← Chapters

ကောင်းကင်ဧကရာဇ်နှင့် လီတောက်ခုံး

Vol. 24 Ch. 290

ကောင်းကင်ဧကရာဇ်နှင့် လီတောက်ခုံး

Vol. 24 Ch. 290

“ငါနဲ့ ကောင်းကင်ဧကရာဇ်က အရင်းရင်းနှီးတာ၊ သူ ဘာမှပြောမှာ မဟုတ်ဘူး” လီတောက်ခုံးက ယုံကြည်မှုရှိစွာ ပြုံးလိုက်ပါတယ် ‘အနန္တကမ္ဘာမှာ ငါ့တပည့်မဖြစ်ချင်တဲ့သူ မရှိဘူး’

ဟန်ကျွယ်ဟာ ဘာမှပြန်မပြောပေမဲ့ စိတ်ထဲမှာတော့ တော်တော်လေး စိုးရိမ်နေပါတယ် ‘ကောင်းကင်ဧကရာဇ်က ဘာလို့ အခုထိ ပေါ်မလာသေးတာလဲ၊ ငါ ထွက်ပြေးရင် ကောင်းမလား’

လီတောက်ခုံးက ပြုံးလိုက်ပါတယ် “လွန်ခဲ့တဲ့ အနန္တကပ်ဘေးတုန်းက ငါ ကြီးမားတဲ့ ကံတရား အထောက်အပံ့ကို ရခဲ့တယ်၊ ပြီးတော့ အနန္တကပ်ဘေးကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာလည်း အတွေ့အကြုံရနေပြီ၊ အနန္တကပ်ဘေးနဲ့ ပတ်သက်လာရင် အင်မော်တယ်ကမ္ဘာမှာ ငါ့ကို ဘယ်သူမှ မယှဉ်နိုင်ဘူး”

‘ထောင်လွှားလိုက်တာ၊ ဒီလီတောက်ခုံးက ဂျိရှင်ရှန်းရဲ့ စူပါဗားရှင်းပဲ’ ဟန်ကျွယ်ဟာ သည်းခံနိုင်စွမ်း ကုန်လာပါတယ်။

ဒီအချိန်မှာ အဝေးကနေ အသံတစ်သံ ထွက်ပေါ်လာပါတယ် “လီတောက်ခုံး... မင်းက ငါ့လူကိုတောင် သိမ်းသွင်းနေတာလား”

ကောင်းကင်ဧကရာဇ် ရောက်လာပါပြီ။

ကောင်းကင်ဧကရာဇ် ‌ရောက်လာတဲ့အတွက် ဟန်ကျွယ်ဟာ ရင်ထဲက အလုံးကြီး ကျသွားပါတယ်။ ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ရှေ့မှာ ကောင်းကင်ဧကရာဇ် ပေါ်လာပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ရှေ့မှာ မတ်တတ်ရပ်ပြီး လီတောက်ခုံးကို အပြုံးနဲ့ နှုတ်ဆက်လိုက်ပါတယ်။

လီတောက်ခုံးဟာ မျက်ခုံးပင့်တက်သွားပြီး ဟန်ကျွယ်နဲ့ ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ဆံရေးက မရိုးရှင်းဘူးဆိုတာ ချက်ချင်း နားလည်သွားပါတယ်။ အဲဒီနောက် တစ်စုံတစ်ခုကို တွေးမိသွားတာကြောင့် အပြုံးနဲ့ မေးလိုက်ပါတယ် “သူက အရှင်မင်းကြီးပြောတဲ့ ကောင်းကင်ရုံးတော်ရဲ့ အနာဂတ်လား”

ကောင်းကင်ဧကရာဇ်က ခေါင်းညိတ်လိုက်ပါတယ်။

ဟန်ကျွယ်ကတော့ ထူးဆန်းသွားပါတယ် ‘သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် တကယ် သိနေကြတာလား’ ဒါ့အပြင် ဟန်ကျွယ်ဟာ လီတောက်ခုံးရဲ့စကားကနေ ကောင်းကင်ဧကရာဇ်က သူ့ကို အမြင့်ကြီးတွေးထားမှန်း သိလိုက်ပါတယ်။

သေချာပြန်တွေးကြည့်မယ်ဆိုရင်လည်း ကောင်းကင်ဧကရာဇ်ကို ဟန်ကျွယ် ရှာတိုင်း ကောင်းကင်ဧကရာဇ်က ရောက်လာတာချည်းပါပဲ။ ရောက်မလာတဲ့တစ်ခါကလည်း ဖိနှိပ်ခံထားရတဲ့အချိန်ပါ။ ဟန်ကျွယ် ပြဿနာတက်လို့ အကူအညီတောင်းတိုင်း ကောင်းကင်ဧကရာဇ်က မငြင်းပယ်ခဲ့ပါဘူး။ ဟန်ကျွယ်ကသာ ကောင်းကင်ဧကရာဇ်ကို မကူညီနိုင်သေးတာပါ။

ဟန်ကျွယ်ဟာ စိတ်ထဲမှာ သက်ပြင်းချလိုက်ပါတယ်။ ခံစားချက်တွေက တာအိုကို ရယူတဲ့နေရာမှာ အကြီးမားဆုံး အတားအဆီးပါ။

‘တစ်နေ့ကျလို့ ငါ တာအိုကို ရယူနိုင်ခဲ့ရင် ကောင်းကင်ဧကရာဇ်ကို ကျိန်းသေပေါက် ကျေးဇူး ပြန်ဆပ်ရမယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

“သူက ငါ့လူ” ဒီစကားက လီတောက်ခုံးရဲ့ ကမ်းလှမ်းချက်ကို ကောင်းကင်ဧကရာဇ်က ဟန်ကျွယ်ကိုယ်စား ငြင်းဆန်လိုက်တာပါ။

လီတောက်ခုံးက ပြုံးလိုက်ပါတယ် “ရတယ်၊ ကျုပ်တပည့်ဖြစ်တာက ကောင်းကင်ရုံးတော်မှာ နေတာနဲ့ ဘာအရှုပ်အရှင်းမှ မရှိဘူး၊ တာအိုဂိုဏ်းရဲ့ တပည့်အများကြီးလည်း ကောင်းကင်ရုံးတော်မှာ ရှိနေတာပဲ မဟုတ်လား၊ အရှင်မင်းကြီးကလည်း ကျုပ်ကို ကောင်းကင်ရုံးတော်ထဲ ဆွဲသွင်းချင်နေတာမလား”

ကောင်းကင်ဧကရာဇ်ဟာ တိတ်ဆိတ်သွားပြီး ဟန်ကျွယ်ကို လှည့်ကြည့်လိုက်ပါတယ်။ ဒီအကြည့်ကြောင့် ဟန်ကျွယ်ဟာ နှလုံးခုန်သံ မြန်သွားပါတယ် ‘ကောင်းကင်ဧကရာဇ်က ငါ့ကို...’

ကောင်းကင်ဧကရာဇ်ဟာ လီတောက်ခုံးဘက် ပြန်လှည့်ပြီး အပြုံးနဲ့ ပြောလိုက်ပါတယ် “သူ မင်းကို ဆရာသခင်အဖြစ် တကယ် အသိအမှတ်ပြုချင်တယ်ဆိုရင် ငါကိုယ်တိုင် မင်းဆီ လာပို့ပေးမယ်၊ ဒီကောင်လေးက သတိအရမ်းကြီးပြီး ကြောက်တဲ့နေရာမှာ နှစ်ယောက် မရှိဘူး၊ ကောင်းကင်ရုံးတော်ထဲ ဝင်ရတာကိုတောင် အတော်လေး ကြောက်နေတာ၊ ရွမ်လိန့်ကျောင်းတော်ရဲ့ ဆက်ခံသူသာ ဖြစ်လာမယ်ဆိုရင် စိတ်အေးလက်အေး ကျင့်ကြံနိုင်တော့မှာ မဟုတ်ဘူး”

လီတောက်ခုံးဟာ ဟန်ကျွယ်ကို ကြည့်ပြီး ခေါင်းခါလိုက်ပါတယ် “မင်း စိတ်ပြောင်းတဲ့အချိန်ကျရင် ငါ့ကို လာရှာလို့ရတယ်” စကားအဆုံးမှာပဲ လီတောက်ခုံးဟာ ပျောက်ကွယ်သွားပါတယ်။

ဟန်ကျွယ်ဟာ ဒီတော့မှာပဲ လုံးဝစိတ်ချလက်ချ ဖြစ်သွားပါတယ်။

ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ဘက်လှည့်ပြီး အပြုံးနဲ့ စနောက်လိုက်ပါတယ် “ကျွတ်..ကျွတ်... မင်းက လီတောက်ခုံးကို တကယ်ကြီး ငြင်းပယ်လိုက်တာပဲ၊ ဒီလူက ဒီကပ်ဘေးအတွင်းမှာ ကောင်းကင်ဘဝဂ်အဆင့်ကျင့်ကြံသူ ကျိန်းသေပေါက် ဖြစ်လာမှာ၊ နောက်ကျရင် သူက ငါ့ကို ကျော်တက်သွားဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး”

ဟန်ကျွယ်ဟာ တအံတဩ မေးလိုက်ပါတယ် “အနန္တကပ်ဘေးက အရမ်းအန္တရာယ်များတာ မဟုတ်ဘူးလား၊ တစ်ယောက်ယောက်က ကပ်ဘေးကို ကျိန်းသေပေါက် ဖြတ်သန်းနိုင်လိမ့်မယ်လို့ အတပ်ပြောနိုင်လို့လား”

“ဘယ်လိုလုပ် ပြောနိုင်မှာလဲ၊ ဒါပေမဲ့ လီတောက်ခုံးရဲ့ အရည်အချင်းနဲ့ဆိုရင် ၉၀ ရာခိုင်နှုန်း ကျိန်းသေတယ်”

‘၉၀ ရာခိုင်နှုန်းတည်းလား’ ဟန်ကျွယ်ဟာ ထိတ်လန့်သွားပါတယ် ‘လီတောက်ခုံးက ဒီလောက် စွမ်းအားကြီးတာတောင် ၉၀ ရာခိုင်နှုန်းပဲ ရှိတယ်ဆိုတော့ ဒီကပ်ဘေးထဲကို ငါ မဝင်တာ အကောင်းဆုံးပဲ’

အောင်မြင်မှု ၉၀ ရာခိုင်နှုန်းက ကျရှုံးဖို့ ၁၀ ရာခိုင်နှုန်းရှိတယ်လို့ ပြောနေပါတယ်။ အနန္တကပ်ဘေးမှာ ကျရှုံးတာက သေတာကလွဲပြီး ဘာဖြစ်နိုင်အုန်းမှာလဲ။ နောက်ပြီး လီတောက်ခုံးဟာ မာနထောင်လွှားတဲ့အတွက် ဟန်ကျွယ်သာ လီတောက်ခုံးနောက်လိုက်ရင် အချိန်အများစုက ထွက်ပြေးရင်း ကုန်ဆုံးရဖို့ များပါတယ်။

ဟန်ကျွယ်က မေးလိုက်ပါတယ် “လီတောက်ခုံးနဲ့ လီရွှမ်အောက်မှာ ဘယ်သူက စွမ်းအားပိုကြီးလဲ”

“လီတောက်ခုံးပေါ့၊ လီတောက်ခုံးက ကောင်းကင်ဘဝဂ်အဆင့်နဲ့ ညီမျှတဲ့စွမ်းအား ရှိနေပြီ၊ လီရွှမ်အောက်က နတ်မင်းအဆင့်မှာပဲ ပြိုင်ဘက်ကင်းသေးတာ” ကောင်းကင်ဧကရာဇ်ရဲ့ လေသံက လီတောက်ခုံးကို ပိုလေးစားကြောင့် ထင်ရှားလှပါတယ်။

ဒါပေမဲ့ ဒါက ဟန်ကျွယ်အတွက်တော့ သတင်းဆိုးပါပဲ။ နတ်မင်းအဆင့်မှာ ပြိုင်ဘက်ကင်းနေတဲ့ လီရွှမ်အောက်ကို ပဋိပက္ခကောင်းကင်ခွေးအတွက် လက်စားချေဖို့ အခွင့်အရေးက အတော်လေး နည်းပါးသွားပါပြီ။ ဟန်ကျွယ် အမြဲတမ်း ကျိန်စာတိုက်မယ်ဆိုရင်တောင် အကျိုးသက်ရောက်မှုက သိပ်ရှိမှာ မဟုတ်ပါဘူး။

ကောင်းကင်ဧကရာဇ်က ဟန်ကျွယ်ကို မေးလိုက်ပါတယ် “အခု မင်း ငရဲပြည်မှာ ပုန်းနေတာလား၊ သတိလည်းထားအုန်း၊ ဒီအတောအတွင်း အင်မော်တယ်ကမ္ဘာမှာ ကပ်ဘေးသခင်က ငရဲပြည်မှာ ရှိနေတယ်လို့ ကောလဟာလတွေ ထွက်နေတယ်၊ ကပ်ဘေးသခင်က ငရဲပြည်မှာ စိတ်ကြိုက်သတ်ဖြတ်ပြီး ကောင်းကင်ဘုံကို တက်လိမ့်မယ်ထင်တယ်”

ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်စကားကြောင့် ကြောက်လန့်သွားပါတယ် ‘ဘယ်လိုလုပ်ပြီး ကပ်ဘေးသခင်က ငရဲပြည် ရောက်နေတာလဲ၊ ဒါ သတင်းဆိုးပဲ’

“အရှင်မင်းကြီးရဲ့ သတိပေးမှုအတွက် ကျေးဇူးပါပဲ၊ ကျွန်တော် ပိုပြီးတော့ ဂရုစိုက်လိုက်ပါမယ်” အဲဒီနောက် ဟန်ကျွယ်ဟာ စကားလမ်းကြောင်း လွှဲလိုက်ပါတယ် “ဟောင်အာရော ဘယ်လိုနေလဲ”

လုံဟောင်ထွက်သွားတာ ကြာပြီဖြစ်ပေမဲ့ ဟန်ကျွယ်ဟာ ဘာသတင်းမှ မရပါဘူး။

ကောင်းကင်ဧကရာဇ်က ပြုံးလိုက်ပါတယ် “သူ့အရည်အချင်းက မဆိုးဘူး၊ ဒီလိုဖြစ်လာအောင် ပြုစုပြိုးထောင်းပေးခဲ့တဲ့ မင်းကိုပဲ ကျေးဇူးတင်ရမယ်၊ မစိုးရိမ်ပါနဲ့၊ သူက ငါ့ရဲ့ အငယ်ဆုံးသားပါ၊ ငါ ဒုက္ခမပေးပါဘူး”

ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်နဲ့ ကောင်းကင်ဧကရာဇ်ဟာ ခပ်မြန်မြန်ပဲ လမ်းခွဲလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ကိုပြန်ပြီး လျူပေ့နဲ့ တွေ့ပါတယ် “မင်းက အားနည်းလွန်းတယ်၊ ငါနဲ့ ပြန်လိုက်ခဲ့တော”

ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး လျူပေ့ကို အင်္ကျီလက်ထဲ ထည့်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဓားတာအိုမြစ်ကနေ ငရဲပြည်ကို ခုန်ဝင်လိုက်ပါတယ်။

အင်မော်တယ်ကမ္ဘာ၊ အင်မော်ကျွန်းတစ်ကျွန်း။

ဟွမ်ဇွမ်တျန်ဟာ တစ်ယောက်ယောက်ကို ကြိုဆိုသလိုမျိုး ကမ်းခြေသဲသောင်ပြင်မှာ ဒူးထောက်နေပါတယ်။ မကြာခင်မှာပဲ မိုးကုပ်စက်ဝိုင်းဆီကနေ အလင်းတန်းတစ်တန်း ပျံသန်းလာပြီး ပေတစ်ရာတောင်ပံရှိတဲ့ ကြိုးကြာဖြူအဖြစ် ပြောင်းလဲသွားပါတယ်။ ကြိုးကြာဖြူ တောင်ပံခတ်လိုက်တိုင်းမှာ ရောင်စုံအလင်းတန်းတွေ ဖြာထွက်သွားပါတယ်။

ကြိုးကြာဖြူဟာ ဟွမ်ဇွမ်တျန်ရှေ့မှာရပ်ပြီး မေးလိုက်ပါတယ် “မင်းမှာ ဘာပြောစရာရှိလို့လဲ”

“ကျွန်းသခင်က ချန်ကျောင်းတော်နဲ့ ပူးပေါင်းနေတာကို ကျွန်တော် ရှာတွေ့ထားလို့ပါ”

ကြိုးကြာဖြူရဲ့ မျက်လုံးတွေဟာ ကျဉ်းသွားပါတယ် “သက်သေရှိလို့လဲ”

“ကျွန်တော် ကျွန်းသခင်ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ချန်ကျောင်းတော်ရဲ့ ပစ္စည်းတစ်ခုကို ရှာတွေ့ထားပါတယ်”

“မင်းက တပည့်တစ်ယောက်အနေနဲ့ ကျွန်းသခင်ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ဘယ်လိုလုပ်ပြီး ခိုးဝင်ရဲတာလဲ” ကြိုးကြာဖြူရဲ့ အသံဟာ ခက်ထန်သွားပြီး ကြောက်မက်ဖွယ် ရောင်ဝါ ထွက်ပေါ်လာပါတယ်။

ဟွမ်ဇွမ်တျန်ဟာ ကြောက်လန့်ခြင်း မရှိပါဘူး “ကျယ်ကျောင်းတော်က အရင်အနန္တကပ်ဘေးတွေမှာ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်၊ အခု နောက်ထပ် အနန္တကပ်ဘေးတစ်ခုက စလာပြီ၊ ဒီအချိန်မှာ ကျွန်းသခင်က တပည့်တွေကို ကပ်ဘေးထဲဝင်ပြီး တိုက်ခိုက်ဖို့ တိုက်တွန်းနေပါတယ်၊ ကျွန်တော် ကျယ်ကျောင်းတော်ထဲ ဝင်လာတာက အေးအေးဆေးဆေး ကျင့်ကြံအားထုတ်ဖို့ပါ၊ ဒါပေမဲ့ ကျွန်းသခင်က တပည့်တွေကို အနန္တကပ်ဘေးထဲဝင်ဖို့ တိုက်တွန်းနေတဲ့အတွက် သံသယဝင်မိတာပါ”

ဟွမ်ဇွမ်တျန်ဟာ သေချာစုံစမ်းပြီးပါပြီ။ ကျယ်ကျောင်းတော်က တပည့်တွေကို ကပ်ဘေးထဲဝင်ဖို့ အမိန့်မပေးခဲ့ပါဘူး။ အင်မော်တယ်ကျွန်းတွေက သူတို့ဘာသာ အကျိုးထူးဆောင်ချင်နေကြတာပါ။ ကျယ်ကျောင်းတော်ရဲ့ ဂိုဏ်းချုပ်က ဂူအောင်းကျင့်ကြံနေတာ နှစ်ထောင်သောင်းချီပြီ ဖြစ်တာကြောင့် ကျယ်ကျောင်းတော်ရဲ့ အင်မော်တယ်ကျွန်းတွေအပေါ်မှာ ထိန်းချုပ်မှု လျော့နည်းလာတာ ကြာပါပြီ။

ဒါကြောင့်လည်း ဟွမ်ဇွမ်တျန်က အခုလို စွန့်စားရဲတာပါ။ သက်သေကတော့ ကျွန်းသခင်မှာ မရှိပါဘူး။ ဟွမ်ဇွမ်တျန်က သက်သက်မဲ့ လုပ်ကြံပြောဆိုတာပါ။ ဟွမ်ဇွမ်တျန်ရဲ့ အဓိကရည်ရွယ်ချက်က ကျယ်ကျောင်းတော်ရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ စိတ်ထဲမှာ ကျွန်းသခင်ကို မယုံသင်္ကာ ဖြစ်စေချင်တာပါ။

ကြိုးကြာဖြူဟာ မျက်ပေါက်ကျဉ်းပြီး မေးလိုက်ပါတယ် “ကျယ်ကျောင်းတော်က ကံတရား အထောက်အပံ့အတွက် မတိုက်ခိုက်သင့်ဘူးလို့ မင်း ထင်တာလား”

“ကံတရား အထောက်အပံ့အတွက် မတိုက်ခိုင်သင့်တာ မဟုတ်ပါဘူး၊ အချိန်မကျသေးတာပါ၊ တပည့်တွေက ဂိုဏ်းချုပ်စကားကို နားထောင်ရမှာပါ၊ ကျွန်းသခင်အသီးသီးရဲ့ သူတို့ဖြစ်ချင်တိုင်း လိုက်ပြောတဲ့စကားကို နားထောင်ရမှာ မဟုတ်ပါဘူး”

ကြိုးကြာဖြူဟာ ဟွမ်ဇွမ်တျန်ရဲ့စကားကြောင့် တိတ်ဆိတ်သွားပါတယ်။

ဟွမ်ဇွမ်တျန်ဟာ ဆက်ဒူးထောက်ပြီး ကြိုးကြာဖြူဆီက စကားကို စောင့်ဆိုင်းနေပါတယ်။

ကြိုးကြာဖြူဟာ ရုတ်တရက် ပါးစပ်ဟပြီး ရေမြားတစ်စင်း ပစ်လွှတ်လိုက်ပါတယ်။ အဲဒီရေမြားဟာ ဟွမ်ဇွမ်တျန်ရဲ့ခေါင်းကို ထိုးဖောက်ပြီး သဲသောပြင်ပေါ် ကျသွားပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူအတွင်း။

ဝူတောက်ကျန့်ဟာ လိုဏ်ဂူထောင့်မျာ တရားထိုင်နေတဲ့ တိုက်တိုင်းအောင်ဗုဒ္ဓကို တအံတဩ ကြည့်လိုက်ပါတယ်။ တိတိကျကျ ပြောရရင် ဒီတိုက်တိုင်းအောင်ဗုဒ္ဓက လျူပေ့ပါ။ ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း ကိုယ်ပွားရဲ့ဝိညာဉ် လျူပေ့ကို တိုက်တိုင်းအောင်ဗုဒ္ဓဆီ ပြောင်းထည့်လိုက်တာပါ။ ဒါပေမဲ့ တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ ရုပ်ခန္ဓာက စွမ်းအားကြီးလွန်းတဲ့အတွက် လျူပေ့ဟာ ကောင်းကောင်းမွန်မွန် မထိန်းချုပ်နိုင်ဘဲ ခံစားနေရပါသေးတယ်။

ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်နေရင်း လျူပေ့ ပြိုလဲခါနီတိုင်း ဝိညာဉ်စွမ်းအားနဲ့ ‌ထောက်ပံ့ပေးပါတယ်။

“အဆင်ပြောရဲလား” ဝူတောက်ကျန့်က မနေနိုင်ဘဲ မေးလိုက်ပါတယ်။

လျူပေ့က အံကြိတ်ပြီး ပြန်ဖြေပါတယ် “တောင်ခံနိုင်ရုံပဲ၊ အင်မော်တယ်ဧကရာဇ် ခန္ဓာကိုယ်က တကယ်စွမ်းအားကြီးတာပဲ၊ ငါ့ဝိညာဉ်ကို ဝါးမြိုဖို့ကြိုးစားနေတယ်”

လျူပေ့ဟာ ဓားတာအိုမြစ်မှာတုန်းက မကြာခဏ ခြိမ်းခြောက်ခံရတဲ့အတွက် စွမ်းအားကြီးမားချင်တာ ကြာပါပြီ။ ဒါကြောင့် ဒီတစ်ကြိမ်မှာ ဘယ်လောက်ပဲ နာကျင်ပါစေ ရအောင် သည်းခံနေတာပါ။

ဒီအချိန်မှာပဲ ဟန်ကျွယ်မြင်ကွင်းမှာ အသိပေးချက်တစ်ခု ရုတ်တရက် ပေါ်လာပါတယ်။

[ကောင်းကင်တာအိုဗုဒ္ဓသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်လေးပွင့်။]

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters