မဟာအန္တိမခန်းမ၊ စွမ်းအားကြီးပုဂ္ဂိုလ်များ စုစည်းခြင်း
Vol. 27 Ch. 319
လမ်းတစ်လျှောက် ခရီးနှင်ရင်း ဟန်ကျွယ်တို့ဟာ ကောင်းကင်ဘုံ ၂၇ ဘုံမြောက်ကို ရောက်ရှိသွားပါတယ်။ အဲဒီအခါမှာ တရေဟော ရွာချနေတဲ့ ကြီးမားတဲ့မိုးကို ရင်ဆိုင်လိုက်ရပါတယ်။ ဒီမိုးက ဝိညာဉ်စွမ်းအားကို တိုက်စားနိုင်တဲ့မိုးပြင်းပါ။ အင်မော်တယ်ဧကရာဇ်တောင် ဒီမိုးထဲမှာ ကြာကြာမနေနိုင်ပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ရဲ့ ရှင်းပြချက်ကို နားထောင်ပြီး ထိတ်လန့်သွားပါတယ် ‘၂၇ဘုံမြောက်တောင် ဒီလောက်ကြောက်ဖို့ကောင်းနေရင် ၃၃ဘုံမြောက်က ဘယ်လောက်တောင် ကြောက်ဖို့ကောင်းမလဲ’
‘ငါသာ ဒီနေရာမှာ ကျင့်ကြံအားထုတ်မယ်ဆိုရင် ဘယ်သူမှ လာနှောင့်ယှက်မှာ မဟုတ်ဘူး၊ စွမ်းအားကြီးပုဂ္ဂိုလ်တွေ ကောင်းကင်ဘုံအပြင်ဘက်မှာ နေကြတာ အံဩစရာမရှိတော့ပါဘူး’
‘ငါ ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်ရင် ဒီနေရာမှာ လာကျင့်ကြံရမယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
မကြာခင်မှာပဲ ဟန်ကျွယ်တို့ဟာ ကောင်းကင်ဘုံ ၃၀ ဘုံမြောက်ကို ကျော်ဖြတ်သွားပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုရဲ့ စွမ်းအားကို ခံစားလိုက်ရပြီး ကြက်သီးမွေးညင်း ထသွားပါတယ်။
ဟန်ကျွယ်ဟာ အပေါ်ကို မော့ကြည့်ပေမဲ့ ဘာမှမတွေ့ရပါဘူး။ ဟင်းလင်းပြင်နဲ့ တူသလိုလိုရှိပေမဲ့ သေချာကြည့်ရင် မတူပါဘူး။ သေချာပြောနိုင်တာ တစ်ခုကတော့ ကြီးမားပြင်းထန်တဲ့ ဖိအားတစ်ခု ရှိနေတာပါပဲ။
ကောင်းကင်ဘုံ ၃၁ ဘုံမြောက်။
ကောင်းကင်ဟာ နေဝင်ရီတရော အချိန်လို မလင်းမမှောင်ရှိနေပါတယ်။ ဒီနေမှာ နေမရှိပေမဲ့ အရာအားလုံးက ပန်းချီကားတစ်ချပ်လို့ လှပနေပါတယ်။ ဒါ့အပြင် ဘာဖိအားမှလည်း မရှိတော့ပါဘူး။
ကောင်းကင်ဘုံ ၃၂ ဘုံမြောက်။
ဟန်ကျွယ်ဟာ ဘာမှမတွေ့ရပါဘူး။ ဟန်ကျွယ် ပြန်မြင်ရတဲ့အခါမှာတော့ ကောင်းကင်ဧကရာဇ်ရဲ့ စကားသံကို ကြားလိုက်ရပါတယ် “ငါတို့တွေ ကောင်းကင်ဘုံ ၃၃ ဘုံမြောက်ကို ရောက်ပြီ”
‘ရောက်ပြီလား’ ဟန်ကျွယ်ဟာ ပဟေဠိဖြစ်သွားပါတယ် ‘ကောင်းကင်ဘုံ ၃၂ဘုံမြောက်က ဘာလို့ ဘာမှ မမြင်ရတာလဲ’
ဟန်ကျွယ်ဟာ ဘေးဘီဝန်းကျင်ကို ကြည့်လိုက်ပေမဲ့ ဘာမှမတွေ့ရပါဘူး။ နှေးကွေးစွာ ရွေ့လျားနေတဲ့ တိမ်တွေနဲ့ မြူနှင်းတွေကလွဲရင် တခြားဘာမှမရှိပါဘူး။ အလင်းရောင်က ဖျော့တော့ပေမဲ့ အရာအားလုံးကို သေချာကွဲပြားစွာ မြင်တွေ့နိုင်ပါတယ်။
ဟန်ကျွယ်ဟာ ဒီနေရာမှာ ဘယ်စိတ်ဝိညာဉ်ချီကိုမှ မခံစားရပါဘူး။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ကျင့်ကြံလို့ရမှာလဲ’
‘ဒါမှမဟုတ် မဟာတာအိုကိုပဲ ကျင့်ကြံကြတာလား’
ဟန်ကျွယ်ဟာ နှလုံးသားနဲ့ ခံစားကြည့်ပေမဲ့ ဘာမှခံစားလို့ မရပါဘူး။
ကောင်းကင်ဧကရာဇ်ဟာ အပေါ်ကို ဆက်မတက်ဘဲ အရပ်မျက်နှာတစ်ခုကို ဦးတည်ပျံသန်းပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ်ဟာ နန်းတော်တစ်ဆောင်ကို တွေ့လိုက်ရပါတယ်။
နွီဝါဧကရာဇ်နန်းတော်။
ဟန်ကျွယ်ဟာ မျက်စိရှင်ရှင် ထားလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နွီဝါဧကရာဇ်နန်းတော်မှာရှိတဲ့ ထိုက်စုတျန်က သူ့ကို စိတ်ဝင်စားနေလို့ပါပဲ။ အတိတ်မှာတုန်းက ထိုက်စုတျန်ဟာ ကောင်းကင်ဖာကျောက်တုံးကို ပစ်ချပြီး ဟန်ကျွယ် လက်ထဲရောက်အောင် စီစဉ်ခဲ့ပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ တစ်ဖက်လူက မကောင်းတဲ့အကြံ မရှိဘူးဆိုရင်တောင် စိတ်မချနိုင်သေးပါဘူး။
“တစ်ခါတုန်းက နွီဝါဧကရာဇ်နန်းတော်မှာ ပညာရှိ ပေါ်ထွန်းခဲ့ဖူးတယ်၊ ဒီနန်းတော်က သမိုင်းကြောင်းရှည်ပြီး ခိုင်မာနက်ရှိုင်းတဲ့အုတ်မြစ် ရှိတယ်” ကောင်းကင်ဧကရာဇ်က နွီဝါဧကရာဇ်နန်းတော်အကြောင်း ယေဘုယျ ရှင်းပြလိုက်ပါတယ်။
ရှန်စစ်သူကြီးနဲ့ လုံကျွင်းဟာ ဒီနေရာကို ပထမဆုံးအကြိမ် ရောက်ဖူးတာမြင်တဲ့အတွက် မြင်မြင်သမျှက အထူးအဆန်းချည်းပါပဲ။
နွီဝါဧကရာဇ်နန်းတော်ဟာ အလွန်တရာ ကြီးမားပါတယ်။ တံခါးနဲ့တင် ပေတစ်သောင်းမြင့်မားတဲ့အတွက် ဘယ်လောက်ခမ်းနားတယ်ဆိုတာ တွေးကြည့်နိုင်ပါတယ်။
ငါးမိနစ်အကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နောက်ထပ်နန်းတော်တစ်ခုကို ထပ်တွေ့လိုက်ရပါတယ်။ ဒီနန်းတော်က မဟာသန့်စင်ခန်းမပါ။
နွီဝါဧကရာဇ်နန်းတော်နဲ့ နှိုင်းယှဉ်ပြီးပြောရရင် မဟာသန့်စင်ခန်းမက မသေးပါဘူး။ အဝေးကနေတောင် ဖျော့တော့တဲ့ စန္ဒကူးနံ့ကို ခံစားနိုင်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်က ခပ်မြန်မြန်မသွားဘဲ တမင်သက်သက် လျှောက်ပြနေတာကို သတိထားမိလိုက်ပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ မဟာသန့်စင်ခန်းမကို မကြိုက်လိုနဲ့ တူပါတယ်။ ဟန်ကျွယ်တို့ကို မဟာသန့်စင်ခန်းမအကြောင်း မရှင်းပြပါဘူး။
တစ်နာရီကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နန်းတော်ဆယ်စောင်ထက်မနည်း မြင်တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ ဒီနန်းတော်တွေကိုကြည့်ပြီး သူဘယ်လောက်ထိ သေးငယ်လဲဆိုတာ သဘောပေါက်သွားပါတယ်။
အင်မော်တယ်ကမ္ဘာကလည်း ဒီနေရာနဲ့ နှိုင်းယှဉ်ရင် အရမ်းသေးငယ်ပါတယ်။ အင်အားစုကြီးလေးစုဟာ အဆုံးမဲ့တိုက်ခိုက်ပြီး အနန္တကမ္ဘာကို စိုးမိုးနိုင်ဖို့ ကြိုးစားကြပေမဲ့ ဒီနေရာမှာတော့ စကားကျယ်ကျယ်တောင် မပြောရဲရှာပါဘူး။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ မဟာအန္တိမခန်းမကို မြင်တွေ့လိုက်ရပါတယ်။ မဟာအန္တိမခန်းမရှေ့မှာ လူရာချီ မတ်တတ်ရပ်ပြီး စောင့်ဆိုင်းနေကြတာကို တွေ့လိုက်ရပါတယ်။ ဒီလူအများစုက ဟန်ကျွယ်ကို အရမ်းအန္တရာယ်ရှိတဲ့ အငွေ့အသက် ပေးနေပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်တို့ကို ခန်းမရှေ့ခေါ်သွားပြီး ပြောလိုက်ပါတယ် “မင်းတို့တွေ ဒီမှာစောင့်နေကြ”
ရုတ်ခြည်းဆိုသလိုပဲ နတ်အာရုံတော်တော်များများဟာ ဟန်ကျွယ်တို့ကို လွှမ်းခြုံသွားကြပါတယ်။ ဟန်ကျွယ်ဟာ မလာခင်ကတည်းက သူ့ကျင့်ကြံမှုကို အင်မော်တယ်ဧကရာဇ် ပထမအဆင့်အဖြစ် ဖုံးကွယ်ထားပြီးပါပြီ။
အင်မော်တယ်ဧကရာဇ် ပထမအဆင့်က ဒီနေရာမှာ အောက်ဆုံးမဟုတ်ပါဘူး။ မဟာညီညွတ်မှု ရွှေအင်မော်တယ်ကိုတောင် ဟန်ကျွယ် တွေ့လိုက်ရပါတယ်။
‘တစ်ယောက်မှ ငါ့ကို ပြဿနာမရှာဖို့ မျှော်လင့်ပါတယ်’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။ စွမ်းအားကြီးပုဂ္ဂိုလ်တွေကိုတော့ ဟန်ကျွယ်ဟာ လှမ်းမကြည့်ရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်တာအိုဗုဒ္ဓနဲ့ နတ်ဆိုးဧကရာဇ်ကို မျက်နှာချင်းဆိုင်ရမှာ ကြောက်လို့ပါပဲ။
“မင်း ရောက်လာပြီပဲ”
အသံတစ်သံ ဟန်ကျွယ် နားထဲ ရောက်လာပါတယ်။
ဟန်ကျွယ် လှည့်ကြည့်လိုက်တဲ့ အဖြူရောင်ဝတ်ရုံနဲ့ လူငယ်တစ်ယောက်က သူ့ကို စိုက်ကြည့်နေတာ တွေ့လိုက်ရပါတယ်။
‘ဒီရောင်ဝါက... ပဋိပက္ခရုပ်ခန္ဓာ... တာအိုအရှင်သခင်ပဲ’
ဟန်ကျွယ်ဟာ တာအိုအရှင်ရဲ့ ရောင်ဝါကို မှတ်မိတာကြောင့် ခေါင်းညိတ်ပြလိုက်ပါတယ် ‘ငါ့ဆီမလာနဲ့၊ တခြားသူတွေနဲ့လည်း မိတ်ဆက်မပေးနဲ့’ ဟန်ကျွယ်ဟာ တော်တော်လေး ရင်ဖိုနေပါတယ်။
တာအိုအရှင်သခင်က ပဋိပက္ခရုပ်ခန္ဓာ ရှိတာကြောင့် လုံဟောင်ထက်တောင် ပိုပြီးတော့ အရည်အချင်း ရှိပါတယ်။ သူနဲ့သာ စကားပြောမယ်ဆိုရင် တခြားလူတွေက ဟန်ကျွယ်ကို ကျိန်းသေပေါက် သတိထားမိသွားမှာပါ။
တာအိုအရှင်သခင်ဟာ ဘာမှဂရုမစိုက်တဲ့ စရိုက်ရှိပါတယ်။ ဒါကြောင့် ဟန်ကျွယ်က စကားမပြောလိုတာကို တွေ့တာနဲ့ တာအိုအရှင်သခင်ကလည်း အချိန်ကုန်ခံပြီး အသံလွှင့်စကားတောင် မပြောပါဘူး။
လုံကျွင်းက ရယ်မောလိုက်ပါတယ် “ဟားဟား... ဒီနေရာမှာ လုံခြုံပါတယ်၊ ဘာတွေ ကြောက်နေတာလဲ”
ဒီအချက်ကိုတော့ ဟန်ကျွယ် သဘောတူပါတယ်။ စွမ်းအားကြီးပုဂ္ဂိုလ်တွေရှေ့မှာ ဘာပြဿနာမှ မရှိနိုင်ပါဘူး။ ဟန်ကျွယ်ဟာ ပိုပြီးကြောက်လေလေ တစ်ခုခုမှားနေတယ်လို့ ပိုခံစားရလေလေပါပဲ။ ဒါကြောင့် ဟန်ကျွယ်ဟာ ချက်ချင်းပဲ စိတ်လျှော့လိုက်ပါတယ်။ ဒီလို စိတ်လျှော့လိုက်တဲ့အတွက် ဟန်ကျွယ်ဟာ အပေါ်ယံမှာ တည်ငြိမ်ပုံ ပေါ်သွားပေမဲ့ အတွင်းစိတ်ထဲမှာတော့ ကြောက်လန့်မှုက မပြေသေးပါဘူး။
ကောင်းကင်ရုံးတော်ရဲ့ အရှင်သခင် အနေနဲ့ ကောင်းကင်ဧကရာဇ်ဟာ စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ အာရုံစိုက်တာကို ခံရပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်နဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက အနန္တကပ်ဘေးအကြောင်း ပြောနေတာကို နားစွန်နားဖျား ကြားလိုက်ရပါတယ်။
လူတစ်ယောက်ကတော့ ကောင်းကင်ဧကရာဇ်နဲ့ မတည့်ပါဘူး။ ဒီလူက နတ်ဆိုးဧကရာဇ်ဖြစ်ဖို့ များပါတယ်။
“ဂိုဏ်းတူညီလေး... ဒါ ငါကြိုက်တဲ့ ဂျူနီယာပဲ” လီတောက်ခုံးရဲ့ အသံထွက်ပေါ်လာပြီး လီတောက်ခုံးနဲ့ လီရွှမ်အောက်ဟာ ဟန်ကျွယ်ဆီ လျှောက်သွားပါတယ်။
ဒီအဖြစ်ကြောင့် ဟန်ကျွယ်ဟာ နှလုံးခုန်မြန်သွားပါတယ် “ဒုတ်... ဒုတ်...”
လီရွှမ်အောက်ဟာ ဟန်ကျွယ်တို့သုံးယောက်ရှေ့မှာ ရပ်လိုက်ပြီး သေချာအကဲခတ်ကြည့်ကာ နှာခေါင်းရှုံ့လိုက်ပါတယ် “ဘာမှလည်း မထူးခြားပါဘူး”
“ဟုတ်တယ်၊ အဲဒါ ဘာကိုပြနေလဲဆိုတော့ သူ့မှာ မင်းမမြင်နိုင်အောင် ကာကွယ်နိုင်တဲ့နည်းလမ်း ရှိတယ်ဆိုတာပဲ”
လီတောက်ခုံးရဲ့ အဖြေကြောင့် ဟန်ကျွယ်ဟာ ဆွံအသွားပါတယ် ‘အစ်ကိုတော်... ဘာဖြစ်လို့ ကျွန်တော်ကို လူမုန်းအောင် လုပ်ရတာလဲ’
လီရွှမ်အောက်ဟာ နှာခေါင်းရှုံ့ပြီး နေရာကနေ ထွက်သွားပါတယ်။ လီတောက်ခုံးဟာ ဟန်ကျွယ်ကို မျက်စိတ်တစ်ဖက် မှိတ်ပြပြီး ပြောလိုက်ပါတယ် “မင်း ဆန္ဒရှိတဲ့အချိန် ငါ့ကို လာရှာနိုင်တယ်”
ဟန်ကျွယ်ဟာ ခေါင်းညိတ်ရုံကလွဲပြီး ဘာမှမတက်နိုင်ပါဘူး။
လီတောက်ခုံးနဲ့ လီရွှမ်အောက် ထွက်သွားတဲ့အခါမှာတော့ ရှန်စစ်သူကြီးက ဟန်ကျွယ်ကို စပ်စုပါတယ် “မင်း သူတို့နှစ်ယောက်ကို သိတာလား”
“မသိပါဘူး၊ ဆရာလီက စွမ်းအားကြီးပုဂ္ဂိုလ်ဆိုတော့ ကျွန်တော့်လို ဂျူနီယာက လက်လှမ်းမမီပါဘူး”
ရှန်စစ်သူကြီးဟာ ပြုံးလိုက်ပြီး ထပ်မမေးတော့ပါဘူး။ လုံကျွင်းကတော့ ဘေးဘီဝန်းကျင်ကိုကြည့်ပြီး တစ်စုံတစ်ခုကို စဉ်းစားနေဟန် ရှိပါတယ်။
အချိန်ဟာ လျင်မြန်စွာကုန်ဆုံးသွားပါတယ်။
ဒီလိုနဲ့ အချိန်တစ်ခု အရောက်မှာ မဟာအန္တိမခန်းမရဲ့တံခါး ပွင့်သွားပြီး ရှေးကျတဲ့ ခေါင်းလောင်းသံ ထွက်ပေါ်လာပါတယ်။
“ဒေါင်..ဒေါင်...”
“အားလုံးပဲ... ခန်းမထဲဝင်လို့ရပြီ”
အိုမင်းတဲ့အသံတစ်သံကို ဟန်ကျွယ် ကြားလိုက်ရပါတယ်။ ဟန်ကျွယ် လှည့်ကြည့်လိုက်တဲ့အခါ တံခါးရှေ့မှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်က တံခါးကို ကျော်ဖြတ်ပြီး ခန်းမထဲဝင်သွားတာ တွေ့လိုက်ရပါတယ်။ တံခါးက တောက်ပလွန်းတဲ့အတွက် အထဲမှာဘာရှိနေတယ်ဆိုတာ မမြင်နိုင်ပါဘူး။
“အရှင်မင်းကြီးက ငါတို့ကို အတူခေါ်မသွားဘူးလား” ဟန်ကျွယ်က ရေရွတ်လိုက်ပါတယ်။
လုံကျွင်းက ပြုံးပြီး ဖြေလိုက်ပါတယ် “ဘာမှမဖြစ်ဘူး၊ ဘာပဲဖြစ်ဖြစ် ငါတို့တွေက ခမည်းတော်နဲ့ အတူထိုင်ရမှာ မဟုတ်ဘူး၊ အဓိကအုပ်စုနောက်က လိုက်ဝင်ကြတာပေါ့” စကားအဆုံးမှာပဲ လုံကျွင်းဟာ ရှေ့လျှောက်သွားပါတယ်။ ဟန်ကျွယ်နဲ့ ရှန်စစ်သူကြီးလည်း လုံကျွင်းနောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါသွားပါတယ်။
ဟန်ကျွယ် ခြေလှမ်းနည်းနည်း လျှောက်အပြီးမှာ လူတစ်ယောက်က နောက်ကနေ ဝင်တိုက်ပါတယ်။ ဟန်ကျွယ် လှည့်ကြည့်လိုက်တဲ့အခါ တစ်ဖက်လူကလည်း သူ့ကို စိုက်ကြည့်နေတာ တွေ့လိုက်ရပါတယ်။ အဲဒီနောက် တစ်ဖက်လူဟာ ဟန်ကျွယ်ကို ခေါင်းညိတ်ပြပြီး ရှေ့ဆက်လျှောက်သွားပါတယ်။
[ဟင်းလင်းပြင်ဧကရာဇ်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်နှစ်ပွင့်။]
ဟန်ကျွယ်ဟာ ရုတ်တရက်ပေါ်လာတဲ့ အသိပေးချက်ကြောင့် ခေါင်းထဲမှာ မေးခွန်းတစ်ခု ပေါ်လာပါတယ် ‘ဘာလဲဟ... မင်းကလည်း ငါ့ကို ဝင်တိုက်သေးတယ်၊ မဆီမဆိုင် ငါ့ကိုတောင် မုန်းလိုက်သေးတယ်... မင်းက ဘာကောင်မို့လို့ ဒီလောက်တောင် ဘဝမြင့်နေရတာလဲ’
ဟန်ကျွယ်ဟာ ရှေ့ဆက်လျှောက်ရင်း လူမှုဆက်ဆံရေးကနေ ဟင်းလင်းပြင်ဧကရာဇ်ရဲ့ အချက်အလက်ကို စစ်ဆေးလိုက်ပါတယ်။
[ဟင်းလင်းပြင်ဧကရာဇ်: နဝမအဆင့် အင်မော်တယ်ဧကရာဇ်။ နတ်ဆိုးဧကရာဇ်၏ သားတော်ဖြစ်ပြီး နှစ်ပေါင်းငါးသန်း ဂူအောင်းကျင့်ကြံခဲ့သောကြောင့် ကျောက်တောင်လို မလှုပ်ရှားသည့် တာအိုနှလုံးသား ရှိသည်။ သူသည် နတ်မင်းအဆင့်အား အချိန်မရွေး ဝင်ရောက်နိုင်သူ ဖြစ်သည်။ သင်က သူ့အား တစ်ချက်ကြည့်လိုက်သောကြောင့် ဟင်းလင်းပြင်ဧကရာဇ်သည် သင့်အား မကျေမနပ် ဖြစ်သွား၏။ ဟင်းလင်းပြင်ဧကရာဇ်၏ အမြင်၌ သင်သည် ပုရွက်ဆိတ်သာဖြစ်၍ သူ့အားမကြည့်ရဲရဟု တွေးထား၏။ လက်ရှိ မုန်းတီးမှု: ကြယ်နှစ်ပွင့်။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။