အင်မော်တယ်ဧကရာဇ် အဋ္ဌမအဆင့်၊ နတ်ဆိုးဧကရာဇ် အိပ်မက်မှ ဆက်သွယ်ရန် ကြိုးစားခြင်း
Vol. 29 Ch. 340
“ကံကောင်းထောက်မလို့ လောလောဆယ်တော့ ကျွန်တော် အဆင်ပြေနေပါသေးတယ်” ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ်။ ကောင်းကင်ဧကရာဇ်ရဲ့ ဂရုစိုက်မှုကြောင့် ဟန်ကျွယ်ရဲ့ ရင်ထဲမှာ နွေးထွေးသွားပါတယ်။
ကောင်းကင်ဧကရာဇ်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “မင်း ဘယ်မှာ ပုန်းနေတာလဲ၊ ငရဲပြည်က ဒီလောက်အန္တရာယ်များတာကို ဒီလောက်နှစ်ကြာတာတောင် မင်းဘာမှမဖြစ်ဘူး”
“ကျွန်တော်က ထောင့်တစ်ထောင့်မှာ ပုန်းနေတာဆိုတော့ သူတို့တွေ ကျွန်တော့်ကို ရှာမတွေ့တာ မထူးဆန်းပါဘူး”
“ကောင်းပါပြီ၊ မင်း ဂရုစိုက်အုန်း၊ အငြိုးကြီး စိတ်ဝိညာဉ်တွေက ငရဲပြည်ကနေ ထွက်ခွာသွားပြီဆိုတော့ အောက်ကမ္ဘာ အင်အားစုတွေက ငရဲပြည်တစ်ခုလုံးကို သိမ်းပိုက်အုပ်ချုပ်လိမ့်မယ်”
“ကျွန်တော့်အတွက် မစိုးရိမ်ပါနဲ့ အရှင်မင်းကြီး” ဟန်ကျွယ်က ပြန်ပြောလိုက်ပါတယ် ‘ကျွန်တော်က ငရဲပြည်မှာ မရှိတော့ဘူး’ ဟန်ကျွယ်ဟာ ဒီစကားကို စိတ်ထဲမှာပဲ ပြောလိုက်တာပါ။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ဟောင်အာရဲ့ အခြေအနေရော ဘယ်လိုလဲ၊ အရှင်မင်းကြီး သေချာစစ်ဆေးပြီးပြီလား၊ သူ့ခန္ဓာကိုယ်ထဲမှာ တခြားဝိညာဉ်ရှိနေလား”
“မရှိပါဘူး၊ ကပ်ဘေးပြီးရင် ငါ သူ့ကို တာအိုဘိုးဘေးဆီ ခေါ်သွားမယ်”
“ကပ်ဘေးပြီးမှလား၊ ကပ်ဘေးပြီးဖို့က အကြာကြီးလိုသေးတယ်၊ မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာမှာကို အရှင်မင်းကြီး မစိုးရိမ်ဖူးလား”
“အနန္တကပ်ဘေး စတယ်ဆိုကတည်းက တာအိုဘိုးဘေး ပျောက်သွားတာ၊ သူက အကူအညီ တောင်းခံရမှာကို ကြောက်နေပုံပဲ”
“ဒီလိုကို”
‘ကြည့်ရတာ ဒီကိစ္စက ငါမပါလို့ မဖြစ်ဘူးပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ် ‘ဟောင်အာ... မင်းရဲ့ ဆရာသခင်အနေနဲ့ ငါ မင်းကို ကျိန်းသေပေါက် ကယ်တင်မယ်၊ အဲဒီခွေးမသား ဟောင်တျန်ကို ငါ့တိတ်ဆိတ်ဂိုဏ်းကို အနာဂတ်မှာ သုတ်သင်ရဲတယ်၊ ဒီကိစ္စကို လက်စားမချေရရင် ငါ လုံးဝ မကျေနပ်နိုင်ဘူး’
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်နဲ့ အတန်ကြာ စကားပြောပြီးနောက် နတ်အာရုံကို ဖြတ်တောက်ကာ ဆက်လက်ကျင့်ကြံပါတယ်။ အဲဒီအချိန်ကစပြီး ဟန်ကျွယ်ဟာ ပတ်ဝန်းကျင်က ကျင့်ကြံသူတွေကို နှစ်တိုင်းစစ်ဆေးပါတယ်။
နှစ်နှစ်ဆယ် ကြာသွားပေမဲ့ ဟန်ကျွယ်ဟာ စွမ်းအားကြီးမားတဲ့ ရန်သူတွေ မတွေ့ရပါဘူး။ ကျို့ယိုငရဲက တကယ်ကို ဘာမှမရှိပုံပါပဲ။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ အဆင့်တက်ဖို့ အခွင့်အရေးတစ်ခု ရသွားပါတယ်။ နှစ်နှစ်ရာအတွင်းမှာ အဆင့်လေးတစ်ဆင့် တက်နိုင်တာက မြန်တယ်လို့ ပြောလို့မရပေမဲ့ နှေးတယ်လို့လည်း ပြောလို့ မရပါဘူး။
တကယ်တော့ ဒါက ဟန်ကျွယ် သူ့ဘာသာ တွေးတာပါ။ ဒီကျင့်ကြံမှုအလျင်ကိုသာ တခြားအင်မော်တယ်ဧကရာဇ်တွေကြားရင် သွေးပွက်ပွက်အန်ပြီး ကိုယ့်ကိုကိုယ် သတ်သေချင်စိတ် ပေါက်သွားမှာပါ။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက် နှင်ထုတ်လိုက်ပြီး အဆင့်စတက်ပါတယ်။ မကြာခင်မှာပဲ တိတ်ဆိတ်ကျွန်းမှာရှိတဲ့ လူတိုင်းဟာ ဖိအားတစ်ခုကို ခံစားလိုက်ရပါတယ်။ ကျင့်ကြံခြင်းလိုဏ်ဂူရဲ့ အရံအတားဟာ ဟန်ကျွယ်ရဲ့ ဖိအားကို ဟန့်တားနိုင်ခြင်း မရှိပါဘူး။
စန့်ရှီဟာ လန့်သွားပါတယ် ‘တော်တော်ကြောက်ဖို့ကောင်းတဲ့ ရောင်ဝါပဲ’
ဟန်ကျွယ် အဆင့်တက်တာက ကျန်တဲ့လူတွေကို အံအားသင့်ပြီး အားရသွားစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကျို့ယိုငရဲထဲမှာ ရှိနေတဲ့အတွက် ဟန်ကျွယ် စွမ်းအားကြီးလေလေ ပိုလုံခြုံလေလေပဲ မဟုတ်ပါလား။
နှစ်သုံးဆယ် ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အောင်မြင်စွာ အဆင့်တက်နိုင်သွားပြီး အင်မော်တယ်ဧကရာဇ် အဋ္ဌမအဆင့်ကို ရောက်ရှိသွားပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကိုယ်ရေးအကျဉ်းကို စစ်ဆေးလိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၄,၃၅၂/၁,၆၀၀,၉၉၉,၉၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: အင်မော်တယ် (လောကဦး ကြယ်တာရာ ခန္ဓာကိုယ်)]
[ကျင့်ကြံမှု: ပြန်လည်မွေးဖွားခြင်း အင်မော်တယ်ဧကရာဇ် အဋ္ဌမအဆင့်။]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို]
‘ငါ့သက်တမ်းက ၁.၆ ကွာဒလီယံ ဖြစ်သွားပြီ... ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်လဲ’
အဲဒီနောက် ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်ခံ့အောင် အားထုတ်ပါတယ်။ ဟန်ကျွယ်ရဲ့ ဝိညာဉ်က ပြီးပြည့်စုံနေပြီ ဖြစ်တဲ့အတွက် အင်မော်တယ်ဧကရာဇ် နဝမအဆင့်ကို ရောက်ရင် ဘယ်လိုတိုးတက်မှုမျိုး ဖြစ်လာမလဲဆိုတာ ပြောဖို့ခက်ပါတယ်။
ဒီလိုနဲ့ နောက်ထပ်တစ်နှစ် ကုန်ဆုံးသွားပြီး ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်လို့ ပြီးစီးသွားပါတယ်။ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ကျိန်စာစတိုက်ပါတယ်။ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ နတ်ဆိုးဧကရာဇ်နဲ့ ကောင်းကင်တာအိုဗုဒ္ဓကို နှစ်ဘီလီယံသုံးပြီး ကျိန်စာတိုက်ဖို့ ပြင်ဆင်ထားပါတယ်။
ကျိန်စာတိုက်လို့ ပြီးသွားတဲ့အခါမှာ နတ်ဆိုးဧကရာဇ်နဲ့ ကောင်းကင်တာအိုဗုဒ္ဓဟာ အတွင်းနတ်ဆိုးပဲ ပိုအားကောင်းလာပြီး တခြားဘာမှ မဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ နည်းနည်း နောင်တရသွားပါတယ် ‘ငါရဲ့ ကြမ္မာဆိုးစာအုပ်က အားနည်းနေသေးတာပဲ’
အဲဒီနောက် ဟန်ကျွယ်ဟာ ကျိန်စာတိုက်လို့ရလာတဲ့ ဒဏ်ရာတွေကို ကုသရင်း ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ်။
“ငရဲပြည်ထဲမှာ ငါ့ရဲ့တာအိုစက်ကွင်းကို ထိုးဖောက်မြင်နိုင်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်ရှိလား”
[သက်တမ်း သန်း ၁၀၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[မရှိပါ]
စာလုံးတစ်လုံးနှစ်လုံးအတွက် သက်တမ်း သန်း ၁၀၀ ကုန်သွားပေမဲ့ ဟန်ကျွယ်ဟာ နှမြောတသ မဖြစ်ပါဘူး။ အခုဆိုရင် ဟန်ကျွယ်ဟာ စိတ်အေးလက်အေး ကျင့်ကြံအားထုတ်နိုင်ပါပြီ။
ဟန်ကျွယ်ဟာ အနန္တကပ်ဘေး အနိုင်ရသူကို ဆက်ပြီးတော့ မတွက်ချက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟောင်တျန်က လုံဟောင်ခန္ဓာကိုယ်ထဲမှာ ရှိနေသေးတဲ့အတွက် ဟန်ကျွယ်ဟာ ဟောင်တျန်ကို ဒုက္ခပေးလို့မရပါဘူး။ ဒီလိုအခြေအနေမျိုးမှာ အနန္တကပ်ဘေးမှာ အနိုင်ရသူက ဟောင်တျန်ပဲ ဖြစ်နေအုန်းမှာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ သိပြီးသား အဖြေတစ်ခုအတွက် သူ့သက်တမ်းကို မဖြုန်းပါဘူး။
ဟန်ကျွယ်ဟာ ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို အဆင့်မြှင့်တင်ပြီးနောက် ကိုယ်ရွှေ့သိုင်းတွေကိုလည်း အဆင့်မြှင့်တင်ပါတယ်။ ဟန်ကျွယ်ဟာ သူ့စွမ်းအားကို ထပ်ပြီးတော့ အဆင့်မမြှင့်နိုင်တော့မှ အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။
အင်မော်တယ်ဧကရာဇ်တွေဟာ ဟန်ကျွယ်ရဲ့ ပြိုင်ဘက်မဟုတ်တော့ပါဘူး။ တစ်ချက်တည်း အသတ်ခံရတာချည်းပါပဲ။ အဲဒါကြောင့် ဟန်ကျွယ်ဟာ နတ်မင်းအဆင့်ကို ပစ်မှတ်ထားလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဘယ်သူက နတ်မင်းအဆင့်ရှိလဲဆိုတာ မသိတဲ့အတွက် ဆက်ပြီးတော့ တိုက်ခိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ဆက်တိုက် နှိပ်စက်ခံရပါတော့တယ်။ ပြိုင်ဘက်အများစုက ဟန်ကျွယ်ကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာချည်းပါပဲ။ ဒါကြောင့် ဟန်ကျွယ်ဟာ နတ်အရိပ်သိုင်းနဲ့ တိမ်ကျွမ်းထိုးကို သုံးပြီး အချိန်ဆွဲထားရုံပဲ တက်နိုင်ပါတယ်။
ဒါပေမဲ့ ကျင့်ကြံမှုမသိတဲ့ ပြိုင်ဘက်အချို့နဲ့တော့ ဟန်ကျွယ်ဟာ သူတင်ကိုယ်တင် တိုက်ခိုက်နိုင်ပါတယ်။ ဆိုလိုချင်တာကတော့ ဟန်ကျွယ်ဟာ စွမ်းအားနည်းတဲ့ နတ်မင်းအဆင့် ကျင့်ကြံသူတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်နေပါပြီ။
‘မဆိုးဘူး’ ဟန်ကျွယ်ဟာ ကျေနပ်အားရသွားပါတယ်။
အင်မော်တယ်ဧကရာဇ် အဋ္ဌမအဆင့်ကို ရောက်ပြီး နောက်ပိုင်းမှာ ဟန်ကျွယ်ရဲ့ လောကဦး ကြယ်တာရာခန္ဓာကိုယ်က အကုသိုလ်ကံကို စုပ်ယူတာ ပိုမိုမြန်ဆန်လာပါတယ်။ လောကဦးချီ ကူးစက်မှုကြောင့် ကမ္ဘာဖျက်ကြာနက် အသွင်ပြောင်းလဲတာကလည်း ပိုမြန်သွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် နဝမဆင့်ကို မရောက်ခင် ကမ္ဘာဖျက်ကြာနက်ကို ရရှိဖို့ မျှော်လင့်ချက် ရှိသွားပါတယ်။
ဒါပေမဲ့ ကမ္ဘာဖျက်ကြာနက်ထဲကို အကုသိုလ်ကံကို လုံးဝစုပ်ယူချင်တော့ အတော်လေး ကြာအုန်းမှာပါ။ အခုလက်ရှိ စုပ်ယူနှုန်းနဲ့ဆိုရင် နှစ်တစ်သောင်း ကြာတာတောင် ကမ္ဘာဖျက်ကြာနက်ထဲမှာရှိတဲ့ အကုသိုလ်ကံက ကုန်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် မဟာတာအို လျှို့ဝှက်ဆန်းကြယ် စကားလုံးများကို သင်ယူပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မြေးတပည့် ဖန်းလျန်သည် မဟာတာအို လျှို့ဝှက်ဆန်းကြယ် စကားလုံးများကို သင်ယူပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ တာအိုအရှင်သခင်သည် သင့်ရန်သူ ကောင်းကင်တာအိုဗုဒ္ဓ၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ကျန်းယီသည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါးထံမှာ လမ်းညွှန်မှု ရရှိပြီး ရှေးဟောင်း ဆန်ကြယ်စွမ်းအားတစ်ပါးကို သင်ယူတတ်မြောက်သွား၏။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ကျယ်ကျောင်းတော် ကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၇
[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် အင်မော်တယ်ကမ္ဘာမှ ထွက်ခွာသွား၏။]
[သင့်မိတ်ဆွေ လီယောင်သည် ကျင့်ကြံနေစဉ် ဓားတာအိုအား သိမြင်နားလည်ပြီး သူမ၏ အနှောင်အဖွဲ့အား ထိုးဖောက်လိုက်သောကြောင့် ဓား မဟာတာအို၏ အသိအမှတ်ပြုမှုကို ရရှိပြီး နားလည်နိုင်စွမ်း မြင့်မားသွား၏။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် သင့်ရန်သူ ကောင်းကင်တာအိုဗုဒ္ဓ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
ဟန်ကျွယ်ဟာ အံအားသင့်သွားပါတယ် ‘လီယောင်က ဓားမဟာတာအိုရဲ့ အသိအမှတ်ပြုမှုကို ရရှိသွားတာလား၊ ဘယ်လိုရသွားတာလဲ၊ ငါ့အရည်အချင်းက သူ့ထက် မနိမ့်ပါဘူး၊ ငါ့ကျတော့ ဘာလို့မရတာလဲ’
ဟန်ကျွယ်ဟာ မပျော်မရွှင် ဖြစ်သွားပါတယ် ‘ငါ့ဓားတာအိုက လုံလောက်တဲ့ သန့်စင်မှု မရှိလို့လား... ဒါဖြစ်နိုင်တယ်’
ဓားတာအိုမှာ ဟန်ကျွယ်ရဲ့ အရည်အချင်းက ထက်မြက်တယ်ဆိုပေမဲ့ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ဓားအင်မော်တယ်လို့ မခံယူထားပါဘူး။ ဓားတာအိုကိုလည်း နည်းနည်းလေးမှ မလေးစားပါဘူး။
ဟန်ကျွယ်ဟာ စာအိတ်တွေ ဆက်ဖတ်တဲ့အခါ သူ့မိတ်ဆွေ အများစုက အခွင့်အရေးတွေ ရကုန်တာကို တွေ့လိုက်ရပါတယ်။
ပြောကြတာကတော့ အနန္တကပ်ဘေးမှာ အခွင့်အရေးတွေ အလွယ်တကူ ရနိုင်တဲ့အပြင် ကျင့်ကြံမှုအလျင်ကလည်း ပိုမြန်ပါတယ်တဲ့။ တိုက်ပွဲတွေ အများကြီး ဖြစ်ပွားတဲ့အတွက် ရတနာအများကြီးနဲ့ အမွေအနှစ်များစွာကို ဆက်ခံသူမရှိ ဖြစ်စေပါတယ်။ ရန်သူ့ကို သတ်ဖြတ်ရင် ရန်သူရဲ့ ကံတရား အထောက်အပံ့ကို ရရှိပြီး ကျင့်ကြံမှုအလျင်ကို ပိုတိုးစေပါတယ်။ ဒါကြောင့်လည်း လူတိုင်းက အနန္တကပ်ဘေးရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို သိသိကြီးနဲ့ ကပ်ဘေးထဲ ဝင်နေကြတာပါ။
အန္တရာယ်နဲ့ အခွင့်အရေးက အတူတည်ရှိနေတာ မဟုတ်ပါလား။
[နတ်ဆိုးဧကရာဇ်သည် အိပ်မက်မှတစ်ဆင့် သင့်အား ဆက်သွယ်ရန် ကြိုးစားနေ၏။ လက်ခံမည်လော။]
‘နတ်ဆိုးဧကရာဇ်... ဘာလဲဟ’
‘မဖြစ်ဘူး၊ လက်ခံလို့ မဖြစ်ဘူး၊ သူနဲ့ငါက မုန်းတီးမှု ကြယ်ခြောက်ပွင့်တာ ရှိနေတာဆိုတော့ သူ ငါ တည်နေရာကို ရှာချင်နေတာ ဖြစ်မယ်’
ဟန်ကျွယ်ဟာ ငြင်းဆန်လိုက်ပါတယ်။
အတန်ကြာတဲ့အခါမှာတော့....။
[နတ်ဆိုးဧကရာဇ်သည် အိပ်မက်မှတစ်ဆင့် သင့်အား ဆက်သွယ်ရန် ကြိုးစားနေ၏။ လက်ခံမည်လော။]
“လက်မခံဘူး”
နောက်နေ့မှာလည်း ဒီအသိပေးချက်က ၂၃ ကြိမ် ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ အကြိမ်တိုင်းမှာ ငြင်းပစ်လိုက်ပါတယ်။
နတ်ဆိုးရုံးတော်မှာရှိတဲ့ နတ်ဆိုးဧကရာဇ်ဟာ အမျက်ချောင်းချောင်း ထွက်နေပါတယ်။
“ငါရဲ့ ဆန်းကြယ်စွမ်းအားက အောင်မြင်ပါတယ်၊ သူက ဘာလို့ ဆက်တိုက်ခုခံနေတာလဲ၊ သူက ဘာနည်းလမ်းသုံးပြီး ငါ့ကို ခုခံနေတာလဲ၊ ကောင်းကင်ဧကရာဇ်က သူ့ကို ကူညီနေတာလား၊ ဒါ မဖြစ်နိုင်ဘူး၊ ဒီလူက ကောင်းကင်ရုံးတော်မှာ မဟုတ်ဘူး၊ သူ့နေရာကို ငါ ခန့်မှန်းလို့တောင် မရဘူး”
နတ်ဆိုးဧကရာဇ်ဟာ ဒေါသကြောင့် မျက်မှောင်ကြုတ်သွားပါတယ်။ နတ်ဆိုးဧကရာဇ်ဟာ ဟန်ကျွယ်ကို မမေ့သေးပါဘူး။ ဟန်ကျွယ်ကြောင့် သူ့သားနဲ့ဇနီးသည်ကို ဆုံးရှုံးခဲ့ရတယ် မဟုတ်ပါလား။
ဒါပေမဲ့ ဒီတစ်ခါမှာတော့ နတ်ဆိုးဧကရာဇ်က ဟန်ကျွယ်ကို သတ်ဖို့ မရည်ရွယ်ထားပါဘူး။ ဟန်ကျွယ်ကို သတ်မဲ့အစား နတ်ဆိုးဧကရာဇ်ဟာ ဟန်ကျွယ်ကို အသုံးချပြီး ကောင်းကင်ရုံးတော်ထဲမှာ အမှောင်သခင်ကြီး ရှိမရှိ စုံစမ်းချင်နေပါတယ်။
နတ်ဆိုးဧကရာဇ်ဟာ အမှောင်သခင်ကြီးက ကောင်းကင်ရုံးတော်ကလို့ သံသယဝင်နေတာ ကြာပါပြီ။ ဒါပေမဲ့ ဟန်ကျွယ်က အခွင့်အရေးတစ်ချက်တောင် မပေးတဲ့အတွက် နတ်ဆိုးဧကရာဇ် ဘာမှလုပ်လို့ မရပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။