← Chapters

တာအိုအရှင်သခင်အား ကူညီခြင်း

Vol. 28 Ch. 325

တာအိုအရှင်သခင်အား ကူညီခြင်း

Vol. 28 Ch. 325

ဟန်ကျွယ်ဟာ တာအိုအရှင်သခင်ကို ကြည့်ပြီး တာအိုအရှင်သခင်နဲ့အတူ နတ်ဆိုးဧကရာဇ်ကို လုပ်ကြံဖို့ လိုက်မသွားတာ ကံကောင်းတယ်လို့ ခံစားလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ တာအိုအရှင်သခင် ဒုက္ခရောက်နေချိန်မှာ အနိုင်ကျင့်ဖို့ စိတ်ကူးမရှိပါဘူး။ ဒီလိုအချိန်မျိုးမှာ ဆိတ်ဆိတ်နေခြင်းက စကားလုံးထောင်ချီ အားပေးစကား ပြောဆိုခြင်းထက် ပိုကောင်းပါတယ်။

အတန်ကြာတဲ့အခါမှာတော့....

တာအိုအရှင်သခင် အေးဆေးတဲ့လေသံနဲ့ ပြောလိုက်ပါတယ် “မင်းသာ ငါ့ကို ကယ်တင်ဖို့ နည်းလမ်း ရှာနိုင်မယ်ဆိုရင် မင်းကို နတ်မင်းအဆင့်ဆီ တက်လှမ်းနိုင်မဲ့ အခွင့်အရေးကြီးတစ်ခု ပေးမယ်၊ ဒီနည်းနဲ့ဆိုရင် ကောင်းကင်စမ်းသပ်မှုကို ဖြတ်ကျော်စရာမလိုဘူးဆိုတော့ မင်း ကျိန်းသေပေါက် အောင်မြင်မှာ”

“ထားလိုက်ပါတော့၊ ကျုပ် ခင်ဗျားကို ကူညီချင်ပေမဲ့ အဲဒီလောက်ထိ အစွမ်းအစမရှိဘူး”

တာအိုအရှင်သခင်က အံကြိတ်ပြီး ပြောလိုက်ပါတယ် “ဒါဆို မင်းလိုချင်တာသာ ပြော”

ဟန်ကျွယ်က တအံတဩ မေးလိုက်ပါတယ် “ရှန်နန်း‌တော်က ခင်ဗျားကို ဘာလို့ မကယ်တာလဲ၊ ကျုပ်ကြားရသလောက် ရှန်နန်းတော်နဲ့ နတ်ဆိုးရုံးတော်က မဟာမိတ်ဖွဲ့တော့မယ်ဆို၊ ဒီလိုဆိုမှတော့ ခင်ဗျားကို ကယ်ဖို့က ပြဿနာမရှိလောက်ဘူး ဟုတ်တယ်မလား”

ဟန်ကျွယ်စကားကိုကြားပြီး တာအိုအရှင်သခင်ဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... နန်းတော်သခင်နဲ့ နတ်ဆိုးဧကရာဇ်က သဘောတူညီချက် ရသွားတာဖြစ်မယ်” ဒီအကြောင်းကိုတွေးပြီး တာအိုအရှင်သခင်ရဲ့ နှလုံးသားဟာ နာကျင်သွားပါတယ်။

တာအိုအရှင်သခင် နတ်ဆိုးဧကရာဇ်ကို လုပ်ကြံချင်တာက ရှန်နန်းတော်ကို ကူညီချင်တဲ့အတွက်ပါ။ ဒါပေမဲ့ တာအိုအရှင်သခင်ရဲ့ လုပ်ကြံမှုက ကျဆုံးခဲ့ပြီး ရှန်နန်းတော်နဲ့ နတ်ဆိုးရုံးတော်က မဟာမိတ်ဖွဲ့ဖို့တောင် လုပ်နေပါပြီ။ အဖြစ်အပျက်တွေရဲ့ ပြောင်းလဲမှုက မျက်လှည့်ပြလိုက်သလိုပဲ မြန်ဆန်လွန်းလှပါတယ်။

မဟာမိတ်ဖွဲ့လည်း ဖွဲ့ပေါ့။ ဒါပေမဲ့ ရှန်နန်းတော်က သူ့ကို မကယ်တဲ့အတွက် အခုဆိုရင် တာအိုအရှင်သခင်ဟာ နတ်ဆိုးဧကရာဇ်ရဲ့ နှိပ်စက်မှုကို နေ့တိုင်းခံစားနေရပါတယ်။ ဒီအဖြစ်အပျက်က ယုံနိုင်စရာကို မရှိတာပါ။

ဟန်ကျွယ်ဟာ ထပ်မံတိတ်ဆိတ်သွားပြီး တာအိုအရှင်သခင်ကို ကရုဏာသက်မိသွားပါတယ် ‘ကျွတ်..ကျွတ်... သူက ခေါင်းဆောင်ဆိုးနောက်ကို လိုက်မိတာပဲ၊ ငါ့ကိုသာ ဖမ်းမိသွားရင် ကောင်းကင်ဧကရာဇ်က မရရအောင် ကျိန်းသေပေါက် ကယ်တင်မှာပဲ’

ဟန်ကျွယ်ဟာ တစ်ခဏတွေးတောပြီး မေးလိုက်ပါတယ် “ကျုပ်က ခင်ဗျားကို ရှန်နန်းတော်ကနေ ထွက်ခွာချင်တယ်ဆိုရင်ရော...”

မှင်သက်သွားတဲ့ တာအိုအရှင်သခင်ဟာ အလိုအလျောက် ငြင်းပယ်လိုက်ပါတယ် “မဖြစ်...” ဒါပေမဲ့ စကားမဆုံးခင်မှာပဲ တာအိုအရှင်သခင်ဟာ ပါးစပ်ပိတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပါရမီရှင်တိုင်းက မာနရှိကြလို့ပါပဲ။ နံပါတ်တစ် ပါရမီရှင်ဖြစ်တဲ့ တာအိုအရှင်သခင်က တခြားပါရမီရှင်တွေထက်တော့ ပိုပြီးတော့မာနကြီးတာ ဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။

‘ရှန်နန်းတော်က ငါ့ကို ဆုံးရှုံးရမှာ မကြောက်ဘူးလား... သေစမ်း’

တာအိုအရှင်သခင်ဟာ ဆက်တွေးလေလေ ဒေါသပိုထွက်လေလေ ဖြစ်လာပါတယ်။

“မင်းသာ ငါ့ကို ကယ်နိုင်မယ်ဆိုရင် ငါ ရှန်နန်းတော်ကနေ ထွက်ခွာပြီး မင်းနဲ့ပူးပေါင်းမယ်” တာအိုအရှင်သခင်က တိုးညင်းတဲ့လေသံနဲ့ ပြောလိုက်ပါတယ်။

တာအိုအရှင်သခင်ဟာ နတ်ဆိုးဧကရာဇ်ကို အရမ်းမုန်းတီးပါတယ်။ ဒါ့အပြင် ဒီအတောအတွင်း နတ်ဆိုးဧကရာဇ်က တော်တော်ကိုမှ ကြမ်းတမ်းခက်ထန်လာပြီး သူ့ဒေါသတွေကို တာအိုအရှင်သခင်ဆီ ပုံချတာကြောင့် တာအိုအရှင်သခင်ဟာ ဆက်ပြီးတော့ မခံနိုင်တော့ပါဘူး။

ဒီထက် ပိုပြီး အရေးကြီးတာက နတ်ဆိုးဧကရာဇ်ဟာ တာအိုအရှင်သခင်ကို မဟာအန္တိမခန်းမဆီ တာအိုနားထောင်ဖို့ ခေါ်သွားတာပါ။ မဟာအန္တိမခန်းမမှာ နတ်ဆိုးဧကရာဇ်နဲ့ ရှန်နန်းတော်သခင် တွေ့ကျမယ်ဆိုဆိုတာ ယုံမှားဖွယ် မရှိပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ရှန်နန်းတော်သခင်က သူ့ကို မကယ်တဲ့အတွက် တာအိုအရှင်သခင်ဟာ ရှန်နန်းတော်သခင်အပေါ် မျက်နှာသာပေးမှု လျော့ကျသွားပါတယ်။

‘သူက ငါ့ကို အလဲအလှယ်လုပ်ရတဲ့ ပစ္စည်းလို့ သဘောထားတာလား’

‘ငါ့ကို အသုံးချပြီး နတ်ဆိုးဧကရာဇ် စိတ်ကျေနပ်အောင် လုပ်တာလား’

ဟန်ကျွယ်ဟာ တာအိုအရှင်သခင်ရဲ့ လေသံကို ကြားလိုက်ရတဲ့အခါမှာ သက်ပြင်းသာ ချမိပါတော့တယ် ‘ဒီရှန်နန်းတော်က ခေါင်းမရှိတာလား’

“ခင်ဗျားစောင့်နေ၊ ကျုပ် အခုပဲ အကူအညီ သွားရှာလိုက်မယ်”

“ကောင်းပြီ” တာအိုအရှင်သခင်ဟာ ခေါင်းညိတ်လိုက်ပါတယ် “ကျေးဇူးပါပဲ”

ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းလိုက်ပါတယ် “ရှက်ရှက်နဲ့ ဝန်ခံရရင် ကျုပ်က အစွမ်းအစ မရှိဘူး၊ မဟုတ်ရင် ခင်ဗျားကို ကျုပ်ကိုယ်တိုင် လာကယ်မှာ၊ ဘာပဲဖြစ်ဖြစ် ဒီလောကမှာ ပဋိပက္ခရုပ်ခန္ဓာရှိတဲ့လူဆိုလို့ ကျုပ်တို့နှစ်ယောက်ပဲ ရှိတာ မဟုတ်လား၊ ဟင်း... ခင်ဗျား ကျုပ်ဆီက သတင်းကောင်းကိုသာ စောင့်နေတော့”

“ကောင်းပါပြီ”

[တာအိုအရှင်သခင်သည် သင့်အပေါ် အကောင်းမြင်စိတ် ဝင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်နှစ်ပွင့်။]

ဟန်ကျွယ်ဟာ အစစ်အမှန်ကို ပြန်ရောက်တဲ့အခါ သူ့ရှေ့က အသိပေးချက်ကိုကြည့်ပြီး နည်းနည်း မကျေနပ်ချင် ဖြစ်သွားပါတယ်။

‘ကြယ်နှစ်ပွင့်တည်လား... ထားလိုက်ပါတော့၊ ငါကလည်း သူ့ကို ကယ်ရသေးတာမှ မဟုတ်တာ’

ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူပြီး ကောင်းကင်ဧကရာဇ်နဲ့ ဆက်သွယ်လိုက်ပါတယ်။ မကြာခင်မှာပဲ နတ်အာရုံချင်း ချိတ်ဆက်မိသွားပါတယ် “အရှင်မင်းကြီး... ပဋိပက္ခရုပ်ခန္ဓာရှိတဲ့လူကို လိုချင်လား” ဟန်ကျွယ်က တန်းမေးလိုက်ပါတယ်။

ကောင်းကင်ဧကရာဇ်က တအံတဩ ပြန်မေးပါတယ် “မင်းပြောတဲ့လူက တာအိုအရှင်သခင်မလား၊ သူ့ကို နတ်ဆိုးဧကရာဇ်က ဖမ်းထားတယ်၊ ငါ သူ့ကို ကယ်ရင်တောင် သူက ရှန်နန်းတော်ဆီပဲ ပြန်ပြေးလိမ့်မယ်”

‘ကောင်းကင်ဧကရာဇ်လို့ မပြောရဘူး... နောက်ဆုံးသတင်းမှန်သမျှ အကုန်သိတာပဲ’

“တာအိုအရှင်သခင်က အခုလေးတင် ကျွန်တော်ကို ဆက်သွယ်လာတယ်၊ ကျွန်တော်တို့ နှစ်ယောက်လုံးက ပဋိပက္ခရုပ်ခန္ဓာရှိတော့ ပဋိပက္ခနယ်မြေကနေ တစ်ယောက်နဲ့ တစ်ယောက် တိုက်ရိုက်ဆက်သွယ်နိုင်တယ်၊ အရှင်မင်းကြီးသား သူ့ကို ကယ်မယ်ဆိုရင် သူက ရှန်နန်း‌တော်ကနေ ထွက်ခွာပြီး ကောင်းကင်ရုံးတော်ထဲ ဝင်ပါလိမ့်မယ်”

ကောင်းကင်ဧကရာဇ်က သေချာအောင် ထပ်မေးပါတယ် “ဒါက ထောင်ချောက်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ”

ဟန်ကျွယ်ဟာ လူမှုဆက်ဆံရေးကို ကြည့်လိုက်တဲ့အခါ တာအိုအရှင်သခင်က နတ်ဆိုးဧကရာဇ်ရဲ့ နှိပ်စက်မှုကို မခံနိုင်လို့ သူ့အပေါ် မျက်နှာသာပေးမှုရှိလာတဲ့အကြောင်းကို တွေ့လိုက်ရပါတယ်။

“မဖြစ်နိုင်ပါဘူး အရှင်မင်းကြီး၊ နတ်ဆိုးဧကရာဇ်က သူ့ကို အရမ်းနှိပ်စက်တယ်လို့ တာအိုအရှင်သခင်က ပြောပါတယ်”

“ဟုတ်တယ်၊ ဒီကြားထဲ နတ်ဆိုးဧကရာဇ်က တော်တော်လေး ရူးသွပ်နေတာ၊ အမှောင်သခင်ကြီးက ဘာများလုပ်လိုက်လို့ နတ်ဆိုးဧကရာဇ်က ဒီလိုဖြစ်သွားရလဲ မသိဘူး”

‘အား... ကျွန်တော်က ကျိန်စာတိုက်ရုံလေးပဲ၊ ဘာမှမလုပ်ပါဘူး’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ပြောလိုက်ပါတယ်။

ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ရဲ့ စကားကို သဘောတူပြီး ချက်ချင်းပဲ ပြင်ဆင်မဲ့အကြောင်း ပြောသွားပါတယ်။

ရှန်နန်းတော်နဲ့ မတူတာက ကောင်းကင်ရုံးတော်မှာ ပါရမီရှင်တွေ ရှားပါးပါတယ်။ တာအိုအရှင်သခင်သာ ကောင်းကင်ရုံးတော်ထဲ ဝင်လာမယ်ဆိုရင် တခြားပါရမီရှင်တွေလည်း ကောင်းကင်ရုံးတော်ထဲ ပိုဝင်လာချင်မှာပါ။

‘စွမ်းအားကြီးတဲ့ တာအိုအရှင်သခင်တောင် အဖမ်းခံရတယ်ဆိုတော့ အင်မော်တယ်ကမ္ဘာက တကယ်ကို အန္တရာယ်များတာပဲ’ ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပြီး အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။

မဟာအန္တိမခန်းမမှာ တာအိုနားထောင်တဲ့သူတွေက အသွင်တူလက်ရည်စမ်းပွဲရဲ့ ဘော့စ်တွေလိုပါပဲ။ ဟန်ကျွယ် သူတို့ကို အနိုင်ယူဖို့ လိုအပ်ပါတယ်။

ဒီလိုနဲ့ နှစ် ၃၀ ဟာ လျင်မြင်စွာပဲ ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက ဆက်တိုးတက်လာသလို တိတ်ဆိတ်ဂိုဏ်း တပည့်တွေရဲ့ ကျင့်ကြံမှုကလည်း ရပ်တန့်မနေပါဘူး။ အားအနည်းဆုံးဖြစ်တဲ့ ပဋိပက္ခကောင်းကင်ခွေးတောင် မဟာညီညွတ်မှု မြေအင်မော်တယ် နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ လီယောင်ကတော့ မဟာညီညွတ်မှု ရွှေအင်မော်တယ်အဆင့်ကို ရောက်သွားပါပြီ။ ဟန်ရှစ်ကလည်း လီယောင်နဲ့ မရှေးမနှောင်းမှာပဲ မဟာညီညွတ်မှု ရွှေအင်မော်တယ် ဖြစ်သွားပါတယ်။ ကျန်တဲ့ဟန်ညီအစ်ကို ခုနစ်ယောက်ကတော့ ဟန်ရှစ်ရဲ့ အရည်အချင်းကို မမီတဲ့အတွက် မဟာညီညွတ်မှု ဆန်းကြယ်အင်မော်တယ်အဆင့်ပဲ ရှိပါသေးတယ်။

မုရုံချီကလည်း မဟာညီညွတ်မှု ရွှေအင်မော်တယ်ဖြစ်နေပါပြီ။ ရွှေကျီးကန်းနှစ်ကောင် အပါအဝင် တခြားတပည့်တွေကတော့ တော်တော်လေး နောက်ကောက်ကျနေပါတယ်။ ရွှေကျီးကန်းအကြောင်း ပြောရမယ်ဆိုရင် အာတနဲ့ ရှောင်အာရဲ့ အရည်အချင်းကို ရွှေကျီးကန်းနာမည်နဲ့ တကယ်ကို မထိုက်တန်တာပါ။ သူတို့တွေ နတ်ရွှေကျီးကန်းမိသားစုက နှင်ထုတ်ခံရတာ သိပ်အံဩစရာတော့ မဟုတ်ပါဘူး။

အာတာနဲ့ ရှောင်အာဟာ ကျို့ယိုနဂါးကို စားသောက်ခဲ့တဲ့အတွက် အရည်အချင်းတွေ တိုးလာတယ်ဆိုပေမဲ့ တိတ်ဆိတ်ဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင်တွေကို မမီနိုင်သေးပါဘူး။ ဟန်ကျွယ်က ဒီကိစ္စအတွက် အလျင်မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်အနေနဲ့ အာတနဲ့ ရှောင်အာကို ခိုင်းစရာ ဘာမှမရှိလို့ပါပဲ။

ဒါ့အပြင် ထုန်ကျန့်ကမ္ဘာရဲ့ တိုးတက်မှုကလည်း ပုံမှန်ဖြစ်နေပါပြီ။ ကောင်းကင်တာအိုက ပိုပိုအားကောင်းလာပြီး ကျင့်ကြံမှု ကန့်သတ်စည်းကလည်း မဟာညီညွတ်မှု အင်မော်တယ်စစ်အဆင့်ကို စတင် ရွှေ့လျားလာပါတယ်။

ဝတ်ရုံဖြူဗုဒ္ဓရဲ့ ဂရုစိုက်မှုအောက်မှာ ယွီဂျင်ဂိုဏ်းတော်ကြီးက မြင့်မြတ်နယ်မြေတစ်ခု ဖြစ်နေပြီး ထုန်ကျန့်ကမ္ဘာအနှံ့ နာမည်ကျော်နေပါပြီ။ တာအိုသခင်ကျိုးတိက အခုထိ မသေသေးဘဲ ဂိုဏ်းချုပ် လုပ်နေတုန်းပါ။ နှစ်သုံးလေးထောင် ကြာပြီဖြစ်တဲ့အတွက် တာအိုသခင်ကျိုးတိဟာ သေမျိုးကမ္ဘာရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်လို့ ယူဆလို့ရနေပါပြီ။

ဟန်ကျွယ်ဟာ တာအိုသခင်ကျိုးတိကို မြင်တိုင်း ဂိုဏ်းချုပ်ဟောင်း လီချင်းဇဲ့ကို သတိရမိပါတယ်။ အရာအားလုံးက ပြောင်းလဲကုန်ပြီဖြစ်တဲ့အတွက် ယွီဂျင်ဂိုဏ်းတော်ကြီးရဲ့ ဂိုဏ်းချုပ်ဟာ အရင်ကလိုမျိုး ဂိုဏ်းအတွက် နေရာတကာ လျှောက်သွားစရာ မလိုတော့ပါဘူး။ အချိန်တိုင်းလည်း အတိုက်ခိုက် မခံရတော့ပါဘူး။

ယွီဂျင်ဂိုဏ်းအတွက်တော့ ဟန်ကျွယ်က ဒဏ္ဍာရီတစ်ခုပါ။ အကြီးအကဲအချို့ကလွဲရင် လူအများစုက ဟန်ကျွယ်ကို မေ့သွားကြပါပြီ။

ဟန်ကျွယ်ဟာ ဒီကိစ္စကို ကောင်းတယ်လို့ မြင်ပါတယ်။ ဒီအခြေအနေက အကောင်းဆုံးပဲ မဟုတ်ပါလား။ ယွီဂျင်ဂိုဏ်းတော်ကြီးက အင်အားကြီးမားလာပြီဖြစ်တဲ့အတွက် ဟန်ကျွယ်ကို ထပ်ပြီးတော့ အနှောင့်အယှက် မပေးတော့ပါဘူး။

ထုန်ကျန့်ကမ္ဘာကို အကဲခတ်ပြီးတဲ့နောက် ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ပါတယ်။

[တာအိုအရှင်သခင်သည် သင့်အား မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်လေးပွင့်။]

‘ဟင်... မျက်နှာသာပေးမှုက ဘယ်လိုလုပ်ပြီး တိုးသွားတာလဲ၊ ကောင်းကင်ဧကရာဇ်က သူ့ကို ကယ်လိုက်လို့များလား’

ဟန်ကျွယ်ဟာ စာအိတ်တွေကို စစ်ဆေးလိုက်တဲ့အခါ တိုက်ခိုက်တာတွေ တိုက်ခိုက်ခံရတာတွေချည်းပဲ တွေ့တဲ့အတွက် တာအိုအရှင်သခင် လွတ်သွားလားဆိုတာ အတပ်မပြောနိုင်ပါဘူး။ ဟန်ကျွယ်ဟာ နောက်မှပဲ ကောင်းကင်ဧကရာဇ်ကို မေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

“ဆရာသခင်... ကျွန်တော် ဆရာသခင်နဲ့ တွေ့ဆုံချင်ပါတယ်”

စုချီရဲ့အသံက ကျင့်ကြံခြင်းလိုဏ်ဂူအပြင်ကနေ ဝင်လာတဲ့အတွက် ဟန်ကျွယ်လည်း ရွေးချယ်စရာမရှိဘဲ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ရပါတယ်။

“ဝင်လာခဲ့ချည်”

ဟန်ကျွယ်ဟာ ပြောပြောဆိုဆို ကျင့်ကြံခြင်းလိုဏ်ဂူရဲ့ အရံအတားကို ပိတ်လိုက်ပါတယ်။

စုချီဟာ အမြန်ဝင်လာပြီး ဟန်ကျွယ်ရှေ့မှာ ဒူးထောက်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ စုချီရဲ့ မျက်ခုံးမွေးကြားမှာ အနက်ရောင် ရောင်ဝါရှိနေတာကို သတိထားမိလိုက်ပါတယ် ‘တစ်ခုခုတော့ မှားနေပြီ’

“မင်း တစ်ခုခု ဖြစ်သေးလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။

စုချီက ပြန်ဖြေပါတယ် “ဘာမှမဖြစ်ပါဘူး၊ ကျွန်တော် အဆင့်တက်ပြီးနောက်ပိုင်းမှာ ဘဝဟောင်းကို ပြန်သတိရလာပါတယ်၊ ဆရာသခင်.. ကျွန်တော်က ကြမ္မာဆိုးကနေ မွေးဖွားလာတဲ့သူဆိုတော့ ကျွန်တော် ဒီမှာဆက်နေရင် ဆရာသခင်ကို ပြဿနာတက်စေမိမှာ...”

“တော်ပြီ၊ ဆက်မပြောနဲ့၊ ငါ အဲဒါတွေကို ဂရုမစိုက်ဘူး၊ မင်းက ငါတပည့်ပဲ၊ မင်း ဒီနေရာမှာ စိတ်ကြိုက်နေလို့ရတယ်”

ဒီစကားကို ကြားလိုက်ရတဲ့ စုချီရဲ့ မျက်လုံးတွေဟာ နီရဲသွားပါတယ်။ ဘဝဟောင်းမှာတုန်းက စုချီဟာ ကျယ်ကျောင်းတော်ကနေ ကောင်းကင်ရုံးတော်၊ ကောင်းကင်ရုံးတော်ကနေ သေမျိုးကမ္ဘာကို နှင်ထုတ်ခံခဲ့ရပါတယ်။ ဘယ်သူကမှ ဟန်ကျွယ်လိုမျိုး ဂရုမစိုက်ခဲ့ပါဘူး။

“မင်းရဲ့ ကြမ္မာဆိုးစွမ်းအားက လေ့ကျင့်လို့ရတယ်မလား”

ဒီကြားထဲမှာ စုချီရဲ့ ကျင့်ကြံမှုက နည်းနည်း နောက်ကျ ကျန်နေခဲ့ပါတယ်။ ဟန်ကျွယ်ဟာ ဒီလိုအဖြစ်မျိုးကို မမြင်ချင်ပါဘူး။

‘ဒီကောင်လေး ပိုပြီးစွမ်းအားကြီးလာမှ ဖြစ်မယ်၊ ဒါမှ ငါ့ရန်သူတွေကို ထပ်ပြီးတော့ ဒုက္ခပေးနိုင်မှာ’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters