နတ်ဆိုးဧကရာဇ်၏ ဒေါသ၊ ဖန်တီးရှင် ကျောက်စိမ်းပြား
Vol. 29 Ch. 334
‘ဟင်းလင်းပြင်ဧကရာဇ်’
အတိတ်ကိုခရီးနှင်ပြီး ဟန်ကျွယ်ကို ဒုက္ခပေးချင်တဲ့လူက နတ်ဆိုးဧကရာဇ်ရဲ့ သားတော် ဟင်းလင်းပြင်ဧကရာဇ်ပဲ ဖြစ်ပါတယ်။ ဟန်ကျွယ်ဟာ ဟင်းလင်းပြင်ဧကရာဇ်ကို အခုထိ မှတ်မိနေပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြည့်နဲ့တင် မုန်းတီးကြယ်ပွင့်တွေ တက်လာလို့ပါ။
ဒုက္ခပေးချင်တဲ့လူကို ရှာတွေ့သွားတာကြောင့် ဟန်ကျွယ်ဟာ ချက်ချင်းပဲ ဟင်းလင်းပြင်ဧကရာဇ်ကို ကျိန်စာစတိုက်ပါတော့တယ်။ ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စနစ်ကို မေးလိုက်ပါတယ် “စနစ်က အချိန်ကို ဖြတ်သန်းတဲ့ ရန်သူတွေကို ခုခံနိုင်လား”
ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[စနစ်သည် လက်ရှိအချိန်ကာလရှိ ရန်သူများကိုသာ ခုခံကာကွယ်နိုင်သည်။]
ဒါကိုကြည့်ခြင်းအားဖြင့် စနစ်က အတိတ်ကို ပြန်သွားတာ မကြာသေးဘူးဆိုတာ သိနိုင်ပါတယ်။
“စနစ်က အနာဂတ်ရန်သူတွေကိုရော ခုခံနိုင်လား”
[ဤအချက်မှာ အနာဂတ်တွင် သင်ထံ၌ စနစ်ရှိမရှိနှင့် အနာဂတ်သင်က လက်ရှိသင်အား ကူညီချင်မှုပေါ်တွင် မူတည်သည်။]
တခြားစကားနဲ့ ပြောရရင် ဟန်ကျွယ်ဟာ လက်ရှိအချိန်မှာရှိတဲ့ ရန်သူတွေကိုပဲ ရင်ဆိုင်နိုင်ပါတယ်။
‘ဒါဆိုငါက ကောင်းကင်ဘဝဂ်ကျင့်ကြံသူထက် အဆင့်ပိုမြင့်တဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ရရင် စနစ်က ငါ့ကို မကာကွယ်နိုင်တော့ဘူးပေါ့၊ ဒါပေမဲ့ ကောင်းကင်ဘဝဂ်အဆင့်ထက် စွမ်းအားပိုကြီးတဲ့ ရန်သူက ငါ့ကို ရင်ဆိုင်ဖို့အတွက် ဘာလို့ အချိန်ကုန်ခံနေမှာလဲ... တစ်ချက်တည်းပဲ သတ်လိုက်မှာပေါ့’
‘ဒါဆိုရင် ဟင်းလင်းပြင်ဧကရာဇ်က ဘယ်လိုနည်းနဲ့ အတိတ်ကို ပြန်သွားပြီး ငါ့ကို ဒုက္ခပေးမှာလဲ... နတ်ဆိုးဧကရာဇ်နဲ့ ကောင်းကင်တာအိုဗုဒ္ဓတောင် အတိတ်ကို ပြန်သွားနိုင်တာ မဟုတ်ဘူး’
ဒီထက်ပိုပြီး အရေးကြီးတာက ဟန်ကျွယ်ဟာ မုန်းတီးမှုကြယ်ပွင့် တိုးလာတဲ့ အသိပေးချက်ကို အခုထိ မတွေ့သေးပါဘူး။ ဒါက တော်တော်လေးကို ထူးဆန်းတဲ့အချက်ပါ။
ကြက်သွေးရောင်တိမ်ကမ္ဘာ။
ဝတ်ရုံနက် ဟင်းလင်းပြင်ဧကရာဇ်ဟာ လေထုထဲမှာ လျင်မြန်စွာ ခရီးနှင်နေပါတယ်။ ဟင်းလင်းပြင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်ပြီး ရေရွတ်လိုက်ပါတယ် “အကောင်းစားရတနာအရ အမှောင်သခင်ကြီးက ဒီသေမျိုးကမ္ဘာကနေ မွေးဖွားလာတာ၊ ဒါပေမဲ့ ငါ ဘာလို့ သူ့ကို နတ်အာရုံနဲ့ ရှာမရတာလဲ၊ ဒါက အမှောင်သခင်ကြီး အစောဆုံး ပေါ်လာတဲ့နေရာပဲ၊ အမှောင်သခင်ကြီးက အရမ်းအားနည်းပြီး ဝိညာဉ်ရတနာတစ်ပါးပါးကြောင့်သာ လူတိုင်းကြောက်ရတဲ့ အမှောင်သခင်ကြီး ဖြစ်လာတာလား”
ဟင်းလင်းပြင်ဧကရာဇ်ရဲ့ အမြင်အရ ဒီသေမျိုးကမ္ဘာတစ်ခုလုံးက အလွန်တရာမှ အားနည်းလွန်းပါတယ်။ ဒီအထဲမှာ အစွမ်းအထက်ဆုံးက ကောင်းကင်ဘုံဝင်အဆင့်ပဲ ရှိပါတယ်။ မြေလျှောက်အင်မော်တယ် တစ်ချို့ကတော့ အမှောင်ထဲမှာ ပုန်းအောင်းနေပါတယ်။
ဒီအချိန်မှာပဲ ဟင်းလင်းပြင်ဧကရာဇ်ဟာ ကြောက်မက်ဖွယ်ကောင်းတဲ့ ကျိန်စာစွမ်းအားကို ခံစားလိုက်ရပါတယ်။ ဟင်းလင်းပြင်ဧကရာဇ်က အင်မော်တယ်ဧကရာဇ် နဝမအဆင့်သာရှိပြီး ကြမ္မာဆိုးစာအုပ်က နတ်မင်းအဆင့် စိတ်ဝိညာဉ်ရတနာ ဖြစ်တာကြောင့် ကျိန်စာစွမ်းအားကို ဘယ်လိုမှ မခုခံနိုင်ပါဘူး။
ဟင်းလင်းပြင်ဧကရာဇ်ဟာ လန့်ဖျပ်သွားပြီး ချက်ချင်းပုန်းဖို့ နေရာရှာကာ ဒဏ်ရာတွေကို ကုသပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်က ဟင်းလင်းပြင်ဧကရာဇ်က အလွန်တရာ မုန်းတီးနေတဲ့အတွက် နည်းနည်းလေးတောင် အနားမယူဘဲ ကျိန်စာတိုက်ပါတယ်။ ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စတင်လျော့ကျလာပါတယ်။
ဒီအတောအတွင်း ဟင်းလင်းပြင်ဧကရာဇ်ဟာ အမှောင်သခင်ကြီးကို ရှာဖို့ အချိန်မရှိဘဲ သူ့လေ့ကျင့်ထားတဲ့ ကျင့်စဉ်နဲ့ ကျိန်စာစွမ်းအားကို ခုခံပါတယ်။ ကံဆိုးစွာပဲ ဟင်းလင်းပြင်ဧကရာဇ်ဟာ ကျိန်စာစွမ်းအားကို ဘယ်လိုမှ မခုခံနိုင်တဲ့အတွက် သွေးတွေ ဆက်တိုက်အန်ပါတယ်။ ဟင်းလင်းပြင်ဧကရာဇ်ရဲ့ ကျင့်ကြံမှုဟာလည်း လျှော့ကျဖို့ တာစူလာပါတယ်။
‘တစ်ဖက်လူက ကျိန်းသေပေါက် ကောင်းကင်ဘဝဂ် ကျင့်ကြံသူ ဖြစ်ရမယ်၊ မဟုတ်ရင် ငါ အချိန်ဖြတ်ပြီး ခရီးသွားတာကို တွက်ချက်နိုင်မှာ မဟုတ်ဘူး၊ မဟုတ်ဘူး... သူက ဒီထက်တောင် စွမ်းအားကြီးနိုင်တယ်’ ဟင်းလင်းပြင်ဧကရာဇ်ဟာ အကြောက်ကြီး ကြောက်သွားပြီး တစ်စက္ကန့်တောင် ဆက်မနေရဲတော့ဘဲ မူလအချိန်ကာလကို ချက်ချင်း ပြန်ပြေးပါတယ်။
ဟင်းလင်းပြင်ဧကရာဇ်ဟာ သွေးစက်စက်နဲ့ ထွက်ပြေးတဲ့အတွက် နတ်ဆိုးသွေးစက်တွေဟာ နေရာတိုင်းကို ပြုတ်ကျပြီး မရေမတွက်နိုင်တဲ့ သေမျိုးတွေကို ဘေးဒုက္ခတွေ့စေပါတယ်။ သေမျိုးမဆိုထားနဲ့၊ မဟာညီညွတ်မှု ရွှေအင်မော်တယ်တောင် အင်မော်တယ်ဧကရာဇ်ရဲ့ သွေးကို တောင့်မခံနိုင်ပါဘူး။
နောက်ဆုံးမှာတော့ ဟင်းလင်းပြင်ဧကရာဇ်ဟာ နတ်ဆိုးရုံးတော်က သူ့အိပ်ဆောင်ကို ပြန်ရောက်သွားပါတယ်။ ဟင်းလင်းပြင်ဧကရာဇ်ဟာ ယိုင်တိယိုင်တိုင်နဲ့ ပြေးထွက်လိုက်တာကြောင့် ခန္ဓာကိုယ်ကနေ သွေးတွေ ပိုထွက်လာပါတယ်။
တစ်မိနစ်အကြာမှာတော့ ဟင်းလင်းပြင်ဧကရာဇ်ဟာ နတ်ဆိုးနန်းတော်ကို ပြေးဝင်သွားပါတယ်။ ကျင့်ကြံအားထုတ်နေတဲ့ နတ်ဆိုးဧကရာဇ်ဟာ မျက်လုံးဖွင့်လိုက်ပြီး သတ်ဖြတ်ငွေ့နဲ့ အော်ငေါက်လိုက်ပါတယ် “မင်း ဘာလုပ်တာလဲ”
ဟင်းလင်းပြင်ဧကရာဇ်ဟာ နတ်ဆိုးဧကရာဇ်ရှေ့မှာ ဒူးထောက်လိုက်ပြီး ကြောက်လန့်တကြား ပြောလိုက်ပါတယ် “ခမည်းတော်... ကျွန်တော့်ကို ကယ်ပါအုန်း၊ အမှောင်သခင်ကြီးက ကျွန်တော့်ကို သတ်ချင်နေတယ်”
နတ်ဆိုးဧကရာဇ်ဟာ ထိတ်လန့်သွားပြီး ထိုင်ရာကနေ ချက်ချင်းထလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ဟင်းလင်းပြင်ဧကရာဇ်ဆီ အမြန်လျှောက်သွားပြီး ဝိညာဉ်စွမ်းအားနဲ့ ကုသပေးလိုက်ပါတယ်။
“ဗွမ်း”
ဟင်းလင်းပြင်ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ဟာ ပေါက်ကွဲထွက်သွားပြီး သွေးစသွေးနတွေဟာ ကြမ်းပြင်နဲ့ နတ်ဆိုးဧကရာဇ်ကို စင်သွားပါတယ်။
နတ်ဆိုးဧကရာဇ်ရဲ့ မျက်နှာဟာ မည်းမှောင်သွားပြီး ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ဟင်းလင်းပြင်ဧကရာဇ်ရဲ့ ဝိညာဉ်ကို ကာကွယ်လိုက်ပါတယ်။ ဟင်းလင်းပြင်ဧကရာဇ်ရဲ့ ဝိညာဉ်ဟာ အလွန်တရာမှ အားနည်းပြီး သိစိတ်ကလည်း ဖျော့တော့နေတာကြောင့် စကားတောင် မပြောနိုင်ရှာတော့ပါဘူး။
ဟန်ကျွယ်ဟာ ဟင်းလင်းပြင်ဧကရာဇ်ကို အသေသတ်ချင်တာကြောင့် အင်တိုက်အားတိုက် ကျိန်စာတိုက်ပါတယ်။ ဒီလို အင်တိုက်အားတိုက် ကျိန်စာတိုက်တဲ့အတွက်လည်း တော်တော်ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးကို ခံစားလိုက်ရပါတယ်။
“အမှောင်သခင်ကြီး...” နတ်ဆိုးဧကရာဇ်ရဲ့ မျက်လုံးတွေဟာ သတ်ဖြတ်ငွေ့တွေ လျှံထွက်သွားပါတယ်။ အခုဆိုရင် နတ်ဆိုးဧကရာဇ်ဟာ အမှောင်သခင်ကြီးကို အလွန်တရာမှ မုန်းတီးသွားပြီး နံပါတ်တစ်ရန်သူအဖြစ် သတ်မှတ်လိုက်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူ့အချစ်ဆုံး သားတော်ကို အမှောင်သခင်ကြီးက ပစ်မှတ်ထားပြီး သေအောင် ကျိန်စာတိုက်လို့ပါပဲ။ နတ်ဆိုးဧကရာဇ် မဆိုထားနဲ့၊ တခြားလူတွေလည်း ကိုယ်အချစ်ရဆုံး သားတစ်ယောက်ကို တခြားသူက ဒုက္ခပေးရင် ဘယ်လိုမှ ထိုင်ကြည့်နိုင်မှာ မဟုတ်ပါဘူး။
ဒီအချိန်မှာပဲ ကျိန်စာစွမ်းအားက ပိုပြင်းထန်လာတဲ့အတွက် ဟင်းလင်းပြင်ဧကရာဇ်ရဲ့ ဝိညာဉ်ဟာ တုန်တက်လာပြီး အချိန်မရွေး ပေါက်ကွဲသွားနိုင်တဲ့ အခြေအနေကို ဆိုက်ရောက်သွားပါတယ်။ ဒီအဖြစ်ကြောင့် နတ်ဆိုးဧကရာဇ်ကို ဒေါသကို မြိုသိပ်ပြီး သူ့သားတော်ရဲ့ဝိညာဉ်ကို ဆက်ပြီးတော့ ကာကွယ်ပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ ရှိနေတဲ့ ဟန်ကျွယ်ဟာ ဒွါရကိုးပါးကနေ သွေးတွေယိုစီးထွက်နေပြီး သက်တမ်းကလည်း တစ်ဘီလီယံ လျော့ကျသွားပါပြီ။ ဒါပေမဲ့လည်း ဟင်းလင်းပြင်ဧကရာဇ် သေအောင် ကျိန်စာ မတိုက်နိုင်သေးပါဘူး။
‘မင်း ဘယ်လောက်ထိ ခံနိုင်မလဲ ကြည့်ရသေးတာပေါ့ကွာ’ ဟန်ကျွယ်ဟာ အေးစက်စွာ ကြုံးဝါးလိုက်ပါတယ်။ ကြမ္မာဆိုးစာအုပ်ကနေ ထွက်ပေါ်နေတဲ့ အနက်ရောင် အလင်းတန်းဟာ ဟန်ကျွယ် မျက်နှာကို လာဟပ်တာကြောင့် အခုအချိန်မှာ ဟန်ကျွယ်ရဲ့မျက်နှာက မိစ္ဆာတစ်ကောင်လိုမျိုး အေးစက်လှပါတယ်။
ဟန်ကျွယ်ဟာ ဟင်းလင်းပြင်ဧကရာဇ်က အတိတ်ကို ပြန်သွားပြီး သူ့ကို သတ်ချင်တဲ့အတွက် ဘယ်နည်းနဲ့မှ ခွင့်မလွှတ်နိုင်ပါဘူး။ ဟန်ကျွယ်ဟာ ဟင်းလင်းပြင်ဧကရာဇ်ကို မရရအောင် သတ်ပစ်ဖို့ ဆုံးဖြတ်ထားပြီးပါပြီ။
၁.၂ ဘီလီယံ။
၁.၅ ဘီလီယံ။
၂ ဘီလီယံ။
၂.၅ ဘီလီယံ အရောက်မှာတော့ ဟန်ကျွယ်ဟာ ဟင်းလင်းပြင်ဧကရာဇ်ရဲ့ ပုံရိပ် ပျောက်ကွယ်သွားတာကို တွေ့လိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ စာအိတ်နှစ်ခုကို လက်ခံရရှိလိုက်ပါတယ်။
[သင့်ကျိန်စာစွမ်းအားကြောင့် သင့်ရန်သူ ဟင်းလင်းပြင်ဧကရာဇ် သေဆုံးပြီး ဝိညာဉ်ပါ ပျက်သုဉ်းသွား၏။]
[သင့်ရန်သူ နတ်ဆိုးဧကရာဇ်သည် သင့်ကျိန်စာအား ခုခံခဲ့သောကြောင့် ဘေးထွက်ဆိုးကျိုးအနေဖြင့် အတွင်းနတ်ဆိုး ပိုမို အားကောင်းသွား၏။]
‘နတ်ဆိုးဧကရာဇ်က ဟင်းလင်းပြင်ဧကရာဇ်ဘေးမှာ ရှိနေတာလား’
‘နေပါအုန်း... ဟင်းလင်းပြင်ဧကရာဇ်က ကျိန်စာတိုက်ခံရလို့ နတ်ဆိုးဧကရာဇ်ဆီ သွားတာလား၊ ဒါမှမဟုတ် သူတို့နှစ်ယောက်က ဒီကိစ္စကို အတူတူကြံစည်တာလား’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ဟင်းလင်းပြင်ဧကရာဇ်ရဲ့ မုန်းတီးမှုက တိုးမလာတဲ့အတွက် ဟင်းလင်းပြင်ဧကရာဇ်က သူ့ကို ပစ်မှတ်ထားတဲ့ မဟုတ်ဘဲ သူ့ဘွဲ့ အမှောင်သခင်ကြီးကို ပစ်မှတ်ထားတာလို့ ကောက်ချက်ချလိုက်ပါတယ်။
‘သူတို့က အမှောင်သခင်ကြီးကို ပစ်မှတ်ထားနေတာလား’ ဟန်ကျွယ်ဟာ တွေးလေလေ ဒီအချက်က ဖြစ်နိုင်လေလေလို့ ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို အောက်ချလိုက်ပြီး ဒဏ်ရာတွေကို ကုသပါတယ်။
“ဟင်းလင်းပြင်ဧကရာဇ်က အချိန်ကို ဖြတ်သန်းပြီး အမှောင်သခင်ကြီးကို သွားရှာတာလား” ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှုကို သုံးလိုက်ပါတယ်။
[သက်တမ်း တစ်သောင်း ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
တွက်မယ်။
[ဟုတ်ပါတယ်]
ဟန်ကျွယ်ဟာ တိုတောင်းလှတဲ့ အဖြေတစ်ခုအတွက် သက်တမ်းတစ်သောင်းနဲ့ လဲလိုက်ရပေမဲ့ မတက်နိုင်တာကြောင့် ဆက်မေးပါတယ်။
“နတ်ဆိုးဧကရာဇ်က ငါ သူ့သားကို သတ်လိုက်တာ သိလား”
[သက်တမ်း တစ်သိန်း ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မသိဘူး]
ဟန်ကျွယ်ဟာ သက်သာရာ ရသွားပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါတယ် ‘တော်သေးတယ်၊ နတ်ဆိုးဧကရာဇ်က ငါ သူ့သားကို သတ်လိုက်တာ မသိလို့၊ မဟုတ်ရင် မလွယ်ဘူး..’
ဟန်ကျွယ်ဟာ ဆက်မေးပါတယ် “ဟင်းလင်းပြင်ဧကရာဇ်က အမှောင်သခင်ကြီးကို ဘာနည်းလမ်းသုံးပြီး ခြေရာခံတာလဲ”
[သက်တမ်း သန်း၁၀၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဒီကိစ္စက သူ့အသက်နဲ့ ဆက်စပ်နေတဲ့အတွက် ဟန်ကျွယ်ဟာ ဒီမေးခွန်းကို မမေးလို့ မရပါဘူး။ ဒီအချိန်မှာပဲ ဟန်ကျွယ် မြင်ကွင်းဟာ ချာချာလည်သွားပြီး ဟန်ကျွယ်ဟာ မှောင်မိုက်တဲ့ နန်းတော်တစ်ခုကို ရောက်သွားပါတယ်။
ဟင်းလင်းပြင်ဧကရာဇ်ဟာ ဖျာပေါ်မှာ ထိုင်နေပြီး သူ့ရှေ့မှာတော့ ကျောက်စိမ်းပြားတစ်ခု ပေါလောမျောနေပါတယ်။ ဟင်းလင်းပြင်ဧကရာဇ်က မေးလိုက်ပါတယ် “ငါ အမှောင်သခင်ကြီး ဘယ်မှာလဲဆိုတာ သိချင်တယ်၊ သူက ဘယ်သူလဲ”
ကျောက်စိမ်းပြားဟာ လည်ပတ်သွားပြီး အထဲကနေ အသံဩဩကြီးတစ်သံ ထွက်ပေါ်လာပါတယ် “ဖန်တီးရှင် ကျောက်စိမ်းပြားက တစ်ခါပဲ သုံးလို့ရတယ်၊ သုံးပြီးတာနဲ့ ကျောက်စိမ်းပြားက အရည်ပျော်ကျသွားလိမ့်မယ်၊ သုံးချင်တာ သေချာလား”
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘ဒီဟာက ဘယ်လိုလုပ်ပြီး စနစ်နဲ့ သွားဆင်တူနေတာလဲ’
ဟင်းလင်းပြင်ဧကရာဇ်ဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ် “သုံးမယ်၊ ခမည်းတော်က အမှောင်သခင်ကြီးကြောင့် စိတ်မထိန်းနိုင်တော့ဘူး၊ ငါ ဆက်မစောင့်နိုင်တော့ဘူး”
ကျောက်စိမ်းပြား လည်ပတ်တာ ပိုမြန်လာပြီး အတန်ကြာတဲ့အခါမှာတော့ ပြန်နှေးသွားပါတယ်။ အဲဒီနောက် အသံဩဩကြီး ထွက်ပေါ်လာပါတယ် “ငါ အမှောင်သခင်ကြီးကို တွက်ချက်လို့မရဘူး၊ ဒီနာမည်က အစစ်အမှန် မဟုတ်ဘူး၊ ဒါမှမဟုတ် သက်ရှိအားလုံးကို နာမည်ပေးထားတာ ဖြစ်လိမ့်မယ်၊ လောလောဆယ် အမှောင်သခင်ကြီးနာမည်နဲ့ အဓိကခန္ဓာကိုယ်ကြားမှာ ဘာကံတရားမှ မရှိဘူး”
ဟင်းလင်းပြင်ဧကရာဇ်ဟာ မျက်လုံးပြူးသွားပါတယ် “သူ့ကို လုံးဝရှာလို့ မရဘူးလား”
“အမှောင်သခင်ကြီး မွေးဖွားတဲ့နေရာကိုတော့ တွက်ချက်နိုင်တယ်၊ အမှောင်သခင်ကြီးက ကျိန်စာကိုသုံးပြီး နာမည်ကျော်လာတာဆိုတော့ ကျိန်စာရဲ့ အရင်းအမြစ်ကိုတော့ တွက်ချက်နိုင်တယ်၊ နေရာအတိအကျကိုတော့ မင်းဘာသာရှာ၊ ငါ တွက်ချက်လို့ မရဘူး”
“ရတယ်၊ ဘယ်နေရာလဲဆိုတာသာ မြန်မြန်ပြော...” ဟင်းလင်းပြင်ဧကရာဇ်က လောလိုက်ပါတယ်။
ဖန်တီးရှင် ကျောက်စိမ်းပြားဟာ အစိမ်းရောင် အလင်းတန်းအသွင် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ဧကရာဇ်ရဲ့ စိတ်ထဲကို ဝင်ရောက်ပျောက်ကွယ်သွားပါတယ်။ အဲဒီနောက် မြင်ကွင်းတစ်ခုလုံး ပြိုကွဲပြီး ဟန်ကျွယ်ရဲ့ သိစိတ်ဟာ အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။
‘ဖန်တီးရှင် ကျောက်စိမ်းပြား... တစ်ခါသုံးမိုလို့ တော်သေးတယ်၊ နို့မို့ဆို မလွယ်ဘူး၊ နေအုန်း... ဖန်တီးရှင် ကျောက်စိမ်းပြားက တစ်ခုတည်း မကလောက်ဘူး၊ နတ်ဆိုးဧကရာဇ်မှာ ဘယ်နှခုတောင် ရှိနေတာလဲ’
ဟန်ကျွယ်ဟာ အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပါတယ်။
‘မဖြစ်ဘူး... ငါ နတ်ဆိုးဧကရာဇ်ကို သတ်ဖို့ နည်းလမ်းရှာရမယ်၊ မဟုတ်ရင် အနာဂတ်မှာ ငါ အေးအေးဆေးဆေး ကျင့်ကြံလို့ရမှာ မဟုတ်ဘူး’
မြန်မာပြည် ငြိမ်းချမ်းပါစေ။