နတ်ဆိုးဧကရာဇ် သေဆုံးခြင်း၊ အမှောင်သခင်ကြီး ထွန်းတောက်ခြင်း
Vol. 31 Ch. 358
လုံဟောင် ကြည့်နေတုန်းမှာပဲ နတ်ဆိုးဧကရာဇ်ရဲ့ အခြေအနေဟာ ပိုပိုဆိုးလာပြီး အရေပြားတွေကနေ သွေးစိမ့်ထွက်လာပါတယ်။ ဒါ့အပြင် အလွန်တရာ အန္တရာယ်များတဲ့ ရောင်ဝါတစ်ခုလည်း ပျံ့နှံ့လာတာကြောင့် လုံဟောင်ကို ကျောချမ်းသွားစေပါတယ်။
“သူ့ကိုလည်း တစ်ယောက်ယောက်က ငါ့လိုမျိုး ကျိန်စာတိုက်နေတာပဲ” အသံတစ်သံဟာ လုံဟောင်နားထဲ ဝင်လာပါတယ်။
လုံဟောင်ဟာ နှာခေါင်းရှုံ့လိုက်ပါတယ် “တန်တယ်၊ ဘယ်သူက မင်းကို ငါ့ခန္ဓာကိုယ် အပိုင်သိမ်းခိုင်းလို့လဲ”
လုံဟောင် ကြားလိုက်ရတဲ့အသံက ဟောင်တျန်ရဲ့အသံပါ။ ဟောင်တျန်ရဲ့ ဝိညာဉ်ဟာ လုံဟောင်ဝိညာဉ်ရဲ့ နက်ရှိုင်းတဲ့တစ်နေရာမှာ ပုန်းနေရပြီး မလှုပ်ရှားနိုင်ရှာပါဘူး။
ဟောင်တျန်က ဒေါသတကြီး ပြောလိုက်ပါတယ် “ကောင်စုတ်လေး... ငါ မင်း စွမ်းအားကြီးလာဖို့ မကူညီခဲ့ဘူးလား၊ အခု ငါတို့က အမှောင်သခင်ကြီး ပစ်မှတ်ထားတာကို ခံနေရတာနော်၊ အနာဂတ်မှာ အခြေအနေကောင်းမှာ မဟုတ်ဘူး”
လုံဟောင်က တအံတဩနဲ့ ပြန်မေးလိုက်ပါတယ် “အမှောင်သခင်ကြီးက အဲဒီလောက်တောင် စွမ်းအားကြီးတာလား၊ ခင်ဗျားလို အစွမ်းအထက်ဆုံး ကောင်းကင်ဧကရာဇ်တောင် ဘာမှမလုပ်နိုင်ဘူး”
“ငါ ကျင့်ကြံမှု ပြန်ရရင် ဘာလို့ သူ့ကို ကြောက်ရမှာလဲ၊ ဒါပေမဲ့ ကံဆိုးချင်တော့...”
“ဒါဆို နတ်ဆိုးဧကရာဇ်က ဘာဆက်ဖြစ်မှာလဲ၊ ကောင်းကင်တာအိုဗုဒ္ဓလိုပဲ မရဏလမ်း မြန်းရမှာလား”
“အရမ်းဖြစ်နိုင်တယ်” ဟောင်တျန်ရဲ့လေသံက လေးနက်သွားပါတယ်။ ဟောင်တျန်အသံကို နားထောင်ရုံနဲ့ အမှောင်သခင်ကြီးကို ကြောက်နေတယ်ဆိုတာ ထင်ရှားလှပါတယ်။
“ဝုန်း...”
နတ်ဆိုးဧကရာဇ်ရဲ့ ခန္ဓာကိုယ်ဟာ ပေါက်ကွဲထွက်သွားပြီး ခန်းမတစ်ခုလုံး သွေးစေသွေးနတွေ ပြန့်ကျဲကုန်ပါတယ်။ အဲဒီနောက် သားရဲနဲ့တူတဲ့ အနက်ရောင် ဝိညာဉ်တစ်ခုပေါ်လာပြီး တွန့်လိမ်ကောက်ကွေး သွားပါတယ်။
ကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားဟာ ခန်းမတစ်ခုလုံးကို ဖုံးအုပ်သွားတာကြောင့် လုံဟောင်ဝိညာဉ်ကို ဖမ်းချုပ်ထားတဲ့ မီးအိမ်လည်း ပြင်းထန်စွာ လှုပ်ခါသွားပါတယ်။ မီးအိမ်တစ်ခုတည်း မဟုတ်ပါဘူး။ ခန်းမထဲမှာရှိတဲ့ အရာအားလုံး လက်နဲ့ကိုင်ပြီး ခါယမ်းလိုက်သလို လှုပ်ခါသွားတာပါ။ ဒီအချိန်မှာပဲ နတ်ဆိုးဧကရာဇ်ရဲ့ သတ်ဖြတ်ငွေ့ ထွက်ပေါ်လာတာကြောင့် လုံဟောင်ကို ကျောရိုးတစ်ခုလုံး စိမ့်တက်သွားစေပါတယ်။
‘ဒါက ကောင်းကင်ဘဝဂ်အဆင့်လား’
လုံဟောင်ဟာ စိတ်ထဲမှာ ထိတ်လန့်သွားပါတယ်။ လုံဟောင်ဟာ မဟာညီညွတ်မှု ရွှေအင်မော်တယ် ဖြစ်နေပြီဆိုပေမဲ့ ကောင်းကင်ဘဝဂ်ကျင့်ကြံသူကို ရင်ဆိုင်ရတဲ့အခါမှာ ကိုယ့်ကိုကိုယ် ပုရွက်ဆိတ်တစ်ကောင် ဖြစ်သွားတယ်လို့ ခံစားလိုက်ရပါတယ်။
ဟောင်တျန်က ရုတ်တရက် အော်ဟစ် သတိပေးလိုက်ပါတယ် “သတိထား... သူ သူ့ဝိညာဉ်စွမ်းအားကို တောင့်မခံနိုင့်တော့ဘူး၊ ပေါက်ကွဲထွက်တော့မယ်”
‘ပေါက်ကွဲထွက်မှာလား...’ လုံဟောင်ဟာ လန့်သွားပါတယ်။
နတ်ဆိုးဧကရာဇ်က ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်ပါတယ် “အမှောင်သခင်ကြီး... ငါ မင်းကို လုံးဝခွင့်မလွှတ်ဘူး၊ ငါ့မှာ ရှင်သန်ဖို့ အခွင့်အရေး ရှိတာနဲ့ ကျိန်းသေပေါက် ပြန်လာပြီး မင်းကို လက်စားချေမယ်၊ နတ်ဆိုးတွေ နားထောင်ကြ၊ အမှောင်သခင်ကြီးက နတ်ဆိုးတွေရဲ့ ကံတရား အထောက်အပံ့ကို ဒုက္ခပေးခဲ့တဲ့အတွက် နတ်ဆိုးအကုန်လုံးရဲ့ ထာဝရရန်သူပဲ၊ သူမသေမချင်း လက်စားချေကြရမယ်”
နတ်ဆိုးဧကရာဇ်ရဲ့ ဒေါသတကြီး အော်ဟစ်သံဟာ အနန္တကမ္ဘာတစ်ခုလုံးကို ပျံ့နှံ့သွားပါတယ်။ ကျို့ယိုငရဲမှာ ပုန်းနေတဲ့ တိတ်ဆိတ်ဂိုဏ်းတောင် ဒီအသံကို ကြားလိုက်ရပါတယ်။
တိတ်ဆိတ်ဂိုဏ်းတပည့်တွေဟာ ဆွံအသွားကြပါတယ်။
“အမှောင်သခင်ကြီးက တော်တော်လေး အစွမ်းထက်တာပဲ၊ နတ်ဆိုးဧကရာဇ်ကိုတောင် ဒုက္ခရောက်အောင် လုပ်နိုင်တယ်” ငရဲနက်နတ်ဆိုးသခင်ဟာ သက်ပြင်းချလိုက်ပါတယ်။
နတ်ဆိုးဧကရာဇ် ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို ငရဲနက်နတ်ဆိုးသခင် အသိဆုံးပါ။ နတ်ဆိုးရုံးတော်မှာ နတ်ဆိုးဧကရာဇ်က အလွန်တရာမှ စိုးမိုးခြယ်လှယ်တဲ့သူဖြစ်ပြီး တစ်ယောက်မှ သူ့ကို အနိုင်မယူနိုင်ပါဘူး။
စန့်ရှီဟာ သက်ပြင်းချလိုက်ပါတယ် “ဟင်း... အမှောင်သခင်ကြီး ဘယ်သူများလဲ မသိဘူး”
တိတ်ဆိတ်ဂိုဏ်းတပည့်တွေလည်း အမှောင်သခင်ကြီးအကြောင်းကို တော်တော်လေး သိချင်သွားကြပါတယ်။ ဒါ့အပြင် ဒီကပ်ဘေးမှာ အစွမ်းအထက်ဆုံးက အမှောင်သခင်ကြီးလို့လည်း ခံစားလိုက်ကြရပါတယ်။
ဝူတောက်ကျန့်ဟာ အတွေးနက်သွားပြီး ကျင့်ကြံခြင်းလိုဏ်ဂူကို တစ်ချက် လှမ်းကြည့်လိုက်ပါတယ်။
ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာရှိနေတဲ့ ဟန်ကျွယ်ရဲ့ မျက်နှာဟာ သွေးတွေချည်း ဖြစ်နေပြီး မျက်လုံးတွေကလည်း သွေးလိုနီရဲနေပါတယ်။ ဟန်ကျွယ်ဟာ နတ်ဆိုးဧကရာဇ်ကို ဒီလိုဖြစ်အောင် ကျိန်စာတိုက်ဖို့အတွက် သက်တမ်း ၁၃ ဘီလီယံ ကုန်ဆုံးသွားပါပြီ။
‘ဒီကောင်က ဘယ်လိုလုပ်ပြီး မသေနိုင်...’ ဟန်ကျွယ် အတွေးမဆုံးခင်မှာပဲ အသိပေးချက်တစ်ခု ရောက်လာပါတယ်။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ နတ်ဆိုးဧကရာဇ်သည် အတွင်းနတ်ဆိုး လွှမ်းမိုးမှုအား တောင့်မခံနိုင်သဖြင့် ဝိညာဉ်စွမ်းအား ထိန်းချုပ်မှု လွတ်ကင်းပြီး ပေါက်ကွဲထွက်သွား၏။ ထို့နောက် ကြီးမားလှသော အကုသိုလ်ကံတရား၏ လွှမ်းမိုး တိုက်ခိုက်မှုကြောင့် ဝိညာဉ်ပေါက်ကွဲထွက်ကာ သေဆုံးသွား၏။]
တစ်ချိန်တည်းမှာပဲ နတ်ဆိုးဧကရာဇ်ရဲ့ ရုပ်ပုံဟာ ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကျိန်စာတိုက်တာ ရပ်လိုက်ပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါတယ် ‘နောက်ဆုံးတော့ သေသွားပြီပဲ’
‘တော်သေးတယ်... နတ်ဆိုးဧကရာဇ်မှာ သက်ရှိအများကြီးကို သတ်ဖြတ်မှုအတွက် အကုသိုလ်ကံ အများကြီးရှိနေလို့၊ မဟုတ်ရင် ငါ သူ့ကို သေအောင် ကျိန်စာတိုက်နိုင်မှာ မဟုတ်ဘူး’
‘ကြည့်ရတာ အကုသိုလ်ကံက တကယ်ကို အန္တရာယ်များပုံပဲ’
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပြီး ဒဏ်ရာတွေကို ကုသပါတယ်။
နတ်ဆိုးဧကရာဇ် သေဆုံးသွားပြီ ဖြစ်တဲ့အတွက် နတ်ဆိုးရုံးတော်က ကျိန်းသေပေါက် ဖရိုဖရဲ ဖြစ်နေမှာပါ။ ဒီလိုအချိန်မျိုးမှာ ကောင်းကင်ရုံးတော်ရဲ့ တိုက်ခိုက်မှုကို ဘယ်လိုမှ ခုခံနိုင်မှာ မဟုတ်ပါဘူး။
တစ်လကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ရန်သူတွေကို ကျိန်စာတိုက်လို့ ပြီးသွားတဲ့အတွက် ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
ကြမ္မာဆိုးစာအုပ်က စွမ်းအားကြီးတယ်ဆိုပေမဲ့ ဟန်ကျွယ်ဟာ သိပ်ပြီးတော့ မမှီခိုချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကြမ္မာဆိုးစာအုပ်က ဘယ်လောက်စွမ်းစွမ်း ပြင်ပပစ္စည်းတစ်ခု ဖြစ်နေလို့ပါပဲ။ ပြင်ပပစ္စည်းထက် ကိုယ်ပိုင်အစွမ်းအစက ပိုစိတ်ချရတယ် မဟုတ်ပါလား။ ဒါကြောင့် ဟန်ကျွယ်ဟာ စွမ်းအားပိုကြီးလာဖို့ အကောင်းဆုံး ကြိုးစားပြီး ကျင့်ကြံ အားထုတ်ပါတယ်။
ကောင်းကင်ရုံးတော် နတ်ဘုရားခန်းမမှာ အင်မော်တယ် နတ်ဘုရားတွေ စုဝေးနေကြပါတယ်။ အင်မော်တယ် နတ်ဘုရားတွေရော တာအိုဂိုဏ်းက ကျင့်ကြံသူတွေရော အလွန်တရာမှ စိတ်လှုပ်ရှားနေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို အကြီးအကျယ် ပြဿနာရှာခဲ့တဲ့ နတ်ဆိုးဧကရာဇ် သေဆုံးသွားလို့ပါပဲ။
သိုင်းနတ်ဘုရား စစ်သူကြီးက သက်ပြင်းချလိုက်ပါတယ် “ဒီအမှောင်သခင်ကြီးက အစွမ်းထက်လွန်းတယ်၊ သူက ကောင်းကင်ရုံးတော်ရဲ့ ရန်သူဖြစ်လာမှာလား”
ကျင်းတျန်ကုန်းက ပြောလိုက်ပါတယ် “ဖြစ်နိုင်ချေ သိပ်မရှိဘူး၊ သူသာ ကံတရား အထောက်အပံ့အတွက် တိုက်ခိုက်ချင်ရင် ကပ်ဘေးထဲ ဝင်သင့်ပြီ၊ ဒီလိုမဟုတ်ဘဲ ပုန်းပြီးတော့ပဲ ကျိန်စာတိုက်နေရင် ကံတရား အထောက်အပံ့ကို တခြားသူတွေဆီ လက်ဆောင်ပေးနေရာ မရောက်ဘူးလား၊ ကျုပ်အထင် သူ့ဆီမှာ ဒီထက်ကြီးမားတဲ့ အကြံအစည်တစ်ခု ရှိနေတာ ဖြစ်ရမယ်၊ သူ့အကြံအစည်က အနန္တကပ်ဘေးထက် ကျော်လွန်လောက်တယ်”
အင်မော်တယ်တွေဟာ မျက်လုံးပင့်တက်သွားကြပါတယ်။ သူတို့တွေဟာ ဒီအတောအတွင်း တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရတာမို့ ကျင်းတျန်ကုန်းက အမှောင်သခင်ကြီးကို အလွန်လေးစား ကြည်ညိုတယ်ဆိုတာ သိနေကြပါပြီ။
ဒီအချိန်မှာပဲ ကောင်းကင်စစ်သားတစ်ဦး ပြေးဝင်လာပြီး အော်ပြောလိုက်ပါတယ် “သတင်းပို့ပါတယ်... နတ်ဆိုးရုံးတော်ရဲ့ စစ်တပ် ပျောက်ကွယ်သွားပါပြီ”
ကောင်းကင်ဧကရာဇ်ဟာ ထိုင်ရာကနေ မတ်တတ်ရပ်လိုက်ပြီး ရယ်မောလိုက်ပါတယ် “ဟားဟား... အရမ်းကောင်းတယ်၊ အင်မော်တယ် နတ်ဘုရားတွေ နားထောင်ကြ၊ စစ်တပ်ကို စုစည်းပြီး နတ်ဆိုးတွေကို တိုက်ခိုက်ကြမယ်”
“ငါ နှစ်တစ်ရာအတွင်း နတ်ဆိုးရုံးတော် ပြိုကွဲသွားတာကို မြင်ချင်တယ်”
ကောင်းကင်ဘုံ အနောက်ပိုင်းဒေသ။
ကြီးကျယ်ခမ်းနားလှတဲ့ ဘုံကျောင်းတစ်ကျောင်းမှာ ရှန်ဝေဗုဒ္ဓဟာ ဗုဒ္ဓတွေ၊ ဗုဒ္ဓလောင်းလျာတွေနဲ့ ဘုန်းကြီးတွေကို စုစည်းလိုက်ပါတယ်။
ရှန်ဝေဗုဒ္ဓက ခံစားချက် ကင်းမဲ့တဲ့ မျက်နှာနဲ့ မေးလိုက်ပါတယ် “ကိုယ်တော်တို့တွေ အမှောင်သခင်ကြီး ဘယ်သူဆိုတာကို ရှာမတွေ့ကြသေးဘူးလား”
ကောင်းကင်တာအိုဗုဒ္ဓ ပျံလွန်သွားတာက ဗုဒ္ဓဂိုဏ်းက ဒေါသထွက်စေတယ်ဆိုပေမဲ့ သူတို့တွေဟာ အမှောင်သခင်ကြီးကို မမုန်းရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်တာအိုဗုဒ္ဓက မိစ္ဆာဘိုးဘေးရဲ့ အလောင်းကနေ အသွင်ပြောင်းလာတဲ့ သူလျှိုတစ်ယောက် ဖြစ်နေလို့ပါပဲ။ ဒီကိစ္စက ဗုဒ္ဓဂိုဏ်းကို တော်တော်လေး အရှက်ရစေတာကြောင့် ဗုဒ္ဓဂိုဏ်းဟာ ဒီကိစ္စနောက်ကို မလိုက်ပါဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အင်မော်တယ်ကမ္ဘာတစ်ခုလုံးက ဗုဒ္ဓဂိုဏ်းကို ပြက်ရယ်ပြုပြီး မေးခွန်းထုတ်နေတာပါ။
ဗုဒ္ဓတစ်ပါးက ဖြေလိုက်ပါတယ် “ရှန်နန်းတော်က ဇုထူပဲ အမှောင်သခင်ကြီးယောင် ဆောင်တာ မဟုတ်ဘူး၊ တခြားရှေးဟောင်းမျိုးနွယ်စုတွေမှာလည်း အမှောင်သခင်ကြီးတွေ ရှိကြပါတယ်၊ အပေါ်ယံတွက်ကြည့်ရင်တောင် အမှောင်သခင်ကြီးက တစ်ရာကျော်တော့ ဘယ်သူကအစစ်လဲဆိုတာ ပြောဖို့ခက်တယ်”
ကောင်းကင်တာအိုဗုဒ္ဓ ပျံလွန်တော်မူပြီးနောက် အမှောင်သခင်ကြီးကို ယုံကြည်သူတွေဟာ မိုးစမ်းလို့ မြက်ပင်စိမ်းသလို အလျှိုလျှို ပေါ်ထွက်လာပါတယ်။ အမှောင်သခင်ကြီးကို ယုံကြည်သူတွေဟာ သီးခြား အင်အားစုစည်းတာကြောင့် အမှောင်သခင်ကြီးတွေကလည်း မနည်းပါဘူး။ ဒါပေမဲ့ သေချာ ပြောနိုင်တာတစ်ခုကတော့ အမှောင်သခင်ကြီးကို ယုံကြည်သူတွေဟာ အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာ ပျံ့နှံ့တည်ရှိနေပြီး တဖြည်းဖြည်း အားကောင်းလာတာပါ။
ရှန်ဝေဗုဒ္ဓက မေးလိုက်ပါတယ် “ကောင်းကင်ရုံးတော်ကိုရော အမှောင်သခင်ကြီးက တိုက်ခိုက်သေးလား”
“တိုက်ခိုက်တယ်၊ ကောင်းကင်ဧကရာဇ် အပါအဝင် အင်မော်တယ် နတ်ဘုရား တော်တော်များများ ကျိန်စာတိုက်ခံရတယ်၊ ဒါပေမဲ့ ကောင်းကင်ဧကရာဇ်က တကယ်ပဲ အမှောင်သခင်ကြီး ကျိန်စာတိုက်တာကို ခံရတာလား၊ ဒီလိုမဟုတ်ဘဲ ဟန်ဆောင်နေလားဆိုတာတော့ သေချာအတိအကျ မပြောာနိုင်ဘူး” ဗုဒ္ဓလျောင်းလျာတစ်ဦးက ဖြေလိုက်ပါတယ်။
ရှန်ဝေဗုဒ္ဓဟာ သက်ပြင်းချလိုက်ပါတယ်။ ရှန်ဝေဗုဒ္ဓဟာ ဂူအောင်းကျင့်ကြံခဲ့တာ ကြာပြီမို့ ပိုပိုရှုပ်ထွေးလာတဲ့ အင်မော်တယ်ကမ္ဘာရဲ့ အခြေအနေကို ဆုပ်ကိုင်နိုင်စွမ်း မရှိတော့ပါဘူး။ ဒါ့အပြင် ဘယ်ကမှန်းမသိတဲ့ အမှောင်သခင်ကြီး ပေါ်လာတာကြောင့် ရှန်ဝေဗုဒ္ဓကို ခေါင်းပိုကိုက်စေပါတယ်။
‘မဖြစ်ဘူး... ငါ တခြားဗုဒ္ဓတွေကို စုစည်းမှဖြစ်မယ်’
ဆယ်နှစ်ကြာပြီးနောက်။
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပြီး ရန်သူတွေကို ကျိန်စာတိုက်ရင်း စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ လုံဟောင်သည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ အမွေအနှစ်ကို ဆက်ခံရရှိပြီး ကောင်းကင်တာအို ဆန်းကြယ်စွမ်းအားကို သင်ယူတတ်မြောက်သွားသောကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ကျယ်ကျောင်းတော် ကျင့်ကြံသူများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၄၀၇
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် နတ်ဆိုးဧကရာဇ်၏ မူလစွမ်းအားကို ရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဖန်းလျန်သည် နတ်ဆိုးဧကရာဇ်၏ အကောင်းစား ရတနာကို ရရှိပြီး ကံတရား အထောက်အပံ့ များစွာ အားကောင်းသွား၏။]
[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မိတ်ဆွေ တာအိုအရှင်သခင်သည် တာအိုပညာရှိအား အိပ်မက်မြင်မက်ပြီး လမ်းညွှန်မှုအချို့ ရရှိခဲ့သောကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် ငရဲပြည်မှ ထွက်ခွာသွား၏။]
[သင့်မိတ်ဆွေ ထိုက်စုတျန်သည် ကံတရားမြစ်ထဲ ခုန်ဆင်းပြီး ပြန်မွေးဖွားခဲ့သည်။]
‘လုံဟောင်တွေ့တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်က ဟောင်တျန်များလား’
သေသေချာချာ တွေးကြည့်ရင် လုံဟောင်နဲ့ ဟောင်တျန်ရဲ့ ဆက်ဆံရေးက ရှန်းရှဝတ္ထုတွေထဲကလို ဇာတ်လိုက်နဲ့ ဆရာကြီးတစ်ယောက်ရဲ့ ဆက်ဆံရေးမျိုး ဖြစ်နေပါတယ်။ သူတို့နှစ်ယောက်ကို ခွဲမရရင် ဟောင်တျန်က လုံဟောင်ရဲ့ အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။
‘ဂျိရှင်းရှန်နဲ့ ဖန်းလျန်က ထပ်ပေါင်းပြန်ပြီလား၊ သူတို့နှစ်ယောက်ကလည်း ခွဲမရတဲ့ အမြွှာပူးတွေ ကျနေတာပဲ’
ဟန်ကျွယ်ဟာ ဂရုအစိုက်ဆုံးကတော့ တာအိုအရှင်သခင်ပါ။ တာအိုပညာရှိဆိုတဲ့ စကားလုံးက ဟန်ကျွယ်ရဲ့ အာရုံကို လုံးဝဆွဲဆောင်လိုက်ပါတယ်။
‘တာအိုပညာရှိတွေက အနန္တကပ်ဘေးထဲ ဝင်လို့မရဘူးဆို... ဘယ်လိုဖြစ်ပြီး ကပ်ဘေးထဲ ဝင်နှောင့်ချင်ရတာလဲ’
ဟန်ကျွယ်ဟာ ရင်ထဲမှာ လေးလံသွားပါတယ်။ တာအိုပညာရှိသာ ကပ်ဘေးထဲဝင်လာမယ်ဆိုရင် အနန္တကပ်ဘေးရဲ့ အန္တရာယ်က နောက်ထပ်ဆယ်ဆင့်လောက် တိုးသွားမှာပါ။
ဟန်ကျွယ်ဟာ စာစောင်တွေကို ဆက်ဖတ်နေရင်း တစ်စုံတစ်ခုကို ခံစားမိလိုက်တာကြောင့် မျက်နှာနည်းနည်း ပျက်သွားပါတယ်။ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို အောက်ချပြီး နတ်အာရုံကို ဖြန့်ကျက်လိုက်တဲ့အခါ ကျို့ယိုငရဲထဲမှာ သက်ရှိတွေ အများကြီး ပေါ်လာတာကို တွေ့လိုက်ရပါတယ်။ ဒီသက်ရှိတွေဟာ လူသားလိုလို မှော်ဆရာလိုလိုနဲ့ ယောက်ျား မိန်းမရောနေပြီး အလွန်တရာမှ ဆူညံနေပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။