ကျန်းယီ အကူအညီ ထပ်တောင်းခြင်း
Vol. 30 Ch. 345
‘ကောင်းကင်ဧကရာဇ်က ငါဘယ်သူလဲဆိုတာ သိနေတာလား... မဖြစ်နိုင်ဘူး’ ဟန်ကျွယ်ဟာ အထိတ်တလန့် ဖြစ်သွားပြီး အလိုလိုပြုံးမိသွားပါတယ် ‘ဟုတ်တယ်၊ ကျွန်တော်က အမှောင်သခင်ကြီးပဲ’
ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်အဖြေကြောင့် ရယ်မောလိုက်ပါတယ် “ဟားဟား... ယုံပါတယ်... ယုံပါတယ်”
ဟန်ကျွယ်က ကူကယ်ရာမဲ့တဲ့လေသံနဲ့ ပြောလိုက်ပါတယ် “အရှင်မင်းကြီး၊ ကျွန်တော်က ကပ်ဘေးကို အမြဲရှောင်နေတဲ့သူလေ၊ ကျွန်တော်သာ အမှောင်သခင်ကြီးနဲ့ ပတ်သက်နေရင် ကပ်ဘေးထဲဝင်တာ ကြာရောပေါ့၊ နောက်ပြီး ကျွန်တော်စရိုက်နဲ့ဆိုရင် အဲဒီလိုဆရာသခင်နဲ့ ဝေးဝေးနေမှာ”
ကောင်းကင်ဧကရာဇ်ဟာ ဟန်ကျွယ်စကားက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ် “အင်မော်တယ်ကမ္ဘာရဲ့ ထိပ်သီးအင်အားစုလေးစုမှာ ငါကလွဲရင် ကျန်တဲ့အင်အားစုသုံးစုရဲ့ ခေါင်းဆောင်တွေက ကျိန်စာတိုက်ခံရပြီး ဒုက္ခအမျိုးမျိုး ရောက်ကုန်တယ်၊ အမှောင်သခင်ကြီးက ကောင်းကင်ရုံးတော်နဲ့ တကယ်ပဲ ဆက်နွှယ်နေတာလား ဒါမှမဟုတ် ကောင်းကင်ရုံးတော်ကိုပဲ ဒုက္ခပေးဖို့ ကြံစည်နေလားဆိုတာတော့ ငါလည်း သေချာမသိဘူး”
ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ် ‘ဒါဆိုရင် ကျွန်တော်က ဘာလုပ်ရမှာလဲ၊ အရှင်မင်းကြီး ရူးသွားအောင် ကျိန်စာတိုက်ရမှာလား’ ဟန်ကျွယ်ဟာ ရင်ထဲမှာခါးသီးသွားပြီး သူ့အတွေးကို နည်းနည်းလေးတောင် ထုတ်မပြရဲပါဘူး။
“ကျွန်တော်အထင် ထောင်ချောက် ဖြစ်ဖို့များတယ်၊ အမှောင်သခင်ကြီးက အင်မော်တယ်ကမ္ဘာ တစ်ခုလုံးကို လိုသလို ကစားနေတာဆိုတော့ ကျွန်တော်တို့တွေ အဆိုးဆုံးကိုတွေးပြီး ကြိုတင်ပြင်ဆင်ထားသင့်တယ်၊ သူ့ကို ကျွန်တော်တို့လူလို့ တွေးလို့မရဘူး”
ကောင်းကင်ဧကရာဇ်က ပြုံးပြီး ပြောလိုက်ပါတယ် “မင်း ပြောတာမှန်တယ်၊ ငါလည်း မင်းလိုပဲ တွေးထားတယ်၊ ဘာပဲဖြစ်ဖြစ် ကောင်းကင်ရုံးတော်က တာအိုဂိုဏ်းရဲ့ အကူအညီရထားတာဆိုတော့ အင်မော်တယ်ကမ္ဘာမှာရှိတဲ့ အင်အားစုတွေက ကောင်းကင်ရုံးတော်နဲ့ အမှောင်သခင်ကြီး မပတ်သက်ဘူးလို့ တွေးကြမယ် ထင်တာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ မလိုဘူးလေ၊ အခုလက်ရှိ ကောင်းကင်ရုံးတော်က အင်မော်တယ်ကမ္ဘာမှာ အင်အားအကြီးဆုံး ဖြစ်နေပြီ”
ဒီစကားကနေ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ် အရမ်းပျော်နေတာကို သိလိုက်ပါတယ်။ ကြည့်ရတာ တာအိုဂိုဏ်းရဲ့ ကူညီမှုက ကောင်းကင်ဧကရာဇ်ကို ယုံကြည်မှုရှိသွားစေပုံပါပဲ။
“အရှင်မင်းကြီး... သတိမလွတ်နဲ့အုန်း၊ ကျွန်တော် ကောင်းကင်ရုံးတော်ထဲ ဝင်လာကတည်းက ကောင်းကင်ရုံးတော်ရဲ့ မဟာမိတ်တွေ ဘယ်လောက်တောင် ပြောင်းလဲပြီးပြီလဲ” ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို သတိပေးလိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ သတိပေးစကားကြောင့် ကောင်းကင်ဧကရာဇ်ဟာ တိတ်ဆိတ်သွားပြီး ကသိကအောက် ဖြစ်သွားပါတယ်။
ဟန်ကျွယ်က ဆက်မေးလိုက်ပါတယ် “ဟောင်အာရော ဘယ်လိုနေလဲ”
“သူ အဆင်ပြေပါတယ်၊ ဒါပေမဲ့ ငါ သူ့ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်ကို ရှာမတွေ့ဘူး၊ အဲဒါကြောင့် လောလောဆယ်မှာ သူ့ကို ဖိနှိပ်ထားတယ်”
“သူ့ကို မျက်ခြေမပြတ် စောင့်ကြည့်တာ ပိုကောင်းတယ်၊ ကတယ်လို့ ဟောင်တျန်သာဆိုရင် အခြေအနေ မကောင်းဘူး”
“ငါ နားလည်ပါတယ်၊ မစိုးရိမ်ပါနဲ့”
အဲဒီနောက် ဟန်ကျွယ်နဲ့ ကောင်းကင်ဧကရာဇ်ဟာ စကားစဖြတ်ပြီး နတ်အာရုံကို ဖြတ်တောက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော် အဆင်ပြေနေတယ်လို့ ကြားလိုက်ရတဲ့အတွက် စိတ်သက်သာရာ ရသွားပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်က သူနဲ့ အမှောင်သခင်ကြီး ပတ်သက်နေတယ်ဆိုပြီး သံသယဝင်တာကိုတော့ မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သက်သေမရှိလို့ပါပဲ။
နောက်ပြီး ကောင်းကင်ဧကရာဇ်ကလည်း ဟန်ကျွယ်က အမှောင်သခင်ကြီးဆိုတာကို လုံးဝယုံမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ဧကရာဇ်ဘက်ကနေ ကြည့်ရင် အမှောင်သခင်ကြီးက ဟန်ကျွယ်လိုမျိုး အားမနည်းနိုင်လို့ပါပဲ။ ထိပ်သီးအင်အားစုသုံးစုရဲ့ ခေါင်းဆောင်တွေကို ဒုက္ခရောက်အောင် ကျိန်စာတိုက်နိုင်တယ်လူက အနည်းဆုံးတော့ သူတို့ထက် စွမ်းအားကြီးရမယ် မဟုတ်ပါလား။
ဟန်ကျွယ်အတွက် အခုလိုအပ်နေတာက အေးအေးချမ်းချမ်း ကျင့်ကြံအားထုတ်ဖို့ပါ။ ဒါ့အပြင် ကောင်းကင်ဧကရာဇ်ရဲ့ သံသယကို ချေဖျက်ဖို့အတွက် ဟန်ကျွယ်ဟာ ပိုပြီးတော့ ဂူအောင်းဖို့လိုပါတယ်။
ကောင်းကင်ရုံးတော် ဇရပ်တစ်ဆောင်အတွင်း။
ကောင်းကင်ဧကရာဇ်ဟာ ကောင်းကင်တာအိုတိုကင်ကို ပြန်သိမ်းပြီး အတွေးနက်သွားပါတယ် ‘သူနဲ့ မပတ်သက်ရင် ဘယ်သူနဲ့ ပတ်သက်နေတာလဲ၊ ငါ့သားတွေကလည်း ငါ့ကို ဒီလိုမျိုး ကူညီနိုင်မှာ မဟုတ်ဘူး၊ သူတို့အစွမ်းကို ငါ ကောင်းကောင်းသိတယ်၊ ဒီတော့ ဖြစ်နိုင်ချေတစ်ခုပဲ ရှိတော့တယ်၊ အမှောင်သခင်ကြီးက ငါ့ကို ချောက်ချဖို့ ကြံစည်နေတာပဲ’
ဒီအတွေးကြောင့် ကောင်းကင်ဧကရာဇ်ရဲ့ မျက်လုံးတွေဟာ အေးစက်သွားပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ အမှောင်သခင်ကြီးရဲ့ ထောင်ချောက်ထဲကို ကျရောက်လုနီး ဖြစ်သွားပေမဲ့လည်း ဒီကိစ္စကြောင့် တာအိုဂိုဏ်းရဲ့ အကူအညီကို ရလိုက်တဲ့အတွက် ကံကောင်းတယ်လို့ ပြောရပါလိမ့်မယ်။
‘မဖြစ်သေးဘူး၊ ငါ အမှောင်သခင်ကြီးကို သတိကြီးကြီးထားမှ ဖြစ်မယ်၊ ငါ ကျိန်စာကို ခုခံနိုင်တဲ့ အကောင်းစား ရတနာတစ်ပါး ရှာဖို့ လိုတယ်’ ကောင်းကင်ဧကရာဇ်ဟာ ချက်ချင်း မတ်တတ်ရပ်ပြီး ဇရပ်ထဲကနေ ပျောက်ကွယ်သွားပါတယ်။
ခုနစ်နှစ်ကြာပြီးနောက်။
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ် ရွှေကျီးကန်းတိုကင်ကနေ ကျန်းယီရဲ့ ဆက်သွယ်မှုကြောင့် မျက်လုံးဖွင့်လိုက်ရပါတယ်။ အရင်တစ်ခေါက် ငြင်းထားတဲ့အတွက် ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ ရွှေကျီးကန်းတိုကင်ကို ထုတ်ယူပြီး နတ်အာရုံချင်း ချိတ်ဆက်လိုက်ပါတယ်။
“ဘာကိစ္စလဲ”
“အရင်တစ်ခေါက်က မင်း ငါ့ကို ဘာလို့ လျစ်လျူရှုထားတာလဲ”
“မင်းက ငါ့ကို အဆုံးသတ်အပျက်အစီးရဲ့ နတ်ဘုံထဲ ဆွဲသွင်းမလို့မလား၊ ငါ မင်းလိုမျိုး အစော်မခံချင်သေးဘူး”
“မင်း... မင်းက ငါ့ကို အဲဒီလောက်တောင် မယုံကြည်တာလား”
“ဒါဆို ငါကို ပြောစမ်းပါ၊ ဒီတစ်ခါကရော အခွင့်အရေးအကြောင်း လာပြောတာလား၊ အကူအညီ လာတောင်းတာလား”
“အကူ... အညီ လာတောင်းတာ”
ကျန်းယီရဲ့ အဖြေကြောင့် ဟန်ကျွယ်ဟာ ဆွံအသွားပြီး ဒေါသတကြီး ပြန်မေးလိုက်ပါတယ် “နတ်ရွှေကျီးကန်းမိသားစု ထွက်သွားရုံရှိသေးတယ်၊ မင်းက ထပ်ပြီးတော့ ပြဿနာ တက်ပြန်ပြီလား”
ကျန်းယီက အံကြိတ်ပြီး ဖြေပါတယ် “ဒီတစ်ခါက ကိစ္စကြီး၊ ဗုဒ္ဓဂိုဏ်းက လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုတစ်စုကို ဖိတ်ခေါ်လိုက်တာ၊ ငါ သူတို့နဲ့ မတော်တဆ တိုးမိပြီး သေတော့မလို့ပဲ၊ ငါ့ ဆရာသခင်ကြောင့်သာ ဝိညာဉ်ရတနာထဲမှာပဲ ဖိနှိပ်ခံရတာ၊ အခု ငါ တော်တော်လေး ခံစားနေရပြီ၊ ငါ့ကို ကယ်ပါအုန်း”
ဟန်ကျွယ်က တအံတဩ မေးလိုက်ပါတယ် “သူတို့က မင်းရဲ့ ရွှေကျီးကန်းတိုကင်ကို ဘာလို့ မသိမ်းသွားတာလဲ”
“ရွှေကျီးကန်းတိုကင်က ငါ့ဝိညာဉ်ရဲ့ နက်ရှိုင်းတဲ့ တစ်နေရာမှာလေ၊ သူတို့တွေ ရှာမတွေ့နိုင်ဘူး”
“ကောင်းပြီ၊ ငါအခုပဲ ကောင်းကင်ဧကရာဇ်ကို အကူအညီ တောင်းကြည့်မယ်”
“ညီအစ်ကိုရေ ကျေးဇူးပဲ၊ မင်းငါ့ကို ကယ်တာ နှစ်ခါရှိပြီ၊ အခုအချိန်ကစပြီး မင်းက ငါ့ရဲ့ အရင်းနှီးဆုံး ညီအစ်ကိုပဲ”
“မလုပ်ပါနဲ့၊ မင်း ငါ့ကို နောက်ထပ် အခွင့်အရေးအကြောင်းပြောမှာ ငါ ကြောက်တယ်”
“အဟွတ်.. အဟွတ်... နောင်တစ်ခါကျ ၁၀၀ ရာခိုင်နှုန်း စိတ်မချရရင် မင်းကို မပြောတော့ဘူး”
“ဟီးဟီး...”
ဟန်ကျွယ်ဟာ နတ်အာရုံကို ဖြတ်တောက်လိုက်ပြီး ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူကာ ကောင်းကင်ဧကရာဇ်နဲ့ ဆက်သွယ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကျန်းယီအကြောင်း ပြောပြလိုက်ပါတယ်။
ကောင်းကင်ဧကရာဇ်ဟာ ကျန်းယီကို ကယ်ဖို့ ချက်ချင်းပဲ သဘောတူလိုက်ပါတယ်။ ကြည့်ရတာ ကောင်းကင်ဧကရာဇ်က ဗုဒ္ဓဂိုဏ်း ဘာလုပ်နေလဲဆိုတာ သိချင်နေပုံပါပဲ။ ကောင်းကင်ဧကရာဇ်ဟာ ဗုဒ္ဓဂိုဏ်းကို တစ်ချက်မှ အလွတ်မပေးဘဲ မျက်ခြေမပြတ် စောင်ကြည့်နေခဲ့တာပါ။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို ပြန်သိမ်းပြီး အကြောဆန့်လိုက်ပါတယ်။ ဒီအချိန်မှာ ဝူတောက်ကျန့်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “သခင်... သခင်ကို ရှာနေတဲ့လူက နတ်ရွှေကျီးကန်း မိသားစုရဲ့ နံပါတ်တစ်ပါရမီရှင်လား”
ဝူတောက်ကျန့်ဟာ ကျန်းယီအကြောင်းကို ငရဲနက်နတ်ဆိုးသခင်နဲ့ တခြားသူတွေဆီက ကြားထားပါတယ်။ ဒါ့အပြင် အာတနဲ့ ရှောင်အာဆီကလည်း နတ်ရွှေကျီးကန်း မိသားစုအကြောင်းကို တစ်စွန်းတစ သိထားပါတယ်။ ဒါကြောင့် ဝူတောက်ကျန့်ဟာ နတ်ရွှေကျီးကန်း မိသားစုရဲ့ နံပါတ်တစ်ပါရမီရှင် ကျန်းယီက ဟန်ကျွယ်ကို ဒီလောက်လေးစားနေတဲ့အတွက် အံဩတကြီး ဖြစ်သွားရပါတယ်။
‘နတ်ရွှေကျီးကန်း မိသားစုကလည်း ဘာမှ မဟုတ်ပါလား’
ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ဒါက နေရာတကာ လျှောက်သွားနေတာရဲ့ ရလဒ်ပဲ၊ ဒီကောင်က ငါ့ကို အခွင့်အရေး အကြီးစားကြီးရှိတယ်ဆိုပြီး ငါ့ကို ဆက်တိုက်ခေါ်ခဲ့တယ်၊ ဒါပေမဲ့ ငါ မသွားခဲ့ဘူး၊ အခုကြည့်... ငါက ဘာမှမဖြစ်သေးဘူး၊ သူက သေမင်းနှုတ်ခမ်းဝ ရောက်တာ လေးငါးကြိမ် ရှိနေပြီ”
ဝူတောက်ကျန့်ဟာ ခေါင်းညိတ်ပြီး အလေးအနက် ပြောလိုက်ပါတယ် “သခင်က ဉာဏ်အကောင်းဆုံးပဲ၊ ကျင့်ကြံသူတိုင်းမှာသာ သခင်လိုမျိုး တာအိုနှလုံးသား ရှိမယ်ဆိုရင် လောကမှာ အနန္တကပ်ဘေးဆိုတာ ရှိတော့မှာ မဟုတ်ဘူး”
ဟန်ကျွယ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ် ‘ဒါက ဘယ်လိုလော့ဂျစ်ကြီးလဲ... လူတိုင်းက ငါတို့လို အရည်အချင်း မရှိတော့ အခွင့်အရေးမရှာလို့ မရဘူးလေ’
ဟန်ကျွယ်ဟာ ဒီစကားကိုစိတ်ထဲမှာသာ တွေးလိုက်ပြီး ဝူတောက်ကျန့်ကို ဘာမှပြန်မပြောဘဲ ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။
အခုဆိုရင် အကုသိုလ်ကံစုပ်ယူမှုကနေ ကျင့်ကြံမှု တိုးတက်တာက ဟန်ကျွယ်ရဲ့ ချီစုပ်ယူမှုကြောင့် ကျင့်ကြံမှု တိုးတက်တာထက် ပိုမြန်နေပါပြီ။ ဒါက ဟန်ကျွယ်အတွက် သတင်းကောင်းပါပဲ။ ကမ္ဘာဖျက်ကြာနက်ထဲမှာ အလွန်များပြားတဲ့ အကုသိုလ်ကံတွေ ရှိနေတဲ့အပြင် တိတ်ဆိတ်ကျွန်း အပြင်ဘက်မှာလည်း မကုန်ဆုံးနိုင်တဲ့ အကုသိုလ်ကံတွေ ရှိနေတဲ့အတွက် ဟန်ကျွယ်မှာ ရင်းမြစ် မရှားတော့ပါဘူး။
နောက်ပြီး ဟန်ကျွယ်ဟာ ဒီအခွင့်အရေးကို အသုံးချပြီး ကောင်းကင်တာအိုကို ကျေးဇူးပြုနိုင်ပါတယ်။ နောင်တစ်ချိန်ကျရင် ကောင်းကင်တာအိုက သူ့အကျိုးဆောင်မှုအတွက် ဆုချရင်ချမှာပါ။
မျက်တောင်တစ်ခတ်အတွင်း နှစ် ၂၀ ကုန်ဆုံးသွားပြီး ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် နဝမအဆင့်နဲ့ ပိုပို နီးကပ်လာပါတယ်။ ဟန်ကျွယ်ဟာ ကျင့်ကြံမှုအလျင် မြန်ဆန်လာတာကြောင့် အင်မော်တယ်ဧကရာဇ် နဝမအဆင့် ထိုးဖောက်ဖို့က အင်မော်တယ်ဧကရာဇ် အဋ္ဌမအဆင့်ကို ထိုးဖောက်တုန်းကလောက် အချိန်မယူရတော့ဘူးလို့ ခံစားလိုက်ရပါတယ်။
ဒီနေ့တော့ ဟန်ကျွယ်ဟာ ရန်သူတွေကို ကျိန်စာတိုက်နေတုန်း ကျန်းယီက ထပ်ပြီးတော့ ဆက်သွယ်လာပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်းပဲ နတ်အာရုံချင်း ချိတ်ဆက်လိုက်ပါတယ်။
“ညီအစ်ကို ကျေးဇူးပဲ၊ ငါ အကယ်ခံလိုက်ရပြီ၊ ငါတို့မိသားစု ဦးစီးက မင်းကို အရမ်း ကျေးဇူးတင်တင်နေတယ်၊ မင်းက ငါတို့ နတ်ရွှေကျီးကန်း မိသားစုရဲ့ ထာတရမိတ်ဆွေပဲတဲ့၊ နောက်ပြီး မင်းမှာ သိဟုန်ယွဲ့ရဲ့ ကလေးနှစ်ယောက် ရှိတယ်မလား၊ မိသားစုဦးစီးက သူတို့ကို မိသားစုဆီ ပြန်လာပြီး ပါရမီရှင်တွေအတိုင်း ခံစားခွင့်ပြုလိုက်ပါတယ်”
ကျန်းယီဟာ ပြုံးလိုက်ပါတယ်။ ကျန်းယီရဲ့ အပြုံးက ဟန်ကျွယ်ရဲ့ ချီးကျူးမှုကို စောင့်နေသလိုပါပဲ။
ဟန်ကျွယ်က ယဉ်ယဉ်ကျေးကျေးပဲ ငြင်းလိုက်ပါတယ် “ထားလိုက်ပါ၊ အခုလောလောဆယ် သူတို့ကို ငါဘေးနားမှာပဲ ထားမယ်၊ အနန္တကပ်ဘေးပြီးမှပဲ သူတို့တွေ ပြန်လာလိမ့်မယ်”
“ဒါလည်း ဟုတ်တာပဲ၊ ကပ်ဘေး ကျရောက်နေပြီဆိုတော့ ငါတို့တောင် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ရုံပဲ ရှိတာ”
“မင်း ပြန်ရောက်ပြီဆိုရင် ကောင်းကောင်းမွန်မွန် ကျင့်ကြံချည်၊ ငါမင်းဆီကနေ ထပ်ပြီး မပုန်းတော့ဘူး၊ အခုငါက အင်မော်တယ်ဧကရာဇ် ပဥ္စမအဆင့်ကို ကျော်တက်သွားပြီ၊ အရင်တုန်းက မင်းမျက်နှာကို ထောက်လို့ ဘာမှမပြောတာ၊ ဒါပေမဲ့ မင်း ခံစားနေရတာတွေကို ငါ မကြည့်ရက်လို့ တော်တော်လေး စဉ်းစားချင့်ချိန်ပြီး အမှန်အတိုင်း ထုတ်ပြောတာ၊ ဟေးး... မင်း နားထောင်နေလား၊ ကျန်းယီ... မင်း သေသွားပြီလား”
ဟန်ကျွယ်ဟာ ကျန်းယီဆီက စကားပြန်မလာတာကြောင့် တအံတဩ ဖြစ်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။