← Chapters

တိထိုက်ပိုင် သေဆုံးခြင်း၊ ပန်ရှင်းပြန်လာခြင်း

Vol. 27 Ch. 317

တိထိုက်ပိုင် သေဆုံးခြင်း၊ ပန်ရှင်းပြန်လာခြင်း

Vol. 27 Ch. 317

‘ဒါက သူရဲကောင်းတွေ စု‌ဝေးတာမလား’

‘သူရဲကောင်းတွေ စုဝေးတာဆိုတော့ ကျိန်းသေပေါက် အန္တရာယ်များမှာပဲ၊ ဆရာကြီးတွေကလည်း တပည့်တွေကို အစွမ်းပြခိုင်းပြီး မျက်နှာယူလိမ့်မယ်’

‘ဒါ အရမ်းအန္တရာယ်များတယ်... ငါသွားလို့ မဖြစ်ဘူး’

ဟန်ကျွယ်ဟာ စကားလုံး သေချာစဉ်းစားပြီးမှ ပြန်ပြောလိုက်ပါတယ် “အရှင်မင်းကြီး... တကယ်တော့ ကျွန်တော်မှာ ဘာမှမလိုအပ်ဘူး၊ ကျွန်တော့်ကိုခေါ်မဲ့အစား လုံဟောင်ကိုသာ ခေါ်သွားလိုက်ပါ”

“ဟောင်အာက အဲဒီလိုမျိုး အခွင့်အရေးတစ်ခု ရထားပြီးပြီ၊ သူက အခု ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်မှာ ချန်ကျောင်းတော် ဒုဂိုဏ်းချုပ်နဲ့ ကျင့်ကြံအားထုတ်နေတယ်၊ မင်းက မင်းမှာ ဘာမှ မလိုအပ်တော့ဘူးလို့ ပြောတယ်၊ တကယ်တော့ မင်းမှာ လိုအပ်နေတာ တစ်ခုရှိတယ်၊ အဲဒါက မဟာတာအိုကို သိမြင်နားလည်မှုပဲ၊ မင်းကိုယ်ထဲမှာ သေခြင်းရှင်ခြင်း မဟာတာအို ရှိနေတယ်၊ ဒါပေမဲ့ မင်းအဲဒါနဲ့ ပတ်သက်ပြီး ဘာမှမလုပ်နိုင်ဘူး၊ မင်း သေခြင်းရှင်ခြင်း မဟာတာအိုကို မထိန်းချုပ်နိုင်သေးဘူး... ဟုတ်တယ်မလား”

ကောင်းကင်ဧကရာဇ်ရဲ့ စကားကြောင့် ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ပြောစရာစကားမရှိ ဖြစ်သွားပါတယ်။

ကောင်းကင်ဧကရာဇ်က ဆက်ပြောပါတယ် “မင်းက အင်မော်တယ်ဧကရာဇ်ပဲ အဆင့်ရှိသေးလို့ မခံစားနိုင်သေးတာ၊ မင်း နတ်မင်းအဆင့်ကိုရောက်ရင် မိုးမြေစိတ်ဝိညာဉ်ချီကို လေ့ကျင့်ရုံနဲ့ ကျင့်ကြံမှုက တိုးလာမှာ မဟုတ်တော့ဘူး၊ မဟာတာအိုကိုလေ့ကျင့်မှပဲ ကျင့်ကြံမှုက တိုးလာလိမ့်မယ်၊ မဟာတာအိုက ဂူအောင်းကျင့်ကြံနေရုံနဲ့ သိမြင်နားလည်နိုင်တာ မဟုတ်ဘူး၊ မဟာတာအိုက ကောင်းကင်တာအိုရဲ့အပြင်မှာရှိတာ၊ တိတိကျကျပြောရရင် မင်းကိုယ်ထဲမှာရှိတဲ့ သေခြင်းရှင်ခြင်း မဟာတာအိုက တကယ်အစစ်အမှန် မဟာတာအို မဟုတ်သေးဘူး၊ ပွားထားတာလို့ပြောရင် ပိုမှန်လိမ့်မယ်၊ ငါနဲ့အတူလိုက်ပြီး တာအိုဟောကြားတာကို နားထောင်စမ်းပါ၊ ပြီးတော့မှ မင်းဘာသာ ကြိုက်သလောက် ဂူအောင်းကျင့်ကြံချည်”

အဲဒီနောက် ကောင်းကင်ဧကရာဇ်ဟာ စကားခဏရပ်ပြီးမှ ဆက်ပြောပါတယ် “အခုနေတော့ ငါ မင်းကို ခေါ်သွားနိုင်သေးတယ်၊ ဒီကပ်ဘေးမှာသာ ငါ သေသွားခဲ့ရင် နောက်ကျ မင်း တစ်ယောက်တည်း သွားရမှာနော်၊ အဲဒီအချိန်ကျရင် ဒီထက်ပိုပြီးတော့ အန္တရာယ်များမှာ” ကောင်းကင်ဧကရာဇ်ရဲ့ လေသံဟာ သေခါနီးလူတစ်ယောက် နောက်ဆုံးစကား မှာနေသလိုပါပဲ။

“ကိုယ်ပွားလွှတ်လို့ မရဘူးလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။

“အဓိပ္ပာယ်မရှိတာ မပြောနဲ့၊ ဒီစွမ်းအားကြီးပုဂ္ဂိုလ်တွေက ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်မှာ၊ မင်းကိုယ်တိုင် သွားရမှာ၊ မင်း အဲဒီကိုရောက်ရင် ငါဘာလို့ ဒီလိုပြောနေရလဲဆိုတာ မင်း နားလည်သွားပါလိမ့်မယ်” ကောင်းကင်ဧကရာဇ်က လေးနက်စွာ ပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ မချိပြုံး ပြုံးလိုက်ပါတယ် “ဒါဆိုရင် ကျွန်တော်ကို အဲဒီနေရာမှာ တခြားတပည့်တွေနဲ့ မတိုက်ခိုင်းနဲ့ ကျွန်တော့်အရည်အချင်းကိုလည်း လျှောက်မပြောရဘူး” ဒါက ဟန်ကျွယ်ရဲ့ နောက်ဆုံးစည်းပါ။ ကောင်းကင်ဧကရာဇ်က သဘောမတူဘူးဆိုရင် ဟန်ကျွယ် လုံးဝသွားမှာ မဟုတ်ပါဘူး။

“မင်းခေါင်းထဲမှာ ဘာတွေတွေးနေတာလဲ၊ ဘာလို့တိုက်ရမှာတုန်း၊ ဒီနယ်မြေက စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ အေးချမ်းရာနယ်မြေ၊ မင်းလိုမျိုး အငယ်တစ်ယောက်က စကားပြောခွင့်တောင် မရှိဘူး”

ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ခေါင်းက တစ်ခုခုမှားနေတယ်လို့ ခံစားလိုက်ရပါတယ်။

ဟန်ကျွယ်ဟာ မတက်နိုင်တဲ့လေသံနဲ့ ပြောလိုက်ပါတယ် “ကောင်ပြီ၊ ကျွန်တော်တို့တွေ ဘယ်တော့ သွားကြမှာလဲ၊ တာအိုက ဘယ်မှာ ဟောကြားတာလဲ”

ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ် သဘောတူလိုက်တဲ့အတွက် ပြုံးသွားပါတယ် “နည်းနည်းလိုသေးတယ်၊ အချိန်ကျရင် ငါမင်းဆီ အိပ်မက်ပေးပို့ပြီး ငါတို့နှစ်ယောက် တွေ့ရမဲ့နေရာကို ပြောမယ်၊ မင်း စိုးရိမ်စရာ မလိုပါဘူး၊ အဲဒီနေရာမှာ တိုက်ခိုက်တဲ့လူတွေက အဆုံးသတ်မကောင်းဘူး”

ဟန်ကျွယ်ဟာ ခေါင်းမညိတ်ချင် ညိတ်ချင်နဲ့ ညိတ်လိုက်ပါတယ်။ ဒီလိုနဲ့ အိပ်မက် ပြီးဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး စိတ်ရှုပ်သွားပါတယ် ‘တကယ်ပဲ ဘာမှမဖြစ်မှာ သေချာရဲ့လား’ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်စကားကို ၁၀၀ ရာခိုင်နှုန်း မယုံကြည်တာကြောင့် စနစ်ကို တွက်ချက်ခိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။

“ငါ တာအို သွားနားထောင်ရင် အသက်အန္တရာယ် ရှိနိုင်လား”

[နှစ်တစ်သိန်း ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

‘နှစ်တစ်သိန်းတည်းလား... ဆက်တွက်မယ်’ ဟန်ကျွယ်ဟာ ခပ်မြန်မြန်ပဲ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ရုတ်ခြည်းဆိုသလိုပဲ ဟန်ကျယ် မြင်ကွင်းထဲမှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။

[အသက်အန္တရာယ် မရှိပါ။]

ဟန်ကျွယ်ဟာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပြီး တာအိုဟောကြားတာကို သွားနားထောင်ဖို့ ရွေးချယ်လိုက်တဲ့အတွက် မဟာတာအို အပိုင်းအစ တစ်စ ရသွားပါတယ်။

‘အသက်အန္တရာယ် မရှိဘူးဆိုပေမဲ့ ငါ စိတ်လွတ်ကိုယ်လွတ် နေလို့မဖြစ်ဘူး၊ သတိဆိုတာ ပိုတယ်မရှိဘူး’

ကောင်းကင်ဧကရာဇ်ရဲ့ စကားကသာ အမှန်ဆိုရင် ဟန်ကျွယ်က တာအိုဟောကြားတာကို မဖြစ်မနေ သွားနားထောင်ရမှာပါ။ ဟန်ကျွယ်ဟာ နတ်မင်းအဆင့်ကျမှ ကျင့်ကြံမှုအဆင့် ရပ်တန့်တာ မဖြစ်ချင်ပါဘူး။ နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက်ကျင့်ကြံပါတယ်။

ဆယ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ရင်း စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ လီတောက်ခုံးသည် ရှန်နန်းတော် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၄၅

[သင့်တပည့် လုံဟောင်သည် မဟာတာအိုအား သိမြင်နားလည်ပြီး ကျင့်ကြံမှု များစွာ တိုးတက်သွား၏။]

[သင့်မြေးတပည့် ဖန်းလျန်သည် တားမြစ်နယ်ခုတစ်ခုသို့ မတော်တဆ ဝင်ရောက်သွားသဖြင့် တွက်ချက်မရတော့ပေ။]

[သင့်မိတ်ဆွေ တိထိုက်ပိုင်သည် သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်၏ တိုက်ခိုက်မှုကြောင့် သေဆုံးပြီ တာအိုလွှင့်ပါး ပျောက်ကွယ်သွား၏။]

[သင့်တပည့် စုချီသည် အဆင့်ထိုးဖောက်ပြီး ကောင်းကင်တာအိုအား ခံစားမိသောကြောင့် နတ်အစွမ်း တိုးတက်သွား၏။]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ကျယ်ကျောင်းတော် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးထံမှ လမ်းညွှန်မှုကို ရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

[သင့်မိတ်ဆွေ ပန်ရှင်းသည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည်။]

ဟန်ကျွယ်ဟာ တိထိုက်ပိုင်ကို ကောင်းကင်ဧကရာဇ်က သတ်ပစ်တာ တွေ့လိုက်ရတဲ့အတွက် နှလုံးခုန် မြန်သွားပါတယ်။

‘သူက တကယ့် သူလျှိုပါလား’

ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကနေ စစ်ဆေးကြည့်တဲ့အခါမှာ တိထိုက်ပိုင်ပုံရိပ်က ရှိတုန်းဖြစ်ပြီး မျက်နှာပုံစံနဲ့ သတင်းအချက်အလက်ပဲ ပြောင်းသွားပါတယ်။

[လွမ်ဟွေ အင်မော်တယ်ဧကရာဇ်: ကျင့်ကြံမှုမသိ။ သူ့အမွေအနှစ်အား ဆက်ခံထားသောကြောင့် လွမ်ဟွေ အင်မော်တယ်ဧကရာဇ်သည် သင့်အပေါ် အကောင်းမြင်စိတ် ရှိ၏။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်လေးပွင့်။]

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘သူက အင်မော်တယ်ဧကရာဇ်တောင် မဟုတ်ပါလား... ထားလိုက်ပါတော့၊ သူ့ကိစ္စက ငါနဲ့မှ ဘာမှမဆိုင်တာ၊ သူက ငါ့ကိုမုန်းတာလည်း မဟုတ်ဘူး’

အဲဒီနောက် ဟန်ကျွယ်ဟာ ပန်ရှင်းတစ်ယောက် ဒဏ်ရာရသွားတာကို တွေ့လိုက်ရပါတယ်။ ကောင်းကင်ဧကရာဇ်တောင် ကြောက်ရတဲ့ ပန်ရှင်းဟာ ဓားတာအိုမြစ်ကနေ ထွက်သွားကတည်းက အစော်ခံရ‌ပေါင်း မနည်းလှပါဘူး။ ဟန်ကျွယ်ဟာ ပန်ရှင်း အစော်ခံရတာကိုမြင်တိုင်း တစ်မျိုး ခံစားရပါတယ်။

တစ်လကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပြီး ဝူတောက်ကျန့်ကို အထဲခေါ်လိုက်ပါတယ်။

“သခင်... လီယောင်က ထူလင်းအာကို အနိုင်ရသွားပြီ” ဝူတောက်ကျန့်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဝင်လာတယ်ဆိုရင်ပဲ စိတ်လှုပ်တရှား ပြောလိုက်ပါတယ်။

ထူလင်အားဟာ ဘိုးဘေးမှော်ဆရာမျှော်စင်ကို ရပြီးကတည်းက တိတ်ဆိတ်ဂိုဏ်းမှာ အရှင်သခင် ဖြစ်နေခဲ့တာပါ။ ဘယ်တပည့်ကမှ သူ့ကို အနိုင်မယူနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီနေ့မှာတော့ လီယောင်က ထူလင်းအာကို အနိုင်ယူလိုက်ပါပြီ။ ဒီဖြစ်ရပ်ကြောင့် တခြားတပည့်တွေလည်း သက်သာရာ ရသွားကြပါတယ်။

“ဒီကောင်မလေးက စွမ်းသားပဲ” ဟန်ကျွယ်က ချီးကျူးလိုက်ပါတယ်။

ဝူတောက်ကျန့်က စိတ်လှုပ်ရှားစွာ ဆက်ပြောပါတယ် “ဟုတ်တယ်၊ သူက အရမ်းစွမ်းတယ်၊ ကျွန်မ သူ့ကို စံနမူနာထားပြီး ကြိုးစားကျင့်ကြံရမယ်”

“အင်း...”

ဟန်ကျွယ်ဟာ ဒီရလဒ်ကို သိပ်မအံဩပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထူလင်းအာက အချိန်အများစုမှာ ဂူအောင်းကျင့်ကြံနေတာဖြစ်ပြီး လေ့ကျင့်တာကလည်း သေမျိုးကမ္ဘာအတွင်းမှာပါ။ ဒါပေမဲ့ လီယောင်ကတော့ သေမျိုးကမ္ဘာကနေ အင်မော်တယ်ကမ္ဘာကို သွားတဲ့လမ်းမှာ အလောင်းတောင်ကို ဖြတ်ကျော်ခဲ့ပြီးပါပြီ။ ဒါကြောင့် လီယောင်ရဲ့ တိုက်ရည်ခိုက်ရည်က မုရုံချီနီးပါး ထက်မြက်ပါတယ်။

ထူလင်းအာက ဒီအတောအတွင်း နိုင်ပွဲဆက်လာတဲ့အတွက် နည်းနည်း ဘဝမြင့်လာပါတယ်။ ဒါကြောင့် အခုလို ရှုံးနိမ့်သွားတာကလည်း ထူလင်းအာအတွက် မကောင်းတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။

ဝူတောက်ကျန့်ဟာ ဟန်ကျွယ်က စကားမပြောချင်မှန်း သိတဲ့အတွက် ဘာမှထပ်ပြီး မပြောတော့ပါဘူး။ ဒါကြောင့် ကျင့်ကြံခြင်းလိုဏ်ဂူတစ်ခုလုံး ပြန်ပြီး တိတ်ဆိတ်သွားပါတယ်။

......

ဓားတာအိုမြစ်မှာ လျူပေ့ဟာ ကျောက်ရုပ်ထုလို တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေပါတယ်။ ‌ကျောက်ရုပ်ဆိုတဲ့အတိုင်း လှုပ်ရှားခြင်းမရှိသလို ဘာခံစားချက်လည်း မရှိပါဘူး။ ဒီအချိန်မှာပဲ လျူပေ့ဟာ တစ်စုံတစ်ရာကို ခံစားမိလိုက်တာကြောင့် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပါတယ်။

လျူပေ့ဟာ မျက်လုံးဖွင့်လိုက်တယ်ဆိုရင် သူ့ရှေ့မှာရပ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ဒီအဖြစ်ကြောင့် လျူပေ့ဟာ ထိတ်လန့်သွားပြီး ဆတ်ခနဲ မတ်တတ် ကောက်ရပ်မိလိုက်ပါတယ်။

“ဟင်... မင်းက ခန္ဓာကိုယ်ကို ပြောင်းထားတာလား” ဒီလူက တခြားလူ မဟုတ်ပါဘူး။ ပန်ရှင်းပါ။

လျူပေ့ဟာ ဟန်ကျွယ် ပြောပြထားလို့ ပန်ရှင်းအကြောင်းကို သိထားပါတယ်။ ဒါကြောင့် လျူပေ့ဟာ ပန်ရှင်းကို ချက်ချင်းပဲ ဦးညွှတ်ပြီး မေးလိုက်ပါတယ် “စီနီယာ... ဘာလို့ ပြန်လာတာလဲ”

“ဘာလဲ... ငါ ပြန်လာလို့မရဘူး”

“ကျွန်တော်က အဲဒီသဘောမျိုး မေးတာ မဟုတ်ပါဘူး၊ စီနီယာ ကြိုက်တဲ့အချိန် ပြန်လာလို့ရပါတယ်”

“မင်းရဲ့ ခန္ဓာစစ်က ဘယ်မှာလဲ၊ ဘာလို့ ငါကို့ လာမတွေ့တာလဲ”

“သူက ကျင့်ကြံအားထုတ်နေတယ်”

“အင်း... ကောင်းတယ်၊ ဆက်ပြီးတော့ ကျင့်ကြံချည်၊ ငါနေရာရှာပြီး နားလိုက်အုန်းမယ်”

ပန်ရှင်းဟာ ပြောပြောဆိုဆို ဓားတာအိုမြစ်ရဲ့ တစ်နေရာကို လျှောက်သွားပြီး လျူပေ့ကို မျက်နှာမူကာ တင်ပလ္လင်ခွေ ထိုင်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ပန်ရှင်းရဲ့ ပခုံးက လှုပ်ခါသွားပါတယ်။

လျူပေ့ဟာ ပန်ရှင်းက ဘာလုပ်နေမှန်း မသိတာကြောင့် နည်းနည်းကြောက်နေပါတယ်။ ဒါ့အပြင် လျူပေ့ဟာ ပန်ရှင်းက ပြဿနာတွေ သယ်လာမှာကိုလည်း စိုးရိမ်နေပါတယ်။ ဒါကြောင့် လျူပေ့ဟာ ဟန်ကျွယ်ကို ဒီအကြောင်း လှမ်းပြောလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ပန်ရှင်း ပြန်လာတဲ့အကြောင်း ကြားလိုက်ရတဲ့အခါမှာ ပန်းရှင်းကို မမြင်ချင်ယောင်ဆောင်ပြီး ပုံမှန်အတိုင်းနေထိုင်ဖို့ လျူပေ့ကို ပြောလိုက်ပါတယ်။

ဒီလိုနဲ့ နောက်ထပ်ငါးနှစ်ကြာတဲ့အခါမှာ ဓားတာအိုမြစ်ကို နောက်တစ်ယောက် ထပ်ရောက်လာပါတယ်။ ဒီတစ်ခါ ရောက်လာတဲ့လူကတော့ ရွမ်လိန့်ကျောင်းတော်ရဲ့ ဒုတိယတပည့် လီရွှမ်အောက်ပါ။

လီရွှမ်အောက်ဟာ ပန်ရှင်းကိုတစ်ချက်ကြည့်ပြီးနောက် လျူပေ့ဘက် လှည့်လိုက်ပါတယ် “မင်းက အခုလက်ရှိ ဓားတာအိုမြစ် ပိုင်ရှင်လား”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters