ယင်ယန်ပြောင်းလဲခြင်း၊ ကျို့ယိုငရဲထဲဝင်ခြင်း
Vol. 29 Ch. 339
အငြိုးကြီးတဲ့ စိတ်ဝိညာဉ်တွေက နွေဦးပင်လယ်မှာ စုစည်းနေတဲ့အတွက် ဟန်ကျွယ်ဟာ နှစ်တိုင်းလိုလို တိတ်ဆိတ်ကျွန်းပတ်လည်က ကျင့်ကြံသူတွေကို စစ်ဆေးနေရပါတယ်။
ခုနစ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ထုံးစံအတိုင်း စစ်ဆေးရင်း ရုတ်တရက် မျက်လုံးပြူးသွားပါတယ်။
[ဇုထူ: ကျင့်ကြံမှုမသိ။ ရှန်နန်းတော်သခင်။]
‘ဒီကောင်က ဘယ်လိုဖြစ်ပြီး ဒီရောက်နေတာလဲ’ ဟန်ကျွယ်ဟာ ရင်ထိတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇုထူက အနန္တကပ်ဘေးမှာ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်ဖြစ်ပြီး ကျို့ယိုငရဲကို ဖွင့်ခဲ့တဲ့လူမို့လို့ပါ။
‘ဒီကောင်က နွေဦးပင်လယ်မှာ သရဲတွေအများကြီးကို စုဝေးစေတာက အကွက်ကြီးကြီး ရွေ့ချင်တာလား မသိဘူး’
ဇုထူ ပေါ်လာတာကြောင့် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ မကျင့်ကြံရဲတော့ဘဲ ဘာဆက်ဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်နေပါတယ်။
နွေဦးပင်လယ်အထက် မိုင်တစ်သန်းအကွာမှာ အရိပ်နက်တစ်ခု လေပေါ် မျောနေပါတယ်။ ဒီအရိပ်နက်က တစ်ခြားသူ မဟုတ်ပါဘူး။ ဟန်ကျွယ် ကြောက်နေတဲ့ ဇုထူပါ။
ဇုထူဟာ ပတ်ဝန်းကျင်ကို နတ်အာရုံနဲ့ စစ်ဆေးပြီး ရေရွတ်လိုက်ပါတယ် “ထင်ထားသလို တကယ်ကို တစ်ယောက်မှ မရှိတာပဲ၊ ငါ့ကိုယ်ပွားလာတုန်းက ဘာမှမတွေ့လို့ ကျင့်ကြံမှုအဆင့် မလုံလောက်ဘူးလို့ ထင်ထားခဲ့တာ၊ အခုကြည့်ရသလောက်တော့ ကောင်းကင်လျှို့ဝှက်ချက်က မှားယွင်းနေပုံပဲ”
နောက်ထပ်နှစ်အနည်းငယ်မှာ ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်း ပတ်လည်က ကျင့်ကြံသူတွေကို စစ်ဆေးတိုင်း ဇုထူကို တွေ့ရပါတယ်။ ဇုထူဟာ အခုထိကို ထွက်မသွားသေးပါဘူး။ ကံကောင်းတာတစ်ခုက ဟန်ကျွယ်ရဲ့ တာအိုစက်ကွင်းဟာ တာအိုပညာရှိအတုရဲ့ နတ်အာရုံကို ဟန့်တားနိုင်တာပါ။
ဇုထူက ဘယ်လောက်ပဲ စွမ်းအားကြီးပါစေ တာအိုပညာရှိအတုထက်တော့ စွမ်းအားမကြီးနိုင်ပါဘူး။ ဒီလိုမဟုတ်ဘဲ ဇုထူက တာအိုပညာရှိအတုထက် စွမ်းအားကြီးနေရင် အချိန်ကုန်ခံပြီး အနန္တကပ်ဘေးထဲ ဝင်နေမှာ မဟုတ်ပါဘူး။
တာအိုပညာရှိအတုထက် စွမ်းအားကြီးတဲ့ တည်ရှိမှုက ဘိုးဘေးရှီတျန်လို တည်ရှိမှုမျိုးပါ။ သူတို့တွေဟာ အနန္တကပ်ဘေးရဲ့ လွှမ်းမိုးမှုကို လုံးဝ မခံစားရပါဘူး။
မျက်တောင်တစ်ခတ်အတွင်း ၁၄ နှစ် ကုန်ဆုံးသွားပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ ဇုထူဟာ စတင် လှုပ်ရှားပါတော့တယ်။
“ကျို့ယိုငရဲက အငြိုးဝိညာဉ်အပေါင်းတို့ မင်းတို့အကုန်လုံးဟာ အနန္တကပ်ဘေးမှာ ကျရှုံးခဲ့တဲ့သူတွေချည်းပဲ၊ မင်းတို့က ဒီရလဒ်ကို လက်မခံချင်မှန်း ငါသိတယ်၊ ဒါပေမဲ့ ငါ မင်းတို့အတွက် ဘာမှ မလုပ်ပေးနိုင်ဘူး၊ မင်းတို့ဘာသာပဲ ကြိုးစားမှရလိမ့်မယ်၊ မင်းတို့တွေ ပြန်လာချင်ရင် တစ်ခုတည်းသော နည်းလမ်းက သတ်ဖြတ်ပြီး ပြန်လာဖို့ပဲ”
“ငါကလည်း အနန္တကပ်ဘေးမှာ ကျရှုံးခဲ့တယ်၊ ဒီရလဒ်ကို ငါ လုံးဝ လက်မခံနိုင်ဘူး၊ ဒါကြောင့် ငါ ကောင်းကင်တာအိုကို တော်လှန်ဖို့ ဆုံးဖြတ်ထားတယ်၊ သက်ရှိတွေရဲ့ သခင်လို့ သူတို့ကိုယ်သူတို့ တင်စားခေါ်ဝေါ်တဲ့ အဲဒီတည်ရှိမှုတွေကို ငါတို့ ဟုတ်တျန်သက်ရှိတွေက နယ်ရုပ်မဟုတ်မှန်း သိစေရမယ်”
“နွေဦးပင်လယ်ကို လမ်းအဖြစ်သုံးပြီး မင်းတို့တွေ အကုန်လုံး သက်ရှိလောကကို ထိုးဖောက်ကြ၊ ပြီးရင် ကောင်းကင်ဘုံကိုးဘုံကို သွေးခင်းပြီး သွားကြမယ်၊ ဒါဆိုရင် ငါတို့တွေ ရှင်သန်ဖို့ အခွင့်အရေး ရလာလိမ့်မယ်”
ဇုထူရဲ့အသံဟာ စိတ်ဓာတ်တက်ကြွစေတဲ့အတွက် ဟန်ကျွယ်ရဲ့ သွေးတွေကိုတောင် ဆူပွက်သွားစေပါတယ်။ ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းအပြင်က သတ်ဖြတ်ငွေ့ဟာ တဟုန်ထိုး တိုးတက်လာပြီး ကောင်းကင်ယံကို ထိုးခွဲသွားတယ်လို့ ခံစားလိုက်ရပါတယ်။
တိတ်ဆိတ်ဂိုဏ်းသားတွေလည်း အပြင်ဘက်က စွမ်းအားကြီးပုဂ္ဂိုလ် ရှာတွေ့ခံရမှာ ကြောက်လန့်ပြီး စကားတစ်လုံးတောင် မပြောရဲကြပါဘူး။
“ဝုန်း”
ကမ္ဘာပျက်မတက် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး မရေမတွက်နိုင်တဲ့ မိစ္ဆာရောင်ဝါတွေဟာ နွေဦးပင်လယ်ထဲကနေ ထွက်ပေါ်လာပါတယ်။ သူတို့တွေအကုန်လုံးဟာ ကျို့ယိုငရဲကနေ လွတ်မြောက်လာတဲ့ အငြိုးကြီး စိတ်ဝိညာဉ်တွေပါ။ ဒီအငြိုးကြီး စိတ်ဝိညာဉ်တွေဟာ ဇုထူနောက်လိုက်ပြီး ငရဲပြည်ထိပ်ကို ပျံသန်းသွားကြပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ယံကို မော့ကြည့်လိုက်တဲ့အခါမှာ တောက်ပစူးရှတဲ့ အလင်းရောင် ထွက်ပေါ်လာပြီး အမြဲတမ်းမှောင်မိုက်နေတဲ့ ငရဲပြည်ကို နေ့ခင်းလို လင်းထိန်သွားစေပါတယ်။
ကောင်းကင်ယံကနေ ဆင်းသက်လာတဲ့ ထူးဆန်းတဲ့အင်အားကြောင့် ဟန်ကျွယ်ဟာ ခေါင်းမူးနောက်သွားပါတယ်။ အင်မော်တယ်ဧကရာဇ်ဖြစ်တဲ့ ဟန်ကျွယ်တောင် ခေါင်းမူးနောက်ရင် ကျန်တဲ့ တိတ်ဆိတ်ဂိုဏ်းသားတွေကတော့ ပြောစရာမလိုပါဘူး။
မဟာညီညွတ်မှု ရွှေအင်မော်တယ် အဆင့်အောက်မှာရှိတဲ့ တပည့်တွေဟာ မြေကြီးပေါ် လဲကျကုန်ပြီး ငရဲနက်နတ်ဆိုးသခင်၊ စန့်ရှီနဲ့ သွမ့်ဟုန်ချန်တို့ဟာ တုန်လှုပ်ချောက်ချားပြီး ပါးစပ်တောင် မဟရဲပါဘူး။
ငရဲပြည်တစ်ခုလုံး ဇောက်ထိုးမိုးမျှော် ဖြစ်သွားပါတယ်။
ဟန်ကျွယ်ဟာ ထိတ်လန့်သွားပါတယ် ‘ဒီဇုထူက ဘာလုပ်နေတာလဲ၊ ကျို့ယိုငရဲမှာရှိတဲ့ အငြိုးကြီး စိတ်ဝိညာဉ်တွေကို အင်မော်တယ်ကမ္ဘာဆီ ခေါ်တာနဲ့ ငရဲပြည်က ဘာလို့ ဒီလိုဖြစ်သွားရတာလဲ၊ သူက လောကနှစ်ခုကို ပြောင်းလဲချင်နေတာလား’
ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ ဒဏ္ဍာရီတစ်ခုကို တွေးမိသွားတာကြောင့် ပိုပြီးတော့ ရင်ထိတ်သွားပါတယ်။ ဟန်ကျွယ် ငရဲပြည်မှာ လာပုန်းနေတာက အင်မော်တယ်ကမ္ဘာရဲ့ စစ်ပွဲတွေကို ရှောင်တိမ်းချင်လို့ပါ။ တကယ်လို့သာ ငရဲပြည်က အင်မော်တယ်ကမ္ဘာ ဖြစ်လာခဲ့မယ်ဆိုရင်...။
ဟန်ကျွယ်ဟာ ဆက်ပြီးတော့ မတွေးရဲတော့ပါဘူး။ ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်းတစ်ခုလုံးကို ဝိညာဉ်စွမ်းအားနဲ့ ရစ်ပတ်ပြီး အချိန်မရွေး ထွက်ပြေးဖို့ အဆင်သင့် ဖြစ်နေပါတယ်။
ဒီအချိန်မှာပဲ....။
“ဟင်း...”
အေးစက်တဲ့ နှာခေါင်းရှုံ့သံ ထွက်ပေါ်လာပါတယ်။
ချက်ချင်းဆိုသလို ဇုထူရဲ့အသံလည်း ထွက်ပေါ်လာပါတယ် “အနန္တကပ်ဘေးက စတင်ခဲ့ပြီးပြီ၊ မင်းက ငါ့ကို တားချင်သေးတာလား၊ တာအိုဘိုးဘေး ထားခဲ့တဲ့စည်းမျဉ်းကို မေ့နေပြီလား”
နက်ရှိုင်းတဲ့အသံတစ်သံ ထွက်ပေါ်လာပါတယ် “ယင်ယန်က ပြောင်းလဲလို့ မရဘူး၊ ဒီကိစ္စကလွဲရင် ငါ ဝင်မပါဘူး”
ဇုထူက ဆက်မပြောပါဘူး။ တစ်ချိန်တည်းမှာပဲ ငရဲပြည်က သက်ရှိတွေကို မူးနောက်စေတဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းအားဟာလည်း ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်စိမှေးပြီး ငရဲပြည်ရဲ့ ကောင်းကင်ယံကို မော့ကြည့်လိုက်တဲ့အခါ အပေါက်ကြီးတစ်ပေါက်ကို တွေ့လိုက်ရပါတယ်။ ဒီအပေါက်ဟာ တောက်ပတဲ့ အလင်းရောင်တွေ ဖြာထွက်နေပြီး မရေမတွက်နိုင်တဲ့ အငြိုးကြီးစိတ်ဝိညာဉ်တွေဟာ တစ်ယောက်ပြီးတစ်ယောက် ပြေးဝင်ကြပါတယ်။ ဇုထူကတော့ အပေါက်ကြီးအောက်မှာ ရပ်ရင်း စောင့်ကြည့်နေပါတယ်။
‘ကြည့်ရတာ လောကနှစ်ခုက ပြောင်းလဲလို့ မရပုံပဲ’ ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပါတယ်။ မဟာအန္တိမခန်းမမှာ စွမ်းအားကြီးပုဂ္ဂိုလ်တွေ အများကြီးရှိခဲ့ပေမဲ့ ဟန်ကျွယ်ဟာ ဒီအသံကိုတော့ ဟန်ကျွယ် လုံးဝမကြားဖူးပါဘူး။ ကြည့်ရတာ စွမ်းအားကြီးပုဂ္ဂိုလ်တိုင်းက တာအိုနားမထောင်ချင်တဲ့ပုံပါပဲ။
နှစ်နာရီကြာတဲ့အခါမှာတော့ ဇုထူ ထွက်ခွာသွားပါတယ်။
ငရဲပြည်ကလည်း ပြန်လည်ငြိမ်သက်သွားပြီး နွေဦးပင်လယ်မှာ ပြည့်နှက်နေတဲ့ သတ်ဖြတ်ငွေ့ဟာလည်း ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ သွမ့်ဟုန်ချန်ကို ကျင့်ကြံခြင်းလိုဏ်ဂူထဲ ခေါ်ပြီး မေးလိုက်ပါတယ် “ကျို့ယိုငရဲကို ဘယ်လိုသွားရမလဲဆိုတာ မင်းသိလား”
သွမ့်ဟုန်ချန်ဟာ မှင်သက်သွားပြီး မျက်လုံးပြူး မျက်ဆံပြူးနဲ့ ပြန်မေးပါတယ် “ဂိုဏ်းချုပ်က ကျို့ယိုငရဲထဲ ဝင်ချင်လို့လား၊ ဘာဖြစ်လို့ ဝင်ချင်တာလဲ”
သွမ့်ဟုန်ချန်ဟာ ကျို့ယိုငရဲကနေ လွတ်မြောက်ဖို့ နည်းလမ်းမျိုးစုံ ကြိုးစားခဲ့တာ ဖြစ်တဲ့အတွက် ကျို့ယိုငရဲဆိုတဲ့ အသံတောင် မကြားချင်တော့ပါဘူး။
ဟန်ကျွယ်က ပြုံးလိုက်ပါတယ် “အခု အငြိုးကြီး စိတ်ဝိညာဉ်တွေ အကုန်လုံးက အင်မော်တယ်ကမ္ဘာဆီ သွားတာဆိုတော့ ကျို့ယိုငရဲမှာ ဘယ်သူမှရှိမှာ မဟုတ်ဘူး၊ ငါတို့တွေ အဲဒီမှာ ပုန်းလို့ရတယ်လေ”
“ဒါပေမဲ့ အဲဒီမှာက အဆုံးမဲ့အကုသိုလ်ကံတွေ ရှိတယ်၊ အဲဒီမှာ ကြာကြာနေရင် အကုသိုလ်ကံတွေ လွှမ်းမိုးတာခံရပြီး အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး”
“ဘာမှမဖြစ်ဘူး၊ ငါ့မှာ အကုသိုလ်ကံတွေကို ရှင်းပစ်ဖို့ နည်းလမ်းရှိတယ်”
“ဒါပေမဲ့...”
“ဘာလဲ... မင်းက အနန္တကပ်ဘေးထဲ ဝင်ချင်လို့လား”
သွမ့်ဟုန်ချန်ဟာ ချက်ချင်းပဲ ခေါင်းခါလိုက်ပါတယ်။ သွမ့်ဟုန်ချန်ဟာ အသက်ပြန်ရှင်ရှင်ချင်း ဟန်ကျွယ်နဲ့ တွေ့လိုက်ရတဲ့အတွက် ကပ်ဘေးထဲဝင်ဖို့ ယုံကြည်ချက် မရှိတော့ပါဘူး။ ဒါ့အပြင် ငရဲနက်နတ်ဆိုးသခင်နဲ့ စန့်ရှီကိုပါ ထပ်တွေ့ရတဲ့အခါ သွမ့်ဟုန်ချန်ဟာ အနန္တကပ်ဘေးထဲ မဝင်ရဲတော့ပါဘူး။ မှော်မျိုးနွယ်စုတောင် အသတ်ခံရတဲ့အတွက် သွမ့်ဟုန်ချန်ဟာ ကံတရား အထောက်အပံ့ကို တစ်ယောက်တည်း မတိုက်ခိုက်ရဲတော့ပါဘူး။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ မင်းသာ ဒီကျွန်းပေါ်မှာ နေမယ်ဆိုရင် အကုသိုလ်ကံတွေ လွှမ်းမိုးတာကို မခံရဘူး၊ ကပ်ဘေးပြီးဆုံးခါနီးမှ ငါတို့တွေ ထွက်ပြေးကြတာပဲ”
သွမ့်ဟုန်ချန်ဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ် “ဟုတ်ကဲ့၊ ကျွန်တော် တစ်ချက်သွားကြည့်လိုက်မယ်”
ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး သွမ့်ဟုန်ချန်ကို ကျွန်းအပြင်ဘက် ပို့လိုက်ပါတယ်။ သွမ့်ဟုန်ချန် ဝိညာဉ်ရဲ့ နက်ရှိုင်းတဲ့တစ်နေရာမှာ လမ်းခြောက်သွယ် အမှတ် ရှိနေတာကြောင့် သွမ့်ဟုန်ချန်သာ သစ္စာဖောက်မယ်ဆိုရင် ဟန်ကျွယ်ရဲ့ အတွေးတစ်ချက်တည်းနဲ့ ခန္ဓာရောဝိညာဉ်ပါ ပျက်သုဉ်းသွားမှာပါ။
မကြာခင်မှာပဲ သွမ့်ဟုန်ချန် ပြန်ရောက်လာတဲ့အတွက် ဟန်ကျွယ်ဟာ သွမ့်ဟုန်ချန်ကို ကျင့်ကြံခြင်းလိုဏ်ဂူထဲ ခေါ်ယူလိုက်ပါတယ်။
သွမ့်ဟုန်ချန်ဟာ တိတ်ဆိတ်ကျွန်းကို ရှာမတွေ့လုနီးနီးပါပဲ ‘ဒါက ဘယ်လိုအစီအရင်မျိုးလဲ၊ စွမ်းအားကြီးပုဂ္ဂိုလ်တောင် ငါတို့ကို သတိမထားမိတာ အံဩစရာ မရှိတော့ပါဘူး’ သွမ့်ဟုန်ချန်ဟာ စိတ်ထဲမှာ လန့်သွားပြီး ဟန်ကျွယ်ကို ပိုလေးစားသွားပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “အခြေအနေ ဘယ်လိုရှိလဲ”
သွမ့်ဟုန်ချန်က ပြန်ဖြေပါတယ် “အရံအတားက အားနည်းနေတယ်၊ ကျွန်တော်တို့တွေ အထဲဝင်လို့ရတယ်၊ ဒါပေမဲ့ အထဲမှာ သရဲတွေ ရှိနေသေးလားဆိုတာတော့ ကျွန်တော်လည်း မကျိန်းသေဘူး”
“ဘယ်လိုဝင်ရမှာလဲ”
“အောက်ကို ဆက်တိုက်ဆင်းသွားရင်း အရံအတားနဲ့ တိုက်မိပါလိမ့်မယ်”
“ကောင်းပြီ”
ဟန်ကျွယ်ဟာ သွမ့်ဟုန်ချန်ကို ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာပဲ စောင့်ခိုင်းပြီး တိတ်ဆိတ်ကျွန်းကို တိုက်ရိုက်ထိန်းချုပ်ကာ နွေဦးပင်လယ်ထဲ နှစ်မြှုပ်လိုက်ပါတယ်။
‘ဒီကျွန်းက ဝိညာဉ်ရတနာအဖြစ် သန့်စင်ပြီးသွားပြီလား’ သွမ့်ဟုန်ချန်ဟာ တအံတဩ ဖြစ်သွားပါတယ်။
တိတ်ဆိတ်ကျွန်းဟာ ကျောက်တုံးတစ်တုံးလို လျင်မြန်စွာ နှစ်မြှုပ်သွားပြီး မကြာခင်မှာပဲ ကျို့ယိုငရဲရဲ့ အရံအတားနဲ့ တိုက်မိပါတယ်။ ဟန်ကျွယ်ဟာ အားသုံးပြီး အရံအတားကို ဖွင့်လှစ်ကာ ကျို့ယိုငရဲထဲ ဝင်လိုက်ပါတယ်။
ကျို့ယိုငရဲထဲ ဝင်လိုက်တယ်ဆိုရင်ပဲ တိတ်ဆိတ်ကျွန်းဟာ ဘာမှမရှိတဲ့ နေရာတစ်ခုကို ရောက်သွားပါတယ်။ ကျို့ယိုငရဲမှာ အဆုံးမရှိတဲ့ မြူခိုးတွေ ပတ်ဝန်းကျင်တစ်ခုလုံး ပြည့်နှက်နေပြီး ကြယ်၊ တိုက်၊ ဥက္ကာခဲ တစ်ခုမှ မရှိပါဘူး။
ပဋိပက္ခ စတင်ဖြစ်ပေါ်သလိုမျိုး အရာအားလုံး ဟင်းလင်းပြင်ဖြစ်နေပြီး အာကာသနိယာမတောင် မတည်ရှိပါဘူး။
ဟန်ကျွယ်ဟာ ကျို့ယိုငရဲထဲ ဝင်လိုက်တယ်ဆိုရင်ပဲ ကြောက်မက်ဖွယ် ကောင်းလှတဲ့ အကုသိုလ်ကံကို ခံစားမိလိုက်ပါတယ်။ တိတ်ဆိတ်ကျွန်းရဲ့ ပတ်ဝန်းကျင်မှာ အကုသိုလ်ကံတွေချည်းပါပဲ။ ဒါပေမဲ့ တာအိုစက်ကွင်းက အားကောင်းလွန်းတဲ့အတွက် အကုသိုလ်ကံတွေဟာ တိတ်ဆိတ်ကျွန်းထဲ မဝင်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ ဒီအကုသိုလ်ကံတွေ အကုန်လုံးကို စုပ်ယူမယ်ဆိုရင် သူ့ကျင့်ကြံမှုက.....။
ဟန်ကျွယ်ဟာ ဆင်ခြင်နိုင်စွမ်း ပျောက်ဆုံးသွားမှာစိုးတဲ့အတွက် ဆက်မတွေးရဲတော့ပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်း ပတ်လည်က ကျင့်ကြံသူတွေကို စစ်ဆေးလိုက်တဲ့အခါ အငြိုးကြီး စိတ်ဝိညာဉ်တစ်ကောင်မှ မတွေ့ရပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပါတယ်။
‘ကျို့ယိုငရဲက တကယ်ကို ဗလာဟင်းလင်း ဖြစ်နေတာပဲ’
ဒါကလည်း ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရတဲ့ အငြိုးကြီး စိတ်ဝိညာဉ်တွေဟာ လွတ်မြောက်ဖို့ အခွင့်အရေးရတာနဲ့ ကျို့ယိုငရဲမှာ တစ်စက္ကန့်တောင် နေချင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ သွမ့်ဟုန်ချန်ကို အပြင်ထွက်ခိုင်းပြီး တိတ်ဆိတ်ဂိုဏ်းတပည့်တွေကို အခြေအနေမှန် ပြောပြလိုက်ပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင် လှုပ်ရှားလာတာကို ခံစားလိုက်ရပါတယ်။ ကောင်းကင်ဧကရာဇ်က ဟန်ကျွယ်ကို ဆက်သွယ်လာတာပါ။ ဟန်ကျွယ်ဟာ နတ်အာရုံကို ကောင်းကင်တာအိုတိုကင်ထဲ သွတ်သွင်းလိုက်ပါတယ်။
“ငရဲပြည်က ပျက်သုဉ်းနယ်မြေ ဖြစ်နေပြီ၊ မင်း အဆင်ပြေရဲ့လား” ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်ကို စိုးရိမ်စိတ်နဲ့ မေးမြန်းလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။