ပြိုင်ဘက်ကင်းဓားချီ
Vol. 24 Ch. 286
ဟန်ကျွယ်ဟာ ဓားတာအိုကို စတင်သုံးသပ်လိုက်ပါတယ်။ ကြမ္မာဓားချီ မဟာဘီးနဲ့ ကောင်းကင်ဓားတာအိုကို အခြေခံပြီး ဟန်ကျွယ်ဟာ အလွန်တရာ ပေါက်ကွဲအားပြင်းတဲ့ ဆန်းကြယ်စွမ်းအားကို ဖန်တီးဖို့ ပြင်ဆင်ပါတယ်။
ဟန်ကျွယ်ရဲ့ အဓိကရည်ရွယ်ချက်က နတ်ရွှေကျီး ရှန်ဧကရာဇ်ကို တစ်ချက်တည်း သတ်ပစ်ဖို့ပါ။ နတ်ရွှေကျီး ရှန်ဧကရာဇ် မသေရင် ဟန်ကျွယ်ဟာ အိပ်ဝင်စားပျော်မှာ မဟုတ်ပါဘူး။
ထိပ်တန်း ဓားပညာအရည်အချင်းနဲ့ ထိပ်တန်းဓားပညာ နားလည်မှုရှိတာကြောင့် ဟန်ကျွယ်ဟာ လျှိုဝှက်ဆန်းကြယ်တဲ့ အခြေအနေတစ်ခုကို ခပ်မြန်မြန်ပဲ ရောက်ရှိသွားပါတယ်။
ကြမ္မာဓားချီ မဟာဘီးက ကံကြမ္မာနဲ့ ရေစက်ကို ဖြတ်တောက်နိုင်ပါတယ်။ ကောင်းကင်ဓားတာအိုကလည်း အတူတူပါပဲ။ ကြမ္မာဓားချီ မဟာဘီးက ထိန်းချုပ်တာ ဖြစ်ပြီး ကောင်းကင်ဓားတာအိုက ပေါက်ကွဲစွမ်းအား ရှိပါတယ်။ ဒီဓားပညာနှစ်ခုကိုသာ ပေါင်းစပ်လိုက်ရင် ရန်သူက မလှုပ်ရှားနိုင်ဘဲ တစ်ချက်တည်း အသတ်ခံရမှာ ကျိန်းသေပါတယ်။
နှစ်ဝက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ဓားတာအိုမြစ်ကို ရောက်ရှိသွားပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဟန်ကျွယ်ဟာ ဓားတာအိုဆန်းကြယ်စွမ်းအားကို ဖန်တီးတာမို့ တခြားသူတွေလိုပဲ တစ်ဆင့်ချင်း သွားပါတယ်။
လျူပေ့က ဟန်ကျွယ်ကို မြင်သွားတဲ့အခါမှာ ချက်ချင်း မတ်တတ်ရပ်ပြီး ဦးညွှတ်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်က လျူပေ့ကို ဂရုမစိုက်ပါဘူး။ ဟန်ကျွယ်ရဲ့ အမူအရာကို မြင်တာနဲ့ လျူပေ့ဟာ အဓိကခန္ဓာကိုယ်က လေ့ကျင့်ဖို့လာမှန်း သိသွားတာကြောင့် ဆက်ပြီးတော့ မနှောင့်ယှက်တော့ပါဘူး။
ဟန်ကျွယ်ဟာ တဖြည်းဖြည်း လျှောက်သွားရင်း အနှိုင်းမဲ့၊ မဟာညီညွတ်မှု၊ ဧကရာဇ်အဆင့်တွေကို ဖြတ်ကျော်သွားပါတယ်။ ဟန်ကျွယ်ဟာ အရင်ကနဲ့ လုံးဝမတူတော့တဲ့အတွက် ဘာဖိအားမှ မခံစားရပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ယုံကြည်မှု ထိုးတက်သွားပါတယ်။
‘ငါ့ဆန်းကြယ်စွမ်းအားက ဟိုငှက်စုတ်ကို သတ်နိုင်မှာ ကျိန်းသေတယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပြီး ခပ်မြန်မြန် လျှောက်လိုက်ပါတယ်။
ခြေလှမ်းတစ်ရာ။
ခြေလှမ်းတစ်ထောင်။
ဟန်ကျွယ်ဘေးနားမှာ တစ်ယောက်မှ မရှိတော့ပါဘူး။ ဟန်ကျွယ်ဟာ တစ်ယောက်တည်း ရှေ့ဆက်လျှောက်ရင်း ပတ်ဝန်းကျင်က လုံးဝမည်းမှောင်သွားပြီး ခြေထောက်အောက်မှာလည်း ဓားအလင်းတွေနဲ့ ဖြစ်ပေါ်နေတဲ့ လှေကားထစ်တွေပဲ ရှိပါတော့တယ်။
ဖိအားများလာတာကိုလည်း ဟန်ကျွယ် တဖြည်းဖြည်း ခံစားလာရပါတယ်။
ဟန်ကျွယ်ဟာ ရှေ့ကို တစ်လှမ်းလှမ်းလိုက်တိုင်း ခံစားနေရတဲ့ ဖိအားက ဆတိုးသွားပါတယ်။ အကြောင်းအရင်းတချို့ကြောင့် ဟန်ကျွယ်ခန္ဓာကိုယ်ထဲက လောကဦးချီဟာ စတင်လည်ပတ်လာပြီး လောကဦးကမ္ဘာထဲက ကြယ်ဘီလီယံချီဟာလည်း တောက်ပတဲ့ အလင်းရောင်တွေ ထွက်ပေါ်လာပါတယ်။
ကြယ်ဘီလီယံချီရဲ့ တောက်ပလွန်းတဲ့ အလင်းရောင်ကြောင့် ထုန်ကျန့်ကမ္ဘာက သက်ရှိတွေဟာ ဘာမှမမြင်ရတော့ဘဲ ဝရုန်းသုန်းကား ဖြစ်ကုန်ပါတော့တယ်။ ဝတ်ရုံဖြူဗုဒ္ဓလည်း ဒီအလင်းရောင်ကြောင့် ထိတ်လန့်သွားပေမဲ့ ဟန်ကျွယ်ရောင်ဝါကို ခံစားမိလိုက်တာကြောင့် သက်သာရာ ရသွားပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓဟာ ဟန်ကျွယ် ဘာလုပ်နေမှန်း မသိပေမဲ့ ထုန်ကျန့်ကမ္ဘာကိုတော့ ထိခိုက်အောင် မလုပ်ဘူးဆိုတာတော့ ကျိန်းသေ သိပါတယ်။
ဟန်ကျွယ်ဟာ နောက်ထပ် ခြေလှမ်းသုံးလေးရာ လှမ်းပြီးမှာတော့ ဖိအားကို ဘယ်လိုမှ တောင့်မခံနိုင်တော့ပါဘူး။ ကြီးမားတဲ့ဖိအားကြောင့် ဟန်ကျွယ်ဟာ ခေါင်းမူးလာပြီး မျက်စိတွေ ဝေးဝါးလာပါတယ်။ ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ရဲ့အဆုံးမှာ သူ့ကိုကျောပေးပြီး ဓားရှည်တစ်ချောင်း ကိုင်ထားတဲ့ ရုပ်သွင်တစ်ခုကို ဝိုးတိုးဝါးတား မြင်တွေ့လိုက်ရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် ဘာမှမတွေးနိုင်ခင်မှာပဲ ဓားတာအိုမြစ်ထဲကနေ ဖယ်ထုတ်ခံလိုက်ရပါတယ်။
ဒီလိုနဲဲ့ ဟန်ကျွယ်ရဲ့ သိစိတ်ဟာ ခန္ဓာကိုယ်ထဲ ပြန်ရောက်သွားကြီး အလွန်များပြားတဲ့ မှတ်ဉာဏ်တွေဟာ ဟန်ကျွယ်ခေါင်းထဲကို စီးဝင်လာပါတယ်။ ဒီမှတ်ဉာဏ်တွေက ဟန်ကျွယ် လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအိုကို ဖန်တီးတုန်းက ရရှိခဲ့တဲ့ မှတ်ဉာဏ်ပမာဏနဲ့ သိပ်မကွာလှပါဘူး။
တစ်ချိန်တည်းမှာပဲ...။
အင်မော်တယ်ကမ္ဘာနဲ့ အနန္တကမ္ဘာတွေရဲ့ ကောင်းကင်မှာ ခရမ်းရောင်ချည်း ဖြစ်သွားပါတယ်။ ထုန်ကျန့်ကမ္ဘာလည်း အတူတူပါပဲ။ လူတိုင်းဟာ ဒီအံဖွယ်ဖြစ်ရပ်ကြောင့် အုတ်အော်သောင်းနင်း ဖြစ်ကုန်ကြပါတယ်။
အင်မော်တယ်ကမ္ဘာ၊ ကောင်းကင်ကိုးလွှာအထက်။
တပည့်တွေခြံရံပြီး တိမ်ပေါ်မှာ လမ်းလျှောက်နေတဲ့ ရှန်နန်းတော်သခင်ဟာ ကောင်းကင်က ခရမ်းရောင်ကြောင့် မျက်မှောင်ကြုတ်သွားပါတယ်။
“ဒါက နတ်မင်းရောင်ဝါပဲ၊ မဟုတ်သေးဘူး... တစ်ယောက်ယောက် နတ်မင်းအဆင့် ဆန်းကြယ်စွမ်းအားကို သုံးသပ်နေတာပဲ” ရှန်နန်းတော်သခင်ရဲ့ မျက်နှာဟာ တည်ကြည်လေးနက်သွားပါတယ်။
ရှန်နန်းတော်သခင်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်တဲ့အခါမှာတော့ တစ်ဖက်လူက ရှန်နန်းတော်က မဟုတ်သလို အင်မော်တယ်ကမ္ဘာကလည်း မဟုတ်ဘဲ ငရဲပြည်က ဖြစ်နေတာကို တွေ့လိုက်ရပါတယ် ‘ငရဲပြည်ကလည်း အနန္တကပ်ဘေးထဲ ဝင်တော့မှာလား’
တပည့်တစ်ယောက်က မနေနိုင်ဘဲ မေးလိုက်ပါတယ် “နန်းတော်သခင်... ဒီအံဖွယ်ဖြစ်ရပ်က ဘာကိုဆိုလိုတာလဲ”
“သူက ကပ်ဘေးသခင် ဖြစ်နိုင်တယ်”
“အနန္တကပ်ဘေးကို ထိန်းချုပ်တဲ့သူလား”
တပည့်တွေအကုန်လုံး ထိတ်လန့်သွားကြပါတယ်။ အနန္တကပ်ဘေးက စတင်ခဲ့ပြီဆိုပေမဲ့ ထိန်းချုပ်တဲ့သူ မပေါ်လာသေးပါဘူး။ ဒါကြောင့် လူအများစုက နတ်ဆိုးဧကရာဇ်ကို ကပ်ဘေးသခင်လို့ ထင်ကြေးပေးကြပါတယ်။
‘နတ်ဆိုးရုံးတော်က ဒီလောက်ကြမ်းတာတောင် ကပ်ဘေးသခင် မဟုတ်ဘူးဆိုတော့...’ ရှန်နန်းတော်သခင်ဟာ ဆက်ပြီးတော့ မတွေးရဲတော့ပါဘူး။
နတ်ဆိုးရုံးတော်၊ နတ်ဆိုးဧကရာဇ်နန်းတော်။
တရားထိုင်နေတဲ့ နတ်ဆိုးဧကရာဇ်ဟာ ရုတ်တရက်မျက်လုံးဖွင့်လိုက်ပြီး ခန်းမအပြင်ဘက်က ခရမ်းရောင်ကောင်းကင်ကို ကြည့်ကာ မျက်မှောင်ကြုတ်သွားပါတယ်။ နတ်ဆိုးဧကရာဇ်ဟာ ချက်ချင်းပဲ တွက်ချက်လိုက်တဲ့အခါ ငရဲပြည်မှာရှိတဲ့ တစ်စုံတစ်ယောက်က နတ်မင်းအဆင့် ဆန်းကြယ်စွမ်းအားကို သုံးသပ်နေမှန်း သိလိုက်ပါတယ်။ ဒါပေမဲ့ ဘယ်သူဘယ်ဝါဆိုတာကိုတော့ တွက်ချက်နိုင်ခြင်း မရှိပါဘူး။
“ကောင်းတယ်... ကြည့်ရတာ ငရဲပြည်ကလည်း ဝင်ပါချင်ပုံပဲ” နတ်ဆိုးဧကရာဇ်ဟာ ရေရွတ်လိုက်ပါတယ်။ အခုအချိန်မှာ နတ်ဆိုးရုံးတော်က အသာစီးရနေတယ်ဆိုပေမဲ့ ငရဲပြည်ရဲ့ ရုတ်တရက် လှုပ်ရှားမှုက နတ်ဆိုးဧကရာဇ်ကို ဖိအား တော်တော်လေး ပေးလိုက်ပါတယ်။
နတ်ဆိုးရုံးတော်က အပေါ်ယံမှာ ကောင်းကင်ရုံးတော်၊ ဗုဒ္ဓဂိုဏ်းနဲ့ ရှန်နန်းတော်ကို တစ်ဦးတည်း တိုက်ခိုက်ပြီး အသာစီးရနေပုံပေါ်ပေမဲ့ အချိန်မရွေးပြိုလဲသွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ရှေးဟောင်းမျိုးနွယ်စု အသီးအသီးက ရည်မှန်းချက်ကိုယ်စီနဲ့ပါ။ နတ်ဆိုးဧကရာဇ်သာ တစ်ချက်ကလေး သတိလွှတ်သွားတာနဲ့ စွန့်ပစ်တာခံရမှာပါ။ ဒါကြောင့် နတ်ဆိုးဧကရာဇ်ဟာ အငြိမ်မနေနိုင်တော့ဘဲ ချက်ချင်းမတ်တတ်ရပ်ပြီး ခန်းမထဲကနေ ထွက်ခွာသွားပါတယ်။
ဟန်ကျွယ် ဖြစ်ပေါ်စေခဲ့တဲ့ အံဖွယ်ဖြစ်ရပ်ဟာ အင်မော်တယ်ကမ္ဘာက အဓိကအင်အားစုတွေကို ဂယက်ထသွားစေခဲ့ပါတယ်။ ဒါပေမဲ့ တာအိုစက်ကွင်းရဲ့ ဟန့်တားမှုနဲ့ ဟန်ကျွယ်ကိုယ်တိုင်ကလည်း ကံကြမ္မာဆန်းကြယ်စွမ်းအားကို ကျင့်ကြံထားတာကြောင့် ဘယ်သူမှ ဟန်ကျွယ်ဆိုတာကို မခန့်မှန်းမိကြပါဘူး။
အချိန်အတော်ကြာတဲ့အခါမှာတော့ ဟန်ကျွယ် နိုးလာပြီး ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်တဲ့အခါ ကြောက်မက်ဖွယ် အလင်းရောင် ထွက်ပေါ်လာပါတယ်။
‘တော်တော်ကြမ်းတဲ့ ဆန်းကြယ်စွမ်းအားပါလား... အရမ်းကောင်းတယ်’
[နတ်မင်းအဆင့် ဆန်းကြယ်စွမ်းအားကို ပထမဆုံးအကြိမ် ဖန်တီးခဲ့သည့်အတွက် အောက်ပါရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]
[၁။ ချက်ချင်းဘုံပျံတက်ပြီး ဤဆန်းကြယ်စွမ်းအားကို အသုံးပြုကာ အင်မော်တယ်ကမ္ဘာအား မှင်သက်စေပါ။ ဆုလာဘ်အဖြစ် ဆန်းကြယ်စွမ်းအားတစ်ပါးကို ဆက်ခံရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ ပြဿနာများနှင့် အဝေးတွင် နေထိုင်ပါ။ ဆုလာဘ်အဖြစ် အကောင်းစား ရတနာတစ်ပါးအား ရရှိမည်။]
ဟန်ကျွယ်ဟာ တစ်မီလီစက္ကန့်တောင် မတုံ့ဆိုင်းဘဲ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။
[ဧကရာဇ်တာအို အကောင်းစားရတနာ ရွှေသွေးခါးပတ်အား ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။]
[ရွှေသွေးခါးပတ်: ဧကရာဇ်တာအို ခံစစ် အကောင်းစား ရတနာဖြစ်ပြီး မိုးမြေချီကို အလိုအလျောက် စုပ်ယူနိုင်သည်။ ပိုင်ရှင်တိုက်ခိုက်ခံရသောအခါ တိုက်ခိုက်မှုများကို အလိုအလျောက် ကာကွယ်နိုင်ပြီး အင်မော်တယ်ဧကရာဇ် နဝမအဆင့်၏ အားကုန် တိုက်ခိုက်မှုများကို ခုခံနိုင်သည်။]
‘ခံစစ် အကောင်းစား ရတနာလား၊ ကောင်းတယ်... အရမ်းကောင်းတယ်’ ဟန်ကျွယ်ဟာ ကျေနပ်အားရစွာ ပြုံးလိုက်ပြီး မေးစေ့ကိုပွတ်ကာ သူ့ဆန်းကြယ်စွမ်းအားအတွက် နာမည်စဉ်းစားလိုက်ပါတယ်။
“ဟုတ်ပြီ... ပြိုင်ဘက်ကင်းဓားချီလို့ နာမည်ပေးမယ်” ဟန်ကျွယ်ဟာ သူပေးလိုက်တဲ့နာမည်ကို ပြန်တွေးပြီး ဝမ်းသာစွာ ပြုံးလိုက်ပါတယ်။
ဒါကိုမြင်တဲ့ ဝူတောက်ကျန့်က မနေနိုင်ဘဲ စပ်စုပါတော့တယ် “သခင်... ပြိုင်ဘက်ကင်းဓားချီက ဘာလဲ၊ ဆန်းကြယ်စွမ်းအားကို ပြောတာလား”
“ဟုတ်တယ်... နာမည်က ဘယ်လိုနေလဲ”
“သာမန်ပါပဲ”
“ဘာပြောတယ်”
ဟန်ကျွယ်ရဲ့ မီးဝင်းဝင်တောက်နေတဲ့ မျက်လုံးကြောင့် ဝူတောက်ကျန့်ဟာ ချက်ချင်းပဲ လက်ခါပြီး အမြန်ပြောလိုက်ပါတယ် “အရမ်းကောင်းတယ်လို့ ပြောတာပါ”
ဟန်ကျွယ်ဟာ နှာခေါင်းရှုံ့လိုက်ပြီး အသွင်တူလက်ရည်စမ်းပွဲထဲမှာ နတ်ရွှေကျီး ရှန်ဧကရာဇ်နဲ့ စတင် တိုက်ခိုက်ပါတယ်။
ဆယ်မိနစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးပွင့်လာပြီး မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ရဲ့ ဆန်းကြယ်စွမ်းအားအသစ်က စွမ်းအားကြီးမားပေမဲ့ နတ်ရွှေကျီး ရှန်ဧကရာဇ်ကို တစ်ချက်တည်း မသတ်နိုင်သေးလို့ပါပဲ။ အဓိက အကြောင်းရင်းကတော့ အဆင့်ကွာခြားလွန်းလို့ပါ။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ပြိုင်ဘက်ကင်းဓားချီကို ဆက်တိုက်ထုတ်သုံးပြီး နတ်ရွှေကျီး ရှန်ဧကရာဇ်ကို သတ်နိုင်ပါတယ်။ ဒါပေမဲ့ အချိန်ဆယ်မိနစ်ဆိုတာက အရမ်းကြာလွန်းပါတယ်။
‘ငါ မအောင်မြင်ဘူးဘဲ’
ဟန်ကျွယ်ဟာ ဆန်းကြယ်စွမ်းအားအသစ်ကို ဆက်လက်သုံးသပ်ပြီး တခြားဓားတာအို ဆန်းကြယ်စွမ်းအားတွေကိုလည်း ကန့်သတ်စည်းထိ မြှင့်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် နောက်လေးနှစ်အတွင်းမှာပဲ ကောင်းကင်တစ်ခုလုံး ခရမ်းရောင်ဖြစ်တဲ့ အံဖွယ်ဖြစ်ရပ်ဟာ အနန္တကမ္ဘာမှာ ထပ်ပေါ်လာပါတယ်။
ဒီအံဖွယ်ဖြစ်ရပ်ကြောင့် လူတိုင်းဟာ ကပ်ဘေးသခင် လာနေပြီဆိုတာကို သိလိုက်ပါတယ်။ နောက်ပြီး နတ်မင်းအဆင့် ဆန်းကြယ်စွမ်းအားကို ဖန်တီးနိုင်တဲ့သူက နတ်မင်းအဆင့် ကျင့်ကြံသူတွေထဲမှာတောင် လုံးဝပြိုင်ဘက်ကင်းတဲ့သူပါ။
နတ်ဆိုးရုံးတော်ဟာ ဒီအံဖွယ်ဖြစ်ရပ်ကြောင့် တုန်လှုပ်ချောက်ချားသွားပြီး သူတို့ရဲတိုက်ခိုက်မှုက အရင်လို မကြမ်းတမ်းတော့ပါဘူး။ ရှန်နန်းတော်နဲ့ ဗုဒ္ဓဂိုဏ်းကလည်း နတ်ဆိုးရုံးတော်ကို ဆက်ပြီး မတိုက်ရဲတော့ပါဘူး။
ကောင်းကင်ရုံးတော်ကတော့ သက်ပြင်းချနိုင်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နတ်ဆိုးရုံးတော်က ကောင်းကင်ရုံးတော်ကို အသေအလဲ တိုက်ခိုက်ခဲ့တာ မဟုတ်ပါလား။
ဒီအချိန်မှာတော့ ကမ္ဘာတွေအကုန်လုံးရဲ့ အကြည့်တွေဟာ ငရဲပြည်ကို စုပြုံကျရောက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကပ်ဘေးသခင်က ငရဲပြည်မှာရှိနေလို့ပါ။
ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း။
ဟန်ကျွယ်ဟာ မချိုပြုံးပြုံးလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ဟာ အတက်နိုင်ဆုံး ကြိုးစားခဲ့ပေမဲ့ နတ်ရွှေကျီး ရှန်ဧကရာဇ်ကို သတ်ဖို့ သုံးလေးမိနစ် ကြာတုန်းပါပဲ။ သုံးလေးမိနစ်က အင်မော်တယ်ဧကရာဇ် ကျင့်ကြံသူတွေအတွက် ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ နတ်ရွှေကျီးမျိုးနွယ်စုရဲ့ အိုကြီးအိုမတွေကလည်း လာကူညီချင်ရင် ကူညီနိုင်ပါတယ်။
‘ထားလိုက်ပါတော့၊ ငါ့ဘာသာပဲ ဆက်ကျင့်ကြံပြီး ထုံးစံအတိုင်း ကျိန်စာတိုက်တာပဲ ကောင်းပါတယ်’
မြန်မာပြည် ငြိမ်းချမ်းပါစေ။