မသိကိန်းတစ်ခု
Vol. 32 Ch. 363
ဟန်ကျွယ်ဟာ နတ်အာရုံကို ဖြန့်ကျက်လိုက်တဲ့အခါမှာ ဧကရီဟုတ်ထိုကို ခပ်မြန်မြန်ပဲ ရှာတွေ့သွားပါတယ်။ ဧကရီဟုတ်ထိုဟာ ရှကျဲ့မျိုးနွယ်စုကို အဝေးကနေ ကြည့်နေပြီး သူ ဘာတွေးနေတယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။
အရင်တစ်ခေါက်တုန်းက ဟန်ကျွယ်ဟာ ဧကရီဟုတ်ထိုနဲ့ နတ်အာရုံချင်းပဲ ဆက်သွယ်ခဲ့တာဖြစ်ပြီး အခုကျမှာ တကယ်ခန္ဓာကိုယ်ကို မြင်ဖူးတာပါ။
ဧကရီဟုတ်ထိုဟာ တလက်လက် တောက်ပတဲ့ ကြယ်မျိုးစုံ အနားကွပ်ထားတဲ့ ရှည်လျားတဲ့ ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဟင်းလင်းပြင်မှာ ရပ်နေပါတယ်။ ဧကရီဟုတ်ထိုဟာ အလွန်တရာမှ လှပပြီး ကရုဏာတရား ကြီးမားပုံ ပေါ်လွှင်ထင်ရှားနေပါတယ်။ ဒါ့အပြင် ဧကရီဟုတ်ထိုရဲ့ နောက်ကျောဘက်မှာ အရောင်ခြောက်ရောင်ရှိတဲ့ ဘီးတစ်ဘီး နှေးကွေးစွာ လှည့်ပတ်နေပါတယ်။
“ဧကရီ... ကျွန်တော်ကို ညွှန်ကြားစရာ တစ်ခုခုရှိလို့လား” ဟန်ကျွယ်က မေးလိုက်ပါတယ်။
ဧကရီဟုတ်ထိုက အပြုံးနဲ့ ဖြေလိုက်ပါတယ် “ငါ မင်းကို အခွင့်အရေးတစ်ခု ပေးချင်လို့”
ဟန်ကျွယ်ဟာ အခွင့်အရေးဆိုတဲ့ စကားလုံးကို ကြားလိုက်ရတဲ့အခါမှာ ခေါင်းကျိန်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခွင့်အရေး တော်တော်များများက တွင်းနက်ကြီးတွေ ဖြစ်နေလို့ပါပဲ။
“ဧကရီရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ အခွင့်အရေးကိုတော့ မေ့လိုက်ပါ၊ ကျွန်တော်က အေးအေးဆေးဆေး ကျင့်ကြံချင်ရုံပါ”
ဧကရီဟုတ်ထိုက ပြုံးလိုက်ပါတယ် “မင်း ဘာတွေ တွေးနေတာလဲ၊ ငါက မင်းဆီကို အခွင့်အရေး ယူလာခဲ့ပြီးပြီ”
ဧကရီဟုတ်ထိုဟာ လက်ကောက်ဖြန့်လိုက်တဲ့အခါ လက်ထဲကို ကျောက်စိမ်းဓားတစ်ချောင်း ရောက်လာပါတယ် “ဒါက ကုသိုလ် ဝိညာဉ်ရတနာ အနန္တဓားပဲ၊ ဒီဓားက ကောင်းကင်တာအို ကုသိုလ်ကံကို စုပ်ယူနိုင်တယ်၊ ရှကျဲ့မျိုးနွယ်စု အင်အားကြီးလာတာနဲ့အမျှ မင်းရမဲ့ ကောင်းကင်တာအို ကုသိုလ်ကံကလည်း ပိုများလာလိမ့်မယ်၊ မင်း အချိန်မီ မချေဖျက်နိုင်တဲ့ ကုသိုလ်ကံကို ဒီရတနာထဲမှာ သိုလှောင်ထားလို့ရတယ်”
စကားအဆုံးမှာပဲ ဧကရီဟုတ်ထိုဟာ အနန္တဓားကို ပစ်လွှတ်လိုက်ပါတယ်။
အနန္တဓားက ခြောက်လက်မဝန်းကျင်ပဲ ရှိတဲ့အတွက် ဓားဆိုတာထက် ဓားမြောင်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဓားတစ်ချောင်လုံးဟာ အစိမ်းရောင်ကျောက်စိမ်း ဖြစ်တဲ့အတွက် လက်နဲ့တွေ့ထိလိုက်ရုံနဲ့ အေးမြမှုကို ခံစားနိုင်ပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကျေးဇူးတင်စကား ပြောလိုက်ပါတယ် “ကျေးဇူးပါပဲ ဧကရီ”
ဧကရီဟုတ်ထိုက အပြုံးနဲ့ မေးလိုက်ပါတယ် “ရှကျဲ့မျိုးနွယ်စုရော ဘယ်လိုနေလဲ”
ဟန်ကျွယ်ဟာ အနန္တဓားကို ကျင့်ကြံခြင်းလိုဏ်ဂူထဲ ဆွဲသွင်ပြီး ပြန်ဖြေလိုက်ပါတယ် “အလားအလာ တော်တော်ကောင်းတယ်၊ မှော်မျိုးနွယ်စုနဲ့ လူသားမျိုးနွယ်စုရဲ့ အားသားချက်တွေ ရှိတယ်၊ ဒါပေမဲ့...”
ဧကရီဟုတ်ထိုက ထောက်ပေးလိုက်ပါတယ် “မျိုးဆက်မပွားနိုင်ဘူး ဟုတ်တယ်မလား”
“ဟုတ်တယ်”
“ဒါက သူတို့ရဲ့ အားနည်းချက်ပဲ၊ ငါ့အစီအစဉ်က သူတို့ကို လူသားမျိုးနွယ်စုလို ကောင်းကင်တာအိုရဲ့ ဇာတ်လိုက် လုပ်ခိုင်းဖို့ မဟုတ်ဘူး၊ ငါက သူတို့ကို အင်မော်တယ်တွေရဲ့ တာဝန်ကို ထမ်းဆောင်ပြီး သက်ရှိအားလုံးကို အမှုထမ်းစေချင်ရုံပဲ၊ သူတို့တွေ မျိုးဆက်မပွားနိုင်ဘူးဆိုရင် အမွေဆက်ခံတာနဲ့ ပတ်သက်ပြီး အရှုပ်အရှင်းတွေ မရှိတော့ဘူး”
“ဒါပေမဲ့ အမွေဆက်ခံတာအပြင် သူတို့ရဲ့ ကျင့်ကြံမှုကလည်း အကျိုးအမြတ် အရှုပ်အရှင်းအထဲမှာ ပါနေတယ်၊ နောက်ပြီး သူတို့တွေ စွမ်းအားကြီးလာတာနဲ့ မျိုးဆက်ရဖို့ နည်းမျိုးစုံသုံးပြီး ကြိုးစားကြလိမ့်မယ်”
“မရဘူး၊ သူတို့တွေ မျိုးဆက်မပွားနိုင်တာက ကောင်းကင်တာအိုကြောင့်ပဲ၊ သူတို့တွေ ဘယ်နည်းလမ်းနဲ့မှ မျိုးဆက်မရနိုင်ဘူး၊ ငါက မှော်မျိုးနွယ်စုရဲ့ အနာဂတ်ကို စတေးပြီး ရှကျဲ့မျိုးနွယ်စုကို မွေးဖွားစေခဲ့တာပါ”
ဟန်ကျွယ်ဟာ ဆိတ်ဆိတ်နေလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဧကရီဟုတ်ထိုရဲ့စကားကို မယုံကြည်လို့ပါ။
စန့်ရှီနဲ့ ထူလင်းအာက သက်ရှိထင်ရှား ရှိနေသေးတဲ့အတွက် သူတို့နှစ်ယောက်ကနေ မျိုးဆက်တွေ အများကြီး ပွားနိုင်ပါသေးတယ်။ မကြာခင်မှာပဲ သူတို့နှစ်ယောက်က မှော်မျိုးနွယ်စုကို ပြန်ပြီးတည်ဆောက်မှာ မြေကြီးလက်ခတ်မလွှဲပါပဲ။
“ရှကျဲ့မျိုးနွယ်စုတင် မဟုတ်ဘူး၊ စန့်ရှီနဲ့ ထူလင်းအာလည်း အတူတူပဲ၊ ကောင်းကင်တာအိုရဲ့ ကျိန်စာကြောင့် သူတို့တွေ မျိုးဆက်ပွားနိုင်မှာ မဟုတ်ဘူး၊ ကံကောင်းတစ်ခုက သူတို့တွေ အကုသိုလ်ကံရဲ့ သက်ရောက်မှုကို ကြောက်စရာ မလိုတော့ဘူး၊ ဒါကြောင့် သူတို့တွေ လောကကြီးမှာ လွတ်လွတ်လပ်လပ် သွားလာလို့ရပြီ” ဧကရီဟုတ်ထိုရဲ့ လေသံဟာ ကူကယ်ရာမဲ့ပုံ ပေါက်နေပါတယ်။
ဟန်ကျွယ်ဟာ စိတ်ထဲမှာ လန့်သွားပါတယ် ‘တော်တော် ရက်စက်တာပဲ’
ဧကရီဟုတ်ထိုက ဆက်ပြောပါတယ် “ငါ မင်းရဲ့ အရည်အချင်းကို အသိအမှတ်ပြုတယ်၊ ငါတင် မဟုတ်ပါဘူး၊ တခြား တာအိုပညာရှိတွေကလည်း မင်းကို အာရုံစိုက်နေကြတယ်၊ မင်းက မသိကိန်းတစ်ခုပဲ၊ ရှကျဲ့မျိုးနွယ်စုကို မင်း လက်ခံနိုင်ဖို့ ငါ မျှော်လင့်တယ်၊ ဒါမှ ငါ ပြန်လည်မွေးဖွားခြင်း စက်ဝန်းကို သေချာအာရုံစိုက်နိုင်မှာ”
‘ငါ့လက်ထဲ ထည့်နေတာလား’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
“တစ်နေ့ကျရင် ဘိုးဘေးရှီတျန် ကံတရား မဟာတာအိုကို ဟောကြားသလိုမျိုး မင်းလည်း တာအိုဟောကြားဖို့ လိုလာလိမ့်မယ်၊ မင်းရဲ့တာအိုကို လူများများ ကျင့်ကြံလေလေ မင်းစွမ်းအား ပိုကြီးလေလေပဲ၊ ဒါက နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့နည်းလမ်းတစ်ခုပဲ၊ တစ်ယောက်တည်း တာအိုကို ရရယူဖို့က အရမ်းခက်တယ်၊ နောက်ပြီး မင်း ရှကျဲ့မျိုးနွယ်စုကို လက်ခံမယ်ဆိုရင် အနာဂတ်မှာ ပြဿနာတွေ့တာနဲ့ ငါ့ကို အချိန်မရွေး အကူအညီ တောင်းနိုင်တယ်” ဧကရီဟုတ်ထိုက စိတ်ရင်းနဲ့ ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ စနစ်ကို စိတ်ထဲမှာ မေးလိုက်ပါတယ် “ငါ ရှကျဲ့မျိုးနွယ်စုကို လက်ခံရင် ဧကရီဟုတ်ထိုနဲ့ ကောင်းကင်တာအို ထိန်းချုပ်တာကို ခံရမှာလား”
[သက်တမ်း သန်း၁၀၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဟန်ကျွယ်ဟာ ရွေးချယ်စရာ မရှိတာကြောင့် ဆက်တွက်မယ်ကို ရွေးချယ်လိုက်ပါတယ်။
[မခံရပါ။]
ဟန်ကျွယ်ဟာ ဒီအဖြေကြောင့် စိတ်သက်သာရာ ရသွားပြီး ချက်ချင်း ပြန်ဖြေလိုက်ပါတယ် “ဒီလိုဆိုရင် ရှကျဲ့မျိုးနွယ်စုကို ကျွန်တော်လက်ထဲ အပ်ထားခဲ့ပါ”
[ဧကရီဟုတ်ထိုသည် သင့်အပေါ် မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်လေးပွင့်ခွဲ။]
ဧကရီဟုတ်ထိုက ပြုံးလိုက်ပါတယ် “မဆိုးဘူး၊ အနာဂတ်မှာ ငါ မင်းကို ဒုက္ခမပေးဖူးဆိုတာ မင်း နားလည်လာပါလိမ့်မယ်” စကားဆုံးတဲ့အခါမှာတော့ ဧကရီဟုတ်ထိုဟာ လုံးဝ ပျောက်ကွယ်သွားပါတယ်။
ဟန်ကျွယ်ဟာ ရှကျဲ့မျိုးနွယ်စုကို ကြည့်လိုက်ပြီး နတ်အာရုံကို အသုံးပြုကာ တိတ်ဆိတ်ကျွန်းထဲ ရွှေ့လိုက်ပါတယ်။ အခုအချိန်မှာ တိတ်ဆိတ်ကျွန်းက အလွန်တရာမှ ကြီးမားကျယ်ပြန့်တဲ့အတွက် လူတစ်သောင်း မပြောနဲ့၊ လူဆယ်သန်း လာနေရင်တောင် ကိစ္စမရှိပါဘူး။
တိတ်ဆိတ်ကျွန်းပေါ်ကို ရောက်လာတဲ့ ရှကျဲ့မျိုးနွယ်စုဟာ ဒီလိုအခြေအနေမျိုးကို ပထမဆုံးအကြိမ် ရင်ဆိုင်ရတာမို့ အလန့်တကြား ဖြစ်သွားကြပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်အသံ ထွက်ပေါ်လာပါတယ် “ဧကရီဟုတ်ထိုက မင်းတို့ကို ငါ့လက်ထဲ အပ်သွားတယ်၊ ငါက မင်းတို့ကို ရှကျဲ့မျိုးနွယ်စုလို့ နာမည်ပေးခဲ့တဲ့သူ၊ အခုအချိန်ကစပြီး မင်းတို့တွေ ဒီကျွန်းပေါ်မှာ အေးအေးချမ်းချမ်း ကျင့်ကြံ အားထုတ်နိုင်တယ်၊ ဒီကျွန်းပေါ်မှာ တိတ်ဆတ်ဂိုဏ်းရဲ့ တပည့်တွေလည်း ရှိတယ်၊ မင်းတို့အကုန်လုံး ရန်မဖြစ်ဘဲ ကျင့်ကြံတာကိုပဲ အာရုံစိုက်ကြ”
ရှကျဲ့မျိုးနွယ်စုတင် မကပါဘူး၊ တိတ်ဆိတ်ဂိုဏ်းတပည့်တွေလည်း ဟန်ကျွယ်အသံကို ကြားလိုက်ကြပါတယ်။
ဖူစန်းသစ်ပင်အောက်မှာရှိတဲ့ လူတိုင်းဟာ ရှကျဲ့မျိုးနွယ်စုကို ကြည့်ချင်တဲ့အတွက် ရှကျဲ့မျိုးနွယ်စုဆီ ပျံသန်းသွားကြပါတယ်။
“ဧကရီဟုတ်ထို...” ချူရှီရန်က ရေရွတ်လိုက်ပါတယ်။
ဘေးနားမှာရှိတဲ့ ငရဲနက်နတ်ဆိုးသခင်က သက်ပြင်းချလိုက်ပါတယ် “ဟင်း... ဂိုဏ်းချုပ်က တစ်ချိန်လုံး ကျင့်ကြံနေတယ်ဆိုပေမဲ့ အဆက်အသွယ်ကတော့ အမြဲတမ်း ကျယ်ပြန့်လာတာချည်းပဲ၊ တကယ်ကို အံဩဖို့ကောင်းတယ်၊ တာအိုပညာရှိကတောင် မျိုးနွယ်စုတစ်စုကို လက်ထဲအပ်သွားတယ်၊ ကြည့်ရတာ ငါတို့ဂိုဏ်းချုပ်က တာအိုပညာရှိ မဟုတ်ရင် တာအိုပညာရှိဖြစ်ဖို့ သိပ်မလိုတော့ဘူး ထင်တယ်”
ငရဲကြက်နက်ကလည်း အညံမခံပါဘူး “သခင်က တာအိုဘိုးဘေး ပြန်မွေးဖွားတဲ့သူ ဆိုတာကို ကျွန်တော် ခန့်မှန်းပြီးသား၊ သခင်က ကောင်းကင်တာအိုထက် စွမ်းအားပိုကြီးတယ်”
ပြောတဲ့သူတွေက ဒီအတိုင်း ပြောလိုက်တာ ဆိုပေမဲ့ နားထောင်တဲ့သူတွေကတော့ တစ်စုံတစ်ခုကို ခံစားမိလိုက်ပါတယ်။ ချူရှီရန်ဟာ ဒီစကားတွေကို ကြားပြီး မျက်မှောင်ကြုတ်သွားပါတယ်။
ရှကျဲ့မျိုးနွယ်စု ရောက်လာတဲ့အတွက် တိတ်ဆိတ်ကျွန်းဟာ ထပ်ပြီးတော့ စည်ကားလာပါတယ်။
ဟန်ကျွယ်ကတော့ သိပ်မပျော်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဧကရီဟုတ်ထိုရဲ့ တခြားတာအိုပညာရှိတွေက သူ့ကို အာရုံစိုက်နေတယ်ဆိုတဲ့ စကားကြောင့်ပါ။
‘ဘိုးဘေးရှီတျန်အဖွဲ့နဲ့ နွီဝါနန်းတော်အပြင် တခြားဘယ်သူတွေကများ ငါ့ကို အသုံးချချင်နေကြတာလဲ၊ တာအိုပညာရှိက ဘယ်လိုတည်ရှိမှုမျိုးလဲ၊ သူတို့တွေက လောကကြီးကို ထိုးဖောက်မြင်နိုင်ကြတာလား’
ဟန်ကျွယ်ဟာ တွေးလေလေ ကျောချမ်းလေလေ ဖြစ်လာပါတယ် ‘တော်သေးတယ်၊ တာအိုပညာရှိတွေ လောကြီးထဲ ဝင်လို့မရလို့... မဟုတ်ရင် ငါ ဘေးကင်းမှာ မဟုတ်ဘူး’
‘မဟုတ်သေးဘူး... ငါ စွမ်းအားပိုကြီးလာအောင် အမြန်လုပ်ရမယ်၊ တာအိုစက်ကွင်းကိုလည်း တာအိုပညာရှိအဆင့်ရောက်အောင် အမြန်ဆုံး မြှင့်တင်ရမယ်၊ ဒါမှ တာအိုပညာရှိတွေ တာအိုစက်ကွင်းကို မထိုးဖောက်နိုင်မှာ’
ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ ပြတ်သားသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဆက်ကျင့်ကြံပါတယ်။
၂၅ နှစ် ကြာပြီးနောက်။
နောက်ဆုံးမှာတော့ ကျန်းယီဟာ ကျို့ယိုငရဲကို ရောက်လာပါတယ်။ ကျန်းယီဟာ အော်ဟစ်ခြင်း မပြုဘဲ သူ့ရောင်ဝါကို ထုတ်လွှတ်ကာ ဟန်ကျွယ်လာခေါ်တာကို စောင့်ပါတယ်။
‘ဒီလောက် အားကောင်းတဲ့ အကုသိုလ်ကံကြားမှာ သူက ဘယ်လိုနေနေတာလဲ’ ကျန်းယီဟာ စိတ်ထဲမှာ တအံတဩ ဖြစ်သွားပြီး ရုတ်တရက်ဆိုသလို ဟန်ကျွယ်ကို လေးစားသွားပါတယ်။
ဒီအချိန်မှာပဲ အားကောင်းလှတဲ့ နတ်အာရုံတစ်ခုဟာ ကျန်းယီကို ရစ်ပတ်နှောင်ဖွဲ့လိုက်ပါတယ်။ ကျန်းယီ ဘာမှမတုံ့ပြန်နိုင်ခင်မှာပဲ တိတ်ဆိတ်ကျွန်းထဲ ဆွဲသွင်းခံလိုက်ရပါတယ်။
ကျန်းယီဟာ တိတ်ဆိတ်ကျွန်းပေါ်ကို ရောက်တယ်ဆိုရင်ပဲ ဝိညာဉ်ရတနာကို ကြောက်လန့်တကြား ထုတ်ယူပြီး တိုက်ခိုက်ဖို့ အသင့်ပြင်လိုက်ပါတယ်။ နောက်ဆုံးမှာတော့ ကျန်းယီဟာ လူတွေက သူ့ကို လူထူးဆန်းသဖွယ် ဝိုင်းကြည့်နေတာကို ရှာတွေ့သွားပါတယ်။ ဒီလိုကြည့်တဲ့အထဲမှာ ဖူစန်းပင်ပေါ်က ရွှေကျီးကန်းနှစ်ကောင်လည်း ပါပါတယ်။
“သူက နတ်ရွှေကျီးကန်း မိသားစုရဲ့ နံပါတ်တစ်ပါရမီရှင်ပဲ၊ သူလည်း တိတ်ဆိတ်ဂိုဏ်းထဲဝင်ပြီး ဒီမှာ ကျင့်ကြံအားထုတ်လိမ့်မယ်”
ဟန်ကျွယ်ဟာ ကျန်းယီ လက်စွမ်းပြမှာကို မစိုးရိမ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတာ့ ငရဲနက်နတ်ဆိုးသခင်နဲ့ စန့်ရှီနဲ့တင် ကျန်းယီကို ဖိနှိပ်ဖို့ လုံလောက်လို့ပါပဲ။ လွီပုဆိုရင်တော့ ပြောမနေပါနဲ့တော့။
ငရဲနက်နတ်ဆိုးသခင်က ရွှဲ့တဲ့တဲ့ ပြောလိုက်ပါတယ် “နတ်ရွှေကျီးကန်း မိသားစုရဲ့ နံပါတ်တစ် ပါရမီရှင်က ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ၊ အရင်တုန်းက နတ်ဆိုးဧကရာဇ် မင်းကို စည်းရုံးတုန်းက နတ်ရွှေကျီးကန်း မိသားစုမှာပဲ နေမှာဆို”
ကျန်းယီဟာ ဘေးဘီဝန်းကျင်ကို လှည့်ကြည့်ပြီး နှာခေါင်းရှုံ့လိုက်ပါတယ် “ကျုပ်က စီးမာယိရဲ့ ညီအစ်ကိုကောင်းပဲ၊ ကျုပ်ဆို့ ဆက်ဆံရေးက သာမန်မဟုတ်ဘူးလေ၊ သူက ကျုပ်ကို မရမက တောင်းပန်လို့ ဒီကိုလာတာ၊ ခင်ဗျားတို့တွေ နောက်ကျရင် ကြိုးကြိုးစားကျင့်ကြံပြီး ကျုပ်ကို မီအောင်ကြိုးစားကြ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။