နတ်ဆိုးဧကရာဇ်အား အတူသတ်ရန် ဖိတ်ခေါ်ခံရခြင်း
Vol. 24 Ch. 282
မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ကျန်းယီကို အထင်အမြင်သေးစွာ ကြည့်လိုက်ပါတယ် “မင်းကို မျက်နှာပေးရမယ် ဟုတ်လား.... မင်းကိုယ်မင်း ဘာထင်နေတာလဲ ကျန်းယီ”
“မျိုးဆက်သာ မခြားဘူးဆိုရင် မင်းလိုကောင်က နတ်ရွှေကျီးကန်း မိသားစုရဲ့ နံပါတ်တစ်ပါရမီရှင်ဖြစ်ဖို့ ထိုက်တန်လို့လား၊ မင်းသာ ငါနဲ့ တစ်မျိုးဆက်တည်း ဖြစ်ခဲ့ရင် မင်းတာအိုနှလုံးသားကို ဖျက်ဆီးပစ်တာ ကြာလှပြီ”
ကျန်းယီဟာ ယမ်းပုံမီးကျ ဖြစ်သွားပြီး တိုကင်တစ်ခုကို ထုတ်ယူကာ အေးစက်စွာ ပြောလိုက်ပါတယ် “ဒါက နတ်ဆိုးအရှင်သခင် တိုကင်ပဲ၊ မိသားစုတစ်စုလုံးကို အမိန့်ပေးနိုင်တယ်၊ ငါ အခုမင်းကို ဟန်ကျွယ်နောက် ထပ်မလိုက်ဖို့ အမိန့်ပေးတယ်”
မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ် ခန္ဓာကိုယ်ပေါ်က နေမီးလျှံစစ်တွေဟာ ပြင်းထန်စွ လှူပ်ခါသွားပြီး လူသားအသွင် ပြောင်းလဲသွားပါတယ်။ လူသားအသွင်ပြောင်းလဲပြီးနောက် မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ကျန်းယီဆီ တစ်လှမ်းချင်း လျှောက်သွားပြီး အေးစက်စွာ ပြုံးလိုက်ပါတယ်။
“နတ်ဆိုးအရှင်သခင် တိုကင်ကို ငါ့က ဂရုစိုက်မယ်များ မှတ်နေလား၊ ငါသာ နတ်မင်းအဆင့်ကို ရောက်ရင် နတ်ရွှေကျီး မိသားစုရဲ့ နောက်ခေါင်းဆောင်နေရာက ငါ့အတွက်ပဲ”
“ကျန်းယီ... မင်းက ဒီလောက် ထောင်လွှားလွန်းမှတော့ အဲဒီထုန်ကျန့်ကမ္ဘာအစောင့်အစား သေပေတော့”
နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ကျန်းယီဆီ တဟုန်ထိုး ပြေးသွားပါတယ်။
ကျန်းယီလည်း မျက်နှာပျက်သွားပြီး ဓားထုတ်ကာ ချက်ချင်း ပြန်တိုက်ပါတယ် ‘ငါက နတ်ရွှေကျီးကန်း မိသားစုရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ... မင်းကို ငါက ကြောက်ရမှာလား’ ကျန်းယီဟာ စိတ်ထဲမှာ ကြုံးဝါးလိုက်ပြီး နတ်ရွှေကျီး ရှန်ဧကရာဇ်နဲ့ သူသေကိုယ်သေ တိုက်ခိုက်ပါတော့တယ်။
အချိန်စက်ဝန်းဟာ ပုံမှန်လည်ပတ်ပြီး နောက်ထပ် နှစ် ၂၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ စွမ်းအားကြီးရန်သူတွေရဲ့ ခြိမ်းခြောက်မှု မရှိတာကြောင့် အေးအေးချမ်းချမ်း ကျင့်ကြံပြီး ဘဝအရသာကို ခံစားပါတယ်။ တိတ်ဆိတ်အေးချမ်းပြီး စိတ်ချလက်ချ ကျင့်ကြံအားထုတ်နိုင်တာကြောင့် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအလျင်ကလည်း အရင်ထက် တိုးတက်သွားပါတယ်။
ဒီအချက်တွေအပြင် ကမ္ဘာဖျက်ကြာနက်ရဲ့ အကုသိုလ်ကံကိုပါ စုပ်ယူသန့်စင်တာကြောင့် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ အင်မော်တယ်ဧကရာဇ် တတိယအဆင့်နဲ့ တဖြည်းဖြည်း နီးကပ်လို့လာပါတယ်။ ကျင့်ကြံမှုတိုးတက်လာတာနဲ့အမျှ ဟန်ကျွယ်ရဲ့ လောကဦး ကြယ်တာရာခန္ဓာကိုယ်ကလည်း တစ်နေ့တခြား ပိုပိုကြောက်ဖို့ကောင်းလာပါတယ်။
ဒီလိုနဲ့ နောက်ထပ်ဆယ်နှစ် ကုန်ဆုံးသွားပြန်ပါတယ်။
ဟန်ကျွယ်ဟာ သူ့အကျင့်အတိုင်း ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်၊ နတ်ဆိုးဧကရာဇ်တို့ကို ထုံးစံအတိုင်း ကျိန်စာတိုက်ရင်း စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ စာအိတ်တစ်အိတ်ကိုဖတ်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။
[သင့်မိတ်ဆွေ ကျန်းယီသည် သင့်ရန်သူ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်၏ တိုက်ခိုက်မှုကြောင့် သေဆုံးပြီး တာအိုပျောက်ကွယ်သွား၏။ သို့သော် ကျန်းယီ၏ ဝိညာဉ်အငွေ့အသက်တစ်ခုကို နတ်ရွှေကျီးကန်း ဘိုးဘေးများက ထိန်းသိမ်းထားလိုက်သည်။]
‘မိသားစုဝင်အချင်းချင်း တိုက်ခိုက်တာလား၊ ကြည့်ရတာ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်က ကျန်းယီရဲ့ အရည်အချင်းကို မနာလိုနေတဲ့ပုံပဲ...’
‘မဖြစ်ဘူး... ဒီကောင်က ရက်စက်လွန်းတယ်၊ ငါ သူ့ကို အထူးဂရုစိုက်ရမယ်’
ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကနေ စစ်ဆေးလိုက်တဲ့အခါ ကျန်းယီပုံရိပ်က ရှိနေသေးတာကြောင့် ကျန်းယီက လုံးလုံးကြီး မသေသေးဘူးဆိုတာကို သိလိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ လေးနက်သွားပါတယ် ‘ငါ ဒီကောင်ကို သတ်ဖို့ နည်းလမ်းရှာရမယ်၊ မဟုတ်ရင် ငါ့တာအိုနှလုံးသား ထိခိုက်လိမ့်မယ်’
တစ်လကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်ပြီး မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်နဲ့ တိုက်ခိုက်ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာပဲ ဟန်ကျွယ်ဟာ နတ်ရွှေကျီး ရှန်ဧကရာဇ်ကို အနိုင်မယူနိုင်သေးပါဘူး။
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် ‘ဟင်း... ငါ ကျင့်ကြံဖို့ လိုသေးတယ်’
ဒီအချိန်မှာပဲ ဝူတောက်ကျန့် ဝင်လာပြီး ဟန်ကျွယ်ရှေ့မှာ ရပ်ကာ ပြောလိုက်ပါတယ် “ဟောင်အာက သခင်ကို တွေ့ချင်နေတယ်”
“ဝင်ခွင့်ပြုလိုက်”
ဒီနှစ်ထဲမှာ လုံဟောင်ရဲ့ ကျင့်ကြံမှုအလျင်က အလွန်တိုးတက်လာတဲ့အတွက် တစ်ခုခု မူမမှန်ဘူးလို့ ဟန်ကျွယ် ခံစားနေရပါတယ်။၏
မကြာခင်မှာပဲ လုံဟောင်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဝင်လာပြီး ဟန်ကျွယ်ရှေ့မှာ ဒူးထောက်လိုက်ပါတယ် “ဆရာသခင်... ကျွန်တော် ဒီအတောအတွင်း အိပ်မက်တွေ ဆက်တိုက်မက်နေတယ်၊ အိပ်မက်ထဲမှာလည်း လျှို့ဝှက်ဆန်းကြယ်ပုဂ္ဂိုလ်တစ်ဦးက ကျွန်တော့်ကို ဆန်းကြယ်စွမ်းအား သင်ပေးတယ်၊ ဒါပေမဲ့ ကျွန်တော် သူ့ရုပ်ကို မမြင်ရဘူး”
‘အင်မော်တယ် နတ်ဘုရားက ဘယ်လိုလုပ်ပြီး အိပ်မက်ရတာလဲ၊ ဒါက သွေးရိုးသားရိုး မဖြစ်နိုင်ဘူး’
ဟန်ကျွယ်ဟာ မျက်လုံးကျဉ်းသွားပါတယ် ‘ဟောင်တျန်က စလှုပ်ရှားပြီပဲ’ ဟန်ကျွယ်ကလည်း ဟောင်တျန်ကို အမြဲတမ်း သတိထားနေတာပါ။ စွမ်းအားအကြီးဆုံး ကောင်းကင်ဧကရာဇ်က ဒီအတိုင်းထိုင်နေမှာ မဟုတ်မှန်း ဟန်ကျွယ် ကျိန်းသေပေါက် သိနေပါတယ်။
“ဆန်းကြယ်စွမ်းအား သင်ပေးတာအပြင် တခြား ဘာတွေရှိသေးလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။
လုံဟောင်ဟာ ပြောသင့်မပြောသင့် ချီတုံချတုံ ဖြစ်သွားပြီးမှ အံကြိတ်ကာ ပြောလိုက်ပါတယ် “သူက ကျွန်တော်ကို ကပ်ဘေးသခင်တဲ့၊ အနန္တကပ်ဘေးကို ဇောက်ထိုးမိုးမျှော်လုပ်ပြီး ကောင်းကင်ရုံးတော်ကို သတ်ဖြတ်မှာလို့ ပြောသေးတယ်၊ ဒါပေမဲ့ ကျွန်တော်က ကောင်းကင်ဧကရာဇ်ရဲ့ သားတော်လေ... ဘယ်လိုလုပ်ပြီး...”
လုံဟောင်ဟာ တုန်လှုပ် ချောက်ချားသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနန္တကပ်ဘေး ထိပ်ဆုံးကိုရောက်သွားရင် သက်ရှိတွေက အကုသိုလ်ကံ ထိန်းချုပ်တာကို ခံရပြီး ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်တော့ဘဲ သူသေကိုယ်သေ တိုက်ခိုက်ကြမှာကို ငရဲနက်နတ်ဆိုးသခင်နဲ့ ရွှင်ချန်အန်းဆီက ကြားထားလို့ပါပဲ။
လုံဟောင်ဟာ ဒီလိုမျိုး ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်ဘဲ လူသတ်မိမှာကို ကြောက်နေတာပါ။
ဟန်ကျွယ်က နှစ်သိမ့်ပေးလိုက်ပါတယ် “ဘာမှမဖြစ်ပါဘူး၊ မင်း ဝီရိယတောင်ကနေ ထွက်မသွားဘူးဆိုရင် ဘာပြဿနာမှ မတက်နိုင်ဘူး”
ဟန်ကျွယ်ဟာ လုံဟောင်ကို နှစ်သိမ့်ပေးလိုက်ပေမဲ့ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားတာကြောင့် စိတ်လေးသွားပြန်ပါတယ် ‘လုံဟောင်မိသားစု တစ်ခုခုဖြစ်ရင် လုံဟောင်က ဝီရိယတောင်မှာပဲ ဆက်နေနိုင်ပါ့မလား’
‘အခုလက်ရှိမှာ ကောင်းကင်ရုံးတော်က အန္တရာယ်ကြားထဲ ရောက်နေတယ်၊ တစ်စုံတစ်ခု မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး၊ ဟောင်တျန်က အဲဒီအချိန်ကို တွက်ချက်မိလို့ လုံဟောင်ကို ဖြားယောင်းနေတာလား’
လုံဟောင်ဟာ ဟန်ကျွယ်ရဲ့ နှစ်သိမ့်စကားကြောင့် နေသာထိုင်သာ ရှိသွားပါတယ်။ ဘာတွေပဲဖြစ်ဖြစ် လုံဟောင်က ဟန်ကျွယ်ကို အယုံကြည်ဆုံးပါ။ လုံဟောင်ရဲ့ ရင်ထဲမှာ ဟန်ကျွယ်က သူ့ခမည်းတော် ကောင်းကင်ဧကရာဇ်ထက် ပိုအရေးကြီးပါတယ်။
ဒါကလည်း လုံဟောင်ကို အပြစ်ပြောလို့ မရပါဘူး။ လုံဟောင်ဟာ မွေးဖွားလာကတည်းက ကောင်းကင်ဧကရာဇ်ကို တစ်ခါမှ မမြင်ဖူးပါဘူး။ ကောင်းကင်ဧကရာဇ်ကလည်း လုံဟောင်ကို နှစ်ကြိမ်ပဲ မြင်ဖူးတာပါ။ ဒီလောက် အတွေ့အဆုံ နည်းမှတော့ မရင်းနှီးတာ ပုံမန်ပါပဲ။ လုံဟောင်ဟာ ဒီကိစ္စကို တွေးမိတိုင်း အမြဲတမ်း ဝမ်းနည်းရပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “အိပ်မက်ထဲက လူကို ဂရုမစိုက်နဲ့၊ သူ သင်ပေးတဲ့ ဆန်းကြယ်စွမ်းအားကိုလည်း မကျင့်ကြံနဲ့”
လုံဟောင်ဟာ ခေါင်းညိတ်လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ဟောင်တျန်ရဲ့ လွှမ်းမိုးမှုကို ချေဖျက်ဖို့အတွက် လုံဟောင်ကို တာအိုဟောကြားပေးပါတယ်။ တာအိုဟောကြားတာကို တစ်လတိတိ နားထောင်ပြီးမှ လုံဟောင်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်သွားပါတယ်။
လုံဟောင် ထွက်သွားပြီး မကြာခင်မှာပဲ ထူလင်းအာ ဝင်လာပါတယ် “ဆရာသခင်... ကျွန်မ တိတ်ဆိတ်ကျွန်းကနေ ထွက်သွားလို့ရမလား၊ ကျွန်မ ငရဲပြည်ကို လျှောက်ကြည့်ချင်တယ်၊ တစ်စုံတစ်ခုက ကျွန်မကိုခေါ်နေတယ်လို့ ခံစားရတယ်”
ဟန်ကျွယ်က ချက်ချင်းပဲ ငြင်းပယ်လိုက်ပါတယ် “မရဘူး၊ မင်း တိတ်ဆိတ်ကျွန်းကနေ ထွက်သွားရင် ငါ့တပည့် မဟုတ်တော့ဘူး”
ထူလင်းအာက မဟာမှော်ဆရာ ပြန်ဝင်စားသူ ဖြစ်တာကြောင့် မှော်မျိုးနွယ်စု ဖြားယောင်းတာကို ကျိန်းသေပေါက် ခံရမှာပါ။ နောက်ပြီး အနန္တကပ်ဘေးကလည်း စတင်ခဲ့ပါပြီ။ ဒီလိုအခြေအနေမျိုးမှာ ထူလင်းအာသာ တိတ်ဆိတ်ကျွန်းကနေ ထွက်သွားရင် တိတ်ဆိတ်ကျွန်း တည်နေရာ ပေါက်ကြားသွားဖို့က ၉၉ ရာခိုင်နှုန်း ရှိပါတယ်။
ထူလင်းအာရဲ့ မျက်နှာလေးဟာ ဟန်ကျွယ်ရဲ့စကားကြောင့် ဇီးရွက်လောက်ပဲ ရှိပါတော့တယ်။
ဟန်ကျွယ်က လေးလေးနက်နက် ပြောလိုက်ပါတယ် “အနန္တကပ်ဘေးက စတင်ခဲ့ပြီ၊ မင်း ထွက်သွားတာနဲ့ တိတ်ဆိတ်ဂိုဏ်းက မင်းကြောင့် ကပ်ဘေးကို ရင်ဆိုင်ရလိမ့်မယ်၊ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်က ငါ့တိုကို လိုက်ရှာနေတုန်းပဲ၊ မင်းက ငါတို့အကုန်လုံးကို အသတ်ခံစေချင်လို့လား”
ထူလင်းအာဟာ ကြောက်လန့်တကြား ခေါင်းခါလိုက်ပြီး ထွက်သွားဖို့ ထပ်မပြောရဲတော့ပါဘူး။ အဲဒီနောက် ဟန်ကျွယ်ဟာ ထူလင်းအာကို ဆန်းကြယ်စွမ်းအား သင်ပေးပါတယ်။
ထူလင်းအာ ထွက်သွားတယ်ဆိုရင်ပဲ ဝူတောက်ကျန့် ဝင်လာပါတယ်။ ဝူတောက်ကျန့်ဟာ သူ့ဖျာပေါ်မှာ ထိုင်လိုက်ပြီး သက်ပြင်းချလိုက်ပါတယ် “ဆရာသခင်... ကပ်ဘေးက ကျွန်မတို့ကို အပြင်ထွက်ဖို့ သွေးဆောင်နေတာလား”
“ဟုတ်တယ်၊ နောက်ဆုံးတော့ မင်းနာလည်လာပြီပဲ”
“မစိုးရိမ်ပါနဲ့၊ ဘာပဲဖြစ်ဖြစ် ကျွန်မ အပြင်မထွက်ပါဘူး”
“လိမ္မာလိုက်တဲ့ ကောင်မလေး” ဟန်ကျွယ်ဟာ ကျေနပ်အားရစွာ ပြုံးလိုက်ပါတယ်။
တိတ်ဆိတ်ဂိုဏ်း တစ်ဂိုဏ်းလုံးမှာ ဟန်ကျွယ် မစိုးရိမ်ဆုံးလူကို ပြပါဆိုရင် ငရဲကြက်နက်၊ လီယောင်နဲ့ ဝူတောက်ကျန့်ပါ။ သူတို့သုံးယောက်က အပြင်စေလွှတ်ခံရမှာကို ကြောက်နေတဲ့သူတွေပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်လက် ကျင့်ကြံအားထုတ်ကာ အင်မော်တယ်ဧကရာဇ် တတိယအဆင့်ကို ထိုးဖောက်ဖို့ ကြိုးစားပါတယ်။ ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် တတိယအဆင့်ကို ရောက်သွားရင် မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ကို ရင်ဆိုင်ဖို့ ယုံကြည်ချက် ပိုရှိသွားမှာပါ။
ဒီလိုနဲ့ တစ်နှစ်ပြီး တစ်နှစ် ကုန်ဆုံးကာ နှစ် ၅၀ ကုန်ဆုံးသွားပါတယ်။
ကျင့်ကြံအားထုတ်နေရင်း ဟန်ကျွယ်ဟာ တစ်စုံတစ်ရာကို ခံစားမိသွားတာကြောင့် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။
“အို... သူက ငါ့ကို ဘာလို့ရှာနေတာလဲ”
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်လိုက်ပြီး ပဋိပက္ခနယ်မြေထဲ ခုန်ဝင်လိုက်ပါတယ်။ ပဋိပက္ခနယ်မြေက ဟန်ကျွယ် အင်မော်တယ်ဧကရာဇ် ဖြစ်လာတုန်းက ဝင်ရောက်ခဲ့တဲ့နေရာပါ။ ဒီပဋိပက္ခနယ်မြေကို ပဋိပက္ခရုပ်ခန္ဓာရှိသူပဲ ဝင်ရောက်နိုင်ပါတယ်။
ဟန်ကျွယ် ပေါ်တာကို တွေ့တာနဲ့ တာအိုအရှင်သခင်က ပြောလိုက်ပါတယ် “တာအိုရောင်းရင်း... ကျုပ်နဲ့ ပူးပေါင်းပြီး နတ်ဆိုးဧကရာဇ်ကို သတ်ရဲလား”
မြန်မာပြည် ငြိမ်းချမ်းပါစေ။