ကောင်းကင်ဘဝဂ် ကျင့်ကြံသူ၏ သတ်ဖြတ်ငွေ့၊ အကူအညီတောင်းသော ကျန်းယီ
Vol. 29 Ch. 336
အရိပ်နက်ဟာ လက်ချောင်းတွေနဲ့ အတန်ကြာအောင် ဆက်တွက်ကြည့်ပေမဲ့ မူမမှန်တာ ဘာမှမတွေ့ပါဘူး။ အဲဒီနောက် အရိပ်နက်ဟာ နွေဦးပင်လယ်ကို နတ်အာရုံနဲ့ စစ်ဆေးလိုက်တဲ့အခါမှာ လေလွင့်သရဲတွေကလွဲရင် တခြားဘာမှကို ရှာမတွေ့ပါဘူး။ ဒါကြောင့် အရိပ်နက်ဟာ သက်ပြင်းတစ်ချက်ချပြီး ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ကတော့ တာအိုဟောကြားတာနဲ့ အလုပ်ရှုပ်နေတဲ့အတွက် ပြင်ပကမ္ဘာကို ဂရုမစိုက်အားပါဘူး။ နောက်ပြီး ကောင်းကင်ဘဝဂ်အဆင့်အောက်က ကျင့်ကြံသူတွေ တာအိုစက်ကွင်းကို ရှာတွေ့ဖို့က မဖြစ်နိုင်သလောက် ရှိတဲ့အတွက် ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်း ပတ်ဝန်းကျင်က ကျင့်ကြံသူတွေကို အချိန်တိုင်း စစ်ဆေးမနေပါဘူး။
တစ်နှစ်ကြာပြီးနောက်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “မင်းတို့တွေ အခုလိုမျိုး ကြိုးကြိုးစားကျင့်ကြံတဲ့ စိတ်ဓာတ်ကို ဆက်ထိန်းသိမ်းထားချည်၊ မပျင်းကြနဲ့၊ ငါ မဟာဆန်းကြယ်စွမ်းအားသုံးပြီး ဒီကျွန်းကို ဖျောက်ထားတယ်ဆိုပေမဲ့ လုံးဝကြီး လုံခြုံနေတာ မဟုတ်ဘူး၊ အနာဂတ်မှာ စွမ်းအားကြီးမားတဲ့ ရန်သူတွေ အန္တရာယ်များတဲ့ အတိဒုက္ခတွေကို ကြုံတွေ့ရနိုင်တယ်၊ အဲဒီအချိန်ကျရင် မင်းတို့တွေ ငါနဲ့အတူ ရန်သူကို တိုက်ခိုက်နိုင်ဖို့ မျှော်လင့်တယ်၊ တစ်နေ့ကျရင် ငါတို့တွေ မဟာတာအိုကို အတူတူ ရယူကြတော့ပေါ့”
‘မဟာတာအိုကို ရယူမယ်’ ဒီစကားလုံးတွေက လူတိုင်းရဲ့သွေးတွေကို ဆူပွက်သွားစေပါတယ်။ သူတို့တွေဟာ တခြားလူက ဒီစကားပြောရင် ယုံကြည်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ပါးစပ်က ထွက်လာရင်တော့ ကျိန်းသေပေါက် ယုံကြည်ချက် ရှိကြပါတယ်။
ဟန်ကျွယ်ရဲ့ အရည်အချင်းက ယုတ္တိမရှိလောက်အောင်ကို အားကောင်းလွန်းတာပါ။ ဟန်ကျွယ်နောက် လိုက်တာက သူတို့ကို ဘာမှမခံစားရစေပါဘူး။ ဒီလိုမဟုတ်ဘဲ ဟန်ကျွယ်နားက ထွက်ခွာမှာသာ ကြမ္မာငင်ကြတာပေါ့။ ပဋိပက္ခကောင်းကင်ခွေးက အဓိကဥပမာပါပဲ။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး ထွက်ခွာသွားပါတယ်။ တစ်ချိန်တည်းမှာပဲ လွီဟွာရွှီကို အသွင်တူ လက်ရည်စမ်းပွဲထဲ ဆွဲထည့်လိုက်ပါတယ်။ နှစ်တွေကြာပြီ ဖြစ်တဲ့အတွက် လွီဟွာရွှီဟာ သူ့ကိုယ်သူ တိတ်ဆိတ်ဂိုဏ်းသား တစ်ယောက်လို့ မှတ်ယူထားပြီးပါပြီ။
ဟန်ကျွယ်ဟာ လွီဟွာရွှီရဲ့ ဘဝဟောင်းကို ဂရုမစိုက်ပါဘူး။ လက်ရှိဘဝကိုပဲ ဂရုစိုက်ပါတယ်။ ခရမ်းရောင်ကြယ်ဧကရာဇ်သာ တိတ်ဆိတ်ဂိုဏ်းထဲ ဝင်လာမယ်ဆိုရင် တိတ်ဆိတ်ဂိုဏ်းရဲ့ အင်အားက နောက်တစ်ဆင့် တိုးသွားမှာပါ။
ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ရောက်တဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်း သူ့သိစိတ်ကို လောကဦးကမ္ဘာထဲ ဆွဲထည့်လိုက်ပြီး ကမ္ဘာဖျက်ကြာနက်ကို အကဲခတ်ပါတယ်။ လောကဦးချီရဲ့ သန့်စင်မှုကြောင့် ကမ္ဘာဖျက်ကြာနက်ရဲ့ သေးငယ်တဲ့ အပိုင်းအစတစ်ခုက ခရမ်းရောင် ပြောင်းသွားပါပြီ။
ဒီနှုန်းနဲ့သာ ဆက်သွားမယ်ဆိုရင် ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ကို လုံးဝထိန်းချုပ်နိုင်ဖို့အတွက် အတော်ကြာအုန်းမှာပါ။ မြန်မယ်ဆိုရင်တောင် အနည်းဆုံး နှစ်ရာချီကြာပြီး နှေးမယ်ဆိုရင်တော့ နှစ်တစ်ထောင်လောက် ကြာမှာပါ။ ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှု တိုးတက်လာတာနဲ့အမျှ ကမ္ဘာဖျက်ကြာနက်ရဲ့ အသွင်ပြောင်းလဲမှုကလည်း ပိုမြန်ဆန်လာဖို့ မျှော်လင့်နေပါတယ်။
အနန္တကမ္ဘာမှာ အနန္တကပ်ဘေး ကျရောက်နေပေမဲ့ အချိန်ကတော့ ပုံမှန်အတိုင်း ဆက်သွားနေပါတယ်။ အင်မော်တယ်ကမ္ဘာရဲ့ အကုသိုလ်ကံကလည်း သေမျိုးကမ္ဘာထောင်ချီကို စတင်ပျံ့နှံ့လာပါတယ်။ အင်မော်တယ်တွေကလည်း အင်မော်တယ်ကမ္ဘာကနေ ပိုပိုပြီး ထွက်ပြေးတဲ့အတွက် ဝရုန်းသုန်းကားဖြစ်တာကလည်း ပိုပိုကျယ်ပြန့်လာပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို မနှောင့်ယှက်တော့ဘဲ စာအိတ်တွေကနေပဲ အခြေအနေကို စစ်ဆေးပါတော့တယ်။
နှစ်သုံးဆယ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ထုံးစံအတိုင်း နတ်ဆိုးဧကရာဇ်ကို ကျိန်စာတိုက်နေရင်း စာအိတ်တစ်အိတ် ရောက်လာတာကို တွေ့လိုက်ရပါတယ်။
[သင့်ကျိန်စာစွမ်းအားကြောင့် သင့်ရန်သူ နတ်ဆိုးဧကရာဇ်၏ ကောင်းကင်ဘဝဂ် တာအိုသီးသည် သတ်ဖြတ်ငွေ့ ကူးစက်သွား၏။]
ဟန်ကျွယ်ဟာ စာအိတ်ကိုကြည့်ပြီး တွေးကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ နတ်ဆိုးဧကရာဇ်ကို နည်းနည်းမှာ သနားညာတာနေမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ မုန်းတီးမှု ကြယ်ခြောက်ပွင့်က ကမ္ဘမကျေတဲ့ ရန်ငြိုးမို့လို့ပါ။
ပြောရမယ်ဆိုရင် ဟန်ကျွယ်ဟာ နတ်ဆိုးဧကရာဇ်နဲ့ မဟာအန္တိမခန်းမကလွဲရင် တခြားဘယ်နေရာမှာမှ မတွေ့ဖူးပါဘူး။ စကားပြောဖူးဖို့ဆိုတာက ပိုလို့တောင် ဝေးပါသေးတယ်။ အပြစ်တင်ရမယ်ဆိုရင်တော့ နတ်ဆိုးဧကရာဇ်နဲ့ သုံးစားမရတဲ့သား အိမ်ရှေ့မင်းသား တျန်ဇယ်ကိုပဲ အပြစ်တင်ရမှာပါ။
အိမ်ရှေ့မင်းသား တျန်ဇယ်သာ ဟန်ကျွယ်ကို ပြဿနာလာမရှာဘူးဆိုရင် ဟန်ကျွယ်ဟာ အိမ်ရှေ့မင်းသား တျန်ဇယ်ကို သတ်မိပြီး ကိုးမြီးနတ်ဆိုးဧကရီကို ရန်စမိမှာ မဟုတ်ပါဘူး။ ရန်ငြိုးရန်စသာ မရှိဘူးဆိုရင် ဟန်ကျွယ်ဟာ ကိုးမြီးနတ်ဆိုးဧကရီကိုလည်း ကျိန်စာတိုက်ပြီး သတ်မိမှာ မဟုတ်ပါဘူး။ ဒီလိုဆိုရင် နတ်ဆိုးဧကရာဇ်နဲ့ ဘာမှဖြစ်လာစရာ အကြောင်းမရှိပါဘူး။ ဟန်ကျွယ်ဟာ ဒီရန်ငြိုးစက်ဝန်းက ဘယ်အချိန်ကျမှ အဆုံးသတ်မလဲဆိုတာ တွေးမိသွားပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်ဘက်ကတော့ ရပ်တန့်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ အများကြီးမတွေးဘဲ စာအိတ်တွေကို ဆက်ပြီးတော့ ဖတ်ပါတယ်။
နှစ်ဝက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို ခံစားလိုက်ရတာကြောင့် ရွှေကျီးကန်း တိုကင်ကို ထုတ်ယူလိုက်ပါတယ်။ အဲဒီနောက် ရွှေကျီးကန်းတိုကင်ထဲ နတ်အာရုံ စေလွှတ်ပြီး မေးလိုက်ပါတယ် “ဘာကိစ္စလဲ”
တစ်ဖက်မှာရှိတဲ့ ကျန်းယီက ပြန်ဖြေပါတယ် “မင်း ငါ့ကို ကယ်ပေးပါလား”
“မရဘူး”
အဲဒီနောက် နှစ်ဖက်စလုံး တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ်ဟာ ကျန်းယီရဲ့ ခံစားချက်ကို ထောက်ထားပြီး မေးလိုက်ပါတယ် “ဘယ်သူက မင်းကို ဖမ်းထားတာလဲ၊ မင်းကလဲ တာအိုအရှင်သခင်နဲ့ အတူတူပါပဲလား”
ကျန်းယီက တအံတဩ ပြန်မေးပါတယ် “မင်းက တာအိုအရှင်သခင်ကို သိတာလား”
“သိတယ်၊ သူလည်း ငါ့ဆီက အကူအညီတောင်းတာပဲ၊ အဲဒါကြောင့် ကောင်းကင်ဧကရာဇ်ကို ကယ်ခိုင်းလိုက်တာ၊ သူက အခု ကောင်းကင်ရုံးတော်ထဲ ရောက်သွားပြီ၊ မင်းကကော ကောင်းကင်ရုံးတော်ထဲ ဝင်မှာလား”
ကျန်းယီဟာ တိတ်ဆိတ်သွားပြီး တော်တော်လေးလည်း မျက်နှာပူသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းက ဟန်ကျွယ်ကို အင်မော်တယ်ကမ္ဘာကနေ ထွက်သွားဖို့ သူကိုယ်တိုင်ပဲ ဖျောင်းဖျခဲ့တာကြောင့်ပါ။ ဒါပေမဲ့ ဟန်ကျွယ်က ငြင်းဆန်ခဲ့တာကြောင့် ကျန်းယီဟာ ဟန်ကျွယ်ကို အထင်အမြင် သေးသွားခဲ့ပါတယ်။
ဒါပေမဲ့ အခုအချိန်မှာတော့...။
ကျန်းယီဟာ ချောင်းတစ်ချက်ဟန့်ပြီး ပြောလိုက်ပါတယ် “ငါ အဖမ်းခံထားရတာ မဟုတ်ဘူး၊ ပိတ်မိနေရုံပဲ၊ ဒီနေရာက တော်တော်လေး လျှို့ဝှက်ဆန်းကြယ်တဲ့ တားမြစ်နယ်မြေတစ်ခု၊ ငါ လွတ်လမ်းမတွေ့လို့ အခုလို အကူအညီတောင်းရတာ”
ဟန်ကျွယ်က တအံတဩ မေးလိုက်ပါတယ် “မင်း ငါ့ကိုတောင် ဆက်သွယ်နိုင်သေးတာပဲ၊ ဘာလို့ နတ်ရွှေကျီးကန်း မိသားစုကို မဆက်သွယ်တာလဲ”
“ငါ မင်းကို ပေးထားတဲ့ တိုကင်က ထိပ်တန်း ဆက်သွယ်ရေး ဝိညာဉ်ရတနာ၊ ဒီတိုကင်တစ်စုံက အချင်းချင်းပဲ ဆက်သွယ်လို့ရတာ၊ တခြားတိုကင်တွေက အဆင့်နိမ့်တော့ ဆက်သွယ်လို့ မရဘူး”
“ဒါဆို မင်းက ဘယ်မှာလဲ”
“ငါက နတ်ဘုံ အဆုံးသတ်အပျက်အစီးရဲ့ အမှောင်ထုညွန့်အိုင်မှာ”
“ကောင်းပြီ၊ ငါ နတ်ရွှေကျီးကန်း မိသားစုကို ဆက်သွယ်ပြီး သတင်းစကား ပါးပေးမယ်၊ မင်းကို ငါလာကယ်ဖို့ကတော့ မဖြစ်နိုင်ဘူး၊ ငါက အရမ်းအားနည်းတော့ ဘာမှ မတက်နိုင်ဘူး”
“ကျေးဇူးပါပဲ...”
ကျန်းယီဟာ ဟန်ကျွယ်ကို ကြိမ်းမောင်းချင်ပေမဲ့ ကြိမ်းမောင်းရဲတဲ့ မျက်နှာ မရှိပါဘူး။ နောက်ပြီး ဟန်ကျွယ်ကလည်း သူ့အပေါ်ကို ဘာအကြွေးမှ တင်မထားပါဘူး။
နတ်အာရုံကို ဖြတ်တောက်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်နဲ့ ကောင်းကင်ဧကရာဇ်ကို ဆက်သွယ်ပြီး နတ်ရွှေကျီးကန်းမိသားစုကို စကားပါးဖို့ အကူအညီ တောင်းလိုက်ပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ ချက်ချင်းပဲ သဘောတူလိုက်ပါတယ်။ ဒါ့အပြင် ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်နဲ့ ကျန်းယီရဲ့ ဆက်ဆံရေးကိုလည်း မစပ်စုပါဘူး။
ဒါကလည်း ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ဟန်ကျွယ်ရှိတဲ့ သေမျိုးကမ္ဘာကို ကျန်းယီ လာလည်ကတည်းက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ကောင်းကင်ဧကရာဇ်က သတိထားမိလောက်ပြီးပါပြီ။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ပြန်သိမ်းပြီး တွေးလိုက်ပါတယ် ‘ငါ တက်နိုင်သလောက်တော့ လုပ်ပေးပြီးပြီ၊ အကောင်းဆုံး ဖြစ်လာဖို့ မျှော်လင့်ရတာပဲ’ အဲဒီနောက် ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ်။ ဟန်ကျွယ်ဟာ အခုထိ ကျန်းယီရဲ့ အတွေးတွေကို နားမလည်နိုင်သေးပါဘူး။
ကျန်းယီဟာ နတ်ရွှေကျီးကန်း မိသားစုရဲ့ အသန်မာဆုံး ပါရမီရှင်ပါ။ ဒါပေမဲ့လည်း ကျန်းယီဟာ အေးအေးဆေးဆေး ဂူအောင်းမကျင့်ကြံဘဲ လျှောက်သွားပြီး အခွင့်အရေး ရှာနေတုန်းပါ။ ဒီလောက် အခွင့်အရေး လိုက်ရှာတာတောင် ကျန်းယီရဲ့ ကျင့်ကြံမှုက အင်မော်တယ်ဧကရာဇ် ဒုတိယအဆင့်မှာပဲ ရှိနေပါသေးတယ်။ အေးအေးဆေးဆေး ကျင့်ကြံတဲ့ ဟန်ကျွယ်ကတော့ ကျန်းယီထက် တော်တော်လေး သာသွားပါပြီ။
မဟာတာအိုရဲ့ လမ်းမှန်က ကျင့်ကြံခြင်းပဲ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ သူ့စရိုက် အစစ်အမှန်ကို ဘယ်တော့မှ မမေ့ဖို့ သူ့ကိုယ်သူ သတိပေးလိုက်ပါတယ်။ မဟုတ်ရင် ကျန်းယီနဲ့ ဂျိရှင်းရှန်လိုမျိုး ဒုက္ခရောက်မှာပါ။
အစွမ်းထက်ဆုံး ပါရမီရှင်က အစွမ်းထက်ဆုံး ကျင့်ကြံသူ မဖြစ်နိုင်ပါဘူး။
ဓားတာအိုမြစ်ထဲမှာ ကျင့်ကြံအားထုတ်နေတဲ့ လျူပေ့ဟာ ရုတ်တရက် မျက်လုံးဖွင့်လိုက်တဲ့အခါ သူ့ဘေးနား လူတစ်ယောက် ရောက်နေတာကို အံဩဖွယ်ရာ တွေ့ရှိလိုက်ရပါတယ်။ လျူပေ့ဟာ လန့်သွားပြီး ချက်ချင်း မတ်တတ်ထရပ်ကာ မေးလိုက်ပါတယ် “ခင်ဗျားက ဘယ်သူလဲ”
ဒီနေရာမှာ ဟန်ကျွယ်သာ ရှိမယ်ဆိုရင် ကျိန်းသေပေါက် ကျေနပ်အံအားသင့်သွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူက ဓားတာအိုမြစ်ရဲ့ စောင့်ကြပ်သူဟောင်း ကျန်းကူရှင်း ဖြစ်နေလို့ပါပဲ။ ကျန်းကူရှင်းဟာ လျူပေ့ကို ခေါင်းစခြေဆုံး ကြည့်ပြီး မေးလိုက်ပါတယ် “ဟန်ကျွယ် ဘယ်မှာလဲ၊ မင်းမှာ သူ့ရောင်ဝါရှိတယ်၊ မင်းက သူ့ကိုယ်ပွားလား”
လျူပေ့ဟာ ရင်ထိတ်သွားပါတယ် “စီနီယာက ဘယ်သူလဲ”
“ကျန်းကူရှင်း... သူ့ကို ငါ့နာမည်ပြောလိုက်၊ သူ့ဘာသာ ငါ့ကို လာတွေ့လိမ့်မယ်” ကျန်းကူရှင်းဟာ မျက်နှာသေနဲ့ ပြောလိုက်ပါတယ်။
လျူပေ့လည်း တယ်လီပသီသုံးပြီး ဟန်ကျွယ်ကို ချက်ချင်း သတင်ပေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကျန်းကူရှင်း ပြန်လာတယ် ကြားတာနဲ့ ပထမဆုံး အံအားသင့်သွားပြီး နိုးနိုးကြားကြား ဖြစ်သွားပါတယ် ‘ဒီလောက်နှစ်အများကြီး အချုပ်နှောင်ခံရတာတောင် ငါ့အစ်ကိုတောင်က မပြောင်းလဲသေးဘူးလား၊ မဖြစ်ဘူး... ငါ ဘာမှမပြင်ဆင်ဘဲ သွားတွေ့လို့ မဖြစ်ဘူး’
ဟန်ကျွယ်ဟာ ဝိညာဉ်အပိုင်းအစ တစ်စကို ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ ချန်ထားလိုက်ပါတယ်။ ဒီလိုချန်ထားခဲ့တဲ့အတွက် အဓိကခန္ဓာကိုယ် သေသွားရင်တောင် ဟန်ကျွယ်ဟာ ပြန်ရှင်သန်နိုင်မှာပါ။
လိုအပ်တာတွေ ပြင်ဆင်ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ထဲကို တစ်ခါတည်း ခုန်ဝင်လိုက်ပါတယ်။ ကျန်းကူရှင်းဟာ ခန္ဓာကိုယ် ပြန်ရသွာပြီမို့ ဝတ်ရုံနက်ကို ဝင်ဆင်ထားပြီး ရေခဲလို အေးစက်တဲ့မျက်နှာ ရှိပါတယ်။ ကျန်းကူရှင်းရဲ့ ခန္ဓာကိုယ်တစ်ကိုယ်လုံးကလည်း ကြီးမားတဲ့ဖိအားတစ်ခု ထုတ်လွှတ်နေပါတယ်။
ကျန်းကူရှင်းဟာ ဟန်ကျွယ်ကို မြင်သွားတဲ့အတွက် ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်လည်း ကျန်းကူရှင်းနည်းတူ ပြုံးသွားပါတယ်။
ကျန်းကူရှင်းဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... မင်းက ဧကရာဇ်အဆင့်ထဲ တကယ် ရောက်လာပြီပဲ၊ ငါ မင်းကို လျှော့တွက်ခဲ့မိတာပဲ”
ဟန်ကျွယ်ဟာ ပြုံးပြီး ပြန်မေးလိုက်ပါတယ် “အစ်ကို.. ဘယ်လို လွတ်မြောက်လာတာလဲ”
ကျန်းကူရှင်းဟာ ခေါင်းခါလိုက်ပါတယ် “ငါ ထွက်ပြေးလာတာ မဟုတ်ဘူး၊ ငါ့နေရာကို ငါပြန်ရသွားပြီ၊ အခု မင်းဆီ လာလည်တာက အခွင့်အရေးတစ်ခု ပေးချင်လို့ပဲ”
‘အခွင့်အရေး’ ဟန်ကျွယ်ရဲ့ နှလုံးသားဟာ တင်းကြပ်သွားပါတယ် ‘ဒီအခွင့်အရေးက ပြဿနာဆိုတာ ကျိန်းသေတယ်’
မြန်မာပြည် ငြိမ်းချမ်းပါစေ။