← Chapters

ကျို့ယိုငရဲ

Vol. 26 Ch. 307

ကျို့ယိုငရဲ

Vol. 26 Ch. 307

ကောင်းကင်ဧကရာဇ်ရဲ့ စကားကြောင့် နတ်ဘုရားခန်းမထဲက အင်မော်တယ်နဲ့ နတ်ဘုရားတွေအားလုံး တုန်လှုပ်သွားကြပါတယ် ‘နောက်ဆုံးတော့ အမှောင်သခင်ကြီးက ကောင်းကင်ရုံးတော်ကို ပစ်မှတ်ထားပြီပဲ’

ပညာရှင် အင်မော်တယ်တစ်ပါးဟာ ရှေ့ထွက်လာပါတယ် “ဟင်း... ဒါ ကောင်းကင်နတ်ဘုရား စစ်သူကြီးကြောင့်ပဲ ဖြစ်ရမယ်၊ ကောင်းကင်နတ်ဘုရား စစ်သူကြီးရဲ့ ကြော်ငြာချက်က အမှောင်သခင်ကြီးကို ဒေါသထွက်သွားစေတာ ဖြစ်ရမယ်၊ ဒီအတိုင်းဆို နောက်ကျရင် ကျွန်‌တော်တို့တွေလည်း ကျိန်းသေပေါက် ကျိန်စာတိုက်ခံရမှာပဲ”

ဒီစကားကြောင့် တခြားပညာရှင် အင်မော်တယ်တွေလည်း ကောင်းကင်နတ်ဘုရား စစ်သူကြီးကို အပြစ်တင်စကား ဝိုင်းပြောကြပါတော့တယ်။ ဒီအခါ ကောင်းကင်နတ်ဘုရား စစ်သူကြီးဘက်က အင်မော်တယ်တွေကလည်း ပြန်လည်ချေပတာကြောင့် နတ်ဘုရားခန်းမတစ်ခုလုံး ရန်ဖြစ်သံတွေ ဆူညံသွားပါတယ်။

“တော်ပြီ”

ကောင်းကင်ဧကရာဇ်ရဲ့ အသံကြောင့် နတ်ဘုရားခန်းမတစ်ခုလုံး ပြန်လည်တိတ်ဆိတ်သွားပါတယ်။

“မင်းတို့က အမှောင်သခင်ကြီးကို ဘာလို့ ဒီလောက်တောင် ကြောက်နေရတာလဲ၊ ငါ့အမြင်အရတော့ အမှောင်သခင်ကြီးက ဘာမှမဟုတ်ဘူး၊ မဟုတ်ရင် အမှောင်ထဲမှာပုန်းပြီး ကျိန်စာတိုက်နေမှာ မဟုတ်ဘူး၊ သူ့ကျိန်စာစွမ်းအားကို ငါ့ကို ဒုက္ခမပေးနိုင်ဘူး”

ကောင်းကင်ဧကရာဇ်ဟာ စိတ်ဆိုးနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ရုံးတော်က အင်မော်တယ်နဲ့ နတ်ဘုရားတွေဟာ စီမံရာမှာ ထူးချွန်ထက်မြက်ပေမဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ တည်တည်ငြိမ်ငြိမ် မရှိဘဲ အထိတ်တလန့် ဖြစ်ကုန်လို့ပါပဲ။ ရှန်နန်းတော်နဲ့ နတ်ဆိုးရုံးတော်မှာဆိုရင် တိုက်ပွဲဆိုတာနဲ့ ရှေ့ထွက်တိုက်မဲ့လူချည်းပါပဲ။ ဒါပေမဲ့ ကောင်းကင်ရုံးတော်မှာတော့ တိုက်ပွဲဆိုတာနဲ့ လူမရှိတော့ပါဘူး။

“ကောင်းကင်နတ်ဘုရား စစ်သူကြီးကိစ္စက ထားလိုက်တော့၊ မကြာခင်မှာ ခွန်လွန်က ပါရမီရှင်အင်မော်တယ် တွေ့ဆုံပွဲ ကျင်းပလိမ့်မယ်၊ အနှစ်တစ်သန်း မပြည့်သေးတဲ့ အင်မော်တယ်မှန်သမျှ ဒီပွဲကို တက်ရောက်နိုင်တယ်၊ မင်းတို့တွေ မင်းတို့ရဲ့ တပည့်တွေနဲ့ မျိုးဆက်တွေကို စေလွှတ်ပြီး ကောင်းကင်ရုံးတော်အတွက် ဂုဏ်သိက္ခာရအောင် ကြိုးစားကြ”

ကောင်းကင်ဧကရာဇ်ရဲ့ စကားကြောင့် စကားလမ်းကြောင်း ပြောင်းသွားပြီး နတ်ဘုရားခန်းမတစ်ခုလုံး ပြန်လည်ဆူညံလာပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ နတ်ဘုရားခန်းမထဲက အင်မော်တယ်နဲ့ နတ်ဘုရားတွေကိုကြည့်ပြီး သက်ပြင်းသာ ချမိပါတော့တယ်။

နှစ်နာရီ ကြာတဲ့အခါမှာတော့ နတ်ဘုရားခန်းမထဲမှာ တိထိုက်ပိုင်တစ်ယောက်ပဲ ကျန်နေခဲ့ပါတော့တယ်။

ကောင်းကင်ဧကရာဇ်က မေးလိုက်ပါတယ် “ဟန်ကျွယ် အခြေအနေက ဘယ်လိုရှိလဲ၊ သူ ခုနက မင်းကို ဆက်သွယ်တာမလား”

တိထိုက်ပိုင်ဟာ ပြုံးလိုက်ပါတယ် “သူ အဆင်ပြေပါတယ်၊ သူက ကောင်းကင်ရုံးတော်အတွက် စိုးရိမ်နေပုံပဲ”

“ဟမ်... ငါ သူ့ကို ဂရုစိုက်ထားတာ အလကားမဖြစ်ဘူးပဲ၊ ဒီကောင်လေး ဘယ်နားမှာ ပုန်းနေလဲဆိုတာ ငါတွက်ချက်လို့တောင် မရဘူး”

“အရှင်မင်းကြီး... စိုးရိမ်စရာ မလိုပါဘူး၊ ငရဲပြည်က ဒြပ်စင်ငါးပါး အပြင်ဘက်မှာဆိုတော့ အဆန်းကြယ်ဆုံးနယ်မြေတစ်ခုပဲ၊ ဟန်ကျွယ်ရဲ့ စရိုက်နဲ့ဆိုရင် သူ့ကိုယ်သူ အန္တရာယ်ကြားထဲ ဘယ်တော့မှ အရောက်ခံမှာ မဟုတ်ပါဘူး”

“ဒါလည်း ဟုတ်တာပဲ”

ဟန်ကျွယ်အကြောင်းကို တွေးမိလိုက်တဲ့ ကောင်းကင်ဧကရာဇ်ဟာ မပြုံးဘဲ မနေနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့အချိန်အထိ တခြားအင်အားစုတွေက ကောင်းကင်ရုံးတော်မှာ ဒီလိုမျိုး ထူးခြားတဲ့ ပါရမီရှင်ရှိတယ် ဆိုတာကို အခုထိ ရှာမတွေ့သေးလို့ပါပဲ။

‘ဟန်ကျွယ်သာ ကြီးပြင်းလာရင် ဘယ်လိုများနေမလဲ မသိဘူး’

တိထိုက်ပိုင်က စိုးရိမ်စွာ ပြောလိုက်ပါတယ် “အရှင်မင်းကြီး... အခု ကျွန်တော်တို့က ဟန်ကျွယ်နဲ့ တဖြည်းဖြည်း အနေဝေးလာသလိုပဲ၊ သူ ကြီးပြင်းလာရင် ကောင်းကင်ရုံးတော်ရဲ့စကားကို နားထောင်ပါ့မလား၊ သူက တိတ်ဆိတ်ဂိုဏ်းကို တည်ထောင်ထားတယ်လို့ ကျွန်တော်ကြားတယ်၊ သူ့မှာ တခြားရည်မှန်းချက်များ ရှိနေမလား မသိဘူး”

ကောင်းကင်ဧကရာဇ်က ပြုံးလိုက်ပါတယ် “မစိုးရိမ်စမ်းပါနဲ့၊ သူ့မှာသာ ရည်မှန်းချက် ကြီးကြီးမားမားရှိရင် သူ့ဂိုဏ်းနာမည်ကို တိတ်ဆိတ်ဂိုဏ်းဆိုပြီးပေးမှာ မဟုတ်ဘူး၊ ဒီကောင်လေးက ပြဿနာကို အရမ်းကြောက်တာ၊ ငါ မုရုံချီနဲ့ ဖန်းလျန်ကို မေးပြီးပြီ၊ ဒီကောင်က သူ့တပည့်တွေကို စည်းကမ်းတစ်ခုပဲ ချထားတယ်၊ အဲဒါက အပြင်ထွက်ပြီး ပြဿနာမရှာဖို့ပဲ၊ ဒီကောင်လေးရဲ့ အကြီးမားဆုံး ရည်မှန်းချက်က အသက်ရှည်ရှည် နေရဖို့ပဲ၊ သူ တကယ်ကြီးပြင်းလာရင် ငါတို့ ကောင်းကင်ရုံးတော်ရဲ့ ကျေးဇူးကို မေ့မှာ မဟုတ်ဘူး၊ ကောင်းကင်ရုံးတော် အင်အားကြီးမားလေလေ သူ အေးအေးဆေးဆေး ကျင့်ကြံရလေလေပဲ၊ နောက်ပြီး ဒီကောင်လေးရဲ့ သတ်ဖြတ်နည်းလမ်းတွေက တော်တော်ကြမ်းတယ်”

တိထိုက်ပိုင်က ခေါင်းညိတ်ပြီး မေးလိုက်ပါတယ် “ငရဲပြည်မှာ မဟာလွတ်လပ်မှု နတ်ရွှေကျီး ရှန်ဧကရာဇ် သေသွားတာ ဟန်ကျွယ်နဲ့ ဆက်စပ်နေတာလား”

“ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ဒီသတင်းကို မပြန့်စေနဲ့၊ မဟုတ်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာလိမ့်မယ်”

တိထိုက်ပိုင်ဟာ ကောင်းကင်ဧကရာဇ်ရဲ့ စကားကြောင့် အံအားသင့်သွားပါတယ်။

......

ကောင်းကင်ဧကရာဇ်ကို တစ်ရက် ကျိန်စာတိုက်ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ မုရုံချီကိုခေါ်ပြီး ကောင်းကင်နတ်ဘုရား စစ်သူကြီးကို သွားစိန်မခေါ်ဖို့ အေးအေးဆေးဆေး ကျင့်ကြံဖို့ တရားထိုင်ဟောပါတယ်။

မုရုံချီဟာ ဘဝဟောင်းက စရိုက်တွေ မရှိတော့တာကြောင့် ဟန်ကျွယ်ကို ပြုံးပြီး ကတိပေးလိုက်ပါတယ် “မစိုးရိမ်ပါနဲ့ ဆရာဘိုးဘိုး၊ ကျွန်တော် တိတ်ဆိတ်ကျွန်းမှာပဲနေပြီး အသွင်တူလက်ရည်စမ်းပွဲထဲမှာပဲ တိုက်ခိုက်မှာပါ၊ စစ်နတ်ဘုရား ဂုဏ်သတင်းအတွက်ကတော့ နောက်တစ်ခါကျမှပဲ တိုက်ခိုက်တော့မယ်”

မုရုံချီရဲ့ လေသံက ယုံကြည်မှုအပြည့်ပါပဲ။ မုရုံချီဟာ နောက်တစ်ခါကပ်ဘေးကျရင် သူ့ကိုယ်သူ စွမ်းအားကြီး ပုဂ္ဂိုလ်ဖြစ်နေပြီလို့ လုံးဝယုံကြည်ထားပါတယ်။ ဒါကြောင့်လည်း ဟန်ကျွယ်ကို အခုလိုမျိုး ပြောလိုက်တာ ဖြစ်ပါတယ်။

ဟန်ကျွယ်ဟာ ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပါတယ် “လက်ရှိမှာ ဖန်းလျန်နဲ့ လုံဟောင်ပဲ အပြင်ရောက်နေတယ်၊ တိတ်ဆိတ်ဂိုဏ်းတပည့်တွေက ဒီထက်ပိုပြီး အပြင်ရောက်လို့ မဖြစ်ဘူး၊ တစ်ယောက်ယောက်က အပြင်ထွက်ချင်တဲ့စိတ်ရှိရင် သူတို့ကို မင်း ဖျောင်းဖျချည်၊ ဆရာဘိုးဘိုးက မင်းကို အယုံကြည်ဆုံးပဲ၊ ဘာဖြစ်လို့လဲဆိုတော့ မင်းက အရင့်ကျက်ဆုံးမို့လို့ပဲ”

“ကျွန်တော် ဆရာဘိုးဘိုးကို စိတ်မပျက်စေရပါဘူး”

မုရုံချီဟာ ဟန်ကျွယ်ရဲ့ စကားကြောင့် စိတ်ထဲမှာ ပန်းတွေပွင့်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်ခွာသွားပါတယ်။ တကယ်လည်း ဟန်ကျွယ်က သူ့တပည့်တွေထဲမှာ မုရုံချီကို အနှစ်သက်ဆုံးပါ။

အဲဒီနောက် ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။

ကောင်းကင်နတ်ဘုရား စစ်သူကြီးရဲ့ ကြော်ငြာချက်က အနန္တကပ်ဘေးကို ပိုပြီးတော့ ကြမ်းတမ်းသွားစေတာကြောင့် ဟန်ကျွယ်ဟာ စွမ်းအားပိုကြီးဖို့ အလျင်လိုလာပါတယ်။ ဒါ့အပြင် ဟန်ကျွယ်ဟာ တစ်နေ့ကျရင် အနန္တကပ်ဘေးကို မဖြစ်မနေ ရင်ဆိုရင်ရမယ်လို့လည်း ခံစားနေရပါတယ်။

ဒါကြောင့် ဟန်ကျွယ်ဟာ အသည်းအသန် ကြိုးစား အားထုတ်ပါတော့တယ်။

ဥတုရာသီ အလီလီ ပြောင်းလဲပြီး နှစ်သုံးဆယ်ဟာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပါတယ်။ ဒီနှစ်သုံးဆယ်မှာ ထုန်ကျန့်ကမ္ဘာကလည်း အတော်လေး ပြောင်းလဲသွားပါတယ်။

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပြီး ရန်ထျန်တုန်း ဘယ်လို ဖြစ်နေလဲဆိုတာကို တွက်ချက်ကြည့်လိုက်တဲ့အခါ ရန်ထျန်တုန်းက လေးငါးဆယ်ကြိမ် ပြန်လည်မွေးဖွားပြီး ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ ရန်ထျန်တုန်းဟာ ပထမဘဝမှာ အရည်အချင်း သိပ်မဆိုးပါဘူး။ ဒါပေမဲ့ စိတ်လိုက်မာန်ပါ လျှောက်လုပ်တာကြောင့် အရွယ်ရောက်တယ်ဆိုရင်ပဲ ရိုက်သတ်ခံလိုက်ရပါတယ်။

နောက်ဘဝတွေမှာတော့ မုန့်ပေါ်ရဲ့ ဂရုစိုက်ခြင်းကို မခံရတဲ့အတွက် ရန်ထျန်တုန်းရဲ့ အရည်အချင်းဟာ သာမန်ပဲ ရှိပါတော့တယ်။

ဒီဘဝမှာလည်း ရန်ထျန်တုန်းဟာ သေမျိုးတိုင်းပြည်တစ်ခုရဲ့ စစ်သူကြီးတစ်ဦး ဖြစ်နေပါတယ်။ ရန်ထျန်တုန်းဟာ တိုင်းပြည်အတွက် အကျိုးဆောင်ခဲ့ပေမဲ့ အောင်မြင်မှုတွေက များပြားလွန်းတဲ့အတွက် ဧကရာဇ်ရဲ့ မနာလိုမုန်းတီးမှုကို ခံရပြီး ချောက်ချခံခဲ့ရပါတယ်။ အခုဆိုရင် ရန်ထျန်တုန်းနဲ့ သူ့မိသားစုဟာ အကျဉ်းချခံထားရပြီး အသတ်ခံရမဲ့နေ့ကို စောင့်ဆိုင်းနေရပါတယ်။

ဟန်ကျွယ်ဟာ ရန်ထျန်တုန်းအတွက် ဝမ်းနည်းခြင်း မရှိပါဘူး။ ဒါတွေအကုန်လုံးက ကံကြမ္မာပဲ မဟုတ်ပါလား။ တချို့အရာတွေက ပြန်လည်မွေဖွားရင်တောင် ပြောင်းလဲဖို့ခက်ပါတယ်။

ရန်ထျန်တုန်းရဲ့ ရည်မှန်းချက် ကြီးမားတာက သူ့ဝိညာဉ်ထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတာပါ။ ဒါကြောင့် ဘဝ‌ထောင်ချီ ပြန်ဝင်စားရင်တောင် ရန်ထျန်တုန်းဟာ သူ့စရိုက်ကို ပြောင်းလဲနိုင်ဖို့ ခက်ခဲနေအုန်းမှာပါ။

ဟန်ကျွယ်ဟာ ရန်ထျန်တုန်းရဲ့ ဘဝကို ဝင်မစွက်ဖက်ပါဘူး။ ရန်ထျန်တုန်းက တကယ်အမြင်မှန်ရမှာသာ ဟန်ကျွယ်ဟာ ရန်ထျန်တုန်းကို ပြန်ခေါ်မှာပါ။

ဟန်ကျွယ် အမြင်မှာတော့ သေမျိုးကမ္ဘာရဲ့ သေဆုံးခြင်း ရှင်သန်ခြင်းဆိုတာ လေ့ကျင့်မှုတစ်မျိုးပါပဲ။ ရန်ထျန်တုန်းရဲ့ နာကျင်မှုက တစ်ခဏတာပါ။ ကြီးမားကျယ်ပြန့်လှတဲ့ မဟာတာအိုနဲ့ နှိုင်းယှဉ်ရင် ဘာမှမဟုတ်တော့ပါဘူး။

အဲဒီနောက် ဟန်ကျွယ်ဟာ မျက်စိတ်မှိတ်လိုက်ပြီး ဆက်လက်ကျင့်ကြံပါတယ်။

လေးနှစ်ကြာတဲ့အခါမှာတော့ နွေဦးပင်လယ်ဟာ ထပ်ပြီးတော့ လှုပ်ရှားလာပါတယ်။ ဒီတစ်ခါမှာတော့ တိတ်ဆိတ်ဂိုဏ်းက လူတိုင်းဟာ ငိုကြွေးအော်မြည်သံတွေကိုပါ ကြားလိုက်ရပါတယ်။

သွမ့်ဟုန်ချန်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “အို... မကောင်းတော့ဘူး၊ ကျို့ယိုငရဲ ပွင့်တော့မယ်နဲ့တူတယ်”

‘ကျို့ယိုငရဲ’ လူတိုင်းရဲ့အကြည့်ဟာ သွမ့်ဟုန်ချန်ဆီ ရောက်သွားပါတယ်။ သွမ့်ဟုန်ချန်ဟာ အသက်ခပ်ပြင်းပြင်း ရှူသွင်းပြီး ပြောလိုက်ပါတယ် “နွေဦးပင်လယ်အောက်မှာ အကုသိုလ်ကံနဲ့အတူ ကျွန်တော့်ဝိညာဉ် ဖိနှိပ်ခံထားရတုန်းက နွေဦးပင်လယ်အောက်မှာ အလွန်ကြောက်ဖို့ကောင်းတဲ့ ကမ္ဘာတစ်ခု ရှိနေတာကို သိလိုက်ရတယ်၊ အဲဒီကမ္ဘာက ကျို့ယိုငရဲပဲ၊ ကျို့ယိုငရဲထဲမှာ ခေတ်အသီးသီးက အနန္တကပ်ဘေးမှာ သေဆုံးခဲ့တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ရှိနေတယ်၊ သူတို့နဲ့နှိုင်းယှဉ်ရင် ကျွန်တော်က ဘာမှမဟုတ်ဘူး”

ငရဲနက်နတ်ဆိုးသခင်က ဂရုတစိုက် မေးလိုက်ပါတယ် “သူတို့က ဘယ်လောက်တောင် စွမ်းအားကြီးလို့လဲ”

သွမ့်ဟုန်ချန်ဟာ ငရဲနက်နတ်ဆိုးသခင်ကို တစ်ချက်ကြည့်ပြီး ပြန်ဖြေလိုက်ပါတယ် “ကျွန်တော်လည်း သေချာတော့ မသိဘူး၊ ဒါပေမဲ့ အဲဒီထဲမှာ ကောင်းကင်ဘဝဂ် ကျင့်ကြံသူတစ်ယောက်တော့ ရှိနေတယ်”

‘ကောင်းကင်ဘဝဂ် ကျင့်ကြံသူ’

လူတိုင်းဟာ ထိတ်လန့်သွားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ဘဝဂ်အဆင့်ဟာ အင်မော်တယ်ကမ္ဘာမှာ ဒဏ္ဍာရီတစ်ခု ဖြစ်နေလို့ပါပဲ။

ကျင့်ကြံခြင်းလိုဏ်ဂူထဲက ဟန်ကျွယ်ဟာ စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်ကို စစ်ဆေးလိုက်ပါတယ်။

[ရွှယ်မင်းဟယ်: ကျင့်ကြံမှုမသိ။ ကျို့ယုံဧကရာဇ်။]

ဟန်ကျွယ် မျက်လုံးပြူးသွားပါတယ် ‘ကျင့်ကြံမှုမသိဆိုတော့ နတ်မင်းအဆင့်လား ဒါမှမဟုတ် ကောင်းကင်ဘဝဂ်အဆင့်လား’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters