ကံဆိုးရှာလေသော တိကျောက်ဝမ်
Vol. 25 Ch. 293
‘ငါက အနန္တကပ်ဘေးကို ထိန်းချုပ်တဲ့ ကပ်ဘေးသခင်လား၊ ဘယ်သူက ငါ့ကို ချောက်ချနေတာလဲ’
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနာမည်က လေးလံလွန်းတဲ့အတွက် ဟန်ကျွယ် မထမ်းဆောင်နိုင်လို့ပါပဲ။
“အဲဒီစကားကို ဘယ်သူပြောတာလဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။
“ငါလည်း သေချာတော့ မသိဘူး၊ အဓိကအင်အားစုတွေက ကျိန်စာတိုက်ခံရလို့ တွက်ချက်ကြည့်တော့ စာအုပ်တစ်အုပ်ပဲ မြင်ရတယ်လို့ ပြောကြတယ်၊ အဲဒီလိုနဲ့ အချိန်ကြာလာတော့ သတင်းပြန့်သွားပြီး နောက်ကွယ်ကနေ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်က ကျိန်စာတိုက်နေမှန်း လူတိုင်းသိသွားရော၊ အဲဒီကနေ လူတွေက သူ့ကို အမှောင်သခင်ကြီးလို့ ဘွဲ့ပေးလိုက်တာပဲ၊ အမှောင်သခင်ကြီးကို မင်းကြောက်စရာ မလိုပါဘူး၊ အမှောင်သခင်ကြီးက အဓိကအင်အားစုတွေကိုပဲ ကျိန်စာတိုက်တာ”
ဟန်ကျွယ်ဟာ ဘာပြန်ပြောရမှန်း မသိတဲ့အတွက် ဆိတ်ဆိတ်ပဲ နေလိုက်ပါတယ်။ တိထိုက်ပိုင်ဟာ အလုပ်ရှိသေးတဲ့အတွက် အရင်လို စကားမများတော့ဘဲ နတ်အာရုံကို ခပ်မြန်မြန် ဖြတ်တောက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကြက်သေသေနေတုန်းပါပဲ ‘ငါက ဘယ်လိုလုပ်ပြီး အမှောင်သခင်ကြီး ဖြစ်လာတာလဲ၊ ဘယ်လိုလုပ်ပြီး အနန္တကပ်ဘေးကို နောက်ကွယ်ကနေ ထိန်းချုပ်တဲ့သူ ဖြစ်လာရတာလဲ’
‘မိုးကောင်းကင်ရဲ့ ကျွန်တော့်ကို သနားပါအုန်း၊ ကျွန်တော်က အနန္တကပ်ဘေးကို အကြောက်ဆုံးဆိုတာ ခင်ဗျားလည်း သိရဲ့သားနဲ့ ကျွန်တော့်ကို ဘာလို့ ဒီလို စနောက်ရတာလဲ’
‘သေစမ်း... ဒါက ရေစက်ပါတာလား ဒါမှမဟုတ် ရှောင်လွှဲလို့မရတဲ့ ကံကြမ္မာလား’
ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်နေတဲ့ ဝူတောက်ကျန့်ကို ကြည့်ပြီး စိုးရိမ်စိတ်ဝင်သွားတာကြောင့် လှမ်းခေါ်လိုက်ပါတယ်။
“ဒီနား လာအုန်း”
ဝူတောက်ကျန့်ဟာ မျက်လုံးဖွင့်လိုက်ပြီး ချက်ချင်းမတ်တတ်ရပ်ကာ ဟန်ကျွယ်ဆီ လျှောက်သွားပါတယ်။ ဟန်ကျွယ်က လက်ကို ကောက်ဆွဲကိုင်လိုက်တာကြောင့် ဝူတောက်ကျန့်ဟာ ရှက်သွေးဖြာသွားပါတယ် ‘သခင်က ငါ့လက်ကို ကိုင်ထားတယ်’
ဝူတောက်ကျန့်ဟာ ဦးနှောက်တစ်ခုလုံး ဟာလာဟင်းလင်းဖြစ်သွားပါတယ်။ ဒီအချိန်မှာ ဟန်ကျွယ်က ပြောလိုက်ပါတယ် “ငါ မင်းရဲ့ မှတ်ဉာဏ်အချို့ကို ဖျက်ပစ်ချင်တယ်... ရမလား”
ဟန်ကျွယ်စကားကြောင့် ဝူတောက်ကျန့်ဟာ ချက်ချင်း သတိပြန်ဝင်လာပြီး ရင်တထိတ်ထိတ်နဲ့ မေးလိုက်ပါတယ် “ဘယ်မှတ်ဉာဏ်တွေလဲ”
“နည်းနည်းလေးပဲ၊ မင်း ငါ့နဲ့ တခြားသူတွေကို မမေ့ပါဘူး”
“ရ...တယ်လေ...”
ဝူတောက်ကျန့်ဟာ ဟန်ကျွယ်က ဘာလို့မှတ်ဉာဏ်ဖျက်ပစ်ချင်လဲ မသိပေမဲ့ ဆက်ပြီးတော့ မမေးပါဘူး။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ လမ်းခြောက်သွယ် စုပ်ယူခြင်းကို အသုံးပြုပြီး ဝူတောက်ကျန့်ရဲ့ မှတ်ဉာဏ်ထဲကနေ ကြမ္မာဆိုးစာအုပ်နဲ့ ပတ်သက်တာမှန်သမျှကို လုံးဝ ဖျက်ပစ်လိုက်ပါတယ်။
အမှောင်သခင်ကြီးဆိုတဲ့ နာမည်က အလွန်တရာ အန္တရာယ်များတဲ့အတွက် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်အကြောင်းကို ဘယ်သူမှ အသိမခံနိုင်ပါဘူး။ နောက်တစ်ခါ ကျိန်စာတိုက်ရင်လည်း ဟန်ကျွယ်က ဝူတောက်ကျန့်ကို လိုဏ်ဂူအပြင်ဘက် မောင်းထုတ်ရတော့မှာပါ။
တစ်နာရီကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို လွှတ်ပေးလိုက်ပါတယ်။ ဝူတောက်ကျန့်ဟာ မျက်လုံးဖွင့်လိုက်ပြီး တအံတဩ မေးလိုက်ပါတယ် “သခင်က ကျွန်မမှတ်ဉာဏ်အချို့ကို ဖျက်ပြီးပြီလား၊ ဘာလို့ ဘာမှတ်ဉာဏ်မှာ မဆုံးရှုံဘူးလို့ ကျွန်မ ခံစားနေရတာလဲ”
ဟန်ကျွယ်က ဆယ်နှစ်တစ်ကြိမ်သာ ကျိန်စာတိုက်တဲ့အတွက် ဝူတောက်ကျန့်ဟာ ကြမ္မာဆိုးစာအုပ်ကို သိပ်ပြီးသတိမထားမိပါဘူး။ ဒါကြောင့်လည်း ဝူတောက်ကျန့်ဆီမှာ ကြမ္မာဆိုးစာအုပ်နဲ့ ပတ်သက်ပြီး ထူးထူးခြားခြားမှတ်ဉာဏ်တွေ ရှိမနေတာပါ။
“အင်း ဖျက်ပြီးပြီ၊ ပြန်ကျင့်ကြံတော့” ဟန်ကျွယ်က ခေါင်းညိတ်ပြီး ပြောလိုက်ပါတယ်။
ဝူတောက်ကျန့်ဟာ သိချင်စိတ်ကို မြိုသိပ်ပြီး ကိုယ့်နေရာကိုယ်ပြန်ကာ ဆက်လက်ကျင့်ကြံပါတယ်။
ဟန်ကျွယ်ဟာ အသက်ပြင်းပြင်း ရှူသွင်းကာ စိတ်ငြိမ်အောင်ထိန်းပြီးမှ ဆက်လက် ကျင့်ကြံအားထုတ်ပါတယ်။
‘နောက်ကျလို့ ရန်သူတွေကို ကျိန်စာတိုက်ရင် ငါ ပိုပြီးတော့ သတိထားရမယ်၊ အခုတော့ ရန်သူတွေကို နည်းနေသေးတော့ ပြဿနာမရှိသေးဘူး၊ ရန်သူတွေသာ များလာလို့ ဒီလူတွေ ပူးပေါင်းပြီး တွက်ချက်ရင် နောက်ကွယ်မှာ ငါ ရှိနေတာကို သိသွားနိုင်တယ်’
‘အဟွတ်... ငါ ဘာတွေ တွေးနေတာလဲ၊ ငါက ကပ်ဘေးသခင်မှ မဟုတ်တာ၊ ဒါက သူတို့ဘာသာ အထင်မှားနေတာဟာကို’
ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်လိုက်ပြီး စာအိတ်တွေကို ဖွင့်ဖတ်လိုက်ပါတယ်။
[သင့်တာအိုလက်တွဲဖော် ရှင်းဟုန်ရွှမ်သည် အောင်မြန်စွာ ပြန်လည်မွေးဖွားပြီး အဂ္ဂရွှေစွန် ကံတရား အထောက်အပံ့အား ရရှိသွား၏။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ဝိညာဉ်ထိခိုက်ပြီး တာအိုနှလုံးသား အားကောင်းသွား၏။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ကျယ်ကျောင်းတော် တပည့်များ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၆
[သင့်မိတ်ဆွေ လီတောက်ခုံးသည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် အနန္တဧကရာဇ်တစ်ပါး၏ အမွေအနှစ်ကို ဆက်ခံရရှိသွားသည်။]
[သင့်မိတ်ဆွေ မော့ဖူချိုသည် အနန္တဧကရာဇ်တစ်ပါး၏ အမွေအနှစ်ကို ဆက်ခံရရှိသွားသည်။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် မိစ္ဆာဘိုးဘေး၏ အမွေအနှစ်ကို ဆက်ခံရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်ကာ ငရဲပြည်မှ အကုသိုလ်ကံများအား စုပ်ယူလိုက်၏။]
[သင့်မိတ်ဆွေ ကျန်းယီသည် သင့်ရန်သူ လီရွှမ်အောက်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
ရှန်းဟုန်ရွှမ်ဟာ ကံတရား အထောက်အပံ့ကို ရရှိသွားတဲ့အတွက် ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပါတယ်။ ကံတရား အထောက်အပံ့ရှိနေတဲ့အတွက် ရှင်းဟုန်ရွှမ်ရဲ့ ကျင့်ကြံမှုအလျင်က အရင်ဘဝထက် ပိုမြန်ဆန်လာမှာ မြေကြီးလက်ခတ်မလွှဲပါဘူး။ နှစ်သုံးလေးရာနဲ့ ဘဝဟောင်းက ကျင့်ကြံမှုကို ကျော်တက်သွားနိုင်ပါတယ်။
ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ရဲ့ သနားစရာကောင်းတဲ့ အခြေအနေကိုလည်း သတိထားမိသွားပါတယ် ‘ဒီကောင်ဆီမှာ ဘာတွေဖြစ်ပျက်သွားတာလဲ၊ သူက ဘယ်လိုလုပ်ပြီး မိစ္ဆာဘိုးဘေး အမွေအနှစ်ကို ရသွားတာလဲ... ကောင်းကင်ဧကရာဇ်နဲ့ မုန့်ပေါ်ပြောတဲ့ ကပ်ဘေးသခင်ဆိုတာက ဂျိရှင်းရှန်ကို ပြောတာများလား’
ဟန်ကျွယ်ဟာ ဂျိရှင်းရှန်အတွက် သက်ပြင်းသာ ချမိပါတော့တယ်။ နောက်ကျလို့ ဟန်ကျွယ်သာ ဂျိရှင်းရှန်နဲ့ တွေ့ဆုံရမယ်ဆိုရင် ဂျိရှင်းရှန်ကို တက်နိုင်သလောက် ကူညီမှာပါ။ ဒါပေမဲ့ ဂျိရှင်းရှန်က ဒီလမ်းပဲ ဆက်လျှောက်မယ်ဆိုရင်တောင် ဟန်ကျွယ်လည်း အဝေးမှာ ပုန်းနေဖို့ပဲ တက်နိုင်မှာပါ။
တိကျောက်ဝမ် နန်းတော်တစ်ခုလုံးကို ကြောက်မက်ဖွယ် သတ်ဖြတ်ငွေ့တွေ လွှမ်းမိုးနေပါတယ်။ ဂျိရှင်းရှန်ရဲ့ ဆံပင်တွေဟာ ဖရိုဖရဲဖြစ်နေပြီး မျက်လုံးတွေကလည်း သွေးလိုနီရဲနေပါတယ်။ ဒါတင်မကသေးပါဘူး၊ ခန္ဓာကိုယ်ပတ်လည်မှာလည်း ကြောက်စရာကောင်းတဲ့ ဝဲကတော့တစ်ခု ဖြစ်ပေါ်နေပါတယ်။
တိကျောက်ဝမ်ဟာ ဂျိရှင်းရှန်ကို မှောင်ကုပ်နေတဲ့ မျက်နှာနဲ့ စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “မိစ္ဆာဘိုးဘေး... ခင်ဗျား ဘာလုပ်ချင်တာလဲ”
ဂျိရှင်းရှန်ဟာ တိကျောက်ဝမ်ကို ငုံ့ကြည့်လိုက်ပြီး ရက်စက်စွာ ပြုံးလိုက်ပါတယ် “တိကျောက်ဝမ်... ဒီကလေးက ကပ်ဘေးသခင် မဟုတ်ဘူး၊ ဒါပေမဲ့ မင်းတို့တွေ တွန်အားပေးလို့ ဒီလမ်းကို ရောက်လာတာ၊ ဒါက မင်းတို့ဗုဒ္ဓဂိုဏ်းရဲ့ အမှန်တရားလား၊ ဒါမှမဟုတ် မင်းတို့ပြောနေကျ မဟာကရုဏာလား”
တိကျောက်ဝမ်ဟာ မိစ္ဆာဘိုးဘေးစကားကြောင့် မျက်မှောင်ကြုတ်သွားပါတယ်။
“ဒီကလေးက ပြိုင်ဘက်ကင်းနှလုံးသားနဲ့ ဖွားမြင်လာတဲ့အတွက် ပုံမှန်အတိုင်းဆိုရင် စွမ်းအားကြီး နတ်မင်းဖြစ်လာမှာ၊ မင်းတို့သာ ဝင်မနှောင့်ယှက်ဘူးဆိုရင် သူက ဒီကပ်ဘေးမှာ အမှန်တရားကို မြတ်နိုးတဲ့ စွမ်းအားကြီးနတ်မင်း ဖြစ်လာပြီး သက်ရှိတွေကို အေးချမ်း သာယာဝပြောအောင် ဆောင်ရွက်ပေးမဲ့သူ၊ ဒါပေမဲ့ ကံဆိုးချင်တော့ သူ့ရဲ့ သန့်စင်လှတဲ့ ပြိုင်ဘက်ကင်းနှလုံးသားက အခုဆိုရင် မုန်းတီးမှု၊ သတ်ဖြတ်ငွေ့နဲ့ ဒေါသတွေပဲ ရှိတော့တယ်၊ ဒါကြောင့် မင်းက ဒီကပ်ဘေးမှာ ဒီကလေးကြောင့် ဖြစ်လာတဲ့ အကုသိုလ်ကံတွေကို ခါးစည်း ခံစားရတော့မယ်” ဂျိရှင်းရှန်ရဲ့ အသံဩဩကြီးနဲ့ လှောင်ပြောင်သရော်ဟန်ရှိနေတဲ့ မျက်နှာက အတော်လေး ကြောက်ဖို့ကောင်းလှပါတယ်။
တိကျောက်ဝမ်ရဲ့ မျက်နှာဟာ ဘီလူးမ သံပရာသီးကိုက်သလို ဖြစ်သွားပြီး ချက်ချင်းပဲ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်လိုက်ပါတယ်။ အသက်ရှူကြိမ် လေးငါးကြိမ် အကြာမှာတော့ တိကျောက်ဝမ်ဟာ မျက်နှာအကြီးအကျယ် ပျက်သွားပါတော့တယ်။
“မဖြစ်နိုင်ဘူး... ငါဘာလို့ အရင်တုန်းက မတွက်ချက်မိခဲ့တာလဲ” တိကျောက်ဝမ်ဟာ မိစ္ဆာဘိုးဘေးရဲ့စကားက လုံးဝမှန်ကန်နေတာကြောင့် တုန်လှုပ်ချောက်ချားသွားပါတယ်။
ဂျိရှင်းရှန်ဟာ ရုတ်တရက်ဆိုသလို တိကျောက်ဝမ်နန်းတော် အပြင်ဘက်ကို ပျံထွက်သွားပါတယ်။ ဒီတစ်ကြိမ်မှာတော့ တိကျောက်ဝမ်ဟာ ဂျိရှင်းရှန်ကို မတားနိုင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြောက်လန့်လွန်းပြီး အရုပ်ကြိုးပြတ်လဲကျသွားလို့ပါပဲ။
ဂျိရှင်းရှန် ပျောက်ကွယ်သွားတဲ့အခါမှာတော့ တိကျောက်ဝမ်ဟာ တုန်ယင်နေတဲ့လက်နဲ့ မန္တန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်ပါတယ်။ မကြာခင်မှာပဲ တိကျောက်ဝမ်ရှေ့မှာ ကောင်းကင်တာအိုဗုဒ္ဓရဲ့ပုံရိပ် ပေါ်လာပါတယ်။
ကောင်းကင်တာအိုဗုဒ္ဓဟာ တိကျောက်ဝမ်ဆီက ဂျိရှင်းရှန်အကြောင်းကိုကြားပြီး မျက်မှောင်ကြုတ်သွားပါတယ်။
“ကောင်းကင်တာအိုဗုဒ္ဓ... မင်းပြောတော့ သူက ကပ်ဘေးသခင်ဆို”
ကောင်းကင်တာတိုဗုဒ္ဓရဲ့မျက်နှာဟာ အေးစက်သွားပါတယ် “မင်းက ငါ့ကို အပြစ်တင်နေတာလား၊ မင်းဘာသာ သူ့ကံတရားကို မတွက်ချက်နိုင်တာလဲ၊ ငါသာ မင်းနေရာမှာဆိုရင် အသာလေးတွက်ချက်နိုင်တယ်”
တိကျောက်ဝမ်ဟာ မချိုပြုံးပြုံးလိုက်ပြီး ခေါင်းခါလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် ဂျိရှင်းရှန်က ရူးသွပ်နေပြီဖြစ်တဲ့အတွက် စိတ်ရိုင်းဝင်တိုင်း မဲမဲမြင်ရာ အမဲဖျက်တော့မှာပါ။ ဒီလို အမဲဖျက်ရာကနေ ဖြစ်ပေါ်လာတဲ့ အကုသိုလ်ကံတွေထဲက တစ်စိတ်တစ်ပိုင်းဟာ တိကျောက်ဝမ်ဆီကို ကျိန်းသေပေါက် ရောက်လာမှာမို့လို့ပါပဲ။
ဂျိရှင်းရှန်က သာမန်လူဆိုရင် ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ဂျိရှင်းရှန်ဟာ ကောင်းကင်တာအိုက သတ်မှတ်ထားတဲ့ နတ်မင်းဖြစ်လာမဲ့သူပါ။ ဒါကြောင့် တိကျောက်ဝမ်ရဲ့ လုပ်ရပ်ဟာ ကောင်းကင်တာအိုကို ဆန့်ကျင်တာ ဖြစ်သွားပါတယ်။
ကောင်းကင်တာအိုဟာ နိယာမကို ချိုးဖျက်သူတိုင်း အပြစ်ပေးတာမို့ တိကျောက်ဝမ်တစ်ယောက် ကောင်းကင်တာအိုရဲ့ ပစ်မှတ်ထားတာကို မလွဲမသွေခံရမှာပါ။
“ဒီအကြောင်းကြောင့်လည်း ကပ်ဘေးသခင် ပေါ်လာတာ ဖြစ်မယ်၊ ဖြစ်ခဲ့တာက ဖြစ်ခဲ့ပြီးပြီ၊ နောင်တရနေလို့ ဘာမှထူးလာမှာ မဟုတ်ဘူး၊ ငါ ဒီအကြောင်းကို ယမမင်းဆီ ချက်ချင်း အကြောင်းကြားလိမ့်မယ်၊ ပြီးတော့ အင်မော်တယ်ကမ္ဘာက အင်အားစုတွေကိုလည်း ငါပဲ သတင်းစကား ပါးလိုက်မယ်” စကားဆုံးတဲ့အခါမှာတော့ ကောင်းကင်တာအိုဗုဒ္ဓရဲ့ ပုံရိပ်ဟာ ပျောက်ကွယ်သွားပါတယ်။
တိကျောက်ဝမ်ဟာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပါတယ်။ တိကျောက်ဝမ်ရဲ့ မျက်လုံးထဲမှာ ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်နေပါတယ် ‘ငါ တကယ်ပဲ အမှားလုပ်မိလိုက်တာလား’
ဆယ်နှစ်ကြာပြီးနောက်။
ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက ပုံမှန်တိုးတက်နေတဲ့အတွက် အင်မော်တယ်ဧကရာဇ် စတုတ္ထအဆင့်နဲ့ သိပ်မဝေးတော့ပါဘူး။ အင်မော်တယ်ဧကရာဇ်အဆင့်မှာ အဆင့်တက်ဖို့ဆိုတာက မိုးပေါ် လှေကားထောင်တက်နေရသလိုပါပဲ။ ကောင်းကင်ရုံးတော်ရဲ့ အရည်အချင်းရှိလွန်းပါတယ်ဆိုတဲ့ ရှန်စစ်သူကြီးတောင် အသက်သန်းချီလာပေမဲ့ အင်မော်တယ်ဧကရာဇ်အဆင့်က မတက်သေးပါဘူး။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို အပြင်ထွက်ဖို့ ပြောလိုက်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။ ဒီအကြိမ်ဟာ ကြမ္မာဆိုးစာအုပ်ကို အဆင့်မြှင့်တင်ပြီး ပထမဆုံး ကျိန်စာတိုက်တာပါ ‘ငါ့စာအုပ်က နတ်မင်းအဆင့် ရောက်သွားပြီဆိုတော့ အင်မော်တယ်ဧကရာဇ်ကို သေအောင် ကျိန်စာတိုက်နိုင်ပြီလား မသိဘူး’
ဟန်ကျွယ်ရဲ့ ပထမဆုံးပစ်မှတ်က မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ပါ။
“ဟမ်... အနည်းဆုံးတော့ မင်းငြိမ်ငြိမ်မနေနိုင်အောင် ကျိန်စာတိုက်ပစ်ရမယ်”
ဟန်ကျွယ်ဟာ စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် ကြမ္မာဆိုးစာအုပ်ထဲကို ဝိညာဉ်စွမ်းအား လောင်းထည့်လိုက်ပါတယ်။ ကြမ္မာဆိုးစာအုပ်ဟာ ထူးဆန်းတဲ့အနက်ရောင် အလင်းတန်းတွေ ဖြာထွက်လာပြီး ဟန်ကျွယ်မျက်နှာကို လာဟပ်ပါတယ်။ အခုအချိန်မှာ ဟန်ကျွယ် မျက်နှာကို ကြည့်မယ်ဆိုရင် ချောမောသလောက် ရက်စက်ယုတ်မာလွန်းတဲ့ မိစ္ဆာမျက်နှာတစ်ခုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။