ငရဲပြည်သို့ ဆင်းသက်ခြင်း
Vol. 23 Ch. 280
ဟင်းလင်းပြင်မှာ ထုန်ကျန့်ကမ္ဘာတစ်ခုလုံး ပျောက်ကွယ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ရဲ့ လောကဦးကမ္ဘာထဲ ရောက်သွားလို့ပါ။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် ‘ငါ အခု ပြေးလို့ရပြီ’
ဟန်ကျွယ် သက်တမ်း ၁၀ သန်း ဆုံးရှုံးခဲ့ပေမဲ့ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်က အကောင်းပတိရှိနေတာကြောင့် သိပ်မပျော်ပါဘူး။ အဲဒါကြောင့် တိတ်ဆိတ်ကျွန်းကို ရောက်ရင် ထပ်ပြီးတော့ ကျိန်စာတိုက်အုန်းမှာပါ ‘ငှက်စုတ်... မင်းကိုယ်မင်း ဟုတ်လှပြီ ထင်နေတယ်ပေါ့၊ တွေ့ကြသေးတာပေါ့ကွာ...’
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပြီး တရားထိုင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ငရဲပြည်ကို ချက်ချင်းမဆင်းတာက ငရဲနက်ဖီးနစ်မျိုးနွယ်စုကို စောင့်ဖို့ပါ။ ငရဲနက်နတ်ဆိုးသခင်က သတင်းပြန်ပို့လိုက်ပြီဆိုပေမဲ့ ခရီးက ဝေးကွားလွန်းလှပါတယ်။
ဟင်းလင်းပြင်မှာ အင်မော်တယ်ချီရော စိတ်ဝိညာဉ်ချီရော မရှိတာကြောင့် သာမန်သက်ရှိတွေ ကျင့်ကြံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ကတော့ သူ့ဝိညာဉ်ထဲမှာရှိနေတဲ့ ထုန်ကျန့်ကမ္ဘာရဲ့ အင်မော်တယ်ချီကို စုပ်ယူပြီး ကျင့်ကြံအားထုတ်ပါတယ်။
လေးနှစ်ကြာတဲ့အခါမှာတော့ ငရဲနက်ဖီးနစ်မိသားစု ရောက်လာပါတယ်။ ငရဲနက်ဖီးနစ် မိသားစုတစ်ခုလုံးမှ ၇ ယောက်ပဲ ရှိပါတယ်။ ဒီအထဲမှာ စွမ်းအားအကြီးဆုံဂက မဟာညီညွတ်မှု ရွှေအင်မော်တယ်ဖြစ်ပြီး တခြားခြောက်ယောက်ကတော့ မဟာညီညွတ်မှု အင်မော်တယ်စစ်တွေပါ။
ငရဲနက်ဖီးနစ် မိသားစုဝင်တွေဟာ ရင်တထိတ်ထိတ် ဖြစ်နေကြပြီး ဟန်ကျွယ်ကို မြင်တွေ့လိုက်ရတဲ့အခါမှာ ဦးညွှတ်ဖို့ ပြင်လိုက်ပါတယ်။
“ရှင်းပြဖို့ အချိန်မရှိဘူး၊ အရင်ဆုံး သွားကြရအောင်”
ဟန်ကျွယ်ဟာ အင်္ကျီလက်ကို ဝှေ့ယမ်းပြီး စကြာဝဠာအင်္ကျီလက်ကို အသုံးပြုကာ ငရဲနက်ဖီးနစ်မိသားစုဝင် ခုနယောက်ကို အင်္ကျီလက်ထဲ ထည့်လိုက်ပါတယ်။ ပြီတဲ့အခါမှာတော့ ငရဲပြည်ကို ခုန်ဆင်းပြီး လမ်းခြောက်သွယ် အမှတ်ကနေ တိတ်ဆိတ်ကျွန်းထဲ ခုန်ဝင်လိုက်ပါတယ်။
ကျွန်းပေါ်ရောက်တဲ့အခါမှာတော့ ငရဲနက်နတ်ဆိုးသခင်က ကြိုဆိုပါတယ်။
“ဂိုဏ်းချုပ်...”
ငရဲနက်နတ်ဆိုးသခင်ရဲ့ စကားမဆုံးခင်မှာပဲ ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ငရဲနက်ဖီးနစ်မိသားစုကို လွှတ်ပေးလိုက်ပါတယ်။ မိသားစုဝင်အချင်းချင်း တွေ့ကြတဲ့အခါ မတွေ့ရတာကြာပြီဖြစ်တဲ့အတွက် မျက်ရည်နဲ့မျက်ခွက် ဖြစ်ကုန်ကြပါတယ်။
ဟန်ကျွယ်လည်း သူတို့ကို လျစ်လျူရှုပြီး တစ်ဦးတည်း ထွက်လာခဲ့ပါတယ်။ ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် ‘ငါ ဝီရိယတောင်ကို ထုတ်ယူလိုက်ရင် တာအိုစက်ကွင်းက ဒီကျွန်းတစ်ခုလုံးကို ဖုံးအုပ်နိုင်လား”
တာအိုစက်ကွင်းက ရွှေ့မရပါဘူး။ ဒါပေမဲ့ ဝီရိယတောင်ကတော့ ရွှေ့ရပါတယ်။ ဟန်ကျွယ် တကယ်သိချင်တာက တာအိုစက်ကွင်းကို ချဲ့လို့ရမရပါ။
[ရတယ်]
ရှေ့မှာပေါ်လာတဲ့ စာလုံးကြောင့် ဟန်ကျွယ်ဟာ ကျေနပ်အားရသွားပါတယ်။ ဟန်ကျွယ်ဟာ ပထမဦးဆုံး တိတ်ဆိတ်ကျွန်းကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာ လူသူကင်းမဲ့နေတုန်း ဆိုပေမဲ့ ဒီကျွန်းပေါ်မှာ ယင်ချီ လုံးဝ မရှိတော့ပါဘူး။
ဒါက ငရဲနက်နတ်ဆိုးသခင်ရဲ့ အစီအရင်ကြောင့်ဆိုတာ ဗေဒင်မေးစရာ မလိုပါဘူး။
ငါးမိနစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဝီရိယတောင်ကို ထုတ်ယူပြီး တိတ်ဆိတ်ကျွန်းပေါ်မှာ ထားလိုက်ပါတယ်။ ဖူစန်းသစ်ပင်အောက်က တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ ကောင်းကင်တစ်ခုလုံး မည်းမှောင်ပြီးနောက် မြေငလျင်လှုပ်သွားတာကို ခံစားလိုက်ရပါတယ်။
သူတို့ဟာ ဟန်ကျွယ်နဲ့ ငရဲနက်နတ်ဆိုးသခင်ကို တွေ့လိုက်ရတာကြောင့် ဝီရိယတောင်ထဲက ပျံထွက်လာပြီး အနီးအနား လျှောက်ကြည့်ကြပါတယ်။
“ဒါက ငရဲပြည်လား”
“နေမရှိတော့ မှောင်မည်းနေတာပဲ”
“ထုန်ကျန့်ကမ္ဘာကရော”
“ယွီဂျင်ဂိုဏ်းတော်ကြီး ပါမလာဘူးလား”
“အခုအချိန်ကစပြီး ငါတို့က ငရဲပြည်သားတွေ ဖြစ်သွားပြီ”
“ဟားဟား... မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်သာ ပြန်ရောက်လာရင် ကျိန်းသေပေါက် ဒေါသထွက်ပြီး သွေးအန်မှာပဲ”
တပည့်တွေ အကုန်လုံးဟာ စိတ်လှုပ်ရှားနေကြပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် နေရာသစ်ကိုရောက်ရင် စိတ်လှုပ်ရှားကြတာ ဓမ္မတာပဲ မဟုတ်ပါလား။
ဂူအောင်းကျင့်ကြံနေတဲ့ ရှင်းဟုန်ရွှမ်၊ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာလည်း သူတို့လိုဏ်ဂူထဲကနေ ထွက်လာကြပြီး ပတ်ဝန်းကျင်ကိုကြည့်ကာ ထိတ်လန့် အံအားသင့်ကုန်ကြပါတယ်။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ဆီ ရောက်လာပြီး နတ်အာရုံနဲ့ စစ်ဆေးလိုက်တဲ့အခါ အံဖွယ်ဖြစ်ရပ်ကို သွားတွေ့ပါတယ်။ ဘာလဲဆိုတော့ ဖူစန်းသစ်ပင်က ငရဲပြည်ရဲ့ယင်ချီကို စုပ်ယူပြီး အင်မော်တယ်ချီအဖြစ် ပြောင်းလဲပေးတာပါ။
‘နတ်သစ်ပင်လို့ မပြောရဘူး... ဘယ်နေရာရောက်ရောက် အသုံးဝင်တာပဲ’
ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ အနန္တကပ်ဘေးကို လျစ်လျူရှုနိုင်ပြီမို့ စိတ်အေးလက်အေး ဖြစ်နေပါတယ်။
ဖူစန်းသစ်ပင် ရှိနေသမျှကာလပတ်လုံး ဝီရိယတောင်ရဲ့ အင်မော်တယ်ချီနဲ့ စိတ်ဝိညာဉ်ချီကာ ရုတ်တရက် ကုန်ခမ်းသွားမှာကို စိုးရိမ်စရာ မလိုတော့ပါဘူး။
ဟန်ကျွယ်ဟာ တာအိုစက်ကွင်းကို ဖွင့်လိုက်ပြီး တိတ်ဆိတ်ကျွန်းတစ်ကျွန်းလုံး လွှမ်းမိုးလိုက်ပါတယ်။ ရှင်းဟုန်ဟုန်ရွှမ်ဟာ ဟန်ကျွယ်နား ရောက်လာပြီး စပ်စုပါတယ် “ဒါက ငရဲပြည်လား”
ဟန်ကျွယ်ဟာ ခေါင်းညိတ်ပြီး ပြုံးလိုက်ပါတယ် “နောက်ကျလို့ မင်းသေသွားရင် ဒီနေရာမှာ ပြန်မွေးဖွားရမှာဆိုတော့ သွားရေးလာရေး အဆင်ပြေတာပေါ့”
ရှင်းဟုန်ရွမ်: “.....”
ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို မချိပြုံးနဲ့ ကြည့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်ပါတယ် “ရှင့်အရည်းအချင်းက ကောင်းတော့ရော ဘာဖြစ်လဲ၊ ကျန်မတို့သေမျိုးတွေလည်း ကျင့်ကြံမှုရဲ့ ထိပ်ဆုံးကို ရောက်နိုင်ပါတယ်”
“ဟုတ်တယ်၊ ကြိုးစားထား၊ ငါ စောင့်နေမယ်”
“ယွီဂျင်ဂိုဏ်းတော်ကြီးက ဘယ်မှာလဲ၊ ရှင် သူတို့ကို ပစ်ထားခဲ့ပြီလား”
“ပစ်မထားခဲ့ပါဘူး၊ ထုန်ကျန့်ကမ္ဘာတစ်ခုလုံးက ယောက်ျားရဲ့ ဝိညာဉ်ထဲမှာ..”
“ဟင်..” ရှင်းဟုန်ရွှမ်ဟာ အံဩတကြီး ဖြစ်သွားပါတယ်။ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်က စွမ်းအားကြီးမှန်း သိပေမဲ့ ကမ္ဘာတစ်ခုကို ဝိညာဉ်ထဲ သွင်းနိုင်တဲ့အထိ စွမ်းအားကြီလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ ရုတ်တရက်ဆိုသလို ရှင်းဟုန်ရွှမ်ဟာ သူ့ကိုယ်သူ အရမ်းနိမ့်ကျတယ်လို့ ခံစားလိုက်ရပါတယ်။
‘ငါက အရမ်းအားနည်းတယ်၊ ဟန်ကျွယ်နဲ့ မထိုက်တန်ဘူး’
အတိတ်မှာတုန်းဟာ ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်ကို ရတနာတွေ ပေးနိုင်ခဲ့ပေမဲ့ အခုတော့ ဟန်ကျွယ် ကျင့်ကြံမှုရဲ့ အသီအပွင့်တွေကို ထိုင်ခံစားနေတာ အတော်ကြာခဲ့ပါပြီ။
“ဟင်း...”
ရှင်းဟုန်ရွှမ်ဟာ စိုးရိမ်ကြောင့်ကြသွားပြီး ရုတ်တရက် ခေါင်းမော့ကာ မေးလိုက်ပါတယ် “ပြန်လည်မွေးဖွားတာက တကယ်ကြီး အရည်အချင်း ထက်မြက်လာမှာလား”
ဟန်ကျွယ်ဟာ တုံ့ဆိုင်းသွားပြီးနောက် အဖြေပြန်ပေးလိုက်ပါတယ် “၁၀၀ ရာခိုင်နှုန်းတော့ မကျိန်းသေဘူး၊ ပါရမီရှင်တွေက ရှားလွန်းတယ်၊ ဒါပေမဲ့ ပါရမီထူးကဲ့တဲ့သူတွေကတော့ ခဏလေးနဲ့ ကျင့်ကြံမှု တိုးတက်လာနိုင်တယ်”
ရှင်းဟုန်ရွှမ်ဟာ တိတ်ဆိတ်သွားပြီး ဟန်ကျွယ်ဘေးနားကနေ ထွက်သွားပါတယ်။
ဟန်ကျွယ်ဟာ အများကြီးမတွေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်အတွက် သေမျိုးတွေရဲ့ သေဆုံးခြင်း ရှင်သန်ခြင်းက အစစ်အမှန် သေဆုံးခြင်း ရှင်သန်ခြင်း မဟုတ်တော့လို့ပါပဲ။ အင်မော်တယတွေရဲ့ ရှင်သန်ခြင်း သေဆုံးခြင်းက ဝိညာဉ်ပေါ်မှာပဲ မှီတည်နေတာပါ။
ဝိညာဉ်ရှိနေသေးသမျှ ကာလပတ်လုံး ခန္ဓာကိုယ်က အချိန်မရွေး ပြန်တည်ဆောက်လို့ရပါတယ်။ ဝိညာဉ်မရှိဘူးဆိုရင်တော့ ခန္ဓာကိုယ်က အခွံသက်သက်သာ ဖြစ်နေမှာပါ။ တိုက်တိုင်းအောင်ဗုဒ္ဓက ဒီကိစ္စအတွက် သက်သေပါပဲ။
ရှင်းဟုန်ရွှမ်ဟာ ပြန်လည်မွေးဖွားခြင်း မမွေးဖွားခြင်းက အရေးမကြီးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က ရှင်းဟုန်ရွှမ်အတွက် မကုန်ဆုံးနိုင်တဲ့ ရင်းမြစ်တွေကို ထောက်ပံ့ပေးနိုင်လို့ပါပဲ။ ဟန်ကျွယ်က မသေဆုံးနိုင်တဲ့အဆင့်ကို မရောက်သေးဘူးဆိုပေမဲ့ မိန်းမတစ်ယောက်ကို ထောက်ပံ့ဖို့က ခက်ခဲတဲ့အရာ မဟုတ်ပါဘူး။
နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာလည်း ဟန်ကျွယ်နား ရောက်လာပြီး စကားစမြည် ပြောဆိုပြီးမှ ထွက်ခွာသွားကြပါတယ်။
ဟန်ကျွယ်ရဲ့ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ ကြုံရပြီးတဲ့နောက်မှာ သူတို့နှစ်ယောက်လည်း ရှင်းဟုန်ရွှမ်လို အံအားသင့်ကုန်ကြပါတယ်။ ချန်ယွီအာဟာ ဟန်ကျွယ်ကိုထပ်ပြီး မစရဲတော့ပါဘူး။ ဟန်ကျွယ်ဟာ အရင်လိုအစခံချင်သေးပေမဲ့ နည်းနည်း နောင်တရရုံကလွဲပြီး ဘာမှမတက်နိုင်ပါဘူး။
‘ငါကိုယ်ကို စွမ်းအားကြီးလွန်းနေတာကို... ဘယ်တက်နိုင်ပါ့မလဲ’
ကျင့်ကြံမှုက ခရီးရှည်ကြီးတစ်ခုပါ။ မတွေ့ရတာကြာပြီဖြစ်တဲ့ မိတ်ဆွေတစ်ယောက်က ကိုယ်ထားတာထက် အများကြီး ပိုစွမ်နေပြီဆိုရင် ဟန်ကျွယ်လည်း စိတ်ပြောင်းသွားမှာ ကျိန်းသေပါတယ်။ လူဆိုတာက ပြောင်းလဲတက်တဲ့ အမျိုးပဲ မဟုတ်ပါလား။
ဒါကလည်း မကောင်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ တစ်ဖက်ကနေကြည့်ရင်လည်း သူတို့ကို ကြိုးကုတ်ကြိုးခဲ ကျင့်ကြံဖို့ တွန်းအားပေးရာ ရောက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပြီး ဆက်လက်ကျင့်ကြံအားထုတ်ပါတယ်။
ဟင်းလင်ပြင်။
မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ရက်စက်တဲ့အပြုံးနဲ့ လျင်မြန်စွာ ပျံသန်းလာပါတယ်။ ဟန်ကျွယ်က သူ့ရှေ့မှာ တုန်တုန်ယင်ယင်နဲ့ ခွင့်လွှတ်ပေးဖို့ တောင်းပန်နေတာကို ပုံဖော်တွေးပြီး မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ အပျော်ကြီးပျော်နေပါတယ်။
‘ငါ သတ်ချင်တဲ့ ဘယ်သူမဆို အသက်မရှင်ရဘူး’
မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ချက်ချင်းဆိုသလို အရှိန်တင်လိုက်ပါတယ်။
အချိန်အတန်ကြာတဲ့အခါမှာတော့ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ထုန်ကျန့်ကမ္ဘာရှိတဲ့ ဟင်းလင်းပြင်ကို ရောက်ရှိသွားပါတယ်။ ဒါပေမဲ့ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ချက်ချင်း ရပ်တန့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။
‘ဟင်... ဒီသေမျိုးကမ္ဘာက ဘယ်လိုလုပ်ပြီး ပျောက်ကွယ်သွားတာလဲ’
မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ လက်ဆန့်ထုတ်ပြီး ဝှေ့ယမ်းလိုက်တဲ့အခါ သူ့ရှေ့က နေမီးလျှံစစ်တွေဟာ ကြီးမားတဲ့ ကြေးမုံအသွင် ပြောင်းလဲသွားပါတယ်။ ပြီးတဲ့အခါမှာတော့ ထုန်ကျန့်ကမ္ဘာကို ဟန်ကျွယ် စုပ်ယူနေတဲ့ ပုံရိပ် ပေါ်လာပါတယ်။
မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ပိုပြီးတော့ မကျ်မှောင်ကြုတ်သွားပြီး ရေရွတ်လိုက်ပါတယ် “ဒီကောင်က သေမျိုးကမ္ဘာတစ်ခုလုံးကို ယူသွားတာလား”
“သေစမ်း”
မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ အမျက်ချောင်းချောင်း ထွက်သွားပြီး ကြောက်မက်ဖွယ်ရောင်ဝါက ဟင်းလင်းပြင်တစ်ခုလုံးကို တုန်ခါသွားစေပါတယ်။
“မင်း ဘယ်နေရာကို ပြေးပြေး ငါလိုက်သတ်မယ်၊ မင်းစောင့်နေ၊ မင်းက ငါ့ကို လုံးဝဒေါသထွက်အောင် လုပ်လိုက်ပြီ၊ မင်းကို အရှင်လတ်လတ် အရေခွံဆုတ်ပြီး အရိုးတွေကို ဆွဲထုတ်ပစ်မယ်၊ ပြီးရင် မင်းဝိညာဉ်ကို ဆေးလုံးအဖြစ် သန့်စင်ပစ်မယ်၊ အင်မော်တယ်ဧကရာဇ်တောင် မခံစားနိုင်တဲ့ နာကျင်မှုကို မင်းခံစားစေရမယ်”
မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ကျယ်လောင်စွာ ကြိမ်းမောင်းလိုက်ပါတယ်။ ဒီအသံဟာ ကောင်းကင်ယံကို ထိုးဖောက်သွားပြီး ဟန်ကျွယ်နားထဲကို ရောက်သွားပါတယ်။ ဟန်ကျွယ်ကလွဲရင် တခြားဘယ်သူမှ မကြားရပါဘူး။
ဒါက လုံးဝဆန်းကြယ်ပြီး ဗိုလ်ကျလွန်းတဲ့ ဆန်းကြယ်စွမ်းအားပါ။
ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်နေတာမို့ မျက်လုံးမဖွင့်ပါဘူး။ ဒါပေမဲ့ ယမ်းပုံမီးကျ ဖြစ်သွားပါတယ်။
‘ကောင်းပြီလေ... မင်းကလည်း ငါ့ကို လုံးဝဒေါသထွက်အောင် လုပ်လိုက်ပြီ’ ဟန်ကျွယ်ရဲ့ သတ်ဖြတ်ငွေ့ဟာ ကျင့်ကြံခြင်းလိုဏ်ဂူတစ်ခုလုံး ပြည့်နှက်သွားပါတယ်။ ဟန်ကျွယ်ဆီမှာ ဘယ်တုန်းကမှ ဒီလောက်အားကြီးတဲ့ သတ်ဖြတ်ငွေ့ မရှိခဲ့ဖူးပါဘူး။
‘ဒီလောကမှာ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဆိုတာ မရှိစေရဘူး’
ဟန်ကျွယ်ဟာ ချက်ချင်းထပြီး ကျိန်စာတိုက်ပါဘူး။ ဆက်ပြီးတော့ပဲ ကျင့်ကြံအားထုတ်ပါတယ်။ ဟန်ကျွယ်ရဲ့ အခုစွမ်းအားနဲ့က တစ်ဖက်လူကို သတ်နိုင်တဲ့ အင်အားမရှိသေးပါဘူး။ ဒါပေမဲ့ လုံလောက်တဲ့အချိန်ရတာနဲ့ တစ်ဖက်လူကို မကြာခင် သတ်နိုင်လာမှာပါ။
ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ရဲ့ အကုသိုလ်ကံ စုပ်ယူနေတာကို အရှိန်တင်လိုက်ပါတယ်။ အင်မော်တယ်ဧကရာဇ် ဒုတိယအဆင့်က မလုံလောက်ရင် ဟန်ကျွယ်က အင်မော်တယ်ဧကရာဇ် တတိယအဆင့်ကို တက်မှာပါ။ အဲဒါမှ မလုံလောက်သေးရင် အင်မော်တယ်ဧကရာဇ် စတုတ္ထအဆင့်ကို တက်မှာပါ။
ဟန်ကျွယ် မလှုပ်ရှားရသေးခင်း မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ် သေသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ကို မမေ့မလျော့ ကျိန်စာတိုက်မှာမို့လို့ပါပဲ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။