို့လိုတယ်”
“မင်းက ထုန်ကျန့်ကမ္ဘာကနေ ထွက်သွားချင်တာလား”
“မဟုတ်ပါဘူး... မဟုတ်ပါဘူး... ကျွန်တော် ဆန်းကြယ်စွမ်းအားသုံးပြီး သူတို့ကို ဒီခေါ်လို့ ရပါတယ်” ငရဲနက်နတ်ဆိုးသခင်ဟာ ကြောက်လန့်တကြား ပြန်ဖြေပြီး သူ့အရမ်းသစ္စာရှိတဲ့အကြောင်း အာပေါက်အောင် ပြောပါတယ်။
ဟန်ကျွယ်က ပြုံးလိုက်ပါတယ် “ကိုယ့်မျိုးနွယ်စုကို ကာကွယ်တာက ဖြစ်သင့်ပါတယ်လေ၊ ငါက ဘာလို့ တားရမှာလဲ”
“ကျေးဇူးအရမ်းတင်ပါတယ် ဆရာ” ငရဲနက်နတ်ဆိုးသခင်က တအံတဩ ပြောလိုက်ပါတယ်။
[ငရဲနက်နတ်ဆိုးသခင်သည် သင့်အား မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ငါးပွင့်ခွဲ။]
သူ့ရှေ့မှာပေါ်လာတဲ့ စာကြောင်းတွေကိုကြည့်ပြီး ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ်။
တစ်နှစ်ကြာတဲ့အခါမှာတော့ ဝတ်ရုံဖြူဗုဒ္ဓဟာ ကောင်းကင်စမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်ပြီး အင်မော်တယ်ဧကရာဇ် ဖြစ်လာပါတယ်။ ဝတ်ရုံဖြူဗုဒ္ဓ အင်မော်တယ်ဧကရာဇ် ဖြစ်လာတာကြောင့် ထုန်ကျန့်ကမ္ဘာရဲ့ ကံတရား အထောက်အပံ့လည်း တိုးတက်သွားပါတယ်။
ကံတရား အထောက်အပံ့ တိုးတက်သွားမှုကြောင့် ထုန်ကျန့်ကမ္ဘာရဲ့ စိတ်ဝိညာဉ်ချီဟာ ထိုးတက်သွားပြီး ကောင်းကင်ပေါ်ကနေ ရွှေရောင်မိုးရေစက်တွေ ရွာကျလာပါတယ်။ ဒါက ကောင်းကင်တာအိုရဲ့ ကောင်းချီးပေးမှုပါ။
ဝတ်ရုံဖြူဗုဒ္ဓရဲ့ ကံတရား အထောက်အပံ့က ထုန်ကျန့်ကမ္ဘာနဲ့ ဆက်နွှယ်နေတာမို့ ဝတ်ရုံဖြူဗုဒ္ဓ အင်မော်တယ်ဧကရာဇ် ဖြစ်သွားတဲ့အခါ ထုန်ကျန့်ကမ္ဘာကလည်း လိုက်ပြီးတော့ အကျိုးခံစားရတာပါ။ ပြောရမယ်ဆိုရင် သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားတဲ့ စကားပုံလိုမျိုးပါပဲ။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်က ထပ်ပြီးတုန်ခါလာတာကို ခံစားလိုက်ရတာကြောင့် ထုတ်ကြည့်လိုက်တဲ့အခါမှာ ပူပြင်းနေတာကို တွေ့လိုက်ရတဲ့အတွက် လွှင့်ပစ်ပြီး ဆက်လက်ကျင့်ကြံပါတယ်။
ဒီလိုနဲ့ ငါးနှစ်ကြာတဲ့အခါမှာတော့ ထုန်ကျန့်ကမ္ဘာရဲ့ ကံတရား အထောက်အပံ့ တိုးတက်မှုက ရပ်ဆိုင်းသွားပါတယ်။ ကောင်းကင်တာအိုကလည်း ထပ်မံကြီးထွားသွားပြီး မဟာညီညွတ်မှု ကောင်းကင်အင်မော်တယ်ကို သယ်ဆောင်နိုင်သွားပါတယ်။
ဟန်ကျွယ်ဟာ ဒီအဖြစ်ကြောင့် မှင်သက်အံဩသွားပါတယ် ‘အင်မော်တယ်ဧကရာဇ်တစ်ပါးက သေမျိုးကမ္ဘာကို ဒီလောက်တောင် တိုးတက်စေနိုင်တာလား’
“ဆရာ... ကျွန်တော် အောင်မြင်သွားပြီ”
ဟန်ကျွယ်ဟာ စိတ်လှုပ်ရှားမှုတွေ့ ပြည့်နှက်နေတဲ့ ဝတ်ရုံဖြူဗုဒ္ဓရဲ့အသံကို နားထဲမှာ ကြားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ တစ်ခဏတွေးတောလိုက်ပြီး ဟင်းလင်းပြင်ဆီ ခုန်ထွက်ကာ ဝတ်ရုံဖြူဗုဒ္ဓရှေ့မှာ ပေါ်လာပါတယ်။
“မင်းက အဆင့်တက်သွားပြီဆိုတော့ ဘယ်လောက်စွမ်းလဲဆိုတာ မစမ်းသပ်ချင်ဘူးလား” ဟန်ကျွယ်က အပြုံးနဲ့ မေးလိုက်ပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓဟာ ဟန်ကျွယ်မေးခွန်းကြောင့် မျက်ခုံးပင့်တက်သွားပြီးနောက် ပြုံးလိုက်ပါတယ် “စမ်းမယ်လေ”
ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားကို ထုတ်ယူလိုက်ပြီး ဝတ်ရုံဖြူဗုဒ္ဓ တိုက်ခိုက်မှာကို စောင့်နေလိုက်ပါတယ်။
အသက်ရှူကြိမ် ငါးကြိမ် အကြာမှာတော့.....။
ဝတ်ရုံဖြူဗုဒ္ဓက အလောသုံးဆယ် ပြောလိုက်ပါတယ် “ဆရာ ကျွန်တော် အရှုံးပေးပါတယ်၊ ကျွန်တော် အရှုံးပေးပါတယ်”
မျက်စိနဲ့ မြင်နိုင်လောက်တဲ့အထိ ဟင်းလင်းပြင်မှာ မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေ ဝဲပျံနေပြီး အကုန်လုံးက ဝတ်ရုံဖြူဗုဒ္ဓဆီ ဓားဦးလှည့်ထားပါတယ်။ ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့တစ်ခုရဲ့ ချိန်ရွယ်မှုကြောင့် ဝတ်ရုံဖြူဗုဒ္ဓဟာ ဇောချွေးပျံသွားပြီး သေခြင်းတရားရဲ့ အငွေ့အသက်ကို ခံစားလိုက်ရပါတယ်။
ဒါက တိုက်တောင် မတိုက်ခိုက်ရသေးပါဘူး။ ရွယ်ထားရုံပဲ ရှိသေးတာပါ။ ဒီအဖြစ်ကို ကြည့်ခြင်းအားဖြင့် စွမ်အားချင်း ဘယ်လောက်ကွာလဲဆိုတာ သိနိုင်ပါတယ်။
တစ်ချိန်တည်းမှာပဲ ဖူစန်းသစ်ပင်အောက်မှာရှိတဲ့ ငရဲနက်နတ်ဆိုးသခင်ဟာ လှောင်ပြုံးပြုံးပြီး ရေရွတ်လိုက်ပါတယ် “အင်မော်တယ်ဧကရာဇ် ပထမအဆင့်နဲ့များ ဒီအကွက်ကို တိုက်ခိုက်ချင်သေးတယ်”
ငရဲနက်နတ်ဆိုးသခင်ဟာ ဟန်ကျွယ်ရဲ့ စွမ်းအားကို လုံးဝ မမေ့ပါဘူး။ အဲဒီအချိန်တုန်းက ငရဲနက်နတ်ဆိုးသခင်မှာ ဘာအခွင့်အရေးမှကို မရှိခဲ့တာပါ။ ဒါကြောင့် ငရဲနက်နတ်ဆိုးသခင်ဟာ ဟန်ကျွယ်က သူ့ကို သတ်ဖို့မရည်ရွယ်ထားဘဲ တမင်သက်သက် ကစားခဲ့တယ်လို့တောင် သံသယဝင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငရဲနက်နတ်ဆိုးသခင်ဟာ သူ့သတ်ဖို့ ရည်ရွယ်ထားတဲ့လူက တစ်ဖက်လူက ဘယ်လောက်ပဲ တောင်းပန်ပါစေ ချမ်းသာပေးမှာ မဟုတ်လို့ပါပဲ။
ငရဲနက်နတ်ဆိုးသခင် အတွေးများနေတုန်းမှာပဲ ဟန်ကျွယ်နဲ့ ဝတ်ရုံဖြူဗုဒ္ဓဟာ ဖူစန်းသစ်ပင်အောက်မှာ ပေါ်လာပါတယ်။
“ဒါက ဝတ်ရုံဖြူဗုဒ္ဓ၊ အခုလေးတင် အင်မော်တယ်ဧကရာဇ် ဖြစ်လာတာ၊ နောက်ကျရင် ငါတို့တိတ်ဆိတ်ဂိုဏ်းသားပဲ၊ သူနဲ့ ငရဲနက်နတ်ဆိုးသခင်က တိတ်ဆိတ်ဂိုဏ်းရဲ့ ဒုတိယမျိုးဆက်နဲ့ အဆင့်အတန်းတူတူပဲ”
ဟန်ကျွယ်ဟာ ဝတ်ရုံဖြူဗုဒ္ဓနဲ့ ငရဲနက်နတ်ဆိုးသခင်ကို တရားဝင် မိတ်ဆက်ပေးလိုက်ပါတယ်။ ဒုတိယမျိုးဆက်က ဟန်ကျွယ်ထက် မျိုးဆက်တစ်ဆက် နိမ့်ပါတယ်။ ဘာပဲဖြစ်ဖြစ် ငရဲနက်နတ်ဆိုးသခင်နဲ့ ဝတ်ရုံဖြူဗုဒ္ဓက အင်မော်တယ်ဧကရာဇ်တွေ ဖြစ်တာကြောင့် ရွှင်ချန်အန်းနဲ့ စုချီရဲ့ တပည့်လုပ်ခိုင်းဖို့ အဆင်မပြေပါဘူး။
တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ရင်တထိတ်ထိတ်နဲ့ မတ်တတ်ရပ်နေကြပါတယ်။ ဘာပဲဖြစ်ဖြစ် ငရဲနက်နတ်ဆိုးသခင်နဲ့ ဝတ်ရုံဖြူဗုဒ္ဓက အင်မော်တယ်ဧကရာဇ်တွေ မဟုတ်ပါလား။
ဝတ်ရုံဖြူဗုဒ္ဓဟာ အပြုံးနဲ့ ပြောလိုက်ပါတယ် “နောက်ကျရင် ငါက ထုန်ကျန့်ကမ္ဘာကို စောင့်ကြပ်မှာ၊ မင်းတို့မှာ ကျင့်ကြံမှုနဲ့ ပတ်သက်ပြီး မရှင်းတာရှိရင် ငါ့ကို လာမေးမြန်းနိုင်တယ်” ဝတ်ရုံဖြူဗုဒ္ဓဟာ အင်မော်တယ်ဧကရာဇ် ဖြစ်သွားတာကြောင့် မာနထောင်လွှားခြင်း မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဝီရိယတောင်ပေါ်က တပည့်အများစုဟာ အင်မော်တယ်ဧကရာဇ်ဖြစ်လာလို့ အရည်အချင်းကိုယ်စီ ရှိကြပါတယ်။
အထူးသဖြင့် ချူရှီရန်က မဟာအဂ္ဂဗုဒ္ဓ ပြန်ဝင်စားသူပါ။ မဟာအဂ္ဂဗုဒ္ဓက အင်မော်တယ်ဧကရာဇ်ထက် ပိုပြီးတော့ စွမ်းအားကြီးသူပါ။
တစ်ခြားသူတွေဟာ ဝတ်ရုံဖြူဗုဒ္ဓကို ဝန်းရံလိုက်ကြပါတယ်။ မုရုံချီကတော့ စိတ်ထဲမှာ အံအားသင့်သွားပါတယ် ‘ဒီလူက အင်မော်တယ်ဧကရာဇ် ဖြစ်လာပြီးတာတောင် ထွက်မသွားချင်ဘူး၊ ဆရာဘိုးဘိုးက ဘယ်လောက်တောင် စွမ်းအားကြီးနေတာလဲ’
မုရုံချီဟာ ဟန်ကျွယ်ရဲ့ သရုပ်မှန်ကို ပိုပိုပြီးတော့ သိချင်သွားပါတယ် ‘ဆရာဘိုးဘိုးက နှစ်အသေင်္ချ ရှင်သန်ခဲ့တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်ဖြစ်မယ်၊ အေးအေးဆေးဆေး ကျင့်ကြံချင်လို့ သေမျိုးကမ္ဘာမှာ လာပုန်းနေတာ ဖြစ်ရမယ်’
ဒီအချိန်မှာပဲ ကြောက်မက်ဖွယ်ကောင်းတဲ့ ဖိအားတစ်ခုဟာ ထုန်ကျန့်ကမ္ဘာတစ်ခုလုံးကို ဖုံးအုပ်သွားပါတယ်။
“ဟမ်... အင်မော်တယ်ဧကရာဇ်ရဲ့ရောင်ဝါပါလား၊ ဒါကြောင့် ဒီကမ္ဘာရဲ့ ကံတရား အထောက်အပံ့က ဒီလောက်မြန်မြန် တိုးတက်နေတာကို၊ ဒါလည်း ကောင်းတာပဲ၊ ငါ ဗိုက်ဆာနေတာဆိုတော့ မင်းတို့ကမ္ဘာတစ်ခုလုံးကို ဝါးစားပစ်မယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။