← Chapters

ပန်ရှင်းရောက်လာခြင်း၊ နတ်ဆိုးဧကရာဇ်အား ကျိန်စာတိုက်ခြင်း

Vol. 31 Ch. 357

ပန်ရှင်းရောက်လာခြင်း၊ နတ်ဆိုးဧကရာဇ်အား ကျိန်စာတိုက်ခြင်း

Vol. 31 Ch. 357

နွီဝါနန်းတော်ဟာ ပြန်လည်တိတ်ဆိတ်သွားပြီး ဇုထူကလည်း စိတ်ရှည်လက်ရှည် စောင့်ပါတယ်။ လေးငါးနာရီ အကြာမှာတော့ နွီဝါနန်းတော်ထဲကနေ အေးစက်တဲ့အသံ ထွက်ပေါ်လာပါတယ် “မင်းပြောတဲ့ ထူးခြားမှုက အနန္တကပ်ဘေးရဲ့ အစိတ်အပိုင်းတစ်ခုပဲ၊ ပြန်သွားတော့”

‘အနန္တကပ်ဘေးရဲ့ အစိတ်အပိုင်း’ ဇုထူဟာ မျက်မှောင်ကြုတ်သွားပြီး တာအိုပညာရှိရဲ့ ဆိုလိုရင်းကို နားမလည်နိုင် ဖြစ်သွားပါတယ် ‘အနန္တကပ်ဘေးရဲ့ အစိတ်အပိုင်းဆိုရင် ဘာဖြစ်လို့ ငါ့ကို စိတ်လေးစေတာလဲ၊ ငါက အနန္တကပ်ဘေးမှာ အစွမ်းအထက်ဆုံးလေ၊ ဘယ်သူက ငါ့ကိုယှဉ်နိုင်လို့လဲ၊ ဒါမှမဟုတ် ဒီစိတ်လေးလံမှုက အမှောင်သခင်ကြီးဆီကနေ လာတာလား...’

ဇုထူဟာ ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး နွီဝါနန်းတော်ကို ဦးညွတ်ကာ ထွက်ခွာသွားပါတယ်။

လျှပ်တပြက်အတွင်း နှစ်ငါးဆယ် ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာကြောင့် ပျင်းရိငြီးငွေ့စရာ ကောင်းလှပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဆယ်နှစ်တိုင်း ကျိန်စာတိုက်ဖို့တော့ မမေ့ပါဘူး။ ကျိန်စာတိုက်ရင်း စာအိတ်တွေ ဖတ်ရတာက ဟန်ကျွယ်အတွက် ရှားရှားပါးပါး ပျော်စရာတစ်ခု မဟုတ်ပါလား။

ဒီနှစ်တွေမှာ ဟန်မင်ဟာ အောင်မြင်စွာ ပြန်လည်မွေးဖွားနိုင်ခဲ့ပြီး အရည်အချင်းကလည်း ထက်မြက်လွန်းပါတယ်။ ဟန်မင်ဟာ မွေးဖွားကတည်းက မြေလျှောက်အင်မော်တယ်အဖြစ် မွေးဖွားလာတဲ့အတွက် နတ်ရွှေကျီးကန်းမိသားစုနဲ့တောင် ယှဉ်နိုင်လုနီး ဖြစ်နေပါပြီ။

ဟန်ကျွယ်ရဲ့ အင်မော်တယ် နတ်ဘုရား မိတ်ဆွေအချို့လည်း တစ်ယောက်ပြီး တစ်ယောက် သေဆုံးကုန်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် နတ်ဆိုးရုံးတော်ကို ကျူးကျော်တဲ့ ကောင်းကင်ရုံးတော်ရဲ့ အစီအစဉ်က အဆင်သိပ်မပြေမှန်း သိနိုင်ပါတယ်။

‘ဟင်း... မိတ်ဆွေတချို့က တွေ့တောင် မတွေ့ရသေးဘဲ သေဆုံးသွားကြပါလား...’

ဟန်ကျွယ်ဟာ သူ့မိတ်ဆွေတွေရဲ့ ရုပ်ပုံတွေ တစ်ယောက်ပြီး တစ်ယောက် ပျောက်ကွယ်သွားတာကို ကြည့်ရင်း ဝမ်းနည်းသွားပါတယ်။ ဟန်ကျွယ်လိုချင်တဲ့ မဟာတာအိုရဲ့ အဆုံးသတ်ကိုရောက်ရင် မိတ်ဆွေ ဘယ်လောက်ကျန်မလဲဆိုတာတော့ ဟန်ကျွယ် မသိပါဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ လက်ချိုးရေလို့တဲ့ မိတ်ဆွေအချို့ပဲ ကျန်ရစ်မယ်ဆိုတာ ဟန်ကျွယ် သိနေပါတယ်။

ကျင့်ကြံမှုက တောင်ထိပ်လိုပါပဲ။ မြင့်မားလေလေ ကျဉ်းမြောင်းလေလေပါ။ နောက်ဆုံးကျရင်လည်း ထိပ်ဆုံးမှာ တစ်ယောက်ပဲ ရပ်နိုင်ပါတယ်။

ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကထွက်ပြီး ဖူစန်းသစ်ပင်ဆီ လျှောက်သွားပါတယ်။ ဖူစန်းသစ်ပင်ဟာ အတော်လေး ကြီးထွားနေပြီ ဖြစ်ပေမဲ့ အရွယ်ရောက်ဖို့ကတော့ အတော်လေး အလှမ်းဝေးနေပါသေးတယ်။ အရွယ်ရောက်နေတဲ့ ဖူစန်းသစ်ပင်က အနန္တကမ္ဘာကို ကွန်ရက်သဖွယ် ချိတ်ဆက်နိုင်ပါတယ်။ ဟန်ကျွယ်ကလည်း အဲဒီလိုနေ့ကို စောင့်မျှော်နေတာပါ။

ဖူစန်းသစ်ပင်ဟာ ထပ်ပြီးတော့ လှုပ်ခါသွားပါတယ်။

ဟန်ကျွယ်က ပြုံးပြီး ပြောလိုက်ပါတယ် “ကျို့ယိုငရဲမှာရှိတဲ့ တာအိုရောင်းရင်းနဲ့ သဘောတူညီမှု ရထားပြီးပြီ၊ သူက မင်းကို အနန္တရာယ်ပြုမှာ မဟုတ်ဘူး၊ မကြောက်ပါနဲ့”

ဖူစန်းသစ်ပင်က ဂရုတစိုက် ပြန်ပြောပါတယ် “ကျို့ယိုငရဲက မဟုတ်ဘူး၊ အပြင်ဘက်ကလာတာ...”

‘အပြင်ဘက်လား...’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး နတ်အာရုံကို ကျို့ယိုငရဲထွက်ပေါက်ဆီ စေလွှတ်လိုက်ပါတယ်။

မကြာခင်မှာပဲ ဟန်ကျွယ်ဟာ ကျို့ယိုငရဲရဲ့ ထွက်ပေါက်က တဖြည်းဖြည်း ကျဉ်းမြောင်းလာတာကို တွေ့သွားပါတယ်။ တစ်စုံတစ်ယောက်က အရံအတားကို ပြန်ပြင်ဆင်ပြီး ကျို့ယိုငရဲနဲ့ ငရဲပြည်ကို ခွဲခြားချင်တာပါ။

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ငါ တားသင့်လား... ဘာလို့ တားရမှာလဲ၊ ငါ ဒီမှာ လာပုန်းတာက ကပ်ဘေးကို ရှောင်လွှဲဖို့မလား၊ အခု တစ်ယောက်ယောက်က အရံအတားကို ပြင်ဆင်နေတယ်ဆိုတော့ ဒါ ငါ့အတွက် သတင်းကောင်းပဲ၊ အရံအတား ပြန်ကောင်းသွားရင် အပြင်ဘက်က ရန်သူတွေ ကျို့ယိုငရဲထဲကို အလွယ်တကူ ဝင်လာနိုင်မှာ မဟုတ်တော့ဘူး’

ဒီအတွေးကြောင့် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ စောင့်ကြည့်ပါတယ်။ ရုတ်တရက် ဆိုသလိုပဲ မှောင်မိုက်တဲ့ ဟင်းလင်းပြင်မှာ ရုပ်သွင်တစ်ခု ပေါ်လာပါတယ်။

ဟန်ကျွယ်ဟာ ဒီရုပ်သွင်ကို မြင်လိုက်ရတဲ့အခါမှာ မအံဩဘဲ မနေနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီရုပ်သွင်က ပန်ရှင်း ဖြစ်နေလို့ပါပဲ။

ပန်ရှင်းဟာ အရံအတားဘက် ပြန်လှည့်ပြီး လက်နှစ်ဖက်နဲ့ မန္တန်တစ်ပုဒ်ကို စီရင်လိုက်တယ်ဆိုရင်ပဲ ကျယ်ပြန့်တဲ့ ဝိညာဉ်စွမ်းအား ထွက်ပေါ်လာပြီး ကမ္ဘာနှစ်ခုကြားက အရံအတားကို ပြန်လည် ပြင်ဆင်ပါတော့တယ်။

ပန်ရှင်းဟာ တစ်စုံတစ်ခုကို ခံစားမိသွားတာကြောင့် နှာခေါင်းရှုံ့ပြီး အေးစက်စွာ ပြောလိုက်ပါတယ် “အားရို့... တစ်ယောက်ယောက်က ငါလိုပဲ ကျို့ယိုငရဲမှာ လာပုန်းနေပါ့လား၊ တာအိုရောင်းရင်း ခင်ဗျားကို အကြံတစ်ခုပေးမယ်၊ ကျုပ်ကို လာရန်မစနဲ့၊ ပြီးတော့ ဒီအရံအတားကိုလည်း ပြန်ဖွင့်ဖို့ မကြိုးစားနဲ့”

ဟန်ကျွယ်ဟာ ဆိတ်ဆိတ်နေလိုက်ပါတယ်။

အဲဒီနောက် ပန်ရှင်းဟာ တအံတဩ ဖြစ်သွားပါတယ် “ဒီရောင်ဝါကို ငါ ရင်းနှီးနေပါတယ်...”

ပန်ရှင်းဟာ မျက်လုံးပြူးကျယ်သွားပြီး အော်ပြောလိုက်ပါတယ် “ကောင်စုတ်လေး... မင်းက နတ်မင်းအဆင့်ကို တကယ်ကြီး ရောက်သွားတာလား၊ ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

ပန်ရှင်းရဲ့စကားကြောင့် ဟန်ကျွယ်လည်း ပုန်းနေလို့ မရပါဘူး “စီနီယာ မတွေ့ရတာ အတော်ကြာပြီနော်၊ ထပ်ပြီးတော့ အလိုက်ခံရပြီလား”

“အလိုက်ခံရတယ်... ဘာတွေ လာပြောနေတာလဲ၊ ဘယ်သူက ငါ့ကို လိုက်ဖမ်းရဲမှာလဲ”

“ဒါဆို စီနီယာက ဘယ်လိုဖြစ်ပြီး ဒီကို ရောက်လာတာလဲ...”

“ငါက ဒီနေရာမှာ ဂူအောင်းကျင့်ကြံလို့ မရဘူးလား၊ မင်းဆိုမှတော့ ငါစိတ်ချသွားပြီ၊ ကပ်ဘေးမပြီးခင် အပြင်မထွက်ဘဲ နေကြရအောင်၊ မင်း ဘယ်လိုသဘောရလဲ”

“ကျွန်တော်လည်း စီနီယာလိုပဲ တွေးပါတယ်”

“မင်း ဘယ်မှာလဲ၊ ငါ မင်းနေရာကို ရှာမတွေ့ဘူး”

ပန်ရှင်းရဲ့ မေးခွန်းကို ဟန်ကျွယ်က ပြန်မဖြေပါဘူး။ ဟန်ကျွယ်ဟာ ပန်ရှင်းကို တာအိုစက်ကွင်းထဲ ခေါ်သင့် မခေါ်သင့် စဉ်းစားလိုက်ပါတယ် ‘ခေါ်လို့မဖြစ်ဘူး... နည်းနည်းလေးမှာ မစွန့်စားတာ အကောင်းဆုံးပဲ’

ဟန်ကျွယ်ဟာ ပန်ရှင်း ဘာတွေးနေတယ်ဆိုတာကို မသိပါဘူး။ ဒါ့အပြင် ပန်ရှင်းက သူ့အပေါ် မျက်နှာသာပေးမှု ရှိတယ် ဆိုပေမဲ့လည်း သူတို့နှစ်ယောက်က ရင်းနှီးတဲ့မိတ်ဆွေတွေ မဟုတ်ပါဘူး။

ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ကျွန်တော်လည်း ဂူအောင်းကျင့်ကြံနေတာ၊ စီနီယာ... စောစောနားပါ၊ ကျွန်တော် ဆက်ပြီးတော့ ကျင့်ကြံလိုက်အုန်းမယ်”

အဲဒီနောက် ဟန်ကျွယ်ဟာ နတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့နေရာ ပေါက်ကြားသွားမှာ စိုးတဲ့အတွက် တိတ်ဆိတ်ကျွန်းကို ထိန်းချုပ်ပြီး တစ်နေရာ ရွှေ့လိုက်ပါတယ်။ တစ်ခဏအတွင်းမှာပဲ တိတ်ဆိတ်ကျွန်းဟာ မိုင်သန်းချီ ခရီးနှင်သွားပါတယ်။

ပန်ရှင်းဟာ မှင်သက်သွားပြီး သူ့ဘာသာ တွေးလိုက်ပါတယ် ‘ဒီကောင်းလေးကလည်း ငါလိုပဲ အလိုက်ခံရလို့လား’ ပန်ရှင်းဟာ သူနဲ့ အတွေးတူတဲ့လူ နောက်တစ်ယောက် ရှိလိမ့်မယ်လို့ ထင်မထားတာကြောင့် တော်‌တော်လေးကို အံအားသင့်သွားပါတယ်။

“မဟုတ်သေးဘူး... ငါ ဒီကောင်လေးကို ရှာမှဖြစ်မယ်၊ သူ ဘယ်မှာ ပုန်းနေလဲဆိုတာ ငါ သိချင်တယ်”

ပန်ရှင်း ပေါ်လာတာကြောင့် ဟန်ကျွယ်ဟာ ကျို့ယိုငရဲရဲ့ အကုသိုလ်ကံကို ဆက်ပြီးတော့ မစုပ်ယူရဲတော့ဘဲ ကမ္ဘာဖျက်ကြာနက်ထဲက အကုသိုလ်ကံကိုသာ စုပ်ယူပါတယ်။ ကမ္ဘာဖျက်ကြာနက်က အနန္တကပ်ဘေးများစွာရဲ့ အကုသိုလ်ကံတွေကို စုဆောင်းထားတာကြောင့် ဟန်ကျွယ် ကုန်အောင် စုပ်ယူဖို့ ခက်ခဲလှပါတယ်။ ကုန်အောင်စုပ်ယူနိုင်တယ်ဆိုရင်တောင် အချိန်အတော်လေးကြာမှပဲ ကုန်မှာပါ။

အဲဒီအချိန်ကစပြီး ဟန်ကျွယ်ဟာ ပန်ရှင်းရဲ့ နတ်အာရုံက တိတ်ဆိတ်ကျွန်းကို မကြာခဏ ဖြတ်သွားတာ ခံစားမိပါတယ် ‘ဒီလူက ငါ့ကို ရှာနေတာလား၊ သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေတာလား’

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ကျိန်စာတိုက်လုနီးနီးပါပဲ။ ဒါပေမဲ့ အမှောင်သခင်ကြီးဆိုတာ ပေါ်သွားမှာစိုးတဲ့အတွက် ကျိန်စာမတိုက်ဖြစ်တော့ပါဘူး။ ဖြစ်နိုင်တာက ပန်ရှင်းမှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိတာလည်း ဖြစ်နိုင်ပါတယ်။

လေးငါးနှစ် ရှာပြီးတဲ့နောက် ပန်ရှင်းဟာ လက်လျှော့လိုက်ပြီး နေရာတစ်ခုရှာကာ ကျင့်ကြံအားထုတ်ပါတယ်။ ဒါကြောင့် ကျို့ယိုငရဲဟာ ပြန်ပြီးတော့ တိတ်ဆိတ်သွားပါတယ်။

မျက်တောင်တစ်ခတ်အတွင်း နောက်ထပ် နှစ် ၃၀ ကုန်ဆုံးသွားပါတယ်။

ကျင့်ကြံအားထုတ်ရာက နိုးလာတဲ့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ရင်း စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။

[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် နတ်ဆိုးဧကရာဇ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ လီတောက်ခုံးသည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]

[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် နတ်ဆိုးမျိုးနွယ်စု အင်မော်တယ်ဧကရာဇ်တစ်ပါး တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရသွားသော်လည်း သင့်မိတ်ဆွေ ရှန်စစ်သူကြီး၏ ကယ်တယ်မှုကို ခံလိုက်ရသည်။]

[သင့်မိတ်ဆွေ ကျိုးဖန်သည် သရဲများ၏ အကုသိုလ်ကံကို ဝါးမြိုပြီး အတွင်းနတ်ဆိုး ဖြစ်ပေါ်လာ၏။]

[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။

] x၃၁၀၂၂၉

[သင့်တပည့် လုံဟောင်သည် သင့်ရန်သူ နတ်ဆိုးဧကရာဇ်၏ တိုက်ခိုက်မှုကြောင့် ခန္ဓာပျက်စီးပြီး ဝိညာဉ် ဖိနှိပ်ခံလိုက်ရ၏။]

[သင့်မိတ်ဆွေ တာအိုအရှင်သခင်သည် ပဋိပက္ခ ဆန်းကြယ်စွမ်းအားကို သိမြင်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]

‘ကောင်းကင်ဧကရာဇ်နဲ့ နတ်ဆိုးဧကရာဇ်က တိုက်ခိုက်နေပြီလား၊ ဒါဆို ကြည့်ရတာ နှစ်ဖက်လုံး အစွမ်းကုန် တိုက်ခိုက်ကုန်ပြီနဲ့တူတယ်’

ဟန်ကျွယ်ဟာ လုံဟောင် အသတ်ခံလိုက်ရတာကို တွေ့လိုက်ရတဲ့အတွက် မျက်နှာပျက်သွားပါတယ်။ ဟန်ကျွယ်ဟာ လုံဟောင် ကြီးပြင်းလာတာကို ကြည့်ခဲ့ရသူမို့ လုံဟောင်ကို နှစ်သက်ပါသေးတယ်။

‘နတ်ဆိုးဧကရာဇ်... မင်းကများ ငါ့အရှင်မင်းကြီးကို တိုက်ခိုက်ပြီး ငါ့တပည့်ကို သတ်ရဲတယ်၊ ကြည့်ရတာ မင်းက အသက်ရှင်ရတာ ပင်ပန်းနေပြီနဲ့တူတယ်’

ဟန်ကျွယ်ဟာ ချက်ချင်းပဲ နတ်ဆိုးဧကရာဇ်ကို အားကုန်သုံးပြီး ကျိန်စာတိုက်တဲ့အတွက် ငါးရက်ကြာတဲ့အခါမှာ ဟန်ကျွယ်ရဲ့ သက်တမ်းက စတင်လျော့ကျလာပါတယ်။

လုံဟောင်ရဲ့ဝိညာဉ်ကို ကယ်တင်ဖို့အတွက် ဟန်ကျွယ်ဟာ နတ်ဆိုးဧကရာဇ်ကို တစ်ခုခုမဖြစ်မချင်း ကျိန်စာတိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မဟုတ်ရင် အနာဂတ်မှာ ပြဿနာတွေ ပိုများလာနိုင်ပါတယ်။ ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို စိုက်ကြည့်ပြီး သက်တမ်းလျော့ကျတာကို စောင့်ကြည့်ပါတယ်။

တခြားတစ်ဖက်မှာတော့...။

မှောင်မိုက်တဲ့ နန်းတော်တစ်ခုမှာ လုံဟောင်ရဲ့ဝိညာဉ်ကို မီးအိမ်တစ်ခုမှာ ချုပ်နှောင်ထားပါတယ်။ လုံဟောင်ဟာ နတ်ဆိုးဧကရာဇ်ကို စိုက်ကြည့်နေပါတယ်။

နတ်ဆိုးဧကရာဇ်ဟာ ပလ္လင်ပေါ်တက်တဲ့ လှေကားမှာ ထိုင်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ထူးဆန်းတဲ့ အနက်ရောင် ရောင်ဝါက ရစ်ပတ်ထားပါတယ်။ နတ်ဆိုးဧကရာဇ်ရဲ့ ဦးခေါင်းကလည်း မရပ်မနား ခါယမ်းနေပြီး ထူးဆန်းတဲ့ အခြေအနေမှာ ရှိပါတယ်။

“ဝုန်း...”

နတ်ဆိုးဧကရာဇ်ဟာ ရုတ်တရက်ဆိုသလို သွေးတစ်လုတ် အန်ထွက်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး အားနည်းသွားပါတယ်။

“ခွေးမသား အမှောင်သခင်ကြီး၊ ငါ မင်းကို မိတ်ဆွေဖွဲ့ချင်တယ်လို့ ပြောပြီးပြီလေ၊ ဘာလို့ငါ့ကို...”

နတ်ဆိုးဧကရာဇ်ဟာ ဒေါသတကြီး ကျိန်ဆဲလိုက်ပေမဲ့ စကားဆုံးအောင် မပြောနိုင်လိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စွမ်းအားကြီးမားတဲ့ ကျိန်စာတစ်ခုက ထပ်ပြီးတော့ တိုက်ခိုက်လိုက်လို့ပါပဲ။

နတ်ဆိုးဧကရာဇ်ဟာ ဒေါသလည်း ထွက်သွားသလို လန့်လည်း လန့်သွားပါတယ် ‘အမှောင်သခင်ကြီးရဲ့ ကျိန်စာက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ပြင်းထန်ရတာလဲ၊ ဘယ်လို ဝိညာဉ်ရတနာမျိုးကို သုံးနေတာလဲ’

နတ်ဆိုးဧကရာဇ်ဟာ မျက်နှာအကြီးအကျယ် ပျက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားက မထိန်းနိုင် မသိမ်းနိုင် ဖြစ်လာပြီး နားထဲမှာလည်း ထူးဆန်းတဲ့အသံတစ်သံကို ကြားလိုက်ရလို့ပါပဲ။

“နတ်ဆိုးမျိုးနွယ်စု အင်အား ပြန်ကောင်းလာဖို့က မင်းအပေါ် မူတည်တယ်၊ ဒီတာဝန်ကို မင်း ထမ်းရွက်နိုင်လား”

“နတ်ဆိုးရုံးတော်က ကောင်းကင်ရုံးတော်ကို ဖိနှိပ်ဖို့ အခွင့်အရေး ရှိလို့လား”

“ကောင်းကင်ရုံးတော်က တာအိုဂိုဏ်းရဲ့ အကူအညီကို ရထားတယ်၊ နတ်ဆိုးရုံးတော်ကို ဘယ်သူက ကူညီပေးလို့လဲ၊ အဲဒီတာအိုပညာရှိတွေက နတ်ဆိုးတွေကို ဖျက်ဆီးချင်တာ အသိသာကြီး၊ ဘာကြောင့်လဲ မင်းသိလား”

ဒီအသံဟာ နတ်ဆိုးဧကရာဇ်ရဲ့ အတွင်းနတ်ဆိုးပဲ ဖြစ်ပါတယ်။

နတ်ဆိုးဧကရာဇ်ဟာ အံကြိတ်ပြီး အတွင်းနတ်ဆိုးရဲ့အသံကို အတက်နိုင်ဆုံး လျစ်လျူရှုဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ အတွင်းနတ်ဆိုးရဲ့ အသံက ပိုပိုကျယ်လာပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters