တာအိုစက်ကွင်း အဆင့်မြှင့်တင်ခြင်း၊ ရွမ်လိန့်ကျောင်းတော် ဂိုဏ်းချုပ်
Vol. 29 Ch. 337
“ဘာအခွင့်အရေးလဲ၊ အစ်ကိုတော် အဆင်ပြေနေတာနဲ့တင် ကျွန်တော် ကျေနပ်ပါတယ်” ဟန်ကျွယ်ဟာ ခေါင်းခါပြီး ပြုံးလိုက်ပါတယ်။
ကျန်းကူရှင်းလည်း ပြုံးလိုက်ပါတယ် “ဒီအခွင့်အရေးက မရိုးရှင်းဘူး၊ တစ်ချက်တည်းနဲ့ နတ်မင်းအဆင့်ကို တက်လှမ်းနိုင်တယ်တဲ့ဟာ”
‘ဟင်... ဒီလိုစကားမျိုးကို ရင်းနှီးနေသလိုပဲ၊ ဟုတ်တယ်... တာအိုအရှင်သခင်ကလည်း ဒီလို ပြောခဲ့တာပဲ’ ဟန်ကျွယ်ဟာ ခေါင်းခါပြီး ပြောလိုက်ပါတယ် “ရတယ်၊ အနန္တကပ်ဘေးအတွင်းမှာ မြန်မြန်အောင်မြင်ဖို့ အလျင်လိုရင် ကပ်ဘေးကို လက်ယက်ခေါ်သလိုမျိုး ဖြစ်နေလိမ့်မယ်”
ကျန်းကူရှင်းဟာ ဟန်ကျွယ်စကားကို ကြားလိုက်ရတဲ့အတွက် အံအားသင့်ခြင်း မရှိပါဘူး။ ဒီလိုဖြစ်မယ်ဆိုတာက ကျန်းကူရှင်းက ကြိုတွေးပြီးသားပါ။
“ဒီအခွင့်အရေးက အန္တရာယ်မရှိဘူး၊ ဟင်းလင်းပြင်မှာ တည်ရှိပြီး ဓားတာအိုမြစ်နဲ့ ဆက်နွှယ်နေတယ်၊ မင်းက ဓားတာအိုမြစ် စောင့်ကြပ်သူပဲ၊ ဒီအခွင့်အရေးကို ရဖို့က ဘာမှမခက်ခဲဘူး” ကျန်းကူရှင်းက လေးလေးနက်နက် ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကျန်းကူရှင်းပြောတာကို နားလည်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အပြင်ထွက်ဖို့ လုံးဝ စိတ်ကူးမရှိပါဘူး “ဒီလိုဆို ကျွန်တော် ဓားတာအိုမြစ်ကို ပြန်ပေးမယ်လေ၊ အစ်ကိုတော်ပဲ ဒီအခွင့်အရေးကို ယူလိုက်ပါ၊ ကျွန်တော်က နတ်မင်းအဆင့်နဲ့ အလှမ်းဝေးပါသေးတယ်”
အမှန်အတိုင်း ပြောရရင် ဟန်ကျွယ်ဟာ ဓားတာအိုမြစ်ကို မလိုချင်ပါဘူး။ ဓားတာအိုမြစ်က တခြားသူတွေအတွက် အရေးပါပေမဲ့ ဟန်ကျွယ်အတွက်တော့ ဝန်ထုတ်ဝန်ပိုးတစ်ခုပါပဲ။ လျူပေ့ဟာ ဓားတာအိုမြစ်ကနေ ဓားတာအို ပါရမီရှင်တွေ အများကြီးကို သိကျွမ်းခဲ့ပေမဲ့လည်း သုံးစားမရပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ကွန်ရက်တစ်ခု တည်ဆောက်ဖို့ဆိုရင် အရင်ဆုံး တန်ရာတန်ကြေးတစ်ခု ပေးဆပ်ရမှာပါ။ ဒါပေမဲ့ လျူပေ့က သူရဲဘောကြောင်တော့ ကွန်ရက်တစ်ခု တည်ဆောက်ဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ပါဘူး။
ကျန်းကူရှင်းဟာ ဟန်ကျွယ်ကို စိုက်ကြည့်လိုက်ပါတယ် “မင်းက အဲဒီလောက်တောင် ကြောက်ရလား၊ ငါ့ကိုတောင် မယုံကြည်တော့ဘူးလား”
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် “မယုံတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ အန္တရာယ်ဆိုတာက ကျွန်တော်တို့တွေ ကြိုမြင်နိုင်တာမှ မဟုတ်တာ၊ ကျွန်တော် လုပ်နိုင်တာဆိုလို့ အန္တရာယ်တွေ့နိုင်မဲ့ ဖြစ်နိုင်ချေတွေကို တက်နိုင်သလောက် ကြိုတင်ရှောင်ရှားတာပဲ”
ကျန်းကူရှင်းဟာ တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ်လည်း ဘာမှဆက်မပြောဘဲ နေလိုက်ပါတယ်။
လျူပေ့ကတော့ ဟန်ကျွယ်နဲ့ ကျန်းကူရှင်းကို တိတ်တဆိတ် စိုက်ကြည့်နေပါတယ်။
အတန်ကြာတဲ့အခါမှာတော့ ကျန်းကူရှင်းက ပြောလိုက်ပါတယ် “ထားလိုက်ပါတော့၊ ငါ မင်းကို တွန်းအားမပေးပါဘူး၊ ဒီကိစ္စအပြင် ငါ မင်းကို ပြောစရာတစ်ခု ရှိသေးတယ်”
“ဘာကိစ္စလဲ”
“ဒီဓားတာအိုမြစ်က ဓားတာအိုကို ကောင်းကင်တာအို အသိအမှတ် ပြုလိုက်တဲ့အချိန်မှာ မွေးဖွားလာခဲ့တာ၊ အချိန်အကြာကြီး ဆင့်ကဲပြောင်းလဲပြီးနောက်မှာ ဒီဓားတာအိုမြစ်က ဓားကျင့်ကြံသူတွေ မဖြစ်မနေ လျှောက်လမ်းရမဲ့ လမ်းတစ်ခု ဖြစ်လာခဲ့တာပဲ၊ ဓားတာအိုမြစ်ရဲ့ ပထမဆုံး စောင့်ကြပ်သူက ကောင်းကင်တာအိုအောက်မှာ ဓားတာအိုကို ပထမဆုံး ကျင့်ကြံသူပဲ၊ သူက အခုထိ အသက်ရှင်နေသေးတယ်၊ ပြီးတော့ အရမ်းလည်း စွမ်းအားကြီးတယ်၊ မင်းသာ ဓားတာအိုမြစ်ကို မပျက်စီးအောင် ကာကွယ်နိုင်ရင် သူ့ရဲ့ အသိအမှတ်ပြုမှုကို ရရှိလိမ့်မယ်”
ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ် မြင်ကွင်းထဲမှာ စာကြောင်းသုံးကြောင်း ပေါ်လာပါတယ်။
[သင်သည် ဓားတာအိုမြစ်ကို စောင့်ကြပ်ရန် တာဝန်အား ရင်ဆိုင်နေရသဖြင့် အောက်ပါရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]
[၁။ တာဝန်အား လက်ခံ၍ ဓားတာအိုမြစ်ကို အကောင်းဆုံး ကာကွယ်စောင့်ရှောက်ပါ။ ဆုလာဘ်အဖြစ် အကောင်းစား ရတနာတစ်ပါးနှင့် မဟာတာအို အပိုင်းအစ တစ်စကို ရရှိမည်။]
[၂။ တာဝန်အား ငြင်းဆန်လျှင် ကောင်းကင်တာအိုအောက်ရှိ ပထမဆုံး ဓားကျင့်ကြံသူ၏ မုန်းတီးခြင်းကို ခံရလိမ့်မည်။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စနှင့် တာအိုစက်ကွင်း အဆင့်မြှင့်တင်ရန် အခွင့်အရေးတစ်ခု ရရှိမည်။]
ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ်။
‘ကောင်းကင်တာအို အောက်မှာ ပထမဆုံး ဓားကျင့်ကြံသူရဲ့ မုန်းတီးမှုနဲ့ တာအိုစက်ကွင်းကို အဆင့်မြှင့်တင်ဖို့ အခွင့်အရေးတစ်ခုဆိုပါလား’
‘ငါ့တာအိုစက်ကွင်းက အခုတောင် ကောင်းကင်ဘဝဂ်ကျင့်ကြံသူရဲ့ နတ်အာရုံကို ဟန့်တားနိုင်တာဆိုတော့ အဆင့်မြှင့်တင်လိုက်ရင် ကောင်းကင်ဘဝဂ်အဆင့် အထက်က ကျင့်ကြံသူရဲ့ နတ်အာရုံကို ဟန့်တားနိုင်မှာလား’ ဟန်ကျွယ်ဟာ တာအိုစက်ကွင်းကို အဆင့်မြှင့်တင်ချင်ပေမဲ့လည်း ကောင်းကင်တာအိုအောက်က ပထမဆုံး ဓားကျင့်ကြံသူရဲ့ စွမ်းအားက ဘယ်လောက်ရှိလဲ မသိတဲ့အတွက် ချီတုံချတုံ ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ သိချင်တဲ့ဟန်ဆောင်ပြီး မေးလိုက်ပါတယ် “ကောင်းကင်တာအိုအောက်မှာ ပထမဆုံး ဓားကျင့်ကြံသူက ကောင်းကင်ဘုံ ၃၃ ဘုံမြောက်မှာ နေတာလား”
ကျန်းကူရှင်းဟာ ခေါင်းခါလိုက်ပါတယ် “မဟုတ်ဘူး၊ သူက နတ်ဘုံရဲ့ အဆုံးသတ် အပျက်အစီးမှာ နေတာ”
‘အို... ဒီလိုဆို သူက ဘိုးဘေးရှီတျန်လောက် မစွမ်းပုံပဲ’
ဟန်ကျွယ်က လေးလေးနက်နက် ပြောလိုက်ပါတယ် “အစ်ကို... အစ်ကိုက သူ့ကို သိမှတော့ ဘာလို့ ဓားတာအိုမြစ်ကို ပြန်မယူတာလဲ၊ ကျွန်တော်က အရမ်းကြောက်တက်တော့ ဒီကိစ္စက ကျွန်တော်အတွက် မဖြစ်နိုင်ဘူး၊ နောက်ပြီး ကျွန်တော်က ကောင်းကင်ရုံးတော်ကဆိုတော့ ကျွန်တော်သာ ဒီဓားတာအိုမြစ်ကို ဆက်ပြီးတော့ စောင့်ကြပ်မယ်ဆိုရင် ပြဿနာတက်စေမိမှာ ကြောက်တယ်၊ အဲဒါကြောင့် အစ်ကိုတော်ပဲ ဒီဓားတာအိုမြစ်ကို ဆက်ပြီးတော့ စောင့်ကြပ်လိုက်ပါ”
ကျန်းကူရှင်းဟာ မျက်စိမှေးသွားပါတယ် “မင်းက ငါ့ကို ငြင်းဆန်နေတာလား”
ဟန်ကျွယ်ဟာ မချိုပြုံး ပြုံးလိုက်ပါတယ် “အစ်ကို... ကျွန်တော် လုံးဝမဖြစ်နိုင်ဘူး၊ အေးချမ်းတဲ့အချိန်ဆို ကျွန်တော် ကျိန်းသေပေါက် ကူညီမှာပါ၊ ဒါပေမဲ့ အခုအချိန်က အနန္တကပ်ဘေးအတွင်းမှာ၊ နောက်ပြီးတော့ ဒီဓားတာအိုမြစ်ကို စောင့်ကြပ်တဲ့တာဝန်ကလည်း ကျွန်တော် ထမ်းဆောင်ချင်ခဲ့တဲ့ဟာ မဟုတ်ဘူး၊ အစ်ကိုက ကျွန်တော်ကို အတင်းထမ်းဆောင်ခိုင်းခဲ့တာ၊ အခု အစ်ကို ပြန်လာပြီဆိုတော့ ဓားတာအိုမြစ်ကို အစ်ကိုပဲ ဆက်ပြီးတော့ စောင့်ကြပ်လိုက်ပါ”
[သင်သည် ဓားတာအိုမြစ်ကို စောင့်ကြပ်ရန် တာဝန်အား ငြင်းဆန်ခဲ့သည့်အတွက် မဟာတာအို အပိုင်းအစတစ်နှင့် တာအိုစက်ကွင်း အဆင့်မြှင့်တင်ရန် အခွင့်အရေးတစ်ခုအား ရရှိပါသည်။]
[သင့်တာအိုစက်ကွင်းအား အဆင့်စမြှင့်နေပါပြီ။]
ဟန်ကျွယ်ဟာ ရင်တထိတ်ထိတ် ဖြစ်နေပါတယ် ‘အဲဒီစွမ်းအားကြီးပုဂ္ဂိုလ်က ငါ့ကို တကယ်ကြီး မုန်းတီးသွားမှာလား’
[လီမူယီသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်တစ်ပွင့်။]
‘ကြယ်တစ်ပွင့်တည်းလား၊ ဒါဆို ဘာမှမဖြစ်တော့ဘူး’ ဟန်ကျွယ်ဟာ ရင်ထဲက အလုံးကြီး ကျသွားပါတယ်။
ကျန်းကူရှင်းက မတက်နိုင်တဲ့လေသံနဲ့ ပြောလိုက်ပါတယ် “ထားလိုက်ပါတော့၊ ဒီလိုဆိုမှတော့ ဓားတာအိုမြစ်ကို ငါ့ဆီ ပြန်ပေးတော့”
ဟန်ကျွယ်ဟာ ခေါင်းညိတ်လိုက်ပါတယ်။ ဓားတာအိုမြစ်ကို စောင့်ကြပ်ဖို့ မလိုတော့တဲ့အတွက် ဟန်ကျွယ်ဟာ လျူပေ့ကို တိတ်ဆိတ်ကျွန်းဆီ ပြန်ခေါ်သွားလို့ရပါပြီ။ ဒီလိုဆိုရင် တိတ်ဆိတ်ကျွန်းရဲ့ တိုက်ခိုက်နိုင်စွမ်းက တော်တော်လေး တိုးတက်သွားမှာပါ။
ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းကို ပြန်ရောက်တဲ့အခါ လူတိုင်းနဲ့ လျူပေ့ကို မိတ်ဆက်ပေးပါတယ်။ ဒါပေမဲ့ လျူပေ့က သူ့ကိုယ်ပွားဆိုတာကိုတော့ ထုတ်မပြောဘဲ ဖုံးကွယ်ထားပါတယ်။
ဆဋ္ဌမအဆင့် အင်မော်တယ်ဧကရာဇ်တစ်ပါး ထပ်တိုးလာတာကြောင့် တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ စိတ်လှုပ်ရှားသွားကြပါတယ်။ ဒါပေမဲ့ ငရဲနက်နတ်ဆိုးသခင်ကတော့ လျူပေ့ကိုကြည့်ပြီး ထူးထူးဆန်းဆန်း ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လျူပေ့ရဲ့ခန္ဓာကိုယ်က တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ ခန္ဓာကိုယ်မှန်း ငရဲနက်နတ်ဆိုးသခင် သိနေလို့ပါပဲ။
‘တိုက်တိုင်းအောင်ဗုဒ္ဓက သေမျိုးကမ္ဘာနားက ဟင်းလင်းပြင်မှာ သေသွားတယ်လို့ ပြောကြတယ်၊ ဒါပေမဲ့ အခုကြည့်ရတာ တိုက်တိုင်းအောင်ဗုဒ္ဓက သေချင်ယောင်ဆောင်ပြီး တိတ်ဆိတ်ဂိုဏ်းထဲ ဝင်လိုက်ပုံပဲ၊ ဒါဖြစ်နိုင်တယ်၊ တိုက်တိုင်းအောင်ဗုဒ္ဓနဲ့ ဗုဒ္ဓဂိုဏ်းက သိပ်မှမတည့်တာ’
ငရဲနက်နတ်ဆိုးသခင်ဟာ အများကြီး မတွေးရဲပါဘူး။ တချို့အရာတွေက ထုတ်မပြောလေ ကောင်းလေပဲ မဟုတ်ပါလား။
ဟန်ကျွယ်က သူ့အပေါ် ကောင်းတယ်ဆိုပေမဲ့ ငရဲနက်နတ်ဆိုးသခင်ဟာ စည်းမကျော်ရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က စိတ်ပိုင်းဖြတ်လိုက်ပြီဆိုရင် ရန်သူကို အခွင့်အရေး တစ်ချက်ကလေးတောင် မပေးဘဲ အသေသတ်လို့ပါ။
ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်တဲ့အခါမှာတော့ ဟန်ကျွယ်ဟာ လီမူယီရဲ့ အချက်အလက်ကို စစ်ဆေးလိုက်ပါတယ်။
[လီမူယီ: ကျင့်ကြံမှုမသိ။ တာအိုဖြတ်ကျော် ဆရာကြီး။ ရွမ်လိန့်ကျောင်းတော် ဂိုဏ်းချုပ်။ ဓားတာအို ဖန်တီးရှင်။ ဓားတာအိုမြစ်အား ကာကွယ်စောင့်ရှောင်ရန် ငြင်းဆန်ခဲ့သောကြောင့် လီမူယီသည် သင့်အား အဆိုးမြင်သွား၏။ လီမူယီသည် သင့်စရိုက်က ဓားတာအိုနဲ့ မထိုက်တန်ဟု ယူဆထား၏။ လက်ရှိ မုန်းတီးမှု: ကြယ်တစ်ပွင့်။]
‘ဂလု... တာအိုဖြတ်ကျော် ဆရာကြီးလား... ဒါဆို ဘိုးဘေးရှီတျန်နဲ့ အဆင့်တူတူပဲပေါ့၊ နောက်ပြီး သူက ရွမ်လိန့်ကျောင်းတော်ရဲ့ ဂိုဏ်းချုပ်ဆိုတော့ လီတောက်ခုံးနဲ့ လီရွှမ်အောက်ရဲ့ ဆရာသခင်ပေါ့’
ဟန်ကျွယ်ဟာ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားပါတယ်။ ကံကောင်းတစ်ခုက မုန်းတီးမှု ကြယ်တစ်ပွင့်တည်း ဖြစ်နေတာပါ။ ဟန်ကျွယ်ဟာ ဓားကျင့်ကြံသူ မဖြစ်ရလည်း ကိစ္စမရှိပါဘူး။ ပစ်မှတ်ထားပြီး ပြဿနာရှာမခံရရင် တော်ပါပြီ။ ဟန်ကျွယ်လိုချင်တာ အေးအေးချမ်းချမ်း ကျင့်ကြံဖို့ပဲ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ တာအိုစက်ကွင်း အဆင့်မြှင့်လို့ ပြီးတဲ့အချိန်ကို စောင့်မျှော်နေပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ထင်ထားတာထက် အချိန်ပိုကြာနေပါတယ်။ ဆယ်နှစ်ကြာတာတောင် တာအိုစက်ကွင်းက အဆင့်မြှင့်တင်လို့ မပြီးသေးပါဘူး။ ဒါပေမဲ့ တိတ်ဆိတ်ကျွန်းရဲ့ အင်မော်တယ်ချီကတော့ ဆက်တိုက် တိုးတက်လာပါတယ်။
ဟန်ကျွယ်ဟာ အင်မော်တယ်ချီကို ဂရုမစိုက်ပါဘူး။ ဟန်ကျွယ် ဂရုစိုက်တာက တာအိုစက်ကွင်းရဲ့ ခံနိုင်အားပါ။
ဆယ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ရင်း သူ့အကျင့်အတိုင်း စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် နတ်ဆိုးမျိုးနွယ်စုမှ အင်မော်တယ်ဧကရာဇ်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားပြီး နတ်ဆိုးလမ်းစဉ် သတ်ဖြတ်ငွေ့နှင့် မတော်တဆ ပေါင်းစပ်မိကာ ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မြေးတပည့် ဖန်းလျန်သည် နတ်ဆိုးဧကရာဇ်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီး ရှေးဟောင်းတားမြစ်ပညာရပ်ကို အသုံးပြုကာ သူ့ကန့်သတ်စည်းအား အားသုံးထိုးဖောက်လိုက်၏။ ]
[သင့်မိတ်ဆွေ ကျန်းယီသည် ကျိန်စာတိုက်ခိုက်ခံရ၏။]
[သင့်မိတ်ဆွေ ဟုတ်ထိုသည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးနှင့် တာအိုဆွေးနွေးပြီး ကောင်းကင်တာအို၏ အဓိပ္ပာယ်စစ်အား သိမြင်နားလည်သွား၏။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် ရှန်နန်းတော်အတွင်းသို့ ဝင်ရောက်ပြီး ကပ်ဘေးသခင် ဖြစ်သွား၏။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် ရွမ်လိန့်ကျောင်းတော်သို့ ဝင်ရောက်ပြီး ရွမ်လိန့်ကျောင်းတော်၏ ကံတရား အထောက်အပံ့အား ရရှိသွားသောကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
.....
‘အင်း... ဂျိရှင်းရှန်နဲ့ ဖန်းလျန်က လမ်းအတူလျှောက်နေတာလား၊ အစော်ခံရတာလည်း အတူတူပဲ၊ ကန့်သတ်စည်းကို ကျော်ဖြတ်တာကလည်း အတူတူပဲ’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် မပျော်မရွှင် ဖြစ်သွားပါတယ်။
ဂျိရှင်းရှန် ဘာပဲလုပ်လုပ် ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်က ဂရုမစိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဂျိရှင်းရှန် တိတ်ဆိတ်ဂိုဏ်းဝင် မဟုတ်လို့ပါပဲ။ ဒါပေမဲ့ တိတ်ဆိတ်ဂိုဏ်းဝင် ဖန်းလျန်က ဒီလိုမျိုး စိတ်လိုက်မာန်ပါ လျှောက်လုပ်နေတာကိုတော့ နည်းနည်းမှ ဘဝင်မကျပါဘူး ‘ဒီကောင်စုတ်လေး ပြန်လာရင် သေချာဆုံးမရမယ်’
ဟန်ကျွယ်ဟာ ဖန်းလျန်ကြောင့် သူပါ ပြဿနာထဲ ရောက်သွားမှာကို နည်းနည်းမှ မလိုချင်ပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။