လောကဦးယွမ်ဖီးနစ်
Vol. 30 Ch. 343
ကျင်းတျန်ကုန်းကြောင့် ကောင်းကင်ဧကရာဇ်ဟာ ကူကယ်ရာမဲ့သွားပါတယ် ‘ငါလည်း အမှောင်သခင်ကြီး ဘယ်သူဆိုတာကို သိချင်နေတာ’ ကောင်းကင်ဧကရာဇ်ဟာ ကျင်းတျန်ကုန်းရဲ့ စကားကို ကြာပြီးနောက် အမှောင်သခင်ကြီးက တစ်ခုခုကို ကြံစည်နေတယ်လို့ ပိုပြီးတော့ သံသယဝင်သွားပါတယ်။
ဒီအတိုင်း ဆက်သွားမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ရှန်နန်းတော်၊ ဗုဒ္ဓဂိုဏ်း၊ နတ်ဆိုးရုံးတော်နဲ့ တခြားအင်အားစုတွေကလည်း ကောင်းကင်ရုံးတော်က တဖြည်းဖြည်း သံသယဝင်လာမှာ မလွဲဧကန်ပါပဲ။
‘ငါ သူ့နာမည်သုံးပြီး တခြားမျိုးနွယ်စုတွေကို အသုံးချတာတောင် အမှောင်သခင်ကြီးက စိတ်မဆိုးတဲ့အပြင် ဘာမှလည်း မတုံ့ပြန်ဘူး၊ မဟုတ်မှလွဲရော...’ ကောင်းကင်ဧကရာဇ်ဟာ တွေးလေလေ မျက်နှာပျက်လေလေ ဖြစ်သွားပါတယ်။
ကျင်းတျန်ကုန်းဟာ ကောင်းကင်ဧကရာဇ်ကို စိုက်ကြည့်ပြီး ကောင်းကင်ဧကရာဇ်ရဲ့ အဖြေကို စောင့်ဆိုင်းနေပါတယ်။
အတန်ကြာတဲ့အခါမှာတော့ ကောင်းကင်ဧကရာဇ်က ပြောလိုက်ပါတယ် “အမှောင်သခင်ကြီး ဘယ်သူဆိုတာကို ငါ တကယ် မသိဘူး၊ ဒါပေမဲ့ မင်းရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ မင်းရဲ့ သတိပေးမှုကြောင့် အမှောင်သခင်ကြီးက ငါ့ကို အထူးဂရုစိုက်နေတယ်ဆိုတာ ငါ သိလိုက်ရပြီ”
ကျင်းတျန်ကုန်းဟာ ကောင်းကင်ဧကရာဇ်ရဲ့စကားက သူလိုချင်တဲ့အဖြေ မဟုတ်တာကြောင့် မျက်မှောင်ကြုတ်သွားပါတယ်။
“ဒီလိုလုပ်ရအောင်၊ မင်းက ငါ့ကိုကူညီ၊ ငါ အမှောင်သခင်ကြီးနဲ့ တွေ့ရင်လည်း မင်းကို မိတ်ဆက်ပေးမယ်၊ အမှောင်သခင်ကြီးက အနန္တကပ်ဘေးကို ထိန်းချုပ်တာဆိုတော့ ငါ့လို ထိပ်သီးအင်အားစုခေါင်းဆောင်က သူနဲ့ ဆက်သွယ်ဖို့ ပိုအဆင်ပြေတယ်၊ ငါ ပြောတာကို မင်းနာလည်တယ်မလား” ကောင်းကင်ဧကရာဇ်က တစ်လုံးချင်း ပြောချလိုက်ပါတယ်။
ကျင်းတျန်ကုန်းဟာ ပိုပြီးတော့ မျက်မှောင်ကြုတ်သွားပြီး စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘မြေခွေးအိုကြီး’
နောက်ထပ် ဆယ်နှစ် ကုန်ဆုံးသွားပါတယ်။
ထုံးစံအတိုင်း ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ရင်း စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၂၄၃၂၂
[သင့်မိတ်ဆွေ လီတောက်ခုံးသည် သင့်မိတ်ဆွေပန်ရှင်း တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ကျန်းကူရှင်းသည် ဓားတာအိုမြစ်နှင့် ပေါင်းစပ်လိုက်သောကြောင့် ဓားတာအို များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် ကံတရား အထောက်အပံ့ ခန္ဓာကိုယ်ကို ရရှိပြီး ဝိညာဉ်ပြောင်းလဲသွား၏။]
[သင့်မိတ်ဆွေ ကျန်းယီသည် အကောင်းစား ရတနာကို ရရှိပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် အပြင်းအထန် လေ့ကျင့်သောကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်ရန်သူ ကောင်းကင်တာအိုဗုဒ္ဓသည် သင့်အား မုန်းတီးလွန်းသောကြောင့် သိစိတ်ကင်းမဲ့သွား၏။]
‘အခွင့်အရေးတွေက များလှချည်လား’
‘လီတောက်ခုံးနဲ့ ပန်ရှင်းက ဘယ်လိုဖြစ်ပြီး တိုက်ခိုက်ကြတာတုန်း၊ ပန်ရှင်းနဲ့ တိုက်တာတောင် လီတောက်ခုံးက ဒဏ်ရာမရဘူးဆိုတော့ ဒီလီတောက်ခုံးက တကယ်ကို တစ်ခုခုပဲ’
လီတောက်ခုံးဟာ ဟန်ကျွယ်ရဲ့ ပြဿနာအရှာဆုံး မိတ်ဆွေတွေထဲက တစ်ယောက်ဆို မမှားပါဘူး။ ဒါပေမဲ့ ပြဿနာရှာသလောက် စွမ်းအားကလည်း ကြီးမားတဲ့အတွက် တစ်ခါမှ ပြင်းပြင်းထန်ထန် ဒဏ်ရမရသေးပါဘူး။ ကြည့်ရတာ လီတောက်ခုံးက ဘယ်သူနဲ့ပဲတိုက်တိုက် ဒဏ်ရာရမဲ့ပုံ မရှိပါဘူး။
ဟန်ကျွယ်ဟာ လီတောက်ခုံးကို ဆရာသခင်အဖြစ် အသိအမှတ်ပြုချင်စိတ်တောင် ပေါက်သွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အနန္တကပ်ဘေးပြီးတဲ့အထိ စောင့်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကပ်ဘေးပြီးလို့ လီတောက်ခုံးကလည်း အသက်ရှင်နေမယ် သူ့ထက်လည်း စွမ်းအားကြီးမယ်ဆိုရင် ဟန်ကျွယ်ဟာ လီတောက်ခုံးကို ဆရာသခင်အဖြစ် တင်မြှောက်ဖို့ ဝန်လေးနေမှာ မဟုတ်ပါဘူး။
ဒါမှမဟုတ် အဲဒီအချိန်ကျရင် ဟန်ကျွယ်က ဆရာသခင် မလိုတော့တာလည်း ဖြစ်နိုင်ပါတယ်။
‘ကောင်းကင်တာအိုဗုဒ္ဓက အခုမှ သိစိတ်မဲ့သွားတာလား၊ ဒါဆိုအရင်က ရူးချင်ယောင်ဆောင်ပြီး သက်ရှိတွေကို လိုက်သတ်နေတာလား’ ဟန်ကျွယ်ဟာ ကောင်းကင်တာအိုဗုဒ္ဓက အလွန်တရာမှ အနန္တရာယ်များတယ်လို့ ခံစားလိုက်ရတဲ့အတွက် နောင်အခွင့်အရေးရရင် သုတ်သင်ရှင်းလင်းပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ စာအိတ်တွေကို ဆက်ဖတ်တဲ့အခါမှာ ကောင်းကင်ရုံးတော်က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတာကို တွေ့လိုက်ရပါတယ် ‘ဒီအင်မော်တယ်တွေက တော်တော်လေး တိုက်ခိုက်နိုင်တာပဲ’
တစ်လကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပြီး ဆက်လက် ကျင့်ကြံအားထုတ်ပါတယ်။ ဒါပေမဲ့ သုံးလေးလအကြာမှာပဲ ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ဝူတောက်ကျန့် ဝင်လာပါတယ်။
“သခင်... ဖူစန်းသစ်ပင်က ထပ်လှုပ်နေပြန်ပြီ၊ သူအရမ်းကြောက်တယ်လို့ ပြောနေတယ်” ဒါဟာ ဖူစန်းသစ်ပင် အသိဉာဏ်ပွင့်လင်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကြောက်ရွံ့တာပါ။
ဝူတောက်ကျန့်ရဲ့ စိုးရိမ်တကြီးလေသံကို ကြားလိုက်ရတဲ့ ဟန်ကျွယ်ဟာ တိတ်ဆိတ်ကျွန်း ပတ်လည်မှာရှိတဲ့ ကျင့်ကြံသူတွေကို အလိုလိုစစ်ဆေးမိလိုက်ပါတယ်။ ဒါပေမဲ့ ရန်သူတစ်ယောက်မှ မတွေ့ရပါဘူး။
ဟန်ကျွယ်ဟာ ချက်ချင်း မတ်တတ်ရပ်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်ကာ ဖူစန်းသစ်ပင်ဆီ လျှောက်သွားပါတယ်။ တခြားတပည့်တွေကလည်း စုစုရုံးရုံးနဲ့ ဒီကိစ္စအကြောင်း ဆွေးနွေးနေကြပါတယ်။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ကိုကြည့်ပြီး မေးလိုက်ပါတယ် “အရင်လိုပဲ မင်းကို ဘယ်လိုတည်ရှိမှုက ပစ်မှတ်ထားနေတာလဲ”
ဖူစန်းသစ်ပင်ဟာ တုန်ယင်တဲ့လေသံနဲ့ ပြန်ဖြေပါတယ် “ကျွန်တော်လည်း သေချာမသိဘူး၊ သူ့အလိုလိုကို ကြောက်နေတာ၊ ဘယ်လိုမှ ဖျောက်လို့မရဘူး...”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
ငရဲနက်နတ်ဆိုးသခင်ဟာ ဟန်ကျွယ်နား လျှောက်လာပြီး ပြောလိုက်ပါတယ် “ကျို့ယိုငရဲမှာ ငှက်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ တည်ရှိမှုတစ်ခုခု ရှိနေတာ ဖြစ်ရမယ်”
သွမ့်ဟုန်ချန်က ထပ်လောင်း ပြောကြားလိုက်ပါတယ် “ကျို့ယိုငရဲထဲမှာ ငှက်နဲ့ သားရဲတွေရှိတာ အမှန်ပဲ၊ အဲဒီထဲမှာ ကြောက်ဖို့အကောင်းဆုံးက လောကဦးဖီးနစ်ပဲ၊ လောကဦးဖီးနစ်က ကပ်ဘေးမှာ သေဆုံးပြီး ကျို့ယိုငရဲထဲမှာ ဖိနှိပ်ခံထားရတာ၊ တကယ်ပဲ အဲဒီလောကဦးဖီးနစ်ဆိုရင်...”
သွမ့်ဟုန်ချန်ဟာ ဆက်မပြောတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကပ်ဘေးထဲ ဝင်ပါခဲ့တဲ့ ဖီးနစ်မျိုးနွယ်စုဟာ ရှန်တျန်သက်ရှိလို့ ယူဆလို့ရပါတယ်။ အခုအချိန်မှာတော့ ဖီးနစ်အရေအတွက်ဟာ လက်ချိုးရေလို့ရပြီး သူတို့ရဲ့သွေးစည်းကလည်း အရင်ကလို မသန့်စင်တော့ပါဘူး။
“ကောင်းပြီ၊ ငါ နည်လမ်း ရှာလိုက်မယ်” အဲဒီနောက် ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်သွားပါတယ်။ တခြားတပည့်တွေကတော့ ဆက်ပြီး ဆွေးနွေးကြပါတယ်။
“ကျို့ယိုငရဲက မလုံခြုံသေးဘူးပဲ”
“ဘာမှမဖြစ်ဘူး... အဲဒီဖီးနစ်က ငါတို့ကို ရှာမတွေ့နိုင်ဘူး”
“ဆရာဘိုးဘိုးတောင် မကြောက်တာ၊ မင်းတို့က ဘာကြောက်နေတာလဲ”
“ဟားဟား... အဲဒီဖီးနစ်လည်း အာတနဲ့ ရှောင်အာလိုပဲ ပြေးလွှတ်မှာ မဟုတ်ဘူး”
“အဲဒီအကြောင်းကို မပြောလို့မရဘူးလား”
“အဲဒီတုန်းက ငါ မင်းတို့အားလုံးကို စားပစ်လုနီးပါးပဲ”
ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်တဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ဂရုမစိုက်ဘဲ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ်။
“ဖူစန်းသစ်ပင် ဘာကိုကြောက်နေလဲဆိုတာ ငါ သိချင်တယ်” ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။
[သက်တမ်း သန်း ၁၀၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘သန်း၁၀၀ တောင်လား၊ ကြည့်ရတာ ဒီဖီးနစ်က ဘော့စ်ထင်တယ်’ ဟန်ကျွယ်ဟာ ရင်တထိတ်ထိတ်နဲ့ ဆက်တွက်လိုက်ပါတယ်။ ချက်ချင်းဆိုသလို ခေါင်းမူးလာတာကြောင့် ဟန်ကျွယ်ဟာ မျက်စိတ်မှတ်လိုက်ပါတယ်။
ဟန်ကျွယ် မျက်စိပြန်ဖွင့်လိုက်တဲ့အခါ မှောင်မိုက်တဲ့ ဟင်းလင်းပြင်ကို ရောက်သွားပါတယ်။ ဒီနေရာက ကျို့ယိုငရဲထဲမှာ ရှိနေပါသေးတယ်။ အဆုံးမရှိတဲ့ အကုသိုလ်ကံတွေဟာ ထူထပ်သိပ်သည်းတဲ့ မြူခိုးတွေအသွင် ပြောင်းလဲပြီး တစ်နေရာလုံးကို ပြည့်နှက်နေပါတယ်။ ဒီနေရာက တိတ်ဆိတ်ကျွန်း ရှိနေတဲ့နေရာထက်တောင် ပိုမှောင်ပါတယ်။
ဟန်ကျွယ်ဟာ အမှောင်ထုထဲက ရှေ့မှာရှိတဲ့ တစ်စုံတစ်ခုကို သတိထားမိလိုက်ပါတယ်။ ဟန်ကျွယ်ဟာ မျက်စိမှေးပြီး သေချာကြည့်လိုက်တဲ့အခါ သေလောက်အောင် ကြောက်သွားပါတယ်။
ဟန်ကျွယ် မြင်လိုက်ရတဲ့အရာက မျက်လုံးတစ်စုံပါ။
မျက်လုံးတစ်လုံးတည်းနဲ့တင် ထုန်ကျန့်ကမ္ဘာ တစ်ခုလုံးထက် ပိုကြီးပါတယ်။ အင်မော်တယ်ဧကရာဇ် အဋ္ဌမအဆင့်ရှိတဲ့ ဟန်ကျွယ်တောင် ဒီသက်ရှိရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို မမြင်နိုင်ပါတယ်။
ဟန်ကျွယ်ရှေ့မှာ စာကြောင်းတွေ ပေါ်လာပါတယ်။
[လောကဦးယွမ်ဖီးနစ်: ကျင့်ကြံမှုမသိ။ အကုသိုလ်ကံသခင်။ ဖီးနစ်မျိုးနွယ်စု၏ ဦးစီးဖြစ်ပြီး ပထမဆုံး အနန္တကပ်ဘေး၌ ဝင်ရောက်တိုက်ခိုက်ကာ သေဆုံးခဲ့၏။ သူ့ဝိညာဉ်ကို ကောင်းကင်တာအိုက ဖိနှိပ်ခဲ့၏။ နောင်ကြာသောအခါ တာအိုဘိုးဘေးက လောကဦးယွမ်ဖီးနစ်၏ ဝိညာဉ်အား ကျို့ယိုငရဲသို့ ရွှေ့ပြောင်းပြီး ဘယ်တော့မှ ပြန်မလာနိုင်အောင် အဆုံးမရှိသော အကုသိုလ်ကံဖြင့် နှိပ်စက်ခဲ့၏။]
‘ပထမဆုံးအနန္တကပ်ဘေးရဲ့ ထိပ်သီးပါလား’ ဟန်ကျွယ်ဟာ ကြက်သီးမွေးညင်း ထသွားပြီး ခေါင်းတစ်ခေါင်းလုံး တရွရွ ဖြစ်သွားပါတယ် ‘ဒါက တကယ် ဘော့စ်အကြီးစားကြီး... သူ ပစ်မှတ်ထားတာကို ခံရတာ ငါ့အတွက် လုံးဝမကောင်းဘူး’
ဟန်ကျွယ်ရဲ့ သိစိတ်ဟာ အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ စိတ်ထဲမှာ မေးလိုက်ပါတယ် “လောကဦးယွမ်ဖီးနစ်က တိတ်ဆိတ်ကျွန်းကို လိုက်ရှာမှာလား”
[မရှာပါ။ လောကဦးယွမ်ဖီးနစ်သည် အကုသိုလ်ကံများ ဝန်းရံခံထားရ၍ မလှုပ်ရှားနိုင်ပေ။ တာအိုစက်ကွင်းသည်လည်း လောကဦးယွမ်ဖီးနစ်၏ နတ်အာရုံအား ဟန့်တားနိုင်၏။ ထို့အပြင် ဖူစန်းသစ်ပင်သည် လောကဦးယွမ်ဖီးနစ်အတွက် သိပ်အရေးမပါပေ။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။
ဖူစန်းသစ်ပင်က နတ်သစ်ပင်ဆိုပေမဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေ မျက်လုံးထဲမှာတော့ သာမန်သစ်ပင်ထက် နည်းနည်း ပိုထူးခြားရုံပါ။
ဖူစန်းသစ်ပင်ဟာ လောကဦးယွမ်ဖီးနစ်ရဲ့ တည်ရှိမှုကို ပထမဆုံး ခံစားရတာမို့ ကြောက်နေတာပါ။ အချိန်နည်းနည်း ကြာရင် ယဉ်ပါးသွားမှာပါ။
ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို ကျို့ယိုငရဲထဲမှာရှိတဲ့ အရှုံးသမားတွေအကြောင်း တွေးမိလိုက်ပါတယ် ‘ဒဏ္ဍာရီထဲကပုဂ္ဂိုလ်တွေရော ပေါ်လာမှာလား’
‘ထားလိုက်ပါတော့... အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ၊ ငါ သူတို့ကို စံပြပုဂ္ဂိုလ်အဖြစ် တွေးလို့ မဖြစ်ဘူး၊ ဒီနေရာမှာက သေဖို့လွယ်တယ်’
ဟန်ကျွယ်ဟာ ဘဝဟောင်းက ဒဏ္ဍာရီတွေကို အတည်မယူဖို့ သူ့ကိုယ်သူ သတိပေးလိုက်ပါတယ်။ ဒဏ္ဍာရီဆိုတာက သေမျိုးတွေ မြင်တာကို ပြောကြတာ မဟုတ်ပါလား။ သေမျိုးတွေက အင်မော်တယ်တွေရဲ့ ရှုပ်ထွေးလှတဲ့ ဆက်ဆံရေးကို ဘယ်လိုလုပ်ပြီး နားလည်နိုင်မှာလဲ။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ကြည့်ပြီး ပြောလိုက်ပါတယ် “ငါ တွက်ချက်ကြည့်ပြီးပြီ၊ ဖူစန်းသစ်ပင်မှာ ဘာအန္တရာယ်မှ မရှိဘူး၊ အသားကျသွားရင် သူ အဆင်ပြေသွားပါလိမ့်မယ်”
ဝူတောက်ကျန့်ဟာ ကျေနပ်အံအားသင့်သွားပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲက အမြန်ထွက်ကာ ဒီသတင်းကို တခြားသူတွေသိအောင် လိုက်ပြောပါတယ်။ တိတ်ဆိတ်ဂိုဏ်းက လူတိုင်းဟာ ဟန်ကျွယ်စကားကို ၁၀၀ ရာခိုင်နှုန်း ယုံကြည်တာကြောင့် စိတ်အေးလက်အေး ဖြစ်သွားပါတယ်။ ဖူစန်းသစ်ပင်လည်း ဒီစကားကြောင့် လှုပ်ခါတာ တော်တော်လျော့သွားပါတယ်။
ဟန်ကျွယ်ကတော့ အတွေးတွေကို ရှင်းထုတ်ပြီး အေးအေးဆေးဆေး ဆက်ကျင့်ကြံပါတယ် ‘တစ်နေ့ကျရင် ငါ လောကဦးယွမ်ဖီးနစ်ကို ဖိနှိပ်နိုင်ရမယ်’
တစ်နေ့ကျလို့ ကျို့ယိုငရဲထဲက အကုသိုလ်ကံတွေကို ဟန်ကျွယ် ကုန်အောင် စုပ်ယူလိုက်ရင် လောကဦးယွမ်ဖီးနစ်က ဟန်ကျွယ်ကို ကျေးဇူးအထူးတင်ရှိပြီး ဦးညွှတ်ချင် ဦးညွှတ်မှာပါ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။