← Chapters

တိတ်ဆိတ်ဂိုဏ်း၏ ပထမဆုံးပြိုင်ပွဲ

Vol. 25 Ch. 300

တိတ်ဆိတ်ဂိုဏ်း၏ ပထမဆုံးပြိုင်ပွဲ

Vol. 25 Ch. 300

အသွင်တူလက်ရည်စမ်းပွဲ လုပ်ဆောင်ချက်ကို ဖွင့်ပြီးကတည်းက တိတ်ဆိတ်ကျွန်းဟာ စည်စည်ကားကား ဖြစ်လာပါတယ်။ ပထမလမှာတော့ တပည့်အကုန်လုံးဟာ အသွင်တူလက်ရည်စမ်းပွဲထဲမှာပဲ အချိန်ကုန်ဆုံးကြပြီး သူတို့ရဲ့ အတွေ့အကြုံတွေကို မကြာခဏ ဆွေးနွေးကြပါတယ်။ ဒီအထဲမှာ နတ်မိမယ်ရှီရွှမ် ချန်ယွီအာနဲ့ လီယောင်တို့လည်း ပါပါတယ်။

ရန်သူအသစ် မဖန်တီးဘဲ စိတ်ကြိုက်တိုက်ခိုက်လို့ရတာက တကယ်ကို စိတ်နှစ်ခြိုက်စရာပါ။ ဥပမာပေးရရင် ဂိမ်းမကစားဖူးတဲ့ ကလေးတစ်ယောက် ဂိမ်းစကစားတဲ့အခါ လက်က မချချင်သလိုပါပဲ။

ဟန်ကျွယ်ကတော့ ထုံးစံအတိုင်း ဆက်လက်ကျင့်ကြံပါတယ်။ တာအိုစက်ကွင်းထဲက အင်မော်တယ်ချီနဲ့ ရှန်တျန်ချီက တိုးတက်လာတာကြောင့် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုအလျင်ကလည်း စတင် တိုးတက်လာပါတယ်။ ပုကျုံးနတ်ပန်းကလည်း တဖြည်းဖြည်း ကြီးထွားတာ မြန်လာတဲ့အတွက် နှစ်အနည်းငယ်အတွင်း အရွယ်ရောက်လာတော့မှာပါ။

ဒီလိုနဲ့ ဆယ်နှစ်ကြာတဲ့အခါမှာတော့ အသွင်တူလက်ရည်စမ်းပွဲထဲမှာ အရူးအမူး တိုက်ခိုက်ကြတာက တဖြည်းဖြည်း လျော့နည်းလာပါတယ်။ ဒါပေမဲ့ မုရုံချီနဲ့ ထူလင်းအာကတော့ ဆက်ပြီးတော့ အရူးအမူး တိုက်ခိုက်ကြတုန်းပါပဲ။ ပိုပြီးအရေးကြီးတာက သူတို့နှစ်ယောက်ဟာ တိုက်ခိုက်လေလေ တိုးတက်လေလေပါ။

တခြားသူတွေဟာ မုရုံချီနဲ့ ထူလင်းအာကို အရမ်း မနာလိုဖြစ်ကြပါတယ်။ ဒါပေမဲ့ သူတို့တွေက စစ်ပွဲရူးရူးတဲ့ စစ်နတ်ဘုရားနဲ့ မှော်ဆရာတွေ မဟုတ်တော့ အဝေးက ငေးကြည့်ရုံကလွဲပြီး ဘာမှမတက်နိုင်ကြပါဘူး။

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ကောင်းကင်တာအို ဗုဒ္ဓကို ကျိန်စာတိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကိုလည်း စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ လီတောက်ခုံးသည် သင့်ရန်သူ ကောင်းကင်တာအိုဗုဒ္ဓ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် နတ်ဆိုးမျိုးနွယ်စု အင်မော်တယ်ဧကရာဇ်များ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၃၉

[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် သေဆုံးသွား၏။ သို့သော်လည်း ဝိညာဉ်စတစ်စမှာမူ ထွက်ပြေး လွတ်မြောက်နိုင်သွား၏။]

[သင့်တာအိုလက်တွဲဖော် ရှင်းဟုန်ရွှမ်သည် ရှေး‌ဟောင်းရတနာအား ကံအားလျော်စွာ ရရှိပြီး ကံတရား အထောက်အပံ့ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ ကျန်းယီသည် သရဲနတ်တစ်ပါး ဆိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် မိစ္ဆာမျိုးနွယ်စု တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၂၆၃၁၂၀

[သင့်မိတ်ဆွေ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာသည် ဗုဒ္ဓတစ်ပါး၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်ပြီး မိစ္ဆာနှလုံးသားအဖြစ် ပြောင်းလဲနေထိုင်၏။]

ဟန်ကျွယ်ဟာ ရှန်စစ်သူကြီး သေသွားတာကို ဖတ်မိလိုက်တဲ့အခါမှာ နှလုံးခုန် မြန်သွားပြီး ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်တုန်းက မြင်ခဲ့ရတဲ့ ကောင်းကင်ဧကရာဇ် အလောင်းကို ပြန်မြင်ယောင်မိသွားပါတယ် ‘ကောင်းကင်ရုံးတော်က ဘယ်လောက်ကြာကြာ ခံနိုင်အုန်းမှာလဲ’

‘ဟင်း... အနန္တကပ်ဘေးက တကယ်ကို အနန္တရာယ်များတာပဲ’

ဟန်ကျွယ်ဟာ အနန္တကပ်ဘေးထဲ မဝင်မိစေဖို့ သူ့ကိုယ်သူ ထပ်ပြီးတော့ သတိပေးလိုက်ပါတယ်။ ကပ်ဘေးထဲဝင်မိရင်တော့ ကောင်းကင်ရုံးတော်လို အကြီးအကျယ် ဒုက္ခရောက်မှာ မြေကြီးလက်ခတ် မလွှဲပါပဲ။ အခုအချိန်မှာ ဟန်ကျွယ် ကောင်းကင်ဧကရာဇ်ကို ကူညီနိုင်တာက ကောင်းကင်တာအိုဗုဒ္ဓကို ကျိန်စာတိုက်တာတစ်ခုပဲ ရှိပါတော့တယ်။

ဒါ့အပြင် ဟန်ကျွယ်ဟာ မမြင်ရတဲ့ကြာပြီဖြစ်တဲ့ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာက ဗုဒ္ဓတစ်ပါးရဲ့ မိစ္ဆာနှလုံးသား ထပ်ဖြစ်သွားတာကို သတိပြုမိလိုက်ပါတယ်။ အရင်တုန်းက ဒီကောင်းကင်မိစ္ဆာဟာ ဝတ်ရုံဖြူဗုဒ္ဓရဲ့ မိစ္ဆာနှလုံးသား ဖြစ်ခဲ့တာပါ။

ဒီဟာက သတင်းကောင်းပါ။ အခုဆိုရင် ဟန်ကျွယ်ဟာ ဗုဒ္ဓဂိုဏ်းမှာ သူလျှိုတစ်ယောက် ရှိသွားပါပြီ။ ကျယ်ကျောင်းတော်မှာလည်း ဟွမ်ဂျိဟောင် ရှိနေပြန်ပါတယ်။

‘အင်း... ဘာဖြစ်လို့ ငါ့ကိုယ်ငါ အမှောင်သခင်ကြီးလို့ ခံစားနေရတာလဲ’

‘မဟုတ်ဘူး... ငါက လောကကိုစိုးမိုးဖို့အတွက် တိုက်ခိုက်နေတာ မဟုတ်ဘူး၊ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ တိုက်ခိုက်နေတာ’ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ အကြောင်းပြချက် ပေးလိုက်နိုင်တဲ့အတွက် သက်သာရာ ရသွားပါတယ်။

တစ်လကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပြီး ဆက်လက်ကျင့်ကြံပါတယ်။

ကောင်းကင်ကိုးလွှာရေစင်ဘေးက ပုကျုံးနတ်ပန်းဟာ ဟန်ကျွယ် ကျင့်ကြံဖို့အတွက် လုံလောက်တဲ့ ရှန်တျန်ချီကို ထုတ်လွှတ်ပေးနိုင်နေပါပြီ။ ဒါ့အပြင် ဖူစန်းသစ်ပင်၊ ပြန်လည်မွေးဖွားခြင်း လီလီပန်း၊ တာအိုစက်ကွင်းတို့ကြောင့် တိတ်ဆိတ်ကျွန်းရဲ့ အင်မော်တယ်ချီဟာ အလွန်တရာမှ ပေါများလှပါတယ်။ မုရုံချီရဲ့အဆိုအရ ကောင်းကင်ရုံးတော်ရဲ့ အင်မော်တယ်ချီဟာ တိတ်ဆိတ်ကျွန်းမှာရှိတဲ့ အင်မော်တယ်ချီရဲ့ ငါးပုံတစ်ပုံတောင် မရှိပါဘူးတဲ့။

ကမ္ဘာဖျက်ကြာနက်ရဲ့ အကုသိုလ်ကံ ပြောင်းလဲမှုကလည်း ပိုပိုမြန်ဆန်လာတာကြောင့် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ ဒုံးပျံတက်ထားတယ်လို့ ပြောလို့ရပါတယ်။ ဒီအတိုင်းဆက်သွားမယ်ဆိုရင် ဟန်ကျွယ်ဟာ နှစ်တစ်ရာအတွင်း အင်မော်တယ်ဧကရာဇ် စတုတ္ထအဆင့်ကို ထိုးဖောက်နိုင်မှာပါ။

ဟန်ကျွယ်ဟာ အဲဒီနေ့ကို မြင်ယောင်ကြည့်လိုက်ပါတယ်။

သွမ့်ဟုန်ချန်ကတော့ လောကဦးကမ္ဘာမှာ အကျဉ်းချခံထားရတုန်းပါပဲ။ ငရဲနက်နတ်ဆိုးသခင်ကတုန်းလိုပဲ သွမ့်ဟုန်ချန်ဟာ ကမ္ဘာဖျက်ကြာနက်ရဲ့ ဝါးမြိုခံရမှာကို သေလောက်အောင် ကြောက်နေပါတယ်။

ဟန်ကျွယ်ဟာ သွမ့်ဟုန်ချန်ကသာ အညံမခံဘူးဆိုရင် သေတဲ့အထိ ဒီအတိုင်း ဆက်နှိပ်စက်ဖို့ စီစဉ်ထားပါတယ်။

အနန္တကပ်ဘေးအတွင်းမှာ ရန်သူတွေကို သတ်ဖြတ်မယ်ဆိုရင် ရန်သူရဲ့ အကုသိုလ်ကံကို ထမ်းဆောင်ရမှာပါ။ ဟန်ကျွယ်ဟာ အကုသိုလ်ကံကို စုပ်ယူနိုင်တယ်ဆိုပေမဲ့ အချိန်လိုပါတယ်။ ဟန်ကျွယ်ဟာ သွမ့်ဟုန်ချန်ရဲ့ ကပ်ဘေးသခင်အဆင့်ရှိတဲ့ အကုသိုလ်က တိုက်ရိုက်လက်ခံမယ်ဆိုရင် ကျိန်းသေပေါက် ကံဆိုးမှာပါ။

ဟန်ကျွယ်ဟာ သွမ့်ဟုန်ချန်ကို တွေးမိတိုင်း ကပ်ဘေးသခင် ဘယ်နှယောက်ရှိမလဲဆိုတာ တွေးမိပြန်ပါတယ်။

နှစ်သုံးဆယ်ကြာတဲ့အခါမှာတော့ တိတ်ဆိတ်ဂိုဏ်းရဲ့ ပထမဆုံးပြိုင်ပွဲ ကျင်းပတဲ့နေ့ကို ရောက်ရှိလာပါတယ်။ တိတ်ဆိတ်ဂိုဏ်းသား အကုန်လုံးဟာ အသွင်တူလက်ရည်စမ်းပွဲထဲမှာ ယှဉ်ပြိုင် တိုက်ခိုက်ကြပါတယ်။ ဟန်ကျွယ်က ပထမချိတ်ပြီး ဒုတိယနေရာမှာတော့ ငရဲနက်နတ်ဆိုးသခင် ရှိနေပါတယ်။ ဝတ်ရုံဖြူဗုဒ္ဓကတော့ တတိယပါ။ ဒီထိပ်သုံးသုံးယောက်က နဂိုကတည်းက ခန့်မှန်းပြီးသားမို့ အံဩစရာ သိပ်မရှိပါဘူး။

စတုတ္တနေရာကိုတော့ မုရုံချီက သိမ်းပိုက်သွားပါတယ်။ မုရုံချီဟာ မဟာညီညွတ်မှု ရွှေအင်မော်တယ်အဆင့်ရှိတဲ့ ငရဲနက်ဖီးနစ်ကို ကျင့်ကြံမှု အဆင့်ကျော် အနိုင်ယူပြီး စတုတ္ထနေရာကို ရရှိသွားတာပါ။ စစ်နတ်ဘုရားလို့ မပြောရပါဘူး။

လီယောင်ကတော့ ပဥ္စမရပါတယ်။ လီယောင်ဟာ မဟာညီညွတ်မှု ဆန်းကြယ်အင်မော်တယ်အဆင့်နဲ့ မဟာညီညွတ်မှု ရွှေအင်မော်တယ်ကို စိန်ခေါ်နိုင်နေပါပြီ။ လီယောင်နောက်မှာတော့ ငရဲနက်ဖီးနစ် နှစ်ကောင် ရှိပါတယ်။

နောက်ဆုံးနေရာမှာတော့ ပဋိပက္ခကောင်းကင်ခွေး ရှိနေပါတယ်။

နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာဟာ ဒီပြိုင်ပွဲထဲ ဝင်မပြိုင်ပါဘူး။ ဒီလိုဝင်မပြိုင်တာကလည်း ဟန်ကျွယ်ရဲ့ အထူးခွင့်ပြုချက်ကို ရရှိထားလို့ပါ။ သူတို့နှစ်ယောက်က သေမျိုးတွေပဲ ရှိသေးတာဆိုတော့ အင်မော်တယ် ကျင့်ကြံသူတွေကို ဘယ်လိုယှဉ်ယှဉ် နိုင်စရာအကြောင်း လုံးဝကို မရှိပါဘူး။

ပဋိပက္ခကောင်းကင်ခွေးဟာ နောက်ဆုံးရတဲ့အတွက် ခြေမှိုင်လက်မှိုင်ကျပြီး စားမဝင်အိပ်မပျော် ဖြစ်သွားရှာပါတယ်။

ကျိုးမင်ယွဲ့ကလည်း စိတ်ဓာတ် တော်တော်ကျသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဆရာသခင် ချူရှီရန်ရဲ့ ပစ်မှတ်ထားတာကို ခံရလို့ပါပဲ။ ကျိုးမင်ယွဲ့ရဲ့ စိတ်ဓာတ်ကျချင်လည်း ကျစရာပါ။ ဘာဖြစ်လို့လဲဆိုတော့ ချူရှီရန်က ပဋိပက္ခကောင်းကင်ခွေးအပါအဝင် လူတိုင်းကို အရှုံးပေးပြီး ကျိုးမင်ယွဲ့ကိုပဲ အနိုင်ယူလိုက်လို့ပါ။

တခြားတပည့်တွေဟာ ချူရှီရန်နဲ့ ကျိုးမင်ယွဲ့ကို ကြည့်ပြီး ရယ်ရခက် ငိုရခက် ဖြစ်သွားရပါတယ်။

ပြိုင်ပွဲပြီးဆုံးသွားတဲ့အခါမှာတော့ လူတိုင်းဟာ နောက်ကောက် မကျန်ချင်တဲ့အတွက် အသည်းအသန် ကြိုးစားကျင့်ကြံပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာတော့ ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်ရဲ့ ကျင့်ကြံခြင်းလိုဏ်ဂူဆီ သွားပါတယ်။ ချန်ယွီအာလည်း အဲဒီမှာ ရှိနေပါတယ်။ ဟန်ကျွယ်ဟာ သူတို့နှစ်ယောက်ကို တာအိုဟောကြားပေးဖို့ ပြင်ဆင်လိုက်ပါတယ်။

“ရှင်းဟုန်ရွှမ် ဘယ်ရောက်နေတာလဲ၊ သူ့ကိုမတွေ့တာ အတော်ကြာပြီ” ချန်ယွီအာက သိချင်စိတ်နဲ့ မေးလိုက်ပါတယ်။

ဟန်ကျွယ်လည်း မဖုံးကွယ်ဘဲ ရှင်းဟုန်ရွှမ် ပြန်ဝင်စားတဲ့အကြောင်းကို ပြောပြလိုက်ပါတယ်။

ချန်ယွီအာဟာ ဟန်ကျွယ်စကားကြောင့် အံဩတကြီး ဖြစ်သွားပါတယ်။ နတ်မိမယ်ရှီရွှမ်လည်း ဟန်ကျွယ်ကို တအံတဩ ကြည့်လိုက်ပါတယ် ‘ဟန်ကျွယ်ရဲ့ စွမ်းအားက ပြန်လည်မွေးဖွားခြင်းကိုတောင် သက်ရောက်နိုင်နေပြီလား’

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “အများကြီး မတွေးနဲ့၊ ဒီနေရာမှာ အေးအေးဆေးဆေး ကျင့်ကြံချည်၊ မင်းတို့တွေ ထုန်ကျန့်ကမ္ဘာကို ပြန်ချင်တယ်ဆိုရင်လည်း ငါ ပြန်ပို့ပေးမယ်၊ မင်းတို့တွေ စိတ်တိုင်းကျ ဆုံးဖြတ်ပါ”

ဟန်ကျွယ်ဟာ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာတို့ကို ဆက်လက်စောင့်ရှောက်ထားရတဲ့ အကြောင်းအရင်းက ခင်မင်ရင်းနှီးမှုအပြင် သူ့ကိုယ်သူ သတိပေးချင်တာလည်း ပါပါတယ်။ ဟန်ကျွယ်ဟာ သူတို့နှစ်ယောက်ကိုကြည့်ပြီး အတိတ်တုန်းက သူဘယ်လောက်တောင် အားနည်းခဲ့လဲဆိုတာကို အမှတ်ရပြီး မာနမကြီးဖို့နဲ့ ကျင့်ကြံတာ မရပ်ဖို့ အမြဲတမ်း သူ့ကိုယ်သူ သတိပေးပါတယ်။

“မမကတော့ ပြန်မသွားချင်ဘူး၊ ဒီမှာပဲ ဆက်နေပြီး မောင်လေးနောက်လိုက်မယ်၊ မမက ထာဝရအသက်ရှင်နိုင်မလားဆိုတာ ဘယ်သူသိနိုင်မှာလဲ” ချန်ယွီအာဟာ တခစ်ခစ်ရယ်ပြီး ပြောလိုက်ပါတယ်။ ချန်ယွီအာဟာ တော်တော်လေး ကြိုးစားတဲ့သူပါ။ ချန်ယွီအာဟာ ကျင့်ကြံအားထုတ်တာအပြင် ဟန်ကျွယ်ပေးတဲ့ အစီအရင်တွေကိုလည်း လေ့လာပါတယ်။

ချန်ယွီအာဟာ အရာအားလုံးလိုလိုမှာ ထူးချွန်ထက်မြက်တဲ့အတွက် ကျင့်ကြံအားထုတ်တာနဲ့ တစ်ခုတည်းနဲ့ အောင်မြင်ဖို့ ခက်ခဲပါတယ်။

နတ်မိမယ်ရှီရွှမ်က ညင်သာစွာ ပြောလိုက်ပါတယ် “ကျွန်မလည်း ဒီမှာဆက်နေမယ်၊ ရှင်လိုအပ်တာ တစ်ခုခုရှိရင် ကျွန်မတို့ကိုပြော၊ ကျွန်မတို့ရဲ့ အတိတ်က ဆက်ဆံရေးကြောင့် ကျွန်မတို့ကို သီးခြားဆက်ဆံနေစရာ မလိုဘူး” နတ်မိမယ်ရှီရွှမ်ရဲ့ အကြည့်ဟာ အရင်ကလို ညင်သာပျော့ပျောင်းတုန်းပါပဲ။

ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “ဒါက အထူးဆက်ဆံတာ မဟုတ်ဘူး၊ တခြားတပည့်တွေလည်း ဘာမှလုပ်စရာ မလိုဘူး” အဲဒီနောက် ဟန်ကျွယ်ဟာ တာအိုစတင်ဟောကြားပါတယ်။ နတ်မိမယ်ရှီရွှမ်နဲ့ ချန်ယွီအာ ကောင်းကင်ဘုံဝင် ကျင့်ကြံသူတွေဖြစ်ပြီး မြေလျှောက်အင်မော်တယ်အဆင့်နဲ့ သိပ်မဝေးတော့ပါဘူး။

ဟန်ကျွယ်ဟာ နှစ်ဝက်ကြာအောင် တာအိုဟောကြားပါတယ်။ ပြီးတဲ့အခါမှာတော့ ကျင့်ကြံခြင်းလိုဏ်ဂူဆီ တန်းမပြန်ဘဲ တိတ်ဆိတ်ကျွန်းကို လျှောက်ကြည့်ပါတယ်။

တာအိုစက်ကွင်း အဆင့်မြှင်တင်ပြီးကတည်းက အထဲကနေရာဟာလည်း စတင်ကျယ်ပြန့်လာပါတယ်။ တိတ်ဆိတ်ကျွန်းဘေးနားမှာ ငရဲရေတွေနဲ့ ပြည့်နှက်နေတဲ့ ပင်လယ်နေရာတစ်ခု ပေါ်လာပါတယ်။ ဒီနေရာဟာ တာအိုစက်ကွင်းရဲ့ နယ်ပယ်အတွင်းမှာ ရှိနေပါသေးတယ်။

တိတ်ဆိတ်ကျွန်းက အစကတည်းက မသေးပါဘူး။ နောက်ပြီး ဝီရိယတောင် ရောက်လာကတည်းက ကျွန်းတစ်ခုလုံး အင်မော်တယ်ချီတွေနဲ့ ပြည့်လာတာကြောင့် ကျွန်းတစ်ခုလုံး စိမ်းလန်းဆိုပြေလာပြီး သဘာဝရတနာတွေ စတင်ဖြစ်ထွန်း ပေါ်ပေါက်လာပါတယ်။ နိဗ္ဗာဘုံလည်း ပြောမယ်ဆိုရင် မှားမယ် မထင်ပါဘူး။

တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေလည်း ကျွန်းတစ်လျှောက် နေရာ လျှောက်ယူကြပါတယ်။ ငရဲနက်ဖီးနစ် ၇ ကောင်ဟာ တောင်တစ်ခုမှာ နေရာယူကြပြီး ဘူးသီးညီနောင်ရှစ်ဖော်ကလည်း တောင်တစ်ခုမှာ နေရာယူကြပါတယ်။

ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းမှာ အေးအေးလူလူ လမ်းလျှောက်နေတုန်း အသိပေးချက်တစ်ခု ရုတ်တရက် ပေါ်လာပါတယ်။

[ကံတရား အထောက်အပံ့ရှိသူအား ရှာဖွေ့တွေ့ရှိထာသည်။ မူလဇစ်မြစ်ကို စုံစမ်းစစ်ဆေးနေသည်။]

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters