← Chapters

အကြံကြီး

Vol. 28 Ch. 328

အကြံကြီး

Vol. 28 Ch. 328

“အမှောင်သခင်ကြီး”

ကျယ်ကျောင်းတော်ဂိုဏ်းချုပ်ဟာ တိတ်ဆိတ်သွားပါတယ်။

ကျင်းတျန်ကုန်းဟာ စိတ်ရှည်လက်ရှည် စောင့်ပါတယ်။ အမှောင်သခင်ကြီး ဘယ်သူဆိုတာ သိတာနဲ့ ကျင်းတျန်ကုန်းဟာ အမှောင်သခင်ကြီးဆီမှာ ခိုလှုံလို့ရပါပြီ။

အတန်ကြာတဲ့အထိ အဖြေမရတာကြောင့် ကျင်းတျန်ကုန်းဟာ မစောင့်နိုင်တော့ဘဲ မေးလိုက်ပါတယ် “ဂိုဏ်းချုပ်... တွက်ချက်ပြီးပြီလား”

“ငါ တွက်လို့မရဘူး၊ သူ့ကျင့်ကြံမှုက ငါထက် မြင့်နိုင်တယ်၊ မဟုတ်ရင်လည်း အမှောင်သခင်ကြီးက တကယ်မရှိတာ ဖြစ်နိုင်တယ်” ကျယ်ကျောင်းတော်ဂိုဏ်းချုပ်ရဲ့ အသံဩဩဟာ ကျောက်တံခါးနောက်ကနေ ထွက်ပေါ်လာပါတယ်။

ကျင်းတျန်ကုန်းဟာ မှင်သက်သွားပါတယ် ‘အမှောင်သခင်ကြီးက ဂိုဏ်းချုပ်ထက်တောင် အဆင့်ပိုမြင့်တာလား’

နောက်ဆုံးအကြောင်းကိုတော့ ကျင်းတျန်ကုန်းဟာ စိတ်ထဲမထည့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမှောင်သခင်ကြီးရဲ့ ဒဏ္ဍာရီက အင်မော်တယ်ကမ္ဘာတစ်ခွင် ဟိုးလေးကျော်နေပြီး သူကိုယ်တိုင်လည်း အမှောင်သခင်ကြီး ကျိန်စာတိုက်တာ ခံထားရလို့ပါပဲ။

ကျင်းတျန်ကုန်းဟာ မျက်မှောင်ကြုတ်သွားပြီး ဘာဆက်လုပ်ရမှန်းမသိ ဖြစ်သွားပါတယ် ‘ငါက အမှောင်သခင်ကြီးကို လျှော့တွက်မိတာပဲ၊ အမှောင်သခင်ကြီးရဲ့ မိတ်ဆွေမဖြစ်ဘဲ ရန်သူဖြစ်သွားရင် ငါ အကြီးအကျယ် ဒုက္ခရောက်လိမ့်မယ်’

အမှောင်ထဲမှာ ပုန်းနေတဲ့ ဒီလိုစွမ်းအားကြီးပုဂ္ဂိုလ်မျိုးကို ဘယ်သူက မကြောက်ဘဲနေမှာလဲ။ ကျင်းတုန်ဟာ တွေးလေလေ လန့်လေလေ ဖြစ်လာပါတယ်။ ဒီအချိန်မှာပဲ ကျယ်ကျောင်းတော်ဂိုဏ်းချုပ်ရဲ့ အသံဩဩက ကျောက်တံခါးနောက်ကနေ ထွက်ပေါ်လာပြန်ပါတယ်။

“ငါ့ကို အမှောင်သခင်ကြီးအကြောင်း ပြောပြစမ်း”

ကျင်းတျန်ကုန်းလည်း သတိပြန်ဝင်လာပြီး စိတ်ငြိမ်အောင် အသက်ခပ်ပြင်းပြင်း ရှူသွင်းကာ သူသိတဲ့ အမှောင်သခင်ကြီးအကြောင်းကို တစ်လုံးမကျန် ပြောပြပါတော့တယ်။ ပြောလို့ပြီးသွားတဲ့အခါမှာတော့ ကျင်းတျန်ကုန်းဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... အင်မော်တယ်ကမ္ဘာမှာ အနန္တကပ်ဘေးကို ကျိန်စာနဲ့ နောက်ကွယ်ကနေ ထိန်းချုပ်တဲ့သူ ဘယ်တုန်းကမှ မရှိခဲ့ဘူး”

“ဟမ်... ဒါက လမ်းမှန်မဟုတ်ဘူး”

ကျယ်ကျောင်းတော်ဂိုဏ်းချုပ်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကျယ်ကျောင်းတော်ဂိုဏ်းချုပ်က အမှောင်သခင်ကြီးကို အထင်မကြီးဘူးဆိုတာ ထင်ရှားလှပါတယ်။

အဲဒီနောက် ကျယ်ကျောင်းတော် ဂိုဏ်းချုပ်က ဆက်ပြောပါတယ် “စိတ်လိုက်မာန်ပါ မလုပ်နဲ့၊ ဒီအနန္တကပ်ဘေးက ကျယ်ကျောင်းတော် ပြန်ပေါ်လာဖို့ အချိန်ကောင်း မဟုတ်ဘူး၊ ထပ်စောင့်ကြည့်ကြတာပေါ့”

ကျင်းတျန်ကုန်းဟာ တိတ်ဆိတ်သွားပါတယ် ‘ထပ်စောင့်ရအုန်းမှာလား၊ နှစ်ဘယ်လောက်တောင် စောင့်ခဲ့ပြီးပြီလဲ၊ ဒီထပ် ပိုစောင့်ရရင် ကျယ်ကျောင်းတော် ပျောက်တော့မယ်’

နှစ်သုံးဆယ် ကြာပြီးနောက်။

ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် သတ္တမအဆင့်ကိုရောက်ဖို့ ခြေတစ်လှမ်းသာ လိုပါတော့တယ်။

ဒီနှစ်ထဲမှာ ငရဲပြည်က မအေးချမ်းပါဘူး။ တိုက်ပွဲရောင်ဝါတွေက တိတ်ဆိတ်ကျွန်းနားမှာ မကြာမကြာ ပေါ်လာပါတယ်။

ဒါကြောင့် ဟန်ကျွယ်ဟာ ငရဲနက်နတ်ဆိုးသခင်ကို စုံစမ်းခိုင်းတဲ့အခါ အင်အားစုတစ်စုက ငရဲပြည်ရဲ့အုပ်ချုပ်မှုကို တွန်းလှန်ဖို့ ကြိုးစားနေတာ သိလိုက်ရပါတယ်။

ငရဲမင်းက ရည်မှန်းချက် ကြီးမားတယ်ဆိုပေမဲ့ ကောင်းကင်ဧကရာဇ်ကို အနိုင်ယူဖို့က မလွယ်လှပါဘူး။ ပထမဆုံး ငရဲပြည်ကနေ ထွက်ခွာဖို့ နည်းလမ်းရှာရပါအုန်းမယ်။

ဟန်ကျွယ်ဟာ ဒီကြားထဲ အဖြစ်အပျက်တွေကို သုံးသပ်ပြီး ငရဲပြည်က စစ်မြေပြင် ဖြစ်လာလိမ့်မယ်လို့ ခံစားလိုက်ရပါတယ် ‘ငါပုန်းဖို့ နောက်ထပ်နေရာတစ်ခု ရှာထားသင့်ပြီ ထင်တယ်’

ဒီနေ့မှာတော့ သွမ့်ဟုန်ချန်က ဟန်ကျွယ်ကို ရုတ်တရက် လာရှာပါတယ်။ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဝင်လာတဲ့ သွမ့်ဟုန်ချန်ဟာ စိုးရိမ်ထိတ်လန့်နေတာကြောင့် ဟန်ကျွယ်ကို မကြည့်ရဲပါဘူး။

“ဘာကိစ္စလဲ” ဟန်ကျွယ်က‌ မေးလိုက်ပါတယ်။

သွမ့်ဟုန်ချန်ဟာ တစ်ကိုယ်လုံးမှာရှိတဲ့ သတ္တိကိုစုစည်းပြီး မေးလိုက်ပါတယ် “ကျွန်တော် ဆန်းကြယ်စွမ်းအား သင်ချင်လို့... ရမလား”

သွမ့်ဟုန်ချန် ဆန်းကြယ်စွမ်းအား သင်ချင်တာက ပိုပြီးစွမ်းအားကြီးလာဖို့အပြင် သရုပ်မှန် ပြောင်းချင်တာလည်း ပါပါတယ်။ သွမ့်ဟုန်ချန်ဟာ ကျင့်ကြံမှုအဆင့်မြင့်ပေမဲ့ တိတ်ဆိတ်ဂိုဏ်းတပည့်တွေကို မမီဘူးလို့ ခံစားနေရပါတယ်။ ရှင်းရှင်းပြောရရင် အခုထိ သုံ့ပန်းဖြစ်နေတုန်းပါ။

ဟန်ကျွယ်က မေးလိုက်ပါတယ် “မင်းက ဘယ်လိုဆန်းကြယ်စွမ်းအားမျိုးကို သင်ချင်တာလဲ”

သွမ့်ဟုန်ချန်ဟာ ကိုယ့်နားကိုယ်မယုံနိုင် ဖြစ်သွားပြီး ဟန်ကျွယ်ကို တအံတဩ မော့ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ကို ဒီလိုမျိုး လွယ်လင့်တကူ သဘောတူလိမ့်မယ်လို့ သွမ့်ဟုန်ချန် ထင်မထားခဲ့ပါဘူး။

“မင်း တိတ်ဆိတ်ကျွန်းမှာ နေတာလည်း အတော်ကြာပြီ၊ အခုလို တောင်းဆိုတာကလည်း ပထမဆုံးပဲ၊ နောက်ပြီး ငါ့တပည့်တချို့မှာ မင်းလိုမျိုး နောက်ခံရှိတယ်၊ မင်းသာ တိတ်ဆိတ်ဂိုဏ်းကို အန္တရာယ်မပေးဘူးဆိုရင် ငါတို့နဲ့အတူ မဟာတာအိုကို အတူကျင့်ကြံနိုင်တယ်၊ ပြီးခဲ့တဲ့ကိစ္စတွေကို မေ့ပေးမယ်၊ မင်း ငါ့ကို ကြောက်စရာမလိုပါဘူး၊ ငါ မင်းကို ဘာမလုပ်ပါဘူး၊ တကယ်တော့ မင်းက ငါတို့ကို အရင်ဆုံးရန်စတာမလား၊ အခုလို အသက်ရှင်ခွင့် ပေးထားတာနဲ့တင် ငါ မင်းကို ဒုက္ခမပေးချင်ဘူးဆိုတာ ထင်ရှားနေတာပဲ”

သွမ့်ဟုန်ချန်ဟာ မျက်နှာ ဘယ်နားထားရမလဲမသိ ဖြစ်သွားပါတယ်။ အတိတ်မှာတုန်းက သွမ့်ဟုန်ချန်ဟာ မစဉ်းစားမဆင်ခြင်ဘဲ လုပ်ခဲ့တာပါ။ ဒါပေမဲ့ သေချာတွေးကြည့်ရင် ဒီဟာက သွမ့်ဟုန်ချန်အတွက် မကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အဲဒီလိုသာ မလုပ်ခဲ့ရင်လည်း တိတ်ဆိတ်ကျွန်းပေါ်မှာ သွမ့်ဟုန်ချန် ရှိနေမှာ မဟုတ်ပါဘူး။

တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေက ငယ်ရွယ်သေးတယ်ဆိုပေမဲ့ အကုန်လုံးက အကန့်အသတ်မဲ့တဲ့ အရည်အချင်းတွေ ရှိကြပါတယ်။

[သွမ့်ဟုန်ချန်သည် သင့်အား မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ငါးပွင့်။]

သွမ့်ဟုန်ချန် တစ်ခဏစဉ်းစားပြီးနောက် ပြောလိုက်ပါတယ် “ကျွန်တော် ကောင်းကင်ဓားတာအိုကို သင်ချင်တယ်”

လီယောင်ရဲ့ ကောင်းကင်ဓားတာအိုက အရမ်းစွမ်အားကြီးလွန်းတဲ့အတွက် သွမ့်ဟုန်ချန် အားကျနေတာ ကြာပါပြီ။ သွမ့်ဟုန်ချန်သာ ကောင်းကင်ဓားတာအိုကို တတ်မြောက်မယ်ဆိုရင် ကျင့်ကြံမှုအဆင့်မြင်တဲ့ ရန်သူတွေကိုတောင် သတ်နိုင်ကောင်း သတ်နိုင်မှာပါ။

ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပြီး ကောင်းကင်ဓားတာအိုကို စသင်ပေးပါတယ်။

တစ်လကြာတဲ့အခါမှာတော့ သွမ့်ဟုန်ချန်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ကျေနပ်အားရစွာ ထွက်ခွာသွားပါတယ်။

မုရုံချီက ပြုံးပြီး မေးလိုက်ပါတယ် “ဘယ်လိုလဲ၊ ငါပြောတယ်မလား၊ ဆရာဘိုးဘိုးက ကျိန်းသေပေါက် သင်ပေးမှာပါလို့”

သွမ့်ဟုန်ချန်လည်း ပြုံးလိုက်ပါတယ် “ငါ ဂိုဏ်းချုပ်ရဲ့ မျက်နှာသာပေးမှုကို ဘယ်တော့မှာ မမေ့ပါဘူး၊ အခု ငါလုပ်ချင်တာက ငရဲနက်နတ်ဆိုးသခင်ကို အနိုင်ယူဖို့ပဲ”

တောင်ထိပ်မှာ ကျင့်ကြံအားထုတ်နေတဲ့ ငရဲနက်နတ်ဆိုးသခင်ဟာ မျက်ခုံးပင့်တက်သွားပြီး အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပါတယ်။ ငရဲနက်နတ်ဆိုးသခင်သာ သွမ့်ဟုန်ချန်ကို ရှုံးနိမ့်သွားမယ်ဆိုရင် သူ့အဆင့်ကလည်း တစ်ဆင့်နိမ့်သွားမှာ ကျိန်းသေပေါက်ပါပဲ။

‘ငါ ပေါ့ပျက်ပျက်လုပ်လို့ မဖြစ်ဘူး၊ ဒီကောင်က အရည်အချင်း ထက်မြက်တဲ့အပြင် ငါ့ထက်လည်း အများကြီး အသက်ရှင်ခဲ့ပြီးပြီ၊ ငါ ကြိုးကြိုးစားစား ကျင့်ကြံမှပဲ ဖြစ်တော့မယ်’

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ပါတယ်။ ကောင်းကင်တာအိုဗုဒ္ဓနဲ့ နတ်ဆိုးဧကရာဇ်က မသေသေးတဲ့အတွက် ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာကို မရပ်နိုင်ပါဘူး။

လီရွှမ်အောက်ကိုတော့ ဟန်ကျွယ်က အနှောင့်အယှက် ပေးချင်ရုံသာ ဖြစ်တဲ့အတွက် သက်တမ်းအကုန်ခံပြီး ကျိန်စာမတိုက်ပါဘူး။

ကျိန်စာတိုက်လို့ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဆက်ကျင့်ကြံဖို့ ပြင်လိုက်ပေမဲ့ ရုတ်တရက် မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိတ်ဆိတ်ကျွန်းကို နတ်အာရုံတစ်ခု ဖြတ်သွားလို့ပါပဲ။

ဟန်ကျွယ်ဟာ ချက်ချင်းပဲ တိတ်ဆိတ်ကျွန်းပတ်လည်မှာရှိတဲ့ စွမ်းအားကြီးဂ္ဂိုလ်တွေကို စစ်ဆေးလိုက်ပါတယ်။

[တိဝမ်ကျောက်: ကျင့်ကြံမှုမသိ။ ဗုဒ္ဓဂိုဏ်းမှ ဗုဒ္ဓတစ်ပါးဖြစ်သည်။]

‘တိဝမ်ကျောက်... ဒီကောင်က ဒီနေရာကို ဘာလာလုပ်တာလဲ’

ဟန်ကျွယ်ဟာ တိဝမ်ကျောက်က ဂျိရှင်းရှန်နဲ့ ရန်ငြိုးရန်စ ရှိတာကို သိထားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် မထင်ထားတာက တိဝမ်ကျောက်ဟာ အင်မော်တယ်ဧကရာဇ်ထက် အဆင့်မြင့်နေတာကိုပါ။

ဒါပေမဲ့ တာအိုစက်ကွင်းက ကောင်းကင်ဘဝဂ်ကျင့်ကြံသူရဲ့ နတ်အာရုံကိုတောင် ဟန့်တားနိုင်တဲ့အတွက် တိဝမ်ကျောက်လောက်တောင် မူစရာ မလိုပါဘူး။

မကြာခင်မှာပဲ တိဝမ်ကျောက် ထွက်ခွာသွားပါတယ်။

ဟန်ကျွယ်ဟာ တိဝမ်ကျောက်ကို စစ်ဆေးလို့ မတွေ့တော့မှ အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်ပြီး တိုက်ခိုက်ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ တိဝမ်ကျောက်နဲ့ နှစ်နာရီကြာ တိုက်ခိုက်ပြီးမှပဲ ရှုံးနိမ့်သွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ တိဝမ်ကျောက်က သိပ်မစွမ်းဘူးလို့ ခံစားလိုက်ရပါတယ်။ တိဝမ်ကျောက်ရဲ့ စွမ်းအားက နတ်မင်းအဆင့်နဲ့ တော်တော်လေးကို မထိုက်တန်တာပါ။

‘ဒီကောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားလို့များလား’

ဟန်ကျွယ်ဟာ ဒီအတွေးက ဖြစ်နိုင်တယ်လို့ ခံစားလိုက်ရပါတယ်။ မဟုတ်ရင် အရင်တုန်းက ဂျိရှင်းရှန် တိဝမ်ကျောက်လက်ကနေ ထွက်ပြေးနိုင်မှာ မဟုတ်ပါဘူး။

ဆယ်နှစ်ကြာပြီးနောက်။

ဟန်ကျွယ်ရဲ့ ဝိညာဉ်ဟာ အသွင်ပြောင်းလဲလုနီး ဖြစ်လာပါတယ်။ တခြားစကားနဲ့ ပြောရရင် ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် သတ္တမအဆင့်ကို ရောက်ခါနီးနေပါပြီ။

ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုရလဒ်ကို တော်တော်လေး အားရသွားပါတယ်။

ဟန်ကျွယ် အဆင့်တက်ဖို့ ပြင်နေစဉ်မှာပဲ ကောင်းကင်တာအိုတိုကင် လှုပ်ခတ်လာပါတယ်။ ဟန်ကျွယ်လည်း နတ်အာရုံချင်း ချိတ်ဆက်လိုက်ပါတယ်။

“ရှန်နန်းတော်က ငရဲပြည်ကို အကြီးအကျယ် ကျူးကျော်တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်၊ တိုက်ပွဲကြားထဲ ဝင်မပါမိအောင် ဂရုစိုက်အုန်း” ကောင်းကင်ဧကရာဇ်က သတိပေးလိုက်ပါတယ်။

‘ရှန်နန်းတော်က ငရဲပြည်ကို ကျူးကျော်မယ်’

ဟန်ကျွယ်က တအံတဩ မေးလိုက်ပါတယ် “သူတို့က နတ်ဆိုးရုံးတော်နဲ့ ပူးပေါင်းပြီး ကောင်းကင်ရုံးတော်နဲ့ ဗုဒ္ဓဂိုဏ်းကို မတိုက်ခိုက်ဘူးလား”

“တာအိုအရှင်သခင်ကိစ္စက ရှန်နန်းတော်အပေါ် တော်တော်လေး သက်ရောက်သွားတယ်၊ နန်းတော်သခင်လည်း ပြောင်းသွားတယ်၊ အသစ်တက်လာတဲ့ ရှန်နန်းတော်သခင်က နတ်ဆိုးဧကရာဇ်နဲ့ အဆက်အသွယ်ဖြတ်တယ်လို့ ကြော်ငြာပြီး ကောင်းကင်ရုံးတော်ကို ပစ်မှတ်မထားတော့ဘူး၊ အဲဒီအစား ငရဲပြည်ဘက်ကို မြှားဦးလှည့်လိုက်တာပဲ၊ ဒါက ကောင်းကင်ရုံးတော်အတွက်တော့ သတင်းကောင်းပဲ၊ ငရဲပြည်က ကောင်းကင်ရုံးတော်ကို ပစ်မှတ်ထားချင်နေတာမလား”

“အရှင်မင်းကြီး မစိုးရိမ်ပါနဲ့၊ သူတို့တွေ ကျွန်တော်ကို ရှာမတွေ့နိုင်ပါဘူး” အဲဒီနောက် ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို တွေးမိသွားတာကြောင့် မေးလိုက်ပါတယ် “အရှင်မင်းကြီး... ကျို့ယိုငရဲကို ကြားဖူးလား”

“ကျို့ယိုငရဲလား၊ ငါကြားဖူးတယ်၊ အတိတ်မှာတုန်းက ငရဲပြည်က အင်မော်တယ်ကမ္ဘာ၊ ဒါပေမဲ့ အနန္တကပ်ဘေးပြီးတော့ လောကတစ်ခုလုံး အကုသိုလ်ကံနဲ့ ပြည့်နှက်ပြီး ရှင်းလင်းလို့မရတော့ တာအိုဘိုးဘေးက လက်လှန်ပြီး ယင်ယန်ကို ပြောင်းလဲလိုက်တယ်၊ အဲဒီမှာ ငရဲပြည်က အင်မော်တယ်ကမ္ဘာ ဖြစ်သွားပြီး အင်မော်တယ်ကမ္ဘာက ငရဲပြည် ဖြစ်သွားတာပါ၊ တာအိုဘိုးဘေးက အကုသိုလ်ကံ အကုန်လုံးကို နွေဦးပင်လယ်နဲ့ ကျို့ယိုငရဲမှာ ဖိနှိပ်ထားတယ်၊ မင်း ကျို့ယိုငရဲနားကို ယောင်လို့တောင် မသွားမိစေနဲ့၊ အနန္တကပ်ဘေးမှာ ရှုံးနိမ့်သွားတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက အဲဒီမှာ ပုန်းနေတာ၊ မင်း ကျို့ယိုငရဲထဲကျသွားရင် ငါလည်း မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး”

ကောင်းကင်ဧကရာဇ်ရဲ့ အသံဟာ အရမ်းလေးနက်လွန်းပါတယ်။

ဒါပေမဲ့ ဟန်ကျွယ်ကတော့ အကြံကြီးတစ်ခု ရသွားပါတယ် ‘ကျို့ယိုငရဲမှာ ဘာလို့ မပုန်းရမှာလဲ... ငါရဲ့ လောကဦး ကြယ်တာရာခန္ဓာကိုယ်က အကုသိုလ်ကံကို စုပ်ယူနိုင်တယ်၊ ကျို့ယိုငရဲမှာရှိတဲ့ အကုသိုလ်ကံကို စုပ်ယူနိုင်မယ်ဆိုရင်...’

ဟန်ကျွယ်ဟာ ကျို့ယိုငရဲဆီသွားဖို့ စိတ်အားထက်သန်သွားပါတယ်။ ကမ္ဘာဖျက်ကြာနက်ရဲ့ အကုသိုလ်ကံကြောင့် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက အခုလိုလျင်မြန်နေတာ မဟုတ်ပါလား။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters