အင်မော်တယ်ဧကရာဇ် နဝမအဆင့်၊ ကောင်းကင်တာအို အကောင်းစား ရတနာ
Vol. 30 Ch. 347
ကြယ်ပင်လယ်မှာ မုန်တိုင်းထန်တာက မြန်တယ်လို့ ထင်ရပေမဲ့ တကယ်တော့ တော်တော်လေး ကြာပါတယ်။ နှစ်ဝက်ကြာမှာပဲ ကြယ်ပင်လယ်ဟာ လုံးဝ ငြိမ်သက်သွားပါတယ်။ ဟန်ကျွယ်ရဲ့ အကုသိုလ်ကံ စုပ်ယူနှုန်းကလည်း ဆယ်ဆမက ထိုးတက်သွားတာကြောင့် ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုကလည်း လျင်မြန်စွာ တိုးတက်လို့လာပါတယ်။
ဒါကြောင့် ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် နဝမအဆင့်ကို နောက်ထပ် ဆယ်နှစ်မပြည့်ခင်မှာ ထိုးဖောက်နိုင်တော့မှာပါ။
ဟန်ကျွယ် ဂရုအစိုက်ဆုံးကတော့ ဟွမ်သွမ့်ဓားနဲ့ ကမ္ဘာဖျက်ကြာနက်ပါ။ ဒီရတနာနှစ်ပါးဟာ တစ်ခုကိုတစ်ခုထပ်ပြီး တည်ရှိနေပါတယ်။ ဟွမ်သွမ့်ဓားဟာ ကမ္ဘာဖျက်ကြာနက်ရဲ့ နှလုံးသားထက်မှာ မရပ်မနား လှည့်ပတ်နေတာပါ။
ကမ္ဘာဖျက်ကြာနက်ရဲ့ အစိတ်အပိုင်းအများစုက လောကဦးချီရဲ့ သန့်စင်မှုကြောင့် တဖြည်းဖြည်း ခရမ်းရောင် ပြောင်းလဲဿွားပါတယ်။
ဟန်ကျွယ်ဟာ ဒီရလဒ်ကို ကျေနပ်အားရသွားပါတယ်။ ဟန်ကျွယ်ဟာ ကျင့်ကြံမှု တိုးတက်တာအပြင် ဟွမ်သွမ့်ဓားနဲ့ ကမ္ဘာဖျက်ကြာနက်က အထူးတလည် ဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်နေတာကိုလည်း ရှင်းရှင်းလင်းလင်းကြီး ခံစားမိလိုက်ပါတယ်။ ဒီဆက်သွယ်မှုက ဘာဆိုတာကို ဟန်ကျွယ်မသိပေမဲ့ သူ့အတွက် ကောင်းတယ်ဆိုတာကိုတော့ ဟန်ကျွယ် ခံစားမိပါတယ်။
အချိန်ဟာ တရွေ့ရွေ့ကုန်ဆုံးပြီး ရှစ်နှစ်ကြာသွားပါတယ်။
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ အဆင့်တက်ဖို့ အခွင့်အရေး ရလာပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ကျင့်ကြံခြင်းလိုဏ်ဂူအပြင်ဘက် မောင်းထုတ်ပြီး အဆင့်စတက်ပါတယ်။
တာအိုစက်ကွင်းရှိနေတာကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်စမ်းသပ်မှုကို ရင်ဆိုင်စရာ မလိုပါဘူး။ ဒါကြောင့် သုံးနှစ်အတွင်းမှာပဲ ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် နဝမအဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားပါတယ်။
ဟန်ကျွယ်ရဲ့ ဝိညာဉ်ဟာ အလွန့်အလွန် ပြီးပြည့်စုံတဲ့ အခြေအနေကို ရောက်ရှိနေပါပြီ။ ဟန်ကျွယ်ရဲ့ ဝိညာဉ်သာ ခန္ဓာကိုယ်ကနေ ထွက်သွားမယ်ဆိုရင် သူ့ဝိညာဉ်ကနေ ဖြာထွက်နေတဲ့ တောက်ပလွန်းတဲ့ ခရမ်းရောင် အလင်းရောင် တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဟန်ကျွယ်ရဲ့ နတ်အာရုံကလည်း အသွင်ပြောင်းလဲပြီး ပိုမိုအားကောင်းလာပါတယ်။ ဟန်ကျွယ်ဟာ သူ့ဝိညာဉ်စွမ်းအား တိုးတက်လာတာကိုလည်း ခံစားမိပါတယ်။
‘အခုတောင် ငါ ဒီလောက်စွမ်းအားကြီးနေရင် နတ်မင်းအဆင့်ကို ရောက်ရင် ဘယ်လိုများနေမလဲ မသိဘူး’ ဟန်ကျွယ်ဟာ နတ်မင်းအဆင့်ကို မျှော်ကြည့်မိလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်ရင်း ကိုယ်ရေးအကျဉ်းကို စစ်ဆေးလိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၄,၅၆၉/၂,၀၀၁,၉၉၉,၉၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: အင်မော်တယ် (လောကဦး ကြယ်တာရာ ခန္ဓာကိုယ်)]
[ကျင့်ကြံမှု: ပြန်လည်မွေးဖွားခြင်း အင်မော်တယ်ဧကရာဇ် နဝမအဆင့်။]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို။]
‘၂ ကွာဒလီယံ ဖြစ်သွားပြီလား... ပျင်းဖို့ကောင်းလိုက်တာ’
ဟန်ကျွယ်ဟာ သက်တမ်းတိုးတာ မြင်ရဖန် များတဲ့အတွက် အရင်လို စိတ်ဝင်တစား မရှိတော့ပါဘူး။ ဟန်ကျွယ် ဒီထက် စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အရာတစ်ခု လိုအပ်လို့နေပါပြီ။
နှစ်နှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်ပြီးသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံ အားထုတ်ပြီး နတ်မင်းအဆင့်ကို ထိုးဖောက်ဖို့ ပြင်ဆင်ပါတယ်။ နတ်မင်းအဆင့်ကို ရောက်တာနဲ့ ဟန်ကျွယ်သာ သူ့ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို တစ်ခါတည်း အဆင့်မြှင့်တင်ဖို့ ဆုံးဖြတ်ထားပါတယ်။
ဟန်ကျွယ်ဟာ ဒီတစ်ခါမှာတော့ အဆင့်တက်တာကို အောင်ပွဲခံတဲ့အနေနဲ့ ကျိန်စာမတိုက်ပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် ဟန်ကျွယ်က နတ်မင်းအဆင့်ကို ဘယ်လောက်တောင် ရောက်ချင်နေလဲဆိုတာ ထင်ရှားပါတယ်။
အင်မော်တယ်ကမ္ဘာ၊ ပင်လယ်ရပ်ခြားဒေသ၊ ရွှေငါးကြင်းကျွန်း။
ဟွမ်ဇွမ်တျန်ဟာ ရေတံခွန်ရှေ့မှာ တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေပါတယ်။ ဟွမ်ဇွမ်တျန်ရဲ့ ခန္ဓာကိုယ်ကနေ သာမန်မျက်စိနဲ့ မြင်နိုင်လောက်တဲ့ ရွေရောင်အလင်းတွေ ဖြာထွက်နေပါတယ်။ အခုဆိုရင် ဟွမ်ဇွမ်တျန်ဟာ အရင်ကနဲ့ လုံးဝ မတူတော့ပါဘူး။ ကျယ်ကျောင်းတော်မှာ ဘယ်သူမှ အနိုင်မကျင့်ရဲတဲ့ တည်ရှိမှုတစ်ခု ဖြစ်နေပါပြီ။
ကြိုးကြာဖြူဟာ ဟွမ်ဇွမ်တျန်ဘေးမှာ ဆင်းသက်ပြီး လေးလေးစားစား ပြောလိုက်ပါတယ် “ဂိုဏ်းချုပ်က ဆွေးနွေးစရာရှိလို့ ကျွန်းသခင်အကုန်လုံးကို ဆင့်ခေါ်လိုက်တယ်”
ဟွမ်ဇွမ်တျန်ဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ် “ဘာ... မင်း ဘာသိထားတာ ရှိလဲ”
ကြိုးကြာဖြူက ပြန်ဖြေပါတယ် “ကောင်းကင်ရုံးတော်ကို ပံ့ပိုးတာနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာထင်တယ်”
ကြိုးကြာဖြူရဲ့ စကားကြောင့် ဟွမ်ဇွမ်တျန်ဟာ ပိုပြီးတော့ မျက်မှောင်ကြုတ်သွားပါတယ် ‘သူတို့က သူများအတွက် အလုပ်လုပ်ပေးပြီး ကပ်ဘေးထဲ ဝင်မှာလား’ ဟွမ်ဇွမ်တျန်ဟာ ကျယ်ကျောင်းတော်ကို ပိုအထင်သေးသွားပြီး တော်တော်လေး သူရဲဘောကြောင်တဲ့လူတွေလို့ မှတ်ချက်ချလိုက်ပါတယ်။ ဒါပေမဲ့ ဂိုဏ်းချုပ်ရဲ့ အမိန့်ဖြစ်တာကြောင့် ဟွမ်ဇွမ်တျန်ဟာ မသွားဘဲ မနေရဲပါဘူး။
“ကောင်းပြီ၊ ငါ သွားလိုက်မယ်” ဟွမ်ဇွမ်တျန်က ကြိုးကြာဖြူက အဖြေပြန်ပေးလိုက်ပါတယ်။
ကြိုးကြာဖြူလည်း တောင်ပံခတ်ပြီး ပျံထွက်သွားပါတယ်။
ဟွမ်ဇွမ်တျန်ကတော့ စိုးရိမ်မှုများစွာနဲ့ ကျန်ရစ်နေခဲ့ပါတယ်။ ဟွမ်ဇွမ်တျန်ဟာ အနန္တကပ်ဘေးက ပိုပိုကြမ်းလာတာကို ကြားထားပါတယ်။ မရေမတွက်နိုင်တဲ့ သက်ရှိတွေဟာ နေ့စဉ်ရက်ဆက် သေဆုံးနေပြီး အင်မော်တယ်ကမ္ဘာကို လှုပ်ခါနိုင်တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်အချို့လည်း ကွယ်လွန်ကုန်ပါပြီ။
‘မဖြစ်သေးဘူး၊ ငါသာ ဒီကပ်ဘေးထဲ ဇွတ်တရွတ်ဝင်ရင် ကျယ်ကျောင်းတော်နောက်က လိုက်မယ်ဆိုရင်တောင် ကျိန်းသေပေါက် အစတေးခံပဲ ဖြစ်လိမ့်မယ်၊ ဒီထက်ပိုဆိုးတာက ကျယ်ကျောင်းတော် ကူညီမဲ့ ကောင်းကင်ရုံးတော်က လူတိုင်းရဲ့ပစ်မှတ် ဖြစ်နေတာပဲ’
ဟွမ်ဇွမ်တျန်ဟာ သူ့အဆင့်အတန်းကို ထပ်တိုးဖို့ နည်းလမ်းရှာရမယ်လို့ ခံစားလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်းသခင်တွေက များလွန်းတဲ့အတွက် အယောက်တစ်ရာသေလည်း ကျယ်ကျောင်းတော်အတွက် ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ဟွမ်ဇွမ်တျန်ဟာ သူ့အဆင့်အတန်းကို ဒီထက်တိုးချင်ရင် ကျင့်ကြံမှုကိုပဲ အားကိုးရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျယ်ကျောင်းတော်က တာအိုဂိုဏ်းရဲ့ ဆက်ခံသူဖြစ်တဲ့အတွက် အရာရာမှာ စွမ်းအားက တော်တော်လေး စကားပြောပါတယ်။
‘ကြည့်ရတာ ငါ အဲဒီရတနာကို သုံးရတော့မယ်ထင်တယ်’ ဟွမ်ဇွမ်တျန်ဟာ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သူ့ဘာသာ စိတ်ထဲမှာ ပြောလိုက်ပါတယ်။
နှစ် ၂၀ ဟာ မနေ့တစ်နေ့ကလို လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။ ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို အာရုံစိုက်လွန်းလို့ ကျိန်စာတိုက်ဖို့တောင် သတိမရပါဘူး။ ကမ္ဘာဖျက်ကြာနက်က လုံးဝသန့်စင်သွားတော့မှပဲ ဟန်ကျွယ်ဟာ ကျင့်ကြံရာကနေ နိုးလာပါတယ်။
ဟန်ကျွယ်ဝိညာဉ်ရဲ့ နက်ရှိုင်းတဲ့တစ်နေရာက ကြယ်ပင်လယ်မှာရှိနေတဲ့ ကမ္ဘာဖျက်ကြာနက်ဟာ ခရမ်းရောင် ပြောင်းလဲသွားပါပြီ။ ကမ္ဘာဖျက်ကြာနက်က ဟန်ကျွယ်ရဲ့ ဝိညာဉ်နဲ့ တော်တော်လေး ဆင်တူလှပါတယ်။ ဟွမ်သွမ့်ဓားကတော့ ပုံစံမပြောင်းပေမဲ့ ပိုပြီးစွမ်းအားကြီးလာပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်နဲ့ ဟွမ်သွမ့်ဓားက အတူပေါင်းစပ်ပြီး အမြွာဝိညာဉ်ရတနာတွေ ဖြစ်သွားတာကို ခံစားသိရှိလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကမ္ဘာဖျက်ကြာနက်ကို ကိုယ်ပိုင်ပစ္စည်းပြုပါတယ်။
ကမ္ဘာဖျက်ကြာနက်ဟာ လောကဦးချီကြောင့် သန့်စင်သွားတာမို့ ဟန်ကျွယ်အနေနဲ့ ကိုယ်ပိုင်ပစ္စည်းပြုဖို့ မခက်လှပါဘူး။ ခုနစ်ရက်အကြာမှာပဲ ကမ္ဘာဖျက်ကြာနက်ဟာ ဟန်ကျွယ်ကို သခင်အဖြစ် အသိအမှတ် ပြုလိုက်ပါတယ်။
[သင်သည် ကောင်းကင်တာအို အကောင်းစား ရတနာအား ပထမဆုံးရရှိသည့်အတွက် အောက်ပါရွေးချယ်မှုများ ပြုလုပ်နိုင်သည်။]
[၁။ ချက်ချင်းဘုံပျံတက်၍ ကပ်ဘေးထဲဝင်ရောက်ပြီး ကံတရား အထောက်အပံ့ကို သိမ်းယူပါ။ ဆုလာဘ်အဖြစ် ဆန်းကြယ်စွမ်းအား တစ်ပါး၊ မဟာတာအို အပိုင်းအစ တစ်စနှင့် စနစ်အဆင့်မြှင့်တင်ရန် အခွင့်အရေး တစ်ခုအား ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံ၍ ကပ်ဘေးနှင့် ဝေးဝေးတွင်နေပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စအား ရရှိမည်။]
ဟန်ကျွယ်ဟာ တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ နံပါတ်နှစ်ကို ရွေးချယ်လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ရဲ့ အချက်အလက်ကို စစ်ဆေးလိုက်ပါတယ်။
[ကမ္ဘာဖျက်ကြာနက်: ကောင်းကင်တာအို အကောင်းစား ရတနာ။ လောကဦးချီဖြင့် သန့်စင်ခံရပြီးနောက် အစွမ်းပိုထက်လာ၏။ ကမ္ဘာဖျက်ကြာနက်၏ ခံစစ်သည် ကောင်းကင်တာအိုအောက်၌ ပထမတန်းစား ဖြစ်ပြီး ကျင့်ကြံမှုအလျင်ကိုလည်း တိုးတက်စေနိုင်သည်။]
‘အထင်ကြီးဖို့ ကောင်းလှချည်လား’
ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ကို ချက်ချင်းထုတ်ယူပြီး ခုတင်ပေါ်မှာ ထားလိုက်ပါတယ်။ အဲဒီနောက် ကမ္ဘာဖျက်ကြာနက်ပေါ် တက်ထိုင်ပြီး ချီကို စုပ်ယူလိုက်တဲ့အခါမှာ ကျင့်ကြံမှုအလျင်က များစွာတိုးတက်သွားတာကို ဟန်ကျွယ် တွေ့လိုက်ရပါတယ်။ ဒါတင် မကသေးဘဲ ဟန်ကျွယ်ရဲ့ အကုသိုလ်ကံ စုပ်ယူနှုန်းကလည်း တိုးတက်သွားပါတယ်။
‘တကယ့်ရတနာကောင်းပဲ’
ဟန်ကျွယ်ဟာ အရင်ထိုင်နေကျ တရားထိုင်ဖျာကို စားပွဲပေါ် တင်လိုက်ပြီး နတ်မိမယ်ရှီရွှမ်ကို ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ရဲ့ စွမ်းအားကို စမ်းသပ်ဖို့အတွက် အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ ပထမဆုံး ရွေးချယ်မှုက ကောင်းကင်ဧကရာဇ်ပါ။
ငါးမိနစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ကောင်းကင်ဧကရာဇ်ဟာ ကမ္ဘာဖျက်ကြာနက်ရဲ့ ခံစစ်ကို မထိုးဖောက်နိုင်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်က အားနည်းလွန်းတဲ့အတွက် ဝိညာဉ်စွမ်းအား ကုန်ခမ်းသွားတဲ့အခါမှာတော့ ချက်ချင်းပဲ အသတ်ခံလိုက်ရပါတယ်။
ဒါပေမဲ့ ဒီဟာက အရေးကြုံရင် ဟန်ကျွယ်အသက်ကို ကယ်တင်ဖို့အတွက် လုံလောက်ပါတယ်။
‘ကောင်းကင်တာအို အကောင်းစား ရတနာလို့ မပြောရဘူး၊ တော်တော်စွမ်းတာပဲ’ အဲဒီနောက် ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲမှာ ဆက်ပြီးတော့ စမ်းသပ်ပါတယ်။
ဘိုးဘေးရှီတျန်နဲ့ ပထမတန်းမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေကလွဲရင် ဘယ်သူမှ ကမ္ဘာဖျက်ကြာနက်ရဲ့ ခံစစ်ကို မထိုးဖောက်နိုင်ကြပါဘူး။ ပထမတန်းမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေတောင် ကမ္ဘာဖျက်ကြာနက်ရဲ့ ခံစစ်ကို ထိုးဖောက်ဖို့ အချိန်ယူရပါတယ်။
ဘိုးဘေးရှီတျန်ကတော့ လက်တစ်ချက် ဝှေ့ယမ်းရုံနဲ့ ဟန်ကျွယ်ရော ကမ္ဘာဖျက်ကြာနက်ကိုပါ ဖျက်ဆီးပစ်လိုက်ပါတယ်။
‘ငါ ဘိုးဘေးရှီတျန်ကို လုံးဝယှဉ်လို့ မရသေးဘူးပဲ’
အတိုချုံးပြောရရင် ဟန်ကျွယ်ဟာ တော်တော်လေးကို ပျော်ရွှင်နေပါတယ်။ ဒါကြောင့် အောင်ပွဲခံတဲ့အနေနဲ့ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ကျိန်စာတိုက်ဖို့ ပြင်ဆင်ပါတယ်။ ဟန်ကျွယ်ဟာ ဒီတစ်ခါမှာတော့ စပရိုက်လုပ်တဲ့အနေနဲ့ တစ်ယောက်ကို နှစ်ဘီလီယံစီ သုံးပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ်ရဲ့ ပထမဆုံးပစ်မှတ်ကတော့ ကောင်းကင်တာအိုဗုဒ္ဓပါ။
မှောင်စပျိုးချိန် တောင်ကြားတစ်ခုရဲ့ တစ်နေရာမှာ ဗုဒ္ဓအလင်းရောင် ထွက်ပေါ်နေပါတယ်။ ဒီဗုဒ္ဓအလင်းရောင်ဟာ မြေပြင်မှာ ထိုင်နေတဲ့ ကောင်းကင်တာအိုဗုဒ္ဓဆီကနေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ရုတ်တရက်ဆိုသလို ကောင်းကင်တာအိုဗုဒ္ဓဟာ မျက်မှောင်ကြုတ်သွားပါတယ်။
“ခွေးမသား အမှောင်သခင်ကြီး၊ ငါ့ကို ထပ်ပြီး ဒုက္ခပေးပြန်ပြီ” ကောင်းကင်တာအိုဗုဒ္ဓဟာ ဒေါသချောင်းချောင်း ထွက်သွားပေမဲ့ တောင်ခံရုံကလွဲလို့ ဘာမှမတက်နိုင်ပါဘူး။ ကောင်းကင်တာအိုဗုဒ္ဓဟာ သိစိတ်တစ်ခါလွတ်ပြီးပါပြီ။ အခုလို အတွင်းနတ်ဆိုးကို တည်ငြိမ်အောင်ထားဖို့ကလည်း မလွယ်လှတာကြောင့် ကောင်းကင်တာအိုဗုဒ္ဓဟာ ထပ်ပြီးတော့ အသိစိတ် မလွတ်ချင်တော့ပါဘူး။
ဇုထူပေါ်လာကတည်းက ကောင်းကင်တာအိုဗုဒ္ဓဟာ စိတ်လိုက်မာန်ပါ မလုပ်ရဲတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ဧကရာဇ်နဲ့ နတ်ဆိုးဧကရာဇ်က သူ့ကို မသတ်နိုင်ပေမဲ့ ဇုထူက သူ့ကို သတ်နိုင်လို့ပါပဲ။
ဇုထူက အင်မော်တယ်ကမ္ဘာရဲ့ အစွမ်းအထက်ဆုံးပုဂ္ဂိုလ်ဆိုတာက လူတိုင်း လက်ခံထားကြပါတယ်။ ဒါကြောင့်လည်း ရှန်နန်းတော်ဟာ အင်အားနည်းစဉ်မှာ တိုက်ခိုက်ချေမှုန်းမခံရဘဲ အင်အားကြီးမားလာနိုင်တာ ဖြစ်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။