စနစ်အဆင့်မြှင့်တင်ခြင်း၊ ကောင်းကင်လျှို့ဝှက်ချက်အား တွက်ချက်ခြင်း
Vol. 25 Ch. 298
‘ဘာလဲဟ’ ဟန်ကျွယ်ဟာ သွမ့်ဟုန်ချန်က တိတ်ဆိတ်ကျွန်းဆီ ချဉ်းကပ်လာတဲ့အတွက် မျက်ခုံးပင့်တက်သွားပါတယ် ‘ဒီကောင်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ ပြဿနာရှာမလို့လား’
သွမ့်ဟုန်ချန်ဟာ တိတ်ဆိတ်ကျွန်းပေါ်ကို ပျံသန်းကာ ပြုံးလိုက်ပါတယ် “မတွေ့တာ အတော်ကြာပြီနော်၊ ငါ နိုးနိုးချင်း မင်းကို တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး၊ မင်းက တကယ်ကို ကံမကောင်းတာပဲ”
သွမ့်ဟုန်ချန်ရဲ့ အသံဟာ တိတ်ဆိတ်ကျွန်းထဲ ဝင်ရောက်သွားတဲ့အတွက် တိတ်ဆိတ်ကျွန်းက လူတွေအကုန်လုံး မှင်သက်သွားကြပါတယ် ‘ဒီလူက ဘယ်သူ့ကို ပြောနေတာလဲ’
ဂူအောင်းကျင့်ကြံနေတဲ့ စုချီလည်း ရုတ်တရက် မျက်လုံးပွင့်လာပါတယ်။ အကြောင်းအရင်းတချို့ကြောင့် စုချီဟာ သွမ့်ဟုန်ချန်ရဲ့အသံကို ကြားလိုက်ရတယ်ဆိုရင်ပဲ သဘာဝရန်သူတော်ကို တွေ့လိုက်ရသလိုမျိုး စိတ်လေးသွားပါတယ် ‘ငါ ဘာဖြစ်တာလဲ’ စုချီဟာ သူ့ကိုယ်သူ နားမလည်နိုင် ဖြစ်သွားရပါတယ်။
ဒီအချိန်မှာ တိတ်ဆိတ်ကျွန်းရဲ့ အရံအတားက ပွင့်သွားတဲ့အတွက် သွမ့်ဟုန်ချန်ဟာ တိတ်ဆိတ်ကျွန်းထဲ ဝင်ရောက်လာပါတယ်။ သွမ့်ဟုန်ချန် ပါးစပ်မဟခင်မှာပဲ ဟန်ကျွယ်ဟာ သွမ့်ဟုန်ချန်ရှေ့ ရောက်သွားပြီး အရင်ဦးအောင် မေးလိုက်ပါတယ် “ဘာကိစ္စလဲ”
သွမ့်ဟုန်ချန်ဟာ ဟန်ကျွယ်ကို အကဲခတ်လိုက်တဲ့အခါ မဟာညီညွတ်မှု အင်မော်တယ်စစ်အဆင့်ပဲ ရှိနေတာကို တွေ့လိုက်ရပါတယ် “ဟားဟား... ငါက မိတ်ဆွေဟောင်းတစ်ယောက်ကို လာရှာတာပါ၊ သူ့ကိုသာ ငါ့လက်ထဲအပ်လိုက်၊ မင်းတို့ကျွန်းပေါ်က ဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ဘူး”
“ခင်ဗျားက ပြန်ပေးဆွဲသမားလား”
“အင်း... အဲဒီလို ပြောလို့ရတယ်”
သွမ့်ဟုန်ချန်ဟာ တိတ်ဆိတ်ကျွန်းပေါ်မှာ ကျင့်ကြံမှုမြင့်မားတဲ့သူ တစ်ယောက်မှ မရှိတဲ့အတွက် နည်းနည်းလေးတောင် သတိမရှိပါဘူး။ ငရဲနက်နတ်ဆိုးသခင်ကလည်း ဟန်ကျွယ်လိုမျိုး ကျင့်ကြံမှုကို ဖုံးကွယ်ထားတဲ့အတွက် သွမ့်ဟုန်ချန် သတိမပြုမိပါဘူး။
အင်မော်တယ်ဧကရာဇ် ပထမအဆင့်နဲ့ အင်မော်တယ်ဧကရာဇ် ပဥ္စမအဆင့်က နည်းနည်းနောနော ကွာခြားတာ မဟုတ်ပါဘူး။ လူတိုင်းက ဟန်ကျွယ်လိုမျိုး စနစ်ရှိတာ မဟုတ်ပါဘူး။
ဝီရိယတောင်ပေါ်က တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ သွမ့်ဟုန်ချန်ကိုကြည့်ပြီး အံအားသင့်သွားကြပါတယ်။ တောင်ထိပ်တစ်ခုပေါ်မှာရှိနေဲ့ ငရဲနက်နတ်ဆိုးသခင်ကတော့ သွမ့်ဟုန်ချန်ကို သရော်ပြုံးနဲ့ ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကြောက်ရွံ့သွားတဲ့ မျက်နှာလုပ်လိုက်ပါတယ် “သူတို့က ကျွန်တော်ရဲ့ တပည့်တွေပဲ၊ စီနီယာ သူတို့ကိုတော့ ဘာမှမလုပ်ဘူးမလား”
သွမ့်ဟုန်ချန်ဟာ လက်ဝှေ့ယမ်းပြီး ပြောလိုက်ပါတယ် “ဘာမှထပ်ပြောမနေနဲ့၊ မင်းတို့က ငါ အန္တရာယ်မပြုဘူး၊ အဲဒီလူကိုပဲ...”
သွမ့်ဟုန်ချန် စကားမဆုံးခင်မှာဘဲ ဟန်ကျွယ်က ရုတ်တရက် တိုက်ခိုက်လိုက်ပါတယ်။ ဘယ်အချိန်က လက်ထဲရောက်နေမှန်းမသိတဲ့ ဟွမ်သွမ့်ဓားနဲ့ ဟန်ကျွယ်ဟာ သွမ့်ဟုန်ချန်ကို ခုတ်ပိုင်းလိုက်ပါတယ်။
ပြိုင်ဘက်ကင်းဓားချီ။
သွမ့်ဟုန်ချန် မတုံ့ပြန်နိုင်ခင်မှာဘဲ ပြိုင်ဘက်ကင်းဓားချီဟာ သွမ့်ဟုန်ချန်ရဲ့ ခန္ဓာကိုယ်ထဲ ဝင်ရောက်ဖျက်ဆီးပါတယ်။ သွမ့်ဟုန်ချန်ရဲ့ ဝိညာဉ်ကိုတော့ ဟန်ကျွယ်ဟာ လမ်းခြောက်သွယ် စုပ်ယူခြင်းကို အသုံးပြုပြီး လောကဦးကမ္ဘာထဲ စုပ်ယူလိုက်ပါတယ်။
ဒီလိုနဲ့ တိတ်ဆိတ်ဂိုဏ်းဟာ တစ်ဖန် ပြန်ငြိမ်သက်သွားပါတယ်။ တိုက်ပွဲက တစ်စက္ကန့်တောင် မကြာလိုက်ပါဘူး။ လျှပ်တစ်ပြက်အတွင်းမှာပဲ ပြီးစီးသွားတာကြောင့် ငရဲနက်နတ်ဆိုးသခင်ဟာ ဘာဖြစ်မှန်းတောင် မသိလိုက်ပါဘူး
“စွမ်းလှချည်လား... ဂိုဏ်းချုပ်က စွမ်းအားပိုပိုကြီးလာတယ်” ငရဲနက်နတ်ဆိုးသခင်ဟာ ဟန်ကျွယ်ကို အံဩတကြီး ကြည့်ပြီး ရေရွတ်လိုက်ပါတယ်။ ငရဲနက်နတ်ဆိုးသခင်ဟာ ဒီအနန္တကပ်ဘေးပြီးရင် ဟန်ကျွယ်က စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ဖြစ်လာလိမ့်မယ်လို့ ခံစားနေရပါတယ်။
တခြားတပည့်တွေကတော့ ကျင့်သားရနေပြီမို့ စိတ်မလှုပ်ရှားတော့ပါဘူး။ ဟန်ကျွယ်က ရန်သူကို တစ်ချက်တည်းနဲ့ အသေသတ်တာ သူတို့တွေ မြင်ရပေါင်း များလှပါပြီ။ နတ်ရွှေကျီး ရှန်ဧကရာဇ်တစ်ယောက်ပဲ မနိုင်လို့ ထွက်ပြေးရတာပါ။
ဟန်ကျွယ်ဟာ ကိစ္စပြီးတာနဲ့ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ပါတယ်။ တပည့်တွေကတော့ သူတို့အချင်းချင်း ဆွေးနွေးရင်း ကျန်နေခဲ့ကြပါတယ်။
လောကဦးကမ္ဘာ။
သွမ့်ဟုန်ချန်ရဲ့ဝိညာဉ်ဟာ သေခြင်းရှင်ခြင်း မဟာတာအိုရဲ့ ချုပ်နှောင်မှုကြောင့် တစ်လက်မတောင် မလှုပ်ရှားနိုင်ပါဘူး။ သွမ့်ဟုန်ချန်ရဲ့ ခန္ဓာကိုယ်ထဲက အကုသိုလ်ကံကလည်း အတင်းအဓမ္မ စုပ်ယူခြင်းကို ခံလိုက်ရပါတယ်။ သွမ့်ဟုန်ချန်ဟာ အကုသိုလ်ကံ စုပ်ယူခံရတဲ့ဘက်ကို လှည့်ကြည့်လိုက်တဲ့အခါ မှောင်မည်းနေတဲ့ ကြယ်တစ်လုံးပေါ်မှာရှိနေတဲ့ ကြာပန်းနက်ကို တွေ့လိုက်ရပါတယ်။
“ကမ္ဘာဖျက်ကြာနက်... ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” သွမ့်ဟုန်ချန်ဟာ ထိတ်လန့်သွားပြီး တုန်လှုပ်ချောက်ချားသွားပါတယ်။ အဲဒီနောက် သွမ့်ဟုန်ချန်ဟာ အမြန်အော်ပြောပါတော့တယ် “တာအိုရောင်းရင်း... ကျွန်တော် မှားပါပြီ၊ ကျွန်တော့် အသက်ကို ချမ်းသာပေးပါ၊ ကျွန်တော့်ကို ဒီကနေ သွားခွင့်ပြုပါ”
[သွမ့်ဟုန်ချန်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်လေးပွင့်။]
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို မြင်လိုက်ရတဲ့အခါမျာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပါတယ် ‘ငါ ဒီကောင်ကို သင်ခန်းစာ ကောင်းကောင်း ပေးရမယ်’
ဟန်ကျွယ်ဟာ သွမ့်ဟုန်ချန်ကို လောလောဆယ်မှာ သတ်ပစ်ဖို့ စိတ်ကူးမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သွမ့်ဟုန်ချန်က ကပ်ဘေးသခင်မို့လို့ပါ။ ဟန်ကျွယ်သာ သွမ့်ဟုန်ချန်ကို သတ်လိုက်ရင် သွမ့်ဟုန်ချန် သယ်ဆောင်ထားတဲ့ အကုသိုလ်ကံတွေက ဟန်ကျွယ်ဆီကို ရွှေ့ပြောင်းသွားမှာပါ။ အနန္တကပ်ဘေးထဲမှာက အကုသိုလ်ကံများလေလေ ဒုက္ခခံရဖို့ ရာခိုင်နှုန်းများလေလေပါပဲ။
တစ်နည်းအားဖြင့် ပြောရရင် အကုသိုလ်ကံများလေလေ သေဖို့ရာခိုင်နှုန်း ပိုများလေလေပါပဲ။ ဟန်ကျွယ်ဟာ မသေချင်သေးပါဘူး။
ဝူတောက်ကျန့်ကို သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “သခင်... ခုနကလူက ဘယ်သူ့ကို ရှာနေတာလဲ”
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် “ငါ ဘယ်လိုလုပ်ပြီး သိမှာလဲ”
တကယ်တော့ ဟန်ကျွယ်ဟာ သွမ့်ဟုန်ချန်က ကြမ္မာဆိုးနတ်ဘုရား ပြန်ဝင်စားတဲ့ စုချီကို ရှာနေမှန်း သိပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ စုချီရဲ့ သရုပ်မှန်ကို ထုတ်မပြောချင်သေးပါဘူး။
.....
ဝင်းခြံတစ်ခုထဲမှာ နတ်သမီးတမျှ ချောမောလှပတဲ့ မိန်းမပျိုတစ်ဦးဟာ အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ပြီး ကျင့်ကြံ အားထုတ်နေပါတယ်။ ဒီမိန်းမပျိုကတော့ တခြားသူမဟုတ်ပါဘူး။
ရှင်းဟုန်ရွှမ် ပြန်ဝင်စားတဲ့လူပါ။
ရှင်းဟုန်ရွှမ်ဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပြီး ကောင်းကင်ပြင်ကို မော့ကြည့်ကာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... ဟင်း...”
“ဘာတွေ တွေးနေတာလဲ” ရုတ်တရက် ထွက်ပေါ်လာတဲ့အသံနဲ့အတူ တာအိုသီလရှင်တစ်ဦး ဝင်းခြံထဲ ဝင်လာပါတယ်။
ရှင်းဟုန်ရွှမ်ဟာ တာအိုသီလရှင်ကိုမြင်တာနဲ့ ချက်ချင်း မတ်တတ်ရပ်ပြီး ဦးညွှတ်လိုက်ပါတယ် “ဆရာသခင်... တပည့် ဘာမှမတွေးပါဘူး”
တာအိုသီလရှင်ဟာ ရှင်းဟုန်ရွှမ်ရှေ့ကို လျှောက်သွားပြီး ထိုင်လိုက်ပါတယ် “ဆရာသခင်ကို မပြောချင်ဘူးလား၊ ဘဝဟောင်းနဲ့ ပတ်သက်တဲ့ကိစ္စမို့လို့လား”
“တပည့်မှာ ဘဝဟောင်းက မှတ်ဉာဏ်တွေ ရှိတယ်ဆိုတာ ဆရာသခင် အစောကြီးကတည်းက သိတယ်၊ တပည့်ရဲ့ ဘဝဟောင်းက ရန်ငြိုးတွေကို ပြန်တွေးနေတာလား၊ ဆရာသခင် အကြံတစ်ခုပေးမယ်၊ အဲဒီရန်ငြိုးတွေက ဘဝဟောင်းမှာ ကျန်ခဲ့ပြီ၊ စိတ်ထဲမထည့်နဲ့ မဟုတ်ရင် တပည့်ပဲ ပင်ပန်းရလိမ့်မယ်”
ရှင်းဟုန်ရွှမ်ဟာ ခေါင်းခါပြီး ပြုံးလိုက်ပါတယ် “ဆရာသခင် ထင်သလို မဟုတ်ပါဘူး၊ တပည့်က တပည့်ရဲ့ယောက်ျားကို တွေးနေတာ”
‘ယောက်ျား’ တာအိုသီလရှင်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ရှင်းဟုန်ရွှမ်ဟာ တာအိုသီလရှင်ရဲ့ အမူအရာကြောင့် အံအားသင့်သွားပါတယ် ‘ဆရာသခင်ရဲ့ ဂိုဏ်းက တပည့်တွေက ချစ်ကြိုက်ဖို့ ခွင့်မပြုထားလို့များလား’
တာအိုသီလရျင်က ပြောလိုက်ပါတယ် “တပည့်လေး... အနန္တကပ်ဘေးက ကျရောက်ခဲ့ပြီ၊ တပည့်ရဲ့ အဂ္ဂပြည်ကလည်း သေခြင်းရှင်ခြင်းကို ကျော်ဖြတ်ရလိမ့်မယ်၊ ဆရာသခင်က တပည့်ကို အချိန်အကြာကြီး အဖော်ပြုပေးနိုင်မှာ မဟုတ်ဘူး၊ တပည့်ရဲ့ စွမ်းရည်က ထက်မြက်တယ်ဆိုပေမဲ့ အချစ်မှာမကျဆုံးစေနဲ့၊ တပည့် နားလည်လား”
ရှင်းဟုန်ရွှမ်ဟာ လိမ္မာတဲ့ကလေးတစ်ယောက်လို့ နာခံစွာ ပြောလိုက်ပါတယ် “တပည့် နားလည်ပါတယ်”
ဒါပေမဲ့ ရှင်းဟုန်ရွှမ် စိတ်ထဲမှာတော့ အဲဒီလို မတွေးပါဘူး ‘ငါ့ စွမ်းရည်က ထူးချွန်ထက်မြက်ပေမဲ့ ငါ့ယောက်ျား စွမ်းရည်က စကြဝဠာမှာ နံပါတ်တစ်ပဲ၊ ငါ့ယောက်ျားကို မှီခိုပြီးနေရင်တောင် မဟာတာအိုကို ရနိုင်တယ်’
ရှင်းဟုန်ရွှမ်ဟာ စကားလမ်းကြောင်းလွှဲလိုက်ပါတယ် “ဒါနဲ့ ဆရာသခင်က ဘယ်ဂိုဏ်းကလဲ”
တာအိုသီလရှင်ဟာ ပြုံးလိုက်ပါတယ် “ဆရာသခင်က ဘယ်ဂိုဏ်းမှ ဝင်မထားဘူး၊ ချန်ကျောင်းတော်က လာတာ”
‘ချန်ကျောင်းတော်’ ရှင်းဟုန်ရွှမ်ဟာ အတွေးနက်သွားပါတယ်။
တာအိုသီလရှင်ဟာ ကောင်းကင်ကို မော့ကြည့်ပြီး သူ့ဘာသာ ရေရွတ်လိုက်ပါတယ် “အနန္တကပ်ဘေးက ကျရောက်ခဲ့ပြီ၊ ဒီကပ်ဘေးမှာ ဘယ်သူက ခေါင်းဆောင်ဖြစ်လာပြီး ဘယ်နှယောက် ရှင်ကျန်ခဲ့မှာလဲ”
ရှင်းဟုန်ရွှမ်ဟာ အနန္တကပ်ဘေးအကြောင်းကို ပိုသိချင်သွားပါတယ်။
“ဆရာသခင်... တပည့် ဘယ်တော့မှ သေခြင်းရှင်ခြင်း ကမ္ဘာနှစ်ခုကို သွားလာနိုင်မှာလဲ”
“တပည့်က ငရဲပြည်ကို သွားချင်လို့လား၊ မဟာညီညွတ်မှု ဆန်းကြယ်အင်မော်တယ် အဆင့်ရောက်မှ ဒီကမ္ဘာနှစ်ခုကို အန္တရာယ်ကင်းကင်း သွားလာနိုင်တာ”
“တပည့်ရဲ့ စွမ်းရည်နဲ့ဆိုရင် အဲဒီအဆင့်ရောက်ဖို့ ဘယ်လောက်ကြာမှာလဲ”
“မြန်မယ်ဆိုရင်တောင် နှစ် ၃၀၀၀ အတွင်း ရောက်နိုင်တယ်”
“အို... အဲဒီလောက်တောင် ကြာတာလား”
.....
နှစ် ၂၀ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ စနစ်ဟာ အဆင့်မြှင်တင်လို့ ပြီးသွားပါတယ်။
[စနစ် အဆင့်မြှင့်တင်ပြီးပါပြီ။]
[တာအိုစက်ကွင်း အဆင့်မြှင့်တင်ပြီးပါပြီ။ အစီအရင်ပုံစံသည် ဧကရာဇ်အဆင့်သို့ တိုးမြှင့်သွားပါပြီ။ အာကာသအစီအရင်အား ထပ်ပေါင်းထားသည့်အတွက် တာအိုစက်ကွင်းရှိ နေရာအား လိုသလို တိုးချဲ့နိုင်ပါပြီ။]
[တာအိုစက်ကွင်းထဲရှိ အင်မော်တယ်ချီသည် ဆယ်ဆတိုးတက်ပြီး ရှန်တျန်ချီသည် နှစ်ဆ တိုးတက်သွားပါပြီ။]
[တာအိုစက်ကွင်းသည် ကောင်းကင်ဘဝဂ်ကျင့်ကြံသူ၏ နတ်အာရုံအား ဟန့်တားနိုင်၏။]
[အသွင်လက်ရည်စမ်းပွဲ၏ လုပ်ဆောင်ချက်အသစ်များလည်း ပေါင်းထည့်ပြီးပါပြီ။ အသုံးပြုသူအသစ်များအား သတ်မှတ်နိုင်ပြီး စိတ်ကြိုက် ဖယ်ရှားခွင့်ရှိ၏။]
[စနစ်မှ လုပ်ဆောင်ချက်အသစ်အား ထပ်ပေါင်းထည့်လိုက်ပါပြီ။ လုပ်ဆောင်ချက်အသစ်မှာ သင့်သက်တမ်းကို အသုံးပြုပြီး ကောင်းကင်လျှို့ဝှက်ချက်များအား တွက်ချက်ခြင်းတည်း။]
ဟန်ကျွယ်ဟာ အရမ်းကို ကျေနပ်အားရသွားပါတယ် ‘ငါ အကြာကြီးစောင့်နေရတာ အံဩစရာ မရှိတော့ပါဘူး’
စနစ်အသစ်ရဲ့ အသွင်တူလက်ရည်စမ်းပွဲထဲမှာ အသုံးပြုသူအသစ် သတ်မှတ်နိုင်တာနဲ့ ကောင်းကင်လျှို့ဝှက်ချက်တွေကို တွက်ချက်တာက တကယ်ကို အံမခန်းအရာတွေပါ။
အသွင်တူလက်ရည်စမ်းပွဲရဲ့ လုပ်ဆောင်ချက်အသစ်က ဟန်ကျွယ်တပည့်တွေကို တိုက်ပွဲအတွေ့အကြုံ ရရှိစေမှာပါ။ သူတို့ရဲ့ ကျင့်ကြံမှုက မြင့်မားလွန်းတော့ တိတ်ဆိတ်ကျွန်းထဲမှာ တိုက်ခိုက်ဖို့က အဆင်မပြေပါဘူး။
ဟန်ကျွယ် စိတ်အဝင်စားဆုံးကတော့ ကောင်းကင်လျှို့ဝှက်ချက်ကို တွက်ချက်တာပါ ‘ကောင်းကင်လျှို့ဝှက်ချက်ကို တွက်ချက်တာဆိုတော့ အနာဂတ်ကို ကြည့်တာပဲ’
အနာဂတ်ကို ကြည့်တာက အင်မော်တယ်ဧကရာဇ် အတော်များများ လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအင်မော်တယ်ဧကရာဇ်တွေဟာ သူတို့ထက်စွမ်းအားနည်းတဲ့သူတွေကိုပဲ တွက်ချက်ပေးနိုင်တာပါ။ အခုအချိန်မှာ အနန္တကပ်ဘေး ကျရောက်နေပြီဖြစ်တဲ့အတွက် ဘယ်သူ့ရဲ့အနာဂတ်ကိုပဲဖြစ်ဖြစ် တွက်ချက်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
‘ငါ့စနစ်က အနန္တကပ်ဘေးထဲမှာလည်း ကောင်းကင်လျှို့ဝှက်ချက်ကို တွက်ချက်ပေးနိုင်တာပဲလား’
ဟန်ကျွယ်ဟာ စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ‘ငါ ဒီအနန္တကပ်ဘေးမှာ ဘယ်သူက အကျိုးအမြတ် အများဆုံးရမလဲဆိုတာ သိချင်တယ်’
ရုတ်တရက်ဆိုသလိုပဲ ဟန်ကျွယ်မြင်ကွင်းမှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[တစ်ဘီလီယံသက်တမ်း ကုန်ဆုံးပါမည်။ ဆက်လက်တွက်ချက်လိုပါသလား။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။