← Chapters

မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်

Vol. 23 Ch. 278

မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်

Vol. 23 Ch. 278

ဒီအသံက ထုန်ကျန့်ကမ္ဘာမှာရှိတဲ့ သက်ရှိအားလုံးကို တုန်လှုပ်သွားစေပါတယ်။

ဟန်ကျွယ်ဟာ အနီးအနားမှာရှိတဲ့ ရန်သူကို ချက်ချင်း စစ်ဆေးလိုက်ပါတယ်။

[မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်: အင်မော်တယ်ဧကရာဇ် နဝမအဆင့်။ နတ်ရွှေကျီးမျိုးနွယ်စု၏ မဟာပါရမီရှင် ဖြစ်သည်။]

‘နဝမအဆင့် အင်မော်တယ်ဧကရာဇ်လား’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ လန့်သွားပါတယ် ‘ငါ အင်မော်တယ်ဧကရာဇ် ဒုတိယအဆင့်ပဲ ရှိသေးတာ နဝမအဆင့်ရှိတဲ့ အင်မော်တယ်ဧကရာဇ်ကို ဘယ်လိုလုပ်ပြီး တိုက်နိုင်မှာလဲ’

ငရဲနက်နတ်ဆိုးသခင်က အထိတ်တလန့် မျက်နှာနဲ့ ပြောလိုက်ပါတယ် “အဲဒါ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ပဲ၊ ကျန်းယီ မမွေးဖွားခင်ကတည်းက သူက နတ်ရွှေကျီးမျိုးနွယ်စုရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ၊ သူက အင်မော်တယ်ဧကရာဇ်အဆင့်ကို အချိန်မရွေး ကျော်တက်နိုင်တယ်လို့ ပြောကြတာပဲ”

ဟန်ကျွယ်ဟာ နေရာမှာတင် ပျောက်ကွယ်သွားပြီး ဟင်းလင်ပြင်မှာ ပေါ်လာပါတယ်။

ကောင်းကင်တာရာ မဟာတာအိုဝတ်ရုံ ရှိနေတာကြောင့် ဟန်ကျွယ်ဟာ တစ်ဖက်လူလက်ချက်နဲ့ သေမှာကို စိုးရိမ်စရာ မလိုပါဘူး။ ဟင်းလင်းပြင်ကို ရောက်လာပြီးနောက် ဟန်ကျွယ် မော့ကြည့်လိုက်တဲ့အခါမှာ ဟင်းလင်းပြင်တစ်ခုလုံး နေရာယူထားတဲ့ အနက်ရောင်အရိပ်ကြီးကို တွေ့လိုက်ရပါတယ်။ ဒီနတ်ရွှေကျီးကန်းရဲ့ မျက်လုံးတစ်လုံးက ထုန်ကျန့်ကမ္ဘာထက်တောင် ကြီးနေပါသေးတယ်။

မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ဟန်ကျွယ်ကို ငုံ့ကြည့်ပြီး လှောင်ပြုံး ပြုံးလိုက်ပါတယ် “မင်းက ဒီသေမျိုးကမ္ဘာရဲ့ အစောင့်လား၊ မင်းက ငရဲနက်နတ်ဆိုးသခင်နဲ့ ဝတ်ရုံဖြူဗုဒ္ဓကိုတောင် အညံခံစေနိုင်တယ်ဆိုတော့ မဆိုးဘူးပဲ၊ ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်၊ ငါ့ကို ဒူးထောက်ပြီး တောင်းပန်မယ်ဆိုရင် မင်းကို ချမ်းသာပေးမယ်”

‘ထောင်လွှားလိုက်တာ’ ဟန်ကျွယ်က ချက်ချင်းပဲ အော်ပြောလိုက်ပါတယ် “ငါ့မှာ ကောင်းကင်ဧကရာဇ်ရဲ့ ကာကွယ်မှုရှိတယ်၊ ဘာလို့ မင်းကို ဒူးထောက်ရမှာလဲ”

“မင်းက ကောင်းကင်ဧကရာဇ်ထက် ပိုစွမ်းလို့လား၊ ဒါလုံးဝ မဖြစ်နိုင်ဘူး၊ မဟုတ်ရင် မင်းက ကောင်းကင်ရုံးတော်ရဲ့ သေမျိုးကမ္ဘာတွေကို ခိုးကြောင်ခိုးဝှက် လိုက်ဖျက်ဆီးနေမှာ မဟုတ်ဘူး...”

“ကောင်းကင်ဧကရာဇ်”

“ကောင်းကင်ဧကရာဇ်... ကောင်းကင်ဧကရာဇ်”

ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်နာမည်ကို သုံးကြိမ်သုံးခါ ခေါ်လိုက်ပါတယ်။

မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ဟန်ကျွယ်က သူ့ကို လှောင်ပြောင်နေတယ်လို့ တွေးမိသွားပြီး ချက်ချင်း ဒေါသထွက်သွားပါတယ်။ လက်ဝါးကြီးတစ်ခုဟာ အနက်ရောင်အရိပ်တွေကနေ ထွက်ပေါ်လာပြီး ဟန်ကျွယ်ကို ရိုက်ချလိုက်ပါတယ်။

ဒီလက်ဝါးအောက်မှာ ထုန်ကျန့်ကမ္ဘာက ကျောက်တုံးလေးတစ်တုံးလို သေးငယ်လှပါတယ်။ ဟန်ကျွယ်ဟာ အလန့်တကြားမဖြစ်ဘဲ ဟွမ်သွမ့်ဓားကို ထုတ်ယူပြီး အနက်ရောင်လက်ဝါးကြီးကို ခုတ်ပိုင်းလိုက်ပါတယ်။

ကောင်းကင်ထိုးဖောက်ခြင်း။

ရုတ်တရက် ပေါက်ကွဲထွက်လာတဲ့ ဓားချီနဲ့ အနက်ရောင် လက်ဝါးကြီးဟာ ထိခိုက်မိပြီး ဟင်းလင်းပြင်တစ်ခုလုံး ကွဲပြဲထွက်သွားပါတယ်။ ပြင်းထန်စွာ တောက်လောင်နေတဲ့ နတ်ဆိုးရောင်ဝါလည်း မြူခိုးအသွင် ပြောင်းလဲပြီး ပျောက်ကွယ်သွားပါတယ်။

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘စွမ်းလှချည်လား... ငါ့ ကောင်းကင်ဓားတာအိုက ဒီလက်ဝါးကို မဖျက်ဆီးနိုင်ဘူးပဲ’

အင်မော်တယ်ဧကရာဇ် ဒုတိယအဆင့်က အင်မော်တယ်ဧကရာဇ် နဝမအဆင့်ကို ယှဉ်တိုက်ဖို့က အတော်ကို ခက်ခဲတဲ့အရာပါ။

“မင်းရဲ့ဓားချီက အင်မော်တယ်ဧကရာဇ် ဆဋ္ဌမအဆင့်ကို ရောက်နေပြီပဲ၊ ဒါပေမဲ့ ဒီအစွမ်းလောက်နဲ့ ငါ့ကို တိုက်ချင်တာလား၊ အိပ်မက်မက်နေလိုက်၊ မင်းလည်း ဒီကမ္ဘာနဲ့အတူ ငါ့ဗိုက်ထဲမှာ အစာအဖြစ်ခံတော့”

မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ထောင်လွှားစွာ ရယ်မောလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟင်းလင်းပြင်တစ်ခုလုံး နေမီးလျှံစစ်တွေ လောင်ကျွမ်းလာပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ခြေသုံးချောင်း ရွှေကျီးကန်းတစ်ကောင် ပေါ်လာပါတယ်။

ခြေသုံးချောင်း ရွှေကျီးကန်းရဲ့ မျက်လုံးဟာ ရူးသွပ်မှုတွေနဲ့ ပြည့်နှက်နေပြီး ရုတ်တရက် ပါးစပ်ဟကာ ဟာရီကိန်းမုန်တိုင်းလို နေမီးလျှံစစ်တွေ မှုတ်ထုတ်လိုက်ပါတယ်။ ဟန်ကျွယ်သာ ဒီမီးလျှံတွေကို ရှောင်တိမ်းလိုက်မယ်ဆိုရင် ထုန်ကျန့်ကမ္ဘာတစ်ခုလုံး ပြာမှုန့်ဖြစ်သွားမှာပါ။

တော်တော်လေး ရက်စက်တဲ့ တိုက်ခိုက်မှုပါ။

ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပြီး ဘယ်လက်ကို ရှေ့ဆန်ထုတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဝိညာဉ်စွမ်းအား အကုန်လုံး လောင်းထည့်ပြီး တန်ခိုးကြီးမားတဲ့ ရွှေလက်ဝါးအသွင် ဖန်တီးလိုက်ပါတယ်။

မဟာနေလက်ဝါး။

မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်က ဒီလောက်ထိ ထောင်လွှားနေတာ ရန်သူအများကြီးကို သတ်ပစ်ခဲ့လို့ဆိုတာ ကျိန်းသေပါတယ်။ ရန်သူအများကြီးကို သတ်ပစ်ခဲ့တဲ့အတွက် အကုသိုလ်ကံကလည်း မနည်းမနော စုဆောင်းမိနေမှာပါ။

အကုသိုလ်ကံများလေလေ မဟာနေလက်ဝါးက စွမ်းအားကြီးလေလေပါပဲ။

မဟာနေလက်ဝါးဟာ နေမီးလျှံစစ်တွေနဲ့ တိုက်မိပြီး နေမီးလျှံစစ်တွေကို ဖယ်ရှားလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ် တားဆီးမရတဲ့ အရှိန်အဟုန်နဲ့ ဝင်တိုက်ပါတယ်။

“မဟာနေလက်ဝါး... မင်းက ဗုဒ္ဓဂိုဏ်းသားလား”

မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ တအံတဩ ဖြစ်သွားပြီး သတ်ဖြတ်ငွေ့တွေ လျှံထွက်သွားပါတယ် “ငါက ဗုဒ္ဓဂိုဏ်းသားတွေကို အမုန်းဆုံးပဲ... သွားသေစမ်း”

မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ရုတ်တရက် ပါးစပ်ဟကာ သေမျိုးကမ္ဘာကို ဝါးမြိုပါတော့တယ်။

ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားကို အမြန်ဝှေ့ယမ်းလိုက်တဲ့အတွက် ဓားချီနဲ့ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ရဲ့ ပါးစပ်နဲ့တိုက်မိပြီး ဝါးမြိုမှုအရှိန်က လျော့ကျသွားပါတယ်။

‘ဒီအတိုင်း ဆက်သွားရင် ဒီကောင်ကို ငါ တားဆီးနိုင်မှာ မဟုတ်ဘူး၊ ဒီကောင်က ထုန်ကျန့်ကမ္ဘာကို တကယ်ကြီး ဝါးမြိုဖို့ ကြံစည်နေတာပဲ’

ဒီအချိန် ဟန်ကျွယ်ခေါင်းထဲမှာ အတွေးမျိုးစုံ ဖြတ်သန်းသွားပါတယ် ‘ထွက်ပြေးရမလား... ငါ ထွက်ပြေးရင် ထုန်ကျန့်ကမ္ဘာရော တိတ်ဆိတ်ဂိုဏ်းရော ပျောက်ကွယ်သွားလိမ့်မယ်၊ ဒါပေမဲ့ ငါ ထွက်မပြေးရင် ဒီကောင် ဝါးမြိုတာကို ခံရလိမ့်မယ်’

ဒီအချိန်မှာပဲ ဟန်ကျွယ်ရှေ့မှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ ဒီလူရဲ့နောက်ကျောကိုကြည့်ပြီး စွမ်းအားကြီးမားတဲ့ ရောင်ဝါကို ခံစားလိုက်ရပါတယ်။

ကောင်းကင်ဧကရာဇ်။

ကောင်းကင်ဧကရာဇ် လက်ညိုးညွှန်လိုက်တဲ့အခါ ရွှေနဂါးတစ်ကောင် ထွက်ပေါ်လာပြီး မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ရဲ့ လည်ပင်းကို သာမန်လူသတိထားမိလောက်တဲ့ အရှိန်နဲ့ ဖျက်ဆီးပစ်ပါတယ်။ ဟန်ကျွယ်တောင် ဒီရွှေနဂါးရဲ့အလျင်ကို မဖမ်းနိုင်ပါဘူး။

“ကောင်းကင်ဧကရာဇ်”

မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ကြောက်လန့်တကြား ဖြစ်သွားပါတယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ နေမီးလျှံစစ်တွေဟာ ရုပ်သွင်တစ်ခု ဖြစ်ပေါ်လာပါတယ်။

“ထွက်သွားစမ်း”

ချောမောလှတဲ့ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ရဲ့ မျက်နှာဟာ အလွန်တရာ ရုပ်ဆိုးသွားပြီး အံကြိတ်ကာ မေးလိုက်ပါတယ် “ကောင်းကင်ဧကရာဇ်... ခင်ဗျားက ကိုယ်တိုင်တောင် ရောက်လာတယ်ဆိုတော့ ဒီကောင်လေးက ခင်ဗျားရဲ့သားလား”

ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘မနိုင်လည်း ထွက်သွားလေ၊ ဘာတွေ လာပြောနေတာလဲ ခွေးသားရဲ့’

ကောင်းကင်ဧကရာဇ်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “မင်း အသက်ရှူကြိမ် သုံးကြိမ်အတွင်း ထွက်မသွားဘူးဆိုရင် ဒီနေရာမှာပဲ ထာဝရနေပေတော့”

မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ မျက်နှာတစ်ခုလုံး မည်းမှောင်သွားပြီး ချက်ချင်း နောက်ဆုတ်သွားပါတယ် “ကောင်းပြီလေ၊ ဒီကမ္ဘာကို ကျုပ် စောင့်ကြည့်နေမှာ၊ ကောင်းကင်ကိုးဘုံကို နတ်ဆိုးဧကရာဇ် ရောက်လာတဲ့အချိန်ကျရင် ကျုပ် ဒီသေမျိုးကမ္ဘာကို ထပ်လာပြီး ဝါးမြိုပစ်မယ်၊ အဲဒီအချိန်ကျရင် ခင်ဗျား သူ့ကို ကယ်နိုင်သေးမလား ကြည့်ရတာပေါ့ ကောင်းကင်ဧကရာဇ်”

[မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ငါးပွင့်။]

ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကြောင့် မျက်မှောင်ကြုတ်သွားပါတယ်။

အသက်ရှူကြိမ် သုံးကြိမ်ပြည့်တဲ့အခါမှာတော့ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ရဲ့ ရောင်ဝါဟာ လုံးဝ ပျောက်ကွယ်သွားပါတယ်။

ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ဘက်လှည့်ပြီး ပြောလိုက်ပါတယ် “ထုန်ကျန့်ကမ္ဘာကနေ ခွာတော့” စကားအဆုံးမှာပဲ ကောင်းကင်ဧကရာဇ်ဟာ အစိမ်းရောင်မီးခိုးအသွင် ပြောင်းလဲပြီး ပျောက်ကွယ်သွားပါတယ်။

ဟန်ကျွယ်ဟာ အံအားသင့်သွားပါတယ် ‘ဒါက ကောင်းကင်ဧကရာဇ်ရဲ့ ခန္ဓာကိုယ်အစစ် မဟုတ်ဘူးပဲ’ ဒီအတွေးကြောင့် ဟန်ကျွယ်ဟာ စိုးရိမ်စိတ် ဝင်သွားပါတယ်။ နောက်ပြီး မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ရဲ့ စကားအရ ကောင်းကင်ရုံးတော်က ကြီးမားတဲ့အန္တရာယ်ကို ရင်ဆိုင်ရတော့မဲ့ပုံပါပဲ။

ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကို ချက်ချင်း ပြန်ပါတယ်။

ငရဲနက်နတ်ဆိုးသခင်ဟာ သက်ပြင်းချလိုက်ပါတယ် “ဂိုဏ်းချုပ်... ဂိုဏ်းချုပ်က ကောင်းကင်ဧကရာဇ်နဲ့ ဘယ်လိုပတ်သက်နေတာလဲ”

လုံဟောင်ဟာ မျက်လုံးပြူးသွားပြီး တအံတဩ မေးလိုက်ပါတယ် “ခုနက ခမည်းတော် ရောက်လာတာလား”

ဟန်ကျွယ်ဟာ မျက်နှာသေနဲ့ တင်ပလ္လင်ခွေထိုင်ပြီး ပြောလိုက်ပါတယ် “ထုန်ကျန့်ကမ္ဘာရဲ့သမိုင်းမှာ အကြီးမားဆုံးအန္တရာယ် ကျရောက်လာပြီး၊ မင်းတို့တွေ အကုန်လုံး ပြင်ဆင်ထားကြတော့”

လူတိုင်းရဲ့ မျက်နှာဟာ လေးနက်သွားကြပါတယ်။ စောစောတုန်းက သူတို့တွေ ခံစားခဲ့ရတဲ့ မဟာလွတ်လပ် နတ်ရွှေကျီး ရှန်ဧကရာဇ်ရဲ့ ရောင်ဝါဟာ ကောင်းကင်ပြိုတာကို ရင်ဆိုင်နေရသလိုမျိုး ခံစားရစေပါတယ်။

“မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်က ဘယ်သူလဲ”

“အာတ... မင်း သူ့ကိုသိလား”

“မသိဘူး... ကျွန်တော်တို့က အဓိကမိသားစု ရှိတဲ့နေရာကို တစ်ခါမှ မရောက်ဖူးဘူး”

“ငါတို့တွေ ဘာလုပ်သင့်လဲ၊ ထွက်ပြေးသင့်လား”

“နတ်ရွှေကျီးမိသားစုက နတ်ဆိုးမျိုးနွယ်စုရဲ့ တော်ဝင်မိသားစု ဖြစ်ခဲ့ဖူးတယ်၊ သူတို့က အရမ်းစွမ်းအားကြီးတာ”

လူတိုင်းဟာ တစ်ယောက်တစ်ပေါက် ဆွေးနွေးကြပါတယ်။

ငရဲနက်နတ်ဆိုးသခင်တောင် မျက်မှောင်ကြုတ်သွားပါတယ်။

မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ အရမ်းစွမ်းအားကြီးတဲ့အပြင် သူ့နောက် နတ်ရွှေကျီးကန်း မိသားစုရှိနေတာကြောင့် သေမျိုးကမ္ဘာတစ်ခု ရင်ဆိုင်နိုင်တဲ့အရာ မဟုတ်ပါဘူး။

ဟန်ကျွယ်လည်း အတွေးနက်သွားပါတယ်။

ဝတ်ရုံဖြူဗုဒ္ဓက ပြောလိုက်ပါတယ် “ကျွန်တော်တို့တွေ ထုန်ကျန့်ကမ္ဘာကို ကောင်းကင်တာအို ကျောက်ပြားကနေ သီးခြား ခွဲထုတ်နိုင်မယ်ဆိုရင် မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်လက်ကနေ လွတ်မြောက်နိုင်တယ်”

‘ပုန်းရမှာလား... ငါ့က ဘယ်လိုပုန်းရမှာလဲ’ ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို တွေးမိသွားတာကြောင့် မျက်နှာနည်းနည်း ပြောင်းသွားပါတယ်။ တစ်ခြားသူတွေလည်း ဆက်ပြီးတော့ ဆွေးနွေးကြပါတယ်။

နတ်ဘုရားခန်းမ။

ကောင်းကင်ဧကရာဇ်ဟာ ပလ္လင်ပေါ်မှာ ထိုင်နေပါတယ်။

“သတင်းပို့ပါတယ်၊ မဟာတောင်ထိပ် နတ်ဘုရားက နတ်ရွှေကျီးကန်း မိသားစုရဲ့ တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရသွားပါတယ်”

“သတင်းပို့ပါတယ်၊ နတ်ဆိုးအများကြီးက ‌မြောက်ဘက် ကောင်းကင်မုခ် အပြင်မှာ စုစည်းနေကြပါတယ်”

“သတင်းပို့ပါတယ်၊ ဂဠုန်မျိုးနွယ်စုက ဗုဒ္ဓဂိုဏ်းရဲ့ မိုးကြိုးဘုံကျောင်းကို တိုက်ခိုက်နေပါတယ်”

“သတင်းပို့ပါတယ်၊ ရှန်နန်းတော်က ပြဒါးငှက်မျိုးနွယ်စု ဝန်းရံခံထားရတယ်လို့ အကြောင်းပြန်လာပါတယ်”

ကောင်းကင်စစ်သားတွေဟာ ခန်းမထဲ တစ်ယောက်ပြီးတစ်ယောက် ဝင်လာပြီး သတင်းဆိုးတွေ တင်ပြကြပါတယ်။ နတ်ဘုရားခန်းမထဲမှာရှိတဲ့ အင်မော်တယ်နဲ့ နတ်ဘုရားအားလုံးရဲ့ မျက်နှာဟာ မည်းမှောင်သွားကြပါတယ်။

ကောင်းကင်စစ်သူကြီးတွေက အပြင်မှာ တိုက်ခိုက်နေကြတာကြောင့် ပညာရှင်အင်မော်တယ်တွေသာ ကောင်းကင်ရုံးတော်ကို စောင့်ကြပ်ဖို့ ကျန်နေခဲ့ကြပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ မျက်နှာသေနဲ့ ညလက်ကိုတောက်ပြီး ကစားနေပါတယ်။

တိထိုက်ပိုင်လည်း ဝေခွဲမရဖြစ်သွားပါတယ်။ တိထိုက်ပိုင်ဟာ နတ်ဆိုးရုံးတော်ကို အဓိကအင်အားစုအဖြစ်ကနေ ဆွဲချနိုင်မယ်လို့ တွေးခဲ့တာပါ။ အခုလိုမျိုး ကြောက်မက်ဖွယ် စွမ်းအားနဲ့ ပြန်တိုက်လိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။

ရှေးဟောင်းမျိုးနွယ်စုတွေက နတ်ဆိုးရုံးတော်ကို ထောက်ပံ့တဲ့အပြင် နတ်ဆိုးဧကရာဇ်က ကောင်းကင်ရုံးတော်ကို အဓိက ပစ်မှတ်ထားတောကြောင့် ကောင်းကင်ရုံးတော်ရဲ့ အခြေအနေဟာ အလွန်တရာ အရေးကြီးနေပြီး ကောင်းကင်စစ်တပ်ရဲ့ စိတ်ဓာတ်ကလည်း ကျဆင်းလာနေပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters