← Chapters

အမှောင်ဂိုဏ်း သစ္စာခံလာခြင်း

Vol. 32 Ch. 365

အမှောင်ဂိုဏ်း သစ္စာခံလာခြင်း

Vol. 32 Ch. 365

ကျိန်စာနဲ့ အကုသိုလ်ကံ စွမ်းအားက ကံတရားစွမ်းအားနဲ့ ခပ်ဆင်ဆင်ပါ။ သူတို့တွေက အရောင်မရှိသလို မြင်လည်း မမြင်နိုင်တဲ့ စွမ်းအားတွေ ဖြစ်ပါတယ်။ ကမ္ဘာဖျက်ကြာနက်ရဲ့ အကူအညီနဲ့ ဟန်ကျွယ်ဟာ ကျိန်စာစွမ်းအားကို အသာလေး ခုခံလိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်တဲ့အခါမှာ ကျိန်စာရင်းမြစ်ကို တွက်ချက်လို့ မရပါဘူး။

‘ဒီကောင်တွေကလည်း ရှာတွေ့မှာတော့ ကြောက်သားပဲ... ငါ့ကို အတုခိုးထားတာနဲ့တူတယ်... မင်းတို့တွေ တခြားသူကိုပဲ ဖုံးကွယ်လို့ရမယ်... ငါ့ကိုတော့ ဖုံးကွယ်လို့ရမယ် မထင်နဲ့’

“ငါ့ကို ကျိန်စာတိုက်တဲ့လူကို သိချင်တယ်”

[သက်တမ်း သန်း ၁၀၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

ဟန်ကျွယ်ဟာ ဒီအတောအတွင်း သက်တမ်း တော်တော်လေး သုံးလိုက်တယ်ဆိုပေမဲ့ တစ်ဘီလံယံ မပြည့်သေးပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ သက်တမ်း အသုံးများမှာကို မစိုးရိမ်ပါဘူး။

ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်ဟာ မြင်ကွင်းတစ်ခုလုံး ချာချာလည်သွားပြီး နောက်ထပ် မြင်ကွင်းတစ်ခုဆီ ရောက်သွားပါတယ်။ ဟန်ကျွယ် မျက်လုံး ဖွင့်ကြည့်လိုက်တဲ့အခါ မြေအောက်လိုဏ်ဂူတစ်ဂူကို ရောက်နေပြီး လူတစ်ယောက်က တစ်စုံတစ်ယောက်ကို စာအုပ်တစ်အုပ်နဲ့ ကျိန်စာတိုက်နေတာ တွေ့လိုက်ရပါတယ်။

ဒီလူက ရွှယ်မင်းဟယ်ပါ။

ဟန်ကျွယ်ဟာ ရွှယ်မင်းဟယ်ကို တရင်းတနှီး ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွှယ်မင်းဟယ်က ရှေးဟောင်းမျိုးနွယ်စုတွေကို ဦးစီးပြီး အမှောင်ဂိုဏ်းကို ဖွဲ့စည်းခဲ့လို့ပါ။

‘ကောင်စုတ်... မင်းကများ မင်းဘိုးဘေးကို ကျိန်စာတိုက်ရဲတယ်၊ မင်းမှ မသေရင် ဘယ်သူက သေရမှာလဲ’ ဟန်ကျွယ်ဟာ အမျက်ချောင်းချောင်း ထွက်သွားပါတယ်။

ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ ရွှယ်မင်းဟယ်ရဲ့ ရေရွတ်သံကို ရုတ်တရက် ကြားလိုက်ရပါတယ် “အမှောင်သခင်ကြီး... ခံစားမိလား၊ အမှောင်သခင်ကြီး ကြိုက်နှစ်သက်ဖို့ မျှော်လင့်ပါတယ်”

‘သူ့စကားက ဘာကို ဆိုလိုတာလဲ’ ဟန်ကျွယ်ဟာ အံအားသင့်သွားပါတယ် ‘ဒီရွှယ်မင်ဟယ် ငါ့ကို ကျိန်စာတိုက်တာက ငါ့အာရုံကို ဆွဲဆောင်ဖို့လား’

‘နေပါအုန်း... ဒီကောင်က ငါ အမှောင်သခင်ကြီးဆိုတာ ဘယ်လိုလုပ်ပြီး သိသွားတာလဲ... နတ်ဆိုးဧကရာဇ်၊ ဇုထူ၊ ကောင်းကင်တာအိုဗုဒ္ဓနဲ့ တခြားစွမ်းအားကြီးပုဂ္ဂိုလ်တွေတောင် မသိနိုင်တာ သူ့က ဘယ်လိုလုပ်ပြီး သိသွားတာလဲ’

မြင်ကွင်းတစ်ခုလုံး ကွဲကျေသွားပြီး ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ရောက်သွားပါတယ်။ ဟန်ကျွယ်ဟာ ဆက်မေးလိုက်ပါတယ် “ရွှယ်မင်းဟယ် ငါ အမှောင်သခင်ကြီးဆိုတာ သိလား”

[မသိပါ။]

ဒီတစ်ခါမှာတော့ စနစ်က ဟန်ကျွယ်ရဲ့ သက်တမ်းကို နှုတ်ယူခြင်း မရှိပါဘူး။ ဟန်ကျွယ်ဟာ မနေနိုင်ဘဲ တွေးဆလိုက်ပါတယ် ‘ဘာဖြစ်လို့ သက်တမ်း မနှုတ်တာလဲ၊ ငါ လက်ရှိကံတရားနဲ့ ပတ်သက်နေလို့ သက်တမ်း မနှုတ်တာလား... ဒါ မဟုတ်သေးပါဘူး... ဒါမှမဟုတ် ရောင်းချပြီး ဝန်ဆောင်မှုလား’

ဟန်ကျွယ်ဟာ အကြောင်းအရင်းကို စဉ်းစားမရတာကြောင့် အချိန်ကုန်ခံ ခေါင်းခြောက်ခံပြီး ဆက်မတွေးပါဘူး။

မကြာခင်မှာပဲ ကျိန်စာစွမ်းအားက လုံးဝပျောက်ကွယ်သွားပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ရွှယ်မင်းဟယ်က ဟန်ကျွယ်ကို ပစ်မှတ်ထားပြီး ကျိန်စာတိုက်နေတာ မဟုတ်ဘူးဆိုတာကို သိနိုင်ပါတယ်။

‘သူက ငါ့ကို ပစ်မှတ်ထားတာ မဟုတ်ဘူးဆိုရင် ငါ့နဲ့ ဆက်နွှယ်နေတဲ့ အင်အားစုတွေကို ကျိန်စာတိုက်တာလား၊ ဒါဆို ရွှယ်မင်းဟယ်က ကောင်းကင်ရုံးတော်ကို ကျိန်စာတိုက်တာလား၊ ဒါမှမဟုတ် ရှကျဲ့မျိုးနွယ်စုကို ကျိန်စာတိုက်တာလား’

ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို ထပ်သုံးလိုက်ပါတယ် “ရွှယ်မင်းဟယ်က ငါ့ကို ဘာလို့ ကျိန်စာတိုက်တာလဲ”

[သက်တမ်း သန်း ၅၀ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]

ဆက်တွက်မယ်။

[ကောင်းကင်ရုံးတော်အား ကျိန်စာတိုက်ခြင်းတည်း။]

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ချက်ချင်းထုတ်ယူပြီး ရွှယ်မင်းဟယ်ကို ကျိန်စာ စတိုက်ပါတယ်။ ရွှယ်မင်းဟယ်က သူ့ပရိသတ်ဆိုပေမဲ့ ကောင်းကင်ရုံးတော်ကို ခြိမ်းခြောက်တာကြောင့် သက်တမ်းတစ်ဘီလီယံနဲ့ ကျိန်စာတိုက်ပြီး သတိပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ခုနစ်ရက် ရှက်ရှက်ကြာတဲ့အခါမှာတော့...။

“ဝုန်း...”

ဥမင်လိုဏ်ခေါင်းထဲမှာ ရုတ်တရက် ထွက်ပေါ်လာတဲ့ ရောင်ဝါက တော်တော်လေး ကြောက်မက်ဖွယ်‌ ကောင်းပါတယ်။ သေခါနီးလူနာလို သွေးဆုတ်နေတဲ့ ရွှယ်မင်းဟယ်ဟာ သူ့စွမ်းအားကို လှည့်ပတ်ပြီး ကျိန်စာကို ခုခံပါတယ်။

‘ဒါ အမှောင်သခင်ကြီးဆိုတာ ကျိန်းသေတယ်’

ရွှယ်မင်းဟယ်ဟာ ကျောချမ်းသွားပါတယ်။ ရွှယ်မင်းဟယ်ဟာ ဒီလိုမျိုး စွမ်းအားကြီးမားလှတဲ့ ကျိန်စာကို ပထမဆုံးအကြိမ် ခံစားရတာပါ။ ဒီလိုကျိန်စာမျိုးကပဲ နတ်ဆိုးဧကရာဇ်နဲ့ ကောင်းကင်တာအိုဗုဒ္ဓကို ရူးသွပ်အောင် လုပ်နိုင်တာပါ။ ဒါကြောင့် ဒီကျိန်စာပိုင်ရှင်က အမှောင်သခင်ကြီးပဲလို ရွှယ်မင်းဟယ်က ကောက်ချက် ချလိုက်ပါတယ်။

ရွှယ်မင်းဟယ်ဟာ ဒီလိုကျိန်စာတိုက်ခံရတာကို မကြောက်လန့်တဲ့အပြင် စိတ်လှုပ်ရှားသွားပါတယ် ‘နောက်ဆုံးတော့ အမှောင်သခင်ကြီးက ပြန်တုံ့ပြန်ပြီပဲ’

‘အမှောင်သခင်ကြီးရဲ့ အစွမ်းနဲ့ဆိုရင် ငါသေအောင် အသာလေး ကျိန်စာတိုက်နိုင်တယ်၊ ဒါပေမဲ့ သူက ငါ့ကို မသတ်ဘူးဆိုတော့ သတင်းပေးချင်တယ်ဆိုတာ ထင်ရှားတယ်’

‘အမှောင်သခင်ကြီးက ကောင်းကင်ရုံးတော်ထဲမှာ ပုန်းနေတာလား၊ ဒါ ဖြစ်နိုင်တယ်... ဒါကြောင့်မို့ ကောင်းကင်ရုံးတော်က အခုအချိန်အထိ ဘာမှမဖြစ်တာနေမယ်’

အင်မော်တယ်ကမ္ဘာရဲ့ ထိပ်သီးအင်အားစု လေးစုထဲမှာ နတ်ဆိုးရုံးတော်က ပြိုလဲလုနီး ဖြစ်နေပြီး ဗုဒ္ဓဂိုဏ်းကလည်း ဗုဒ္ဓတစ်ပါး ဆုံးရှုံးသွားပါတယ်။ ရှန်နန်းတော်ကျတော့ နန်းတော်သခင် ပြောင်းလဲသွားပါတယ်။ ကောင်းကင်ရုံးတော်ပဲ ဘာမှမဖြစ်ဘဲ တာအိုဂိုဏ်းရဲ့ အကူအညီကို ရလိုက်တာပါ။ ဒီလို အခြေအနေမျိုးမှာ ရွှယ်မင်းဟယ်ရဲ့ အတွေးက ကျိုးကြောင်းဆီလျော်လှပါတယ်။

ဘယ်ဘက်ကပဲ ကြည့်ကြည့် ကောင်းကင်ရုံးတော်ကို အမှောင်သခင်ကြီး ကာကွယ်ထားတာ ထင်ရှားလှပါတယ်။ ရွှယ်မင်းဟယ် အတွေးများနေတုန်းမှာပဲ ကျိန်စာက ပိုမို အားကောင်းလာပါတယ်။

‘အို... မကောင်းတော့ဘူး၊ ငါ တောင့်မခံနိုင်တော့ဘူး’

“ဝေါ့...”

ရွှယ်မင်းဟယ်ဟာ သွေးတစ်လုတ် အန်ထွက်သွားပြီး လက်ပုံစံအမျိုးမျိုး ပြုလုပ်ကာ သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားကို တည်ငြိမ်အောင် လုပ်လိုက်ပါတယ်။ ကံကောင်းထောက်မစွာပဲ ကျိန်စာက ထပ်ပြီး အားကောင်းမလာဘဲ ငါးမိနစ်အကြာမှာ ပျောက်ကွယ်သွားပါတယ်။

ရွှယ်မင်းဟယ်ဟာ ဒီကျိန်စာကနေ အတွင်းဒဏ်ရသွားတယ်ဆိုပေမဲ့ သိပ်ပြီး မပြင်းထန်ပါဘူး။ ရွှယ်မင်းဟယ်ဟာ ကျိန်စာတိုက်တဲ့ အမှောင်သခင်ကြီးကို မမုန်းတီးတဲ့အပြင် ပျော်တောင် ပျော်သွားပါသေးတယ်။

အမှောင်သခင်ကြီးက သူ့ကို မသတ်တဲ့အတွက် သူ့ကို လက်ခံချင်တာပဲလို့ ရွှယ်မင်းဟယ်က ကောက်ချက် ချလိုက်ပါတယ်။ ရွှယ်မင်းဟယ်သာ အမှောင်သခင်ကြီးနေရာမှာဆိုရင် သူ့သတ်ချင်တဲ့လူကို ဘယ်တော့မှ သနားညှာတာနေမှာ မဟုတ်ပါဘူး။ ဒီအတွေးတွေကြောင့် ရွှယ်မင်းဟယ်ဟာ အမှောင်သခင်ကြီးကို ပိုပြီးတော့ လေးစားသွားပါတယ်။

‘အခုအချိန်ကစပြီး ကောင်းကင်ရုံးတော်ကို ပစ်မှတ်ထားလို့ မဖြစ်တော့ဘူး၊ အဲဒီအစား ကောင်းကင်ရုံးတော်နဲ့ မိတ်ဖွဲ့ပြီး ငါ့စိတ်အရင်းအမှန်ကို အမှောင်သခင်ကြီးသိအောင် ပြသရမယ်’ ရွှယ်မင်းဟယ်ဟာ ပါးစပ်ထောင့်က သွေးစသွေးနတွေကို သုတ်ပစ်လိုက်ပြီး မိစ္ဆာပြုံး ပြုံးလိုက်ပါတယ်။

ရွှယ်မင်းဟယ်ဟာ အမှောင်သခင်ကြီး ဘယ်မှာ ရှိနေတယ်ဆိုတာကို အတည်ပြုနိုင်တဲ့အတွက် သူ့ကိုသူ အလွန်‌တော်တယ်လို့ ခံစားလိုက်ရပါတယ်။

‘ဇုထူ... မင်းကများ အမှောင်သခင်ကြီးယောင် ဆောင်ရဲတယ်၊ မင်း စောင့်ကြည့်နေပါ၊ ငါက မင်းကို အနိုင်မယူနိုင်ပေမဲ့ အမှောင်သခင်ကြီးက မင်းကို ကျိန်းသေပေါက် ခွင့်လွှတ်မှာ မဟုတ်ဘူး’ ရွှယ်မင်းဟယ်ဟာ ဇုထူရဲ့ အဆုံးသတ်ကို မျှော်ကြည့်မိလိုက်ပါတယ်။

ဟန်ကျွယ်ဟာ ရွှယ်မင်းဟယ်ကို သင်ခန်းစာပေးပြီးနောက် အချိန်မဖြုန်းဘဲ ဆက်လက် ကျင့်ကြံပါတယ်။

ရာသီစက်ဝန်းဟာ ပုံမှန်လည်ပတ်ပြီး ဆယ်နှစ် ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုက ပုံမှန် တိုးတက်လို့ လာပါတယ်။ ဟန်ကျွယ်ဟာ ကျင့်ကြံတာ ရပ်လိုက်ပြီး ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူကာ ကောင်းကင်ဧကရာဇ်နဲ့ ဆက်သွယ်လိုက်ပါတယ်။ မကြာခင်မှာပဲ ဟန်ကျွယ် နတ်အာရုံဟာ ကောင်းကင်ဧကရာဇ်ရဲ့ နတ်အာရုံနဲ့ ချိတ်ဆက်မိသွားပါတယ်။

“အရှင်မင်းကြီး... ဟောင်အာကို ရှာတွေ့ပြီလား”

ကောင်းကင်ဧကရာဇ်က လေးနက်တဲ့အသံနဲ့ ပြန်ဖြေပါတယ် “ငါ သူ့ကို ရှာတွေ့ပြီ၊ ဒါပေမဲ့ သူ့ကို ပြန်ခေါ်လာလို့ မရဘူး၊ နောက်ကျလို့ သူက မင်းကို လာရှာရင် မင်းသူ့ကို တပည့်အဖြစ် တစ်ခါမှ လက်မခံဖူးသလို ဟန်ဆောင်နေလိုက်”

“အရှင်မင်းကြီး... ဘာကိုဆိုလိုချင်တာလဲ၊ သူက ကောင်းကင်ရုံးတော်ကို သစ္စာဖောက်သွားလို့လား၊ ဒါမှမဟုတ် ခန္ဓာအပိုင်သိမ်းခံရလို့လား”

“မပြောတက်ဘူး၊ သူ ခန္ဓာတော့ အသိမ်းမခံရသေးဘူး၊ ဒါပေမဲ့ သူအခု အန္တရာယ်ကြားထဲမှာ... ငါ့ကို ယုံစမ်းပါ”

လုံဟောင်နဲ့ ကောင်းကင်ဧကရာဇ်မှာ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို ပိုယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ဧကရာဇ်က သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့လူ ဖြစ်ပြီး လုံဟောင်ကျတော့ သူက ပြန်ပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့ လူတစ်ယောက် မို့လို့ပါပဲ။

“ကျွန်တော် နားလည်ပါပြီ အရှင်မင်းကြီး၊ ဒါနဲ့ ကောင်းကင်ရုံးတော် အခြေအနေ ဘယ်လိုရှိလဲ”

“မဆိုးပါဘူး၊ ငါတို့တွေ နတ်ဆိုးရုံးတော်ရဲ့ နယ်မြေတွေကို ဆက်တိုက် သိမ်းပိုက်နေတဘ်၊ နောက်ပြီး အင်အားစု အများကြီးရဲ့ သစ္စာခံမှုကိုလည်း ရရှိထားတယ်၊ ဒီအထဲမှာ အထင်ရှားဆုံးကတော့ အမှောင်ဂိုဏ်းပဲ၊ အမှောင်ဂိုဏ်းက သူတို့ဘာသာ ကောင်းကင်ရုံးတော်ကို သစ္စာလာခံတာ၊ ကြည့်ရတာတော့ အမှောင်သခင်ကြီးရဲ့ လက်ချက်နဲ့ တူတယ်”

‘ဒီရွှယ်မင်းဟယ်က အကင်းတော့ ပါးသားပဲ၊ ဒီလိုဆိုမှတော့ သူ့ကို အရှင်ထားတာ ပိုကောင်းတယ်’

ဟန်ကျွယ်က အလေးအနက် ပြောလိုက်ပါတယ် “အရှင်မင်းကြီး... အမှောင်သခင်ကြီးက လျှို့ဝှက်ဆန်းကြယ်ပြီး ဘာရည်ရွယ်ချက် ရှိနေလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး၊ အရှင်မင်းကြီး ရှေ့လျှောက် ဂရုစိုက်တာ ပိုကောင်းလိမ့်မယ်”

“မစိုးရိမ်ပါနဲ့... ဘာလုပ်ရမလဲဆိုတာ ငါ သိပါတယ်၊ သူတို့တွေ ကောင်းကင်ရုံးတော်ကို မဆန့်ကျင်သရွေ့ ကျန်တာတွေက ဆွေးနွေးလို့ရတယ်”

အဲဒီနောက် စကားနည်းနည်းပါးပါး ပြောပြီး ဟန်ကျွယ်နဲ့ ကောင်းကင်ဧကရာဇ်ဟာ နတ်အာရုံကို ဖြတ်တောက်လိုက်ကြပါတယ်။

ကောင်းကင်ရုံးတော်၊ ဧကရာဇ်ပန်းခြံ။

ကောင်းကင်ဧကရာဇ်ဟာ ကောင်းကင်တာအိုတိုကင်ကို အောက်ချပြီး ရေရွတ်လိုက်ပါတယ် “သူက တကယ်ပဲ အမှောင်သခင်ကြီးနဲ့ မပတ်သက်တာလား”

အမှောင်သခင်ကြီးက ကောင်ကင်ရုံးတော်နဲ့ ပူးပေါင်းလိုတယ်လို့ ရွှယ်မင်းဟယ်က ပြောခဲ့တာကြောင့် ကောင်းကင်ဧကရာဇ်ဟာ ကောင်းကင်ရုံးတော်ထဲမှာ အမှောင်သခင်ကြီး ရှိနေလိမ့်မယ်လို့ သံသယဝင်နေတာပါ။ ကောင်းကင်ဧကရာဇ် သံသယအဝင်ဆုံးကတော့ ဟန်ကျွယ်ပါ။

ဒါပေမဲ့ ဟန်ကျွယ်က အမှောင်သခင်ကြီးကို ဂရုစိုက်ဖို့ ပြောတဲ့အတွက် ကောင်းကင်ဧကရာဇ်ဟာ သံသယကင်းသွားပါတယ် ‘ငါ ဘာတွေတွေးနေတာလဲ၊ သူ့အရည်အချင်းက ဒီလောက်တောင် ထက်မြက်နေတာ၊ ငါ သူ့ဆီကနေ တခြားဘာတွေ မျှော်လင့်နေသေးတာလဲ’

ကောင်းကင်ဧကရာဇ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ်။ အဲဒီနောက် မျက်မှောင်ကြုတ်သွားပါတယ် ‘အမှောင်သခင်ကြီးက ဟန်ကျွယ်နဲ့ မပတ်သက်ရင် ကောင်းကင်ရုံးတော်ကို အန္တရာယ်ပေးဖို့ ရာခိုင်နှုန်း တော်တော်များတယ်၊ အမှောင်သခင်ကြီးက ကောင်းကင်ရုံးတော်ကို ဒုက္ခပေးချင်ရင် ဘာဖြစ်လို့ အမှောင်ဂိုဏ်းကို ကောင်းကင်ရုံးတော်ဆီ ပို့လိုက်ရတာလဲ’

အင်မော်တယ်ကမ္ဘာမှာ ကောင်းကင်ရုံးတော်က အင်အားအကြီးဆုံး ဖြစ်နေပါပြီ။ ဒီလိုအခြေအနေမှာ အမှောင်ဂိုဏ်းကိုပါ ထပ်ပေါင်းလိုက်ရင် ကောင်းကင်ရုံးတော်ကို ဘယ်သူမှ မယှဉ်နိုင်တော့ပါဘူး။ အနန္တကပ်ဘေးကို အနိုင်ရဖို့ သေချာသလောက် ရှိသွားပါပြီ။

‘ကောင်းကင်ရုံးတော် အနိုင်ရရင် အမှောင်သခင်ကြီးက ဘာရမှာမို့လို့လဲ၊ ဒါ... ထောင်ချောက်လား’

ကောင်းကင်ဧကရာဇ်ဟာ တွေးလေလေ စိတ်လေးလေလေ ဖြစ်လာပါတယ်။ အနန္တကပ်ဘေးက ထိပ်ဆုံးကို မရောက်သေးတဲ့အတွက် ကောင်းကင်ရုံးတော်ရဲ့ တကယ့်ကပ်ဘေးကို အခုထိ ရောက်မလာသေးပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters