← Chapters

အမှောင်သခင်ကြီး၊ ကြမ္မာဆိုးစာအုပ် အဆင့်မြှင့်တင်ခြင်း

Vol. 25 Ch. 292

အမှောင်သခင်ကြီး၊ ကြမ္မာဆိုးစာအုပ် အဆင့်မြှင့်တင်ခြင်း

Vol. 25 Ch. 292

“ဒီအတွက် မပူပါနဲ့၊ ငါ အကုန်လုံး လုပ်ထားပြီးပြီ၊ နောက်ပြီးတော့ သူ ပြန်ဝင်စားတဲ့ အဂ္ဂပြည်က အင်အားသိပ်မကြီးတော့ သူ ဘယ်သူလဲဆိုတာသိမှာ မဟုတ်ဘူး၊ သူ့အရည်အချင်းက ထက်မြက်လွန်းနေလို့ သူ ဘယ်သူလဲ သိသွားရင်တောင် ကိစ္စမရှိဘူး၊ သွေးချင်း ဆက်စပ်နေမှတော့ သူတို့က ဘဝဟောင်းကို စိတ်ထဲထည့်မှာ မဟုတ်ဘူး”

ဟန်ကျွယ်က မယုံသင်္ကာနဲ့ မေးလိုက်ပါတယ် “စီနီယာ... သူ့ကို ဘာလုပ်လိုက်တာလဲ”

ဟန်ကျွယ်ဟာ ချက်ချင်းပဲ လူမှုဆက်ဆံရေးကနေ စစ်ဆေးလိုက်တဲ့အခါ ရှင်းဟုန်ရွှမ်ပုံရိပ်က ရှိနေသေးပေမဲ့ ကျင့်ကြံမှုနဲ့ တခြားအချက်အလက်တွေ မရှိတော့ဘဲ ပြန်လည်မွေးဖွားနေဆဲဆိုတဲ့ စာကြောင်းတစ်ကြောင်းကိုသာ တွေ့လိုက်ရပါတယ်။ ပုံရိပ် ရှိနေသေးတဲ့အတွက် ရှင်းဟုန်ရွှမ်က သူ့ကို မှတ်မိနေတုန်းဆိုတာ ဟန်ကျွယ် သိလိုက်ပါတယ်။

မုန့်ပေါ်ဟာ မျက်လုံးပင့်တင်လိုက်ပါတယ် “ငါက အဲဒီလောက်တောင် မယုံရဘူးလား၊ မိန်းမတစ်ယောက်အတွက်နဲ့ ငါက မင်းကို ရန်စပါ့မလား၊ ပြီးတော့ မင်းက သူ့ကိုတောင် ပြန်မွေးဖွားစေတာပဲ၊ ငါက ဘယ်လိုလုပ်ပြီး မင်းကို သူနဲ့ ခြိမ်းခြောက်လို့ရမှာလဲ”

ဟန်ကျွယ်ဟာ မုန့်ပေါ်စကားကို နားထောင်ပြီး နည်းနည်းစော်ကားခံရသလို ခံစားလိုက်ရပါတယ်။

“ဒီကိစ္စက ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ပဲ၊ ထပ်လုပ်လို့ မရတော့ဘူး၊ မဟုတ်ရင် ယမမင်းက စိတ်ဆိုးလိမ့်မယ်” မုန့်ပေါ်က လေးလေးနက်နက် ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပြီး ယမမင်းကို စိတ်ဝင်စားသွားပါတယ် ‘ဒီယမမင်းက ငရဲပြည်မှာ စွမ်းအားအကြီးဆုံးလား’

မုန့်ပေါ်က ဆက်ပြောပါတယ် “မှော်မျိုးနွယ်စုက လင်အားကို အိပ်မက်ပေးပြီး အနန္တကပ်ဘေးထဲ ဝင်ခိုင်းသေးလား”

ဟန်ကျွယ်ဟာ အံအားသင့်သွားပြီး ပြန်မေးလိုက်ပါတယ် “အဲဒါ... စီနီယာလုပ်တာ မဟုတ်ဘူးလား”

မုန့်ပေါ်ဟာ ခေါင်းခါလိုက်ပါတယ် “လင်းအာကို အပြင်မထွက်စေနဲ့၊ ဒီတစ်ခါ အနန္တကပ်ဘေးက အရင်ကထက် ပိုကြမ်းတယ်၊ ဒီကပ်ဘေးမှာ မှော်မျိုးနွယ်စု ထွက်ပေါ်လာလို့ မဖြစ်ဘူး၊ မဟုတ်ရင် မှော်မျိုးနွယ်စုက လုံးဝပျက်သုဉ်းသွားလိမ့်မယ်”

‘အနန္တကပ်ဘေးက အရင်ကထက် ပိုကြိမ်းတယ်’

ဟန်ကျွယ်ဟာ ထိတ်လန့်သွားပါတယ် ‘ငါ တော်တော်ကံဆိုးပါလား၊ ပထမဆုံး စကြုံရတဲ့ အနန္တကပ်ဘေးက ပုံမှန်ထက် ပိုကြမ်းနေရတယ်လို့’

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး မေးလိုက်ပါတယ် “အဓိကအင်အားစုလေးစု အချင်းချင်း တိုက်ခိုက်ကြလို့လား”

“အဲဒါတင်မကဘူး၊ အဲဒီထက် ပိုကြောက်ဖို့ကောင်းတဲ့ တည်ရှိမှုတစ်ခုက အရာအားလုံးကို နောက်ကွယ်ကနေ ကစားနေလို့ပဲ၊ ငါ သိသလောက် ပြောရမယ်ဆိုရင် ကောင်းကင်တာအို အပြင်ဘက်ကနေ အမှောင်သခင်ကြီးက ကပ်ဘေးကြီးတစ်ခုကို စီစဉ်နေတာပဲ၊ နတ်ဆိုးရုံးတော် ရှန်နန်းတော် ကောင်းကင်ရုံးတော် ဗုဒ္ဓဂိုဏ်း အကုန်လုံး သူ့လက်က မလွတ်ဘူး၊ အဓိကအင်အားစု လေးစုက သိလျက်နဲ့ ဘာမှလုပ်လို့မရတာပဲကြည့်၊ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲ စဉ်းသားစဉ်းစားကြည့်ပေတော့” မုန့်ပေါ်ဟာ သက်ပြင်းချလိုက်ပါတယ်။

‘အမှောင်သခင်ကြီး... နာမည်က လူဆိုးနာမည်ပဲ’

“ကျွန်တော့်ကို ခဏစောင့်ခိုင်းတာ ထူလင်းအာကို အပြင်မထွက်ခိုင်းဖို့ ပြောမလို့လား”

မုန့်ပေါ်က ခေါင်းညိတ်လိုက်ပါတယ်။

ဟန်ကျွယ်ကတော့ ပြောစရာစကားမရှိ ဖြစ်သွားပါတယ် ‘စကားတစ်ခွန်းတည်းနဲ့များ စောစောကတည်းက တစ်ခါတည်းပြောလိုက်ရင် ပြီးတာပဲဟာကို...

“ဒါနဲ့ ကပ်ဘေးသခင် ဘယ်သူလဲဆိုတောကို စီနီယာသိလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။ ကောင်းကင်ဧကရာဇ် စကားအရ ကပ်ဘေးသခင်က ငရဲပြည်မှာဆိုတဲ့အတွက် ဟန်ကျွယ်ဟာ ဒီကိစ္စကို ဂရုမစိုက်ဘဲ မနေနိုင်ပါဘူး။ အခန့်မသင့်ရင် ပြဿနာက တံခါးဝ ရောက်လာနိုင်ပါတယ်။

မုန့်ပေါ်ဟာ မဆိုစလောက် မျက်စိမှေးလိုက်ပါတယ် “အဲဒီလူကို ဖိနှိပ်ထားပြီးပြီ၊ အသေးစိတ်အကြောင်းတော့ မသိချင်နဲ့၊ မဟုတ်ရင် မင်းပါ အဲဒီလူနဲ့ ရေစက်ရှိသွားလိမ့်မယ်”

‘ကပ်ဘေးသခင်ကို ဖိနှိပ်ပြီးပြီ... လွယ်လှချည်လား’ ဟန်ကျွယ်ဟာ ထူးဆန်းသွားပါတယ် ‘ကပ်ဘေးသခင်ကို ဒီလောက်လွယ်လွယ်နဲ့ ဖိနှိပ်လို့ရရင် အနန္တကပ်ဘေးက ကြောက်ဖို့ကောင်းအုန်းပါမလား...’

အဲဒီနောက် ဟန်ကျွယ်နဲ့ မုန့်ပေါ်ဟာ စကားနည်းနည်း‌ ပြောဆိုပြီးမှ လမ်းခွဲလိုက်ကြပါတယ်။

အင်မော်တယ်ကမ္ဘာ၊ အနောက်အရပ်။

မိုးကြိုးဘုံကျောင်းမှာ မရေမတွက်နိုင်ဗုဒ္ဓတွေနဲ့ ဗုဒ္ဓလောင်းလျာတွေ စုရုံးနေကြပါတယ်။ ကောင်းကင်တာအိုဗုဒ္ဓကတော့ ကြာပလ္လင်မှာ ထိုင်နေပြီး သူ့နောက်ကနေ အလွန်‌တောက်ပတဲ့ ဗုဒ္ဓအလင်းရောင် ထွက်ပေါ်နေပါတယ်။

“အမှောင်သခင်ကြီးနဲ့ ပတ်သက်ပြီး သဲလွန်စ တစ်ခုခုရှာတွေ့ပြီလား” ကောင်းကင်တာအိုဗုဒ္ဓက တစ်လုံးချင်း မေးလိုက်ပါတယ်။

အသက်ကြီးကြီးဗုဒ္ဓက ပြန်ဖြေပါတယ် “အော့မီတော်ဖော... အမှောင်သခင်ကြီးက ရုတ်တရက် ပေါ်လာတာဆိုတော့ တစ်ခုတည်းသော သဲလွန်စက အင်မော်တယ်ကမ္ဘာရဲ့ အင်အားစုအသီးအသီးကို ကျိန်စာတိုက်ဖို့ သူအသုံးပြုတဲ့ လျှို့ဝှက်ဆန်းကြယ်စာအုပ်ပဲ၊ ဒီတော့ သူက မိစ္ဆာမျိုးနွယ်စုနဲ့ ဆက်စပ်နေလိမ့်မယ်”

‘မိစ္ဆာမျိုးနွယ်စုလား’ ဗုဒ္ဓတွေဟာ တုန်လှုပ်သွားပြီး အချင်းချင်း တီးတိုးတီးတိုး ဖြစ်ကုန်ကြပါတယ်။

ကောင်းကင်တာအိုဗုဒ္ဓက ခံစားချက်ကင်းမဲ့တဲ့ မျက်နှာနဲ့ မေးလိုက်ပါတယ် “မင်းမှာ သက်သေရှိလို့လား” အသက်ကြီးကြီးဗုဒ္ဓဟာ ခေါင်းခါပြတဲ့အတွက် ကောင်းကင်တာအိုဗုဒ္ဓက ဆက်ပြောပါတယ် “မိစ္ဆာမျိုးနွယ်စုက အရင်လို ကြီးမားတဲ့ ကံတရား အထောက်အပံ့ မရှိတော့ဘူး၊ ဗုဒ္ဓဂိုဏ်းက မိစ္ဆာနှလုံးသားကို ထိန်းချုပ်လာတာတောင် ဘယ်လောက်ကြာပြီလဲ၊ ဒါကြောင့် အမှောင်သခင်ကြီးက မိစ္ဆာမျိုးနွယ်စုက မဖြစ်နိုင်ဘူး၊ နတ်ဆိုးဧကရာဇ်နဲ့ ဆက်စပ်နေလိမ့်မယ်လို့ ငါထင်တယ်၊ နတ်ဆိုးဧကရာဇ်က အင်အားစုသုံးစုကို တစ်ယောက်တည်း ယှဉ်တိုက်ရဲတယ်ဆိုတော့ အဲဒီရှေး‌ဟောင်းမျိုးနွယ်စုတွေအပြင် သူ့မှာ တခြားကြီးမားတဲ့ ယုံကြည်မှုရှိနေလို့ပဲ”

ကောင်းကင်တာအိုဗုဒ္ဓရဲ့ စကားဟာ ဘုံကျောင်းထဲက ဗုဒ္ဓတွေနဲ့ ဗုဒ္ဓလျောင်းလျာတွေကို ခေါင်းတညိတ်ညိတ် ဖြစ်သွားစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်မော်တယ်ကမ္ဘာမှာ အမှောင်သခင်ကြီး စပေါ်လာကတည်းက နတ်ဆိုးရုံးတော်ဟာ တိုက်ခိုက်တာရပ်မသွားဘဲ နယ်မြေအသီးအသီးကို စပြီးတော့ ဝါးမြိုလာလို့ပါပဲ။

“အနန္တကပ်ဘေးက စတင်ခဲ့ပြီးပြီ၊ ကျုပ်တို့တွေ သတိကြီးကြီးထားဖို့လိုတယ်၊ နတ်ဆိုးရုံးတော်က ကပ်ဘေးသခင် မဟုတ်တာလည်း ဖြစ်နိုင်တာပဲ”

“အမှောင်သခင်ကြီးက ကိုယ်ပွားထောင်သောင်းပွားပြီး အနန္တကမ္ဘာမှာ လျှောက်သွားနေတယ်လို့ ပြောကြတယ်”

“အော့မီတော်ဖော... ဗုဒ္ဓဂိုဏ်းက သက်ရှိအားလုံး အေးချမ်းဖို့အတွက် အမှောင်သခင်ကြီးနဲ့ နတ်ဆိုးရုံးတော်ကို နှိမ်နင်းသင့်တယ်”

“အမှောင်သခင်ကြီးက နောက်ကွယ်ကနေ ကျိန်စာတိုက်တာကို ကြိုက်နှစ်သက်ပုံထောက်ရင် တော်တော်ရက်စက်မဲ့ပုံပဲ”

“‌ဗုဒ္ဓလမ်းစဉ်က ကရုဏာတရားကြီးမားမှုပဲ၊ ကျုပ်တို့အထဲမှာ အမှောင်သခင်ကြီး ကျိန်စာတိုက်ခံရတဲ့လူတွေ ရှိလား”

ဗုဒ္ဓတွေရဲ့ အချင်းချင်း ဆွေးနွေးမှုကိုကြားပြီး ကောင်းကင်တာအိုဗုဒ္ဓဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ ကျိန်စာတိုက်ခံခဲ့ရလို့ပါ။ ကောင်းကင်တာအိုဗုဒ္ဓဟာ ကျိန်စာတိုက်တဲ့သူကို တွက်ချက်ကြည့်တော့ စာအုပ်တစ်အုပ်ကိုသာ မြင်ရပြီး အသုံးပြုသူကို မမြင်ရပါဘူး။ ဒီစာအုပ်က ကောင်းကင်ဒေါသဗုဒ္ဓ သေအောင်ကျိန်စာတိုက်ခံရတဲ့ စာအုပ်နဲ့ ဆင်တူတာမို့ အမှောင်သခင်ကြီးရဲ့ လက်ချက်ဆိုတာ ဗေဒင်မေးစရာ မလိုပါဘူး။

ကောင်းကင်တာအိုဗုဒ္ဓဟာ မျက်မှောင် ပိုပြီးတော့ ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမှောင်သခင်ကြီးက သူ့ကို တိုက်ရိုက်ကျိန်စာတိုက်လိမ့်မယ်လို့ မထင်ထားခဲ့လို့ပါပဲ။ ဒါပေမဲ့ ကျိန်စာက အရမ်းအားနည်းလွန်းတဲ့အတွက် ကောင်းကင်တာအိုဗုဒ္ဓကို ဘာအန္တရာယ်မှ မပေးနိုင်ပါဘူး။

‘အမှောင်သခင်ကြီးက ဒီလောက်တောင် အားနည်းတာလား၊ မဖြစ်နိုင်ဘူး... သူက ငါ့တာအိုနှလုံးသားကို နှောင့်ယှက်ချင်တာပဲ ဖြစ်ရမယ်...’

‘ဒါဆိုရင် နတ်ဆိုးဧကရာဇ်က အမှောင်သခင်ကြီးရဲ့ ကျိန်စာကြောင့် ဒီလောက်ထိ ရူးသွပ်သွားတာလား၊ ဒါ အဖြစ်နိုင်ဆုံးပဲ’

‘အမှောင်သခင်ကြီးက နတ်ဆိုးဧကရာဇ် သေအောင်ကျိန်စာတိုက်ရင် အကုသိုလ်ကံအများကြီးကို ထမ်းဆောင်ရလိမ့်မယ်၊ ဒါပေမဲ့ နတ်ဆိုးဧကရာဇ်ကို ရူးသွပ်အောင်လုပ်ပြီး အင်မော်တယ်ကမ္ဘာမှာ စစ်ခင်းစေရင်တော့ ဒီကိစ္စက အမှောင်သခင်ကြီးနဲ့ ဘာမှမဆိုင်တော့ဘူး’

ကောင်းကင်တာအိုဗုဒ္ဓဟာ မျက်စိမှေးသွားပြီး ရုပ်သွင်တစ်ခု မြင်ယောင်မိလိုက်ပါတယ်။ အဲဒီရုပ်သွင်ဟာ ကျင့်ကြံမှုလမ်းစဉ်ရဲ့ ထိပ်ဆုံးမှာရပ်နေပြီး အနန္တကမ္ဘာကို ငုံ့ကြည်နေပါတယ်။ ပြီးတဲ့အခါမှာတော့ သူ့ရဲ့မိစ္ဆာလက်နဲ့ ကောင်းကင်တာအိုကို ထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။

ကောင်းကင်တာအိုဗုဒ္ဓဟာ တော်တော်လေး စိတ်လေးသွားပါတယ်။ ကောင်းကင်တာအိုဗုဒ္ဓဟာ စွမ်းအားကြီးမားတဲ့ ရန်သူကို မကြောက်ပါဘူး။ ရန်သူ ဘယ်သူမှန်းမသိရတဲ့အတွက် စိတ်လေးနေတာ ဖြစ်ပါတယ်။ ရန်သူတွေထဲမှာ ဘယ်သူမှန်းမသိရတဲ့ ရန်သူက ကြောက်ဖို့အကောင်းဆုံးပဲ မဟုတ်ပါလား။

ရှင်းဟုန်ရွှမ် ပြန်မွေးဖွားပြီး ခုနစ်နှစ်အကြာ။

ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ရှေ့မှာ စာကြောင်းသုံးကြောင်း ရုတ်တရက် ပေါ်လာပါတယ်။

[အနန္တကမ္ဘာမှ သင့်အား အမှောင်သခင်ကြီးဘွဲ့ ပေးအပ်လိုက်သည့်အတွက် သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]

[၁။ ချက်ချင်းဘုံပျံတက်ပြီး အမှောင်သခင်ကြီးအမည်ဖြင့် ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ပါ။ ဆုလာဘ်အဖြစ် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ မဟာတာအို အပိုင်းအစ တစ်စ၊ ဆန်းကြယ်စွမ်းအား တစ်ပါး၊ အကောင်းစားရတနာ တစ်ပါး၊ ကျပမ်း သဘာဝရတနာ တစ်ပါးနှင့် စနစ်အဆင့်မြှင့်တင်ခြင်းကို ရရှိမည်။]

[၂။ သိုသိုသိပ်သိပ် ဆက်လက်ကျင့်ကြံ၍ အင်မော်တယ်ကမ္ဘာနှင့် ခပ်ဝေးဝေးနေပြီး အနန္တကပ်ဘေးထဲ မဝင်ပါနှင့်။ ဆုလာဘ်အဖြစ် မဟာတာအိုအပိုင်းအစ တစ်စနှင့် ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးကို ရရှိမည်။]

ဟန်ကျွယ်ဟာ ခေါင်းရှုပ်သွားပါတယ် ‘ဘာလဲဟ... ငါက အမှောင်သခင်ကြီးလား’

ဟန်ကျွယ်ရဲ့ ပထမဆုံးအတွေးက ချောက်ချခံရပြီလို့ တွေးလိုက်တာပါ။ ဒုတိယအတွေးကတော့ ကျိန်စာတိုက်တဲ့ကိစ္စ ပေါ်သွားပြီးလို့ တွေးလိုက်ပါတယ်။ ဒါပေမဲ့လည်း မုန်းတီးမှုက အများကြီး မရှိပါဘူး။ ဒီအတောအတွင်း ဟန်ကျွယ်ကို မုန်းတာဆိုလို့ ကောင်းကင်တာအိုဗုဒ္ဓပဲ ရှိပါတယ်။

‘ငါက ဘယ်လိုလုပ်ပြီး အမှောင်သခင်ကြီး ဖြစ်လာတာလဲ’ ဟန်ကျွယ်ဟာ အကြောင်းရင်းကို စဉ်းစားမရတဲ့အတွက် ခေါင်းရှုပ်ခံပြီး စဉ်းစားမနေတော့ဘဲ ပစ္စုပ္ပန်ကိုပဲ အာရုံစိုက်ပါတယ်။

ဟန်ကျွယ်ဟာ အမှောင်သခင်ကြီးကိစ္စကို ဆက်ပြီး မတွေးတော့ဘဲ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။ လောလောဆယ်မှာတော့ မဟာတာအို အပိုင်းအစက သုံးစားမရသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်မှာရှိတဲ့ အရင်ဟာနဲ့ပေါင်းရင်တောင် အခုမှ နှစ်စပဲ ရှိသေးလို့ပါ။

ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးကတော့ ဝိညာဉ်ရတနာတွေကို အဆင့်မြှင့်တင်ပေးနိုင်တဲ့ ရတနာပါ။ ဟန်ကျွယ်ရဲ့ ပထမရွေးချယ်မှုကတော့ ကြမ္မာဆိုးစာအုပ်ပါပဲ။ ကြမ္မာဆိုးစာအုပ်က ဧကရာဇ်တာအို အကောင်းစား ရတနာဆိုပေမဲ့ သိပ်ပြီးတော့ စွမ်းအားမကြီးသေးတဲ့အတွက် အဆင့်မြှင့်တင်ဖို့ လိုနေပါသေးတယ်။

တခြားဝိညာဉ်ရတနာတွေအတွက်တော့ ဟန်ကျွယ်ဟာ အလျင်မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က တခြားသူတွေနဲ့ ယှဉ်တိုက်တာ အတော်လေး ရှားလို့ပါပဲ။

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ချက်ချင်း ထုတ်ယူလိုက်ပြီး ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးနဲ့ ပေါင်းစပ်လိုက်ပါတယ်။

ဒီလိုနဲ့ လေးငါးဆယ်ရက်ကြာတဲ့ အခါမှာတော့...။

[ကြမ္မာဆိုးစာအုပ်သည် ဧကရာဇ်တာအို အကောင်းစားရတနာ အဆင့်မှ နတ်မင်းအဆင့် စိတ်ဝိညာဉ်ရတနာ အဖြစ်သို့ အဆင့်မြှင့်တက်သွားပါပြီ။]

ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို တွေ့လိုက်ရတဲ့အခါမှာ ကျေနပ်အားရစွာ ပြုံးလိုက်ပြီး ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကောင်းကင်တာအို တိုကင်ကို ထုတ်ယူပြီး တိထိုက်ပိုင်နဲ့ ဆက်သွယ်လိုက်ပါတယ်။

မကြာခင်မှာပဲ ဟန်ကျွယ်ရဲ့ နတ်အာရုံနဲ့ တိထိုက်ပိုင်ရဲ့ နတ်အာရုံက ချိတ်ဆက်မိသွားပါတယ်။

“စီနီယာ... ကောင်းကင်ရုံးတော်က အမှောင်သခင်ကြီး ဘယ်သူလဲဆိုတာ သိပြီလား” ဟန်ကျွယ်က စမေးလိုက်ပါတယ်။

တိထိုက်ပိုင်ဟာ ဟန်ကျွယ်ရဲ့ မေးခွန်းကြောင့် အံအားသင့်သွားပါတယ် “အမှောင်သခင်ကြီး အကြောင်းကို မင်းလည်း ကြားထားတာပဲလား၊ ဒီလူက လျှို့ဝှက်ဆန်းကြယ်ပြီး အလွန်တရာ စွမ်းအားကြီးမားတဲ့ ကျိန်စာရတနာကို ပိုင်ဆိုင်ထားတယ်၊ သူက အနန္တကပ်ဘေးကို ထိန်းချုပ်တဲ့ ကပ်ဘေးသခင်လို့တောင် ပြောကြတယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters