ဂျိရှင်းရှန်နဲ့ နတ်ရွှေကျီး ရှန်ဧကရာဇ်
Vol. 25 Ch. 294
နွေဦးမြစ် တစ်ဖက်ကမ်းမှာ အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားတဲ့ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ကမ်းခြေမှာထိုင်ပြီး ကျင့်ကြံအားထုတ်နေပါတယ်။ ရုတ်တရက်ဆိုသလို နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ မျက်လုံးပွင့်သွားပြီး မျက်မှောင်ကြုတ်သွားပါတယ်။
“သေစမ်း... ဟိုခွေးစုတ်က ငါ့ကို ကျိန်စာ ထပ်တိုက်ပြန်ပြီ”
နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ သွေးအန်လုနီး ဒေါသထွက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ကို လိုက်ရှာတာ နှစ်ပေါင်များစွာ ကြာခဲ့ပြီဖြစ်ပေမဲ့ အရိပ်အယောင်တောင် မတွေ့ရသေးတဲ့အပြင် မကြာခဏဆိုသလို ကျိန်စာတိုက်ခံနေရလို့ပါပဲ။ နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ လက်လျှော့ဖို့ တွေးမိတိုင်း မကြာခဏ ကျိန်စာတိုက်ခံရတာကို တွေးမိပြီး ဟန်ကျွယ်ကို အမဲဖျက်ချင်စိတ်တွေ ပိုအားကောင်းလာပါတယ်။
နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ မျက်နှာပျက်သွားပြီး ဝိညာဉ်စွမ်းအားနဲ့ ကျိန်စာစွမ်းအားကို ခုခံပါတယ် ‘ဘာတွေဖြစ်နေတာလဲ၊ ဒီတစ်ခါ ကျိန်စာက ပြင်းလှချည်လား၊ ဒီကောင်စုတ်လေး အဆင့်တက်သွားတာလား’
နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ စိတ်လေးသွားပြီး အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပါတယ် ‘မဖြစ်ဘူး... ငါ ဒီခွေးစုတ်ကို အမြန်ရှာပြီး လက်စတုံးပစ်ရမယ်... မဟုတ်ရင် ငါ အေးအေးဆေးဆေး ကျင့်ကြံရမှာ မဟုတ်ဘူး’
တစ်လကြာတဲ့အခါမှာတော့ နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ကျိန်စာစွမ်းအားကို မခုခံနိုင်တာကြောင့် သွေးတစ်လုတ် အန်ထွက်သွားပါတယ်။ ဒီအဖြစ်ကြောင့် နတ်ရွှေကျီး ရှန်ဧကရာဇ် မျက်နှာဟာ ပြိုတော့မဲ့မိုးလို မဲမှောင်ထွက်သွားပြီး သူ့ခန္ဓာကိုယ်ထဲက ဝရုန်းသုန်းကား ဖြစ်နေတဲ့ ဝိညာဉ်စွမ်းအားကို အမြန်ဖိနှိပ်ပါတယ်။
တခြားတစ်ဖက်။
ဝီရီယတောင်၊ ကျင့်ကြံခြင်းလိုဏ်ဂူ။
ဟန်ကျွယ်ဟာ သူ့လက်ထဲက ကြမ္မာဆိုးစာအုပ်ကိုကြည့်ပြီး အံအားသင့်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြမ္မာဆိုးစာအုပ်ရဲ့ ကျိန်စာစွမ်းအားက အရင်တုန်းကထက် အဆများစွာ တိုးတက်လာလို့ပါပဲ။
အရင်တုန်းက ကြမ္မာဆိုးစာအုပ်ဟာ သက်တမ်း ဆယ်သန်းသုံးပြီး ကျိန်စာတိုက်ဖို့အတွက် လေးငါးခြောက်လ အချိန်ယူရပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ နတ်မင်းအဆင့် စိတ်ဝိညာဉ်ရတနာ ဖြစ်သွားတာကြောင့် သက်တမ်းဆယ်သန်းကို တစ်လတည်းနဲ့ ကုန်အောင် သုံးနိုင်သွားပါတယ်။ ဒါတောင် ဟန်ကျွယ်က သတိကြီးကြီးထားပြီး ကျိန်စာတိုက်လို့ပါ။ ဒီလိုမဟုတ်ဘဲ အင်တိုက်အားတိုက် ကျိန်စာတိုက်မယ်ဆိုရင် သက်တမ်းဆယ်သန်းက လဝက်လောက်ပဲ ခံမှာပါ။
ကြမ္မာဆိုးစာအုပ်ရဲ့ ကျိန်စာစွမ်းအားက ပိုအားကောင်းလာသလို ဟန်ကျွယ် ထမ်းဆောင်ရတဲ့ဝန်ကလည်း ပိုကြီးမားလာပါတယ်။ လောလောဆယ်မှာတော့ ကြမ္မာဆိုးစာအုပ်က ဟန်ကျွယ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို အမြဲတမ်းထိခိုက်အောင် မလုပ်နိုင်သေးပါဘူး။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်က နှစ်ဖက်သွားဓား ဖြစ်လာမှာကို စိုးရိမ်နေတာပါ။ ဒါပေမဲ့ လောလောဆယ်မှာတော့ ဟန်ကျွယ် အလွန်အကျွံမလုပ်ရင် ကြမ္မာဆိုးစာအုပ်က တစ်ဖက်သွားဓားပါ။ ဟန်ကျွယ်ကို ဘာမှမသက်ရောက်စေပါဘူး။
ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီးနောက် ကျိန်စာဆက်တိုက်ပါတယ်။ ဟန်ကျွယ်ဟာ သက်တမ်းဆယ်သန်း ဆုံးရှုံသွားတယ်ဆိုပေမဲ့ အင်မော်တယ်ဧကရာဇ် တတိယအဆင့် ရောက်ပြီးကတည်းက သူ့သက်တမ်းဟာ ဆယ်ထရီလံယံကျော်နေပါပြီ။ ဒါကြောင့် သက်တမ်းဆယ်သန်းဆိုတာ ဟန်ကျွယ်အတွက် ဘာမှမပြောပလောက်ပါဘူး။
ဒီလိုနဲ့ နှစ်လကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သူမြင်ချင်လှတဲ့ အသိပေးချက်တစ်ခုကို မြင်တွေ့လိုက်ရပါတယ်။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်သည် အင်မော်တယ်ဧကရာဇ် အဋ္ဌမအဆင့်သို့ လျှော့ကျသွား၏။]
ဒီတော့ ဟန်ကျွယ်ဟာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး ကြမ္မာဆိုးစာအုပ်ကို အောက်ချကာ မျက်နှာပေါ်က သွေးတွေကို သုတ်လိုက်ပါတယ်။ သက်တမ်း သန်း ၇၀ ဆုံးရှုံးသွားတယ်ဆိုပေမဲ့ နတ်ရွှေကျီး ရှန်ဧကရာဇ်ကို အဆင့်လေးတစ်ဆင့် လျှော့ချလိုက်နိုင်တဲ့အတွက် ဒီဆုံးရှုံးမှုက ထိုက်တန်ပါတယ်။
ဟန်ကျွယ်ဟာ နတ်ဆိုးဧကရာဇ်၊ ရွှေဂဠုန်နတ်ဆိုးသခင်၊ ကောင်းကင်တာအိုဗုဒ္ဓနဲ့ လီရွှမ်အောက်တို့ကို ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။ ဒီလူတွေကိုတော့ ဟန်ကျွယ်ဟာ ငါးရက်စီ ကျိန်စာတိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ အဓိကရည်ရွယ်ချက်က သူ့ရန်သူတွေ အေးအေးဆေးဆေး မနေရဖို့ပါ။
ကျိန်စာတိုက်ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပြီး ဝိညာဉ်အပိုင်းအစတစ်ခု ခွဲထုတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ ဝိညာဉ်အပိုင်းအစဟာ တိတ်ဆိတ်ကျွန်းကနေ တိတ်တဆိတ် ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်နဲ့ တိုက်ခိုက်ဖို့အတွက် တိတ်ဆိတ်ကျွန်းကနေ ထွက်ခွာသွားတာ ဖြစ်ပါတယ်။ ဟန်ကျွယ်ဟာ နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ အဆင့်လေးတစ်ဆင့် လျှော့ကျသွားတာကြောင့် သတ်နိုင်မယ်လို့ ယုံကြည်ချက် ရှိနေပါပြီ။ နတ်ရွှေကျီး ရှန်ဧကရာဇ်က ဟန်ကျွယ်နောက်ကို တရစပ်လိုက်နေတဲ့အတွက် ဟန်ကျွယ်ဟာ နတ်ရွှေကျီး ရှန်ဧကရာဇ်ကို လုံးဝခွင့်လွှတ်မှာ မဟုတ်ပါဘူး။
ချောက်ကမ်းပါးစွန်းတစ်ခု။
နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ချောက်ကမ်းပါးအောက်မှာ တရားထိုင်နေတဲ့ လူတစ်ယောက်ကို စိုက်ကြည့်ပြီး မျက်မှောင်ကြုတ်နေပါတယ်။ နတ်ရွှေကျီး ရှန်ဧကရာဇ် စိုက်ကြည့်နေတဲ့လူက တခြားသူ မဟုတ်ပါဘူး။
ဂျိရှင်းရှန်ပါ။
ဒီအချိန်မှာ ဂျိရှင်းရှန်ဟာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေပြီး ခေါင်းကလည်း အဆက်မပြတ် ယမ်းခါနေပါတယ်။ ဂျိရှင်းရှန်ရဲ့ မျက်နှာကလည်း တည်ကြည်လာလိုက် ဝမ်းနည်းသွားလိုက် ဒေါသထွက်သွားလိုက် ရူးသွပ်သွားလိုက်နဲ့ အမျိုးမျိုးပြောင်းလဲနေပါတယ်။
နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ဒီနေရာကိုဖြတ်ရင်း ဂျိရှင်းရှန်ရဲ့ ရောင်ဝါကို မူမမှန်တာကြောင့် ခဏရပ်ပြီး အကဲခတ်တာပါ။ အဲဒီနောက် လက်ချောင်းတွေသုံးပြီး တွက်ချက်ကြည့်တဲ့အခါမှာတော့ ဂျိရှင်းရှန်က ဟန်ကျွယ်နဲ့ ဆက်စပ်နေမှန်း သိသွားပါတယ်။
မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ရက်စက်စွာ ပြုံးလိုက်ပြီး လက်ဝါးနဲ့ ရိုက်ချလိုက်တဲ့အခါ ကြောက်မက်ဖွယ် ဖိအားတစ်ခု ဖြစ်ပေါ်လာပါတယ်။ ဒီကြောက်မက်ဖွယ် ဖိအားဟာ ကောင်းကင်ပေါ်ကနေ ဆင်းသက်ပြီး ဂျိရှင်းရှန်ကို မလှုပ်နိုင်အောင် ဖိထားလိုက်ပါတယ်။
ဂျိရှင်းရှန်ဟာ နိုးသွားပြီး နတ်ရွှေကျီး ရှန်ဧကရာဇ်ကို မော့ကြည့်ကာ ဒေါသတကြီး မေးလိုက်ပါတယ် “ခင်ဗျား ဘာလုပ်တာလဲ”
ဂျိရှင်းရှန်ဟာ တိကျောက်ဝမ်နန်းတော်က လွတ်လာပြီးနောက် ခဏလောက် အေးအေးဆေးဆေး ကျင့်ကြံဖို့ ဆုံးဖြတ်ထားတာပါ။ ဒါပေမဲ့ ကျင့်ကြံအားထုတ်လို့ မကြာခင်မှာပဲ ထပ်မံတိုက်ခိုက်ခံလိုက်ရပါတယ်။ ဂျိရှင်းရှန်ဟာ ယမ်းပုံမီးကျဖြစ်သွားပြီး နှလုံးသားတစ်ခုလုံး ဒေါသမီးလျှံ လောင်ကျွမ်းသွားပါတယ်။
‘ငါ ဘယ်သူကိုမှလည်း အပြစ်မပြုထားဘဲနဲ့၊ ဒီလူတွေက ငါ့ကို ဘာလို့ ဆက်တိုက် ဒုက္ခပေးနေရတာလဲ’
“မင်း သူ့ကိုသိလား”
နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ဝိညာဉ်စွမ်းအားနဲ့ ဟန်ကျွယ်ပုံရိပ်ကို ပြလိုက်ပါတယ်။
ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ပုံရိပ်ကို မြင်တာနဲ့ မျက်မှောင်ကြုတ်သွားပြီး ပြန်မေးလိုက်ပါတယ် “ခင်ဗျားက သူ့ကို ရှာနေတာလား”
“ဟုတ်တယ်၊ ငါ သူ့ကို သတ်မလို့ လိုက်ရှာနေတာ ကြာပြီ၊ ငရဲပြည်ရဲ့ ဘယ်နေရာမှာ အဲဒီကောင် ပုန်းနေလဲဆိုတာ ငါ့ကို ပြောစမ်း” နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ဂျိရှင်းရှန်ကို ငုံ့ကြည့်ပြီး အေးစက်စွာ ပြောလိုက်ပါတယ်။
ဂျိရှင်းရှန်ဟာ အမျက်ချောင်းချောင်း ထွက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က ဂျိရှင်းရှန်ရဲ့ မိတ်ဆွေနည်းနည်းလေးထဲက တစ်ယောက်ဖြစ်နေလို့ပါ။ ပြိုင်ဘက်ကင်းနှလုံးသားရှိတဲ့ ဂျိရှင်းရှန်ဟာ သူ့မိတ်ဆွေကို လိုက်သတ်နေတဲ့ကိစ္စကို ဘယ်လိုမှ သည်းမခံနိုင်ပါဘူး။
ဂျိရှင်းရှန်ဟာ ရုတ်တရက် ခုန်ထပြီး လက်နှစ်ဖက် ဖြန့်လိုက်တဲ့အခါ ခန္ဓာကိုယ်ပတ်လည်မှာ မရေမတွက်နိုင်တဲ့ လျှပ်စီးတွေ ဖြစ်ပေါ်လာပါတယ်။ ဂျိရှင်းရှန်ဟာ ရှေးဦးခေတ်က မိုးကြိုးနတ်ဘုရားလိုမျိုး ကြီးမားခက်ထန်တဲ့ အရှိန်အဟုန်တွေ ထွက်ပေါ်လာပါတယ်။ ဂျိရှင်းရှန်ဟာ နောက်ထပ် စကားတစ်ခွန်းမဆိုဘဲ လက်ဝှေ့ယမ်းပြီး နတ်ရွှေကျီး ရှန်ဧကရာဇ်ကို တိုက်ခိုက်လိုက်ပါတယ်။
“ဝုန်း...”
နားအူမတက်အောင် ကျယ်လောင်လှတဲ့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး လျှပ်စီးတစ်သောင်းဟာ ရုတ်တရက် ကောင်းကင်ပြိုကျသလို နတ်ရွှေကျီး ရှန်ဧကရာဇ်ဆီ ဆင်းသက်လာပါတယ်။ နတ်ရွှေကျီး ရှန်ဧကရာဇ် မထီမဲ့မြင်ပြုံးလိုက်ပြီး ညာလက်မြှောက်ကာ မရေမတွက်နိုင်တဲ့ လျှပ်စီးတွေကို တိုက်ရိုက် ချေမွဖျက်ဆီးပစ်လိုက်ပါတယ်။
“မဟာညီညွတ်မှု ရွှေအင်မော်တယ်ကများ ငါ့ကို တိုက်ခိုက်ရဲတယ်.. ဟား... ဟား...”
နတ်ရွှေကျီး ရှန်ဧကရာဇ်ရဲ့ ရယ်သံဟာ ရိုင်းစိုင်းခက်ထန်ပြီး အထင်အမြင်သေးမှုတွေနဲ့ ပြည့်နှက်နေပါတယ်။
“ကောင်းတယ်၊ ငါ အရင်ဆုံး မင်းကို မသေမရှင် လုပ်ပစ်မယ်”
နတ်ရွှေကျီး ရှန်ဧကရာဇ်ရဲ့ အပြုံးဟာ ပိုပိုပြီး ရက်စက်လာပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်က နောက်ကွယ်ကနေ ကျိန်စာတိုက်နေတာကို တွေးမိသွားပြီး ဒေါသချောင်းချောင်း ထွက်သွားပါတယ်။ ဂျိရှင်းရှန်ကလည်း ရေခဲလိုအေးစက်တဲ့ မျက်နှာနဲ့ နတ်ရွှေကျီး ရှန်ဧကရာဇ်ကို တဟုန်ထိုး တိုက်ခိုက်တဲ့အတွက် ကြီးမားတဲ့ တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပေါ်လာပါတော့တယ်။
နွေဦးမြစ် အထက်မှာ ဟန်ကျွယ်ရဲ့ ဝိညာဉ်အပိုင်းအစက ဦးတည်ရာမဲ့ လျှောက်သွားနေပါတယ် ‘ထူးဆန်းလိုက်တာ... ဟိုငှက်စုတ်က ဘာလို့ ထပ်မအော်တော့တာလဲ’ ဟန်ကျွယ်ဟာ အရင်တုန်းက နတ်ရွှေကျီး ရှန်ဧကရာဇ်ရဲ့ အော်သံကို မကြာခဏ ကြားခဲ့ရပေမဲ့ အခုတော့ မကြားရတာ အတော်ကြာပါပြီ။
‘ဒီငှက်စုတ် တစ်ခုခု ဖြစ်သွားတာလား’
ဟန်ကျွယ် ပဟေဠိဖြစ်နေတုန်းမှာပဲ စွမ်းအားကြီးမားတဲ့ တိုက်ပွဲတစ်ခုရဲ့ အရှိန်အဟုန်ကို အာရုံခံမိလိုက်တာကြောင့် ဟန်ကျွယ်ရဲ့ မျက်လုံးတွေ တောက်ပသွားပါတယ် ‘မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ်... နောက်ဆုံးတော့ ငါ မင်းကို ရှာတွေ့ပြီ... မင်း ငါ့ကို ဒုက္ခပေးခဲ့တာမှန်သမျှ ပြန်ခံစားဖို့သာ ပြင်ထားတော့’
ဟန်ကျွယ်ဟာ ပင်မခန္ဓာကိုယ်ကို ဆက်သွယ်လိုက်ပြီး အမြန်လာဖို့ အကြောင်းကြားလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ ဝိညာဉ်အပိုင်းအစဟာ နတ်ရွှေကျီး ရှန်ဧကရာဇ်နဲ့ တိုက်နေတဲ့သူက ဘယ်သူလဲ သိချင်တာကြောင့် ရှေ့ကို ဆက်တိုးသွားပါတယ်။
တိုက်ပွဲဝန်းကျင်ကို မီးခိုးနဲ့တူတဲ့ အနက်ရောင်မြူခိုးတွေ ဝန်းရံနေပြီး မြေပြင်မှာလည်း မရေမတွက်နိုင်တဲ့ အက်ကြောင်းတွေထပ်ကာ အဆုံးမဲ့ချိုင့်ဝှမ်လိုမျိုး ဖြစ်ပေါ်နေပါတယ်။ ကောင်းကင်မှာလည်း မီးပင်လယ် ဖြစ်နေပါတယ်။
လေထဲမှာတော့ နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ဂျိရှင်းရှန်ရဲ့ခေါင်းကို လက်တစ်ဖက်နဲ့ ဖမ်းဆုပ်ပြီး လေထဲမြှောက်ကာ မထီမဲ့မြင် ပြုံးလိုက်ပါတယ် “ရှန်စစ်သူကြီး စွမ်းအားမျိုး ရှိတာပဲ၊ မင်းငါ့ကို တိုက်ခိုက်ရဲတာ အံဩစရာ မရှိတော့ပါဘူး၊ ဒါပေမဲ့ ကံဆိုးချင်တော့ မင်းခန္ဓာကိုယ်က အားနည်းလွန်းတော့ ဒီစွမ်းအားကို မခံနိုင်ဘူး၊ အခု မင်းကို မိစ္ဆာဘိုးဘေးတောင် ကယ်နိုင်မှာ မဟုတ်တော့ဘူး”
တစ်ကိုယ်လုံး သွေးချင်းနီနေတဲ့ ဂျိရှင်းရှန်ဟာ အံကြိတ်ပြီး နတ်ရွှေကျီး ရှန်ဧကရာဇ်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပါတယ်။ အခုအချိန်မှာ ဂျိရှင်းရှန်ဟာ တစ်လက်မလေး လှုပ်ရှားဖို့တောင် အင်အားမရှိတော့ပါဘူး။
စွမ်းအားချင်း ကွာခြားလွန်းတဲ့အတွက် ဂျိရှင်းရှန်ရဲ့ ပြိုင်ဘက်ကင်း ယုံကြည်မှုဟာ ပြိုလဲသွားရတဲ့အထိပါပဲ။
မီးခိုးနက်တချို့ဟာ ဂျိရှင်းရှန်ရဲ့ ခေါင်းပေါ်ကနေ ထွက်ပေါ်လာပြီး သရဲပုံရိပ်တစ်ခု ဖြစ်ပေါ်သွားပါတယ် “နတ်ရွှေကျီး မိသားစုက ငါတို့ မိစ္ဆာမျိုးနွယ်စုနဲ့ ရန်သူ ဖြစ်ချင်တာလား”
နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ဂျိရှင်းရှန်ခေါင်းပေါ်က သရဲပုံရိပ်ကို အထင်အမြင်သေးစွာ ကြည့်လိုက်ပါတယ် “ဘာမိစ္ဆာလဲ၊ မင်းတို့က လမ်းပေါ်က ကြွက်စုတ်တွေ၊ ဟိုခွေးစုတ် ဘယ်မှာရှိလဲဆိုတာသာ ငါ့ကို အမြန်ပြောစမ်း”
ဂျိရှင်းရှန်ဟာ ခက်ခက်ခဲခဲနဲ့ လက်မြှောက်ပြီး နတ်ရွှေကျီး ရှန်ဧကရာဇ်ကို ပါးရိုက်ဖို့ ပြင်လိုက်ပါတယ်။ နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ဂျိရှင်းရှန်ရဲ့ အမူအရာကြောင့် မျက်လုံးတွေ အေးစက်သွားပြီး ဂျိရှင်းရှန်ရဲ့လက်ကို နေမီးလျှံစစ်နဲ့ လောင်ကျွမ်းပစ်လိုက်ပါတယ်။
“အား...”
ဝိညာဉ်ထဲထိအောင် နာကျင်လွန်းတဲ့ ခံစားမှုကြောင့် ဂျိရှင်းရှန်ဟာ အားကုန် အော်ဟစ်လိုက်ပါတယ်။ အခုအချိန်မှာ ဂျိရှင်းရှန်ကို မြင်ရတဲ့သူ ဘယ်သူမဆို ကရုဏာသက်မိမှာ မြေကြီးလက်ခတ်မလွှဲပါပဲ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။