ကျိန်စာများ၊ ကံတရားအား ချောင်းကြည့်ခြင်း
Vol. 32 Ch. 366
ကောင်းကင်တာအိုကို ပြန်သိမ်းပြီးနောက် ဟန်ကျွယ်ဟာ စိတ်ကောင်းဝင်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမှောင်ဂိုဏ်းရဲ့ ကူညီမှုနဲ့ဆိုရင် ကောင်းကင်ရုံးတော်ရဲ့ အခြေအနေက ပိုပိုကောင်းလာမှာ မို့လို့ပါပဲ။
ကောင်းကင်ဧကရာဇ်က သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့အတွက် ဟန်ကျွယ်ဟာ ဒီကျေးဇူးကို ပြန်မဆပ်ဘဲ မနေနိုင်ပါဘူး။ အခုအချိန်မှာတော့ ဟန်ကျွယ်က ကောင်းကင်ရုံးတော်ကို အကူအညီကြီးတစ်ခု ပေးလိုက်ပါပြီ။
တာအိုအရှင်သခင်က ထက်မြက်တဲ့ ပါရမီရှင်ဆိုပေမဲ့ တစ်ယောက်တည်းပါ။ ဒါကြောင့် အင်အားစုကြီးတွေရဲ့ တိုက်ပွဲရလဒ်ကို အဆုံးအဖြတ် ပေးနိုင်စွမ်း မရှိပါဘူး။ ဒါပေမဲ့ အမှောင်ဂိုဏ်းကတော့ ဒီလို မဟုတ်ပါဘူး။ အမှောင်ဂိုဏ်းအောက်မှာ ရှေးဟောင်း မျိုးနွယ်စုတွေ အများကြီးရှိတဲ့အတွက် တိုက်ပွဲတစ်ပွဲရဲ့ ရလဒ်ကို ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက်ကို ထွက်လိုက်ပါတယ် “ငါ တာအိုဟောကြားမယ်၊ အားလုံးပဲ နေရာယူကြ”
ဟန်ကျွယ်ရဲ့အသံဟာ တာအိုစက်ကွင်းတစ်ခုလုံးကို ဟိန်းထွက်သွားတဲ့အတွက် ရှကျဲ့မျိုးနွယ်စု တစ်စုလုံးတောင် ဟန်ကျွယ်အသံကို ကြားလိုက်ရပါတယ်။ ရှကျဲ့မျိုးနွယ်စုဟာ ဧကရီဟုတ်ထိုဆီက တာအိုဟောကြားတာကို နားထောင်ဖူးတဲ့အတွက် ဟန်ကျွယ်ရဲ့ တာအိုဟောကြားတာကို မျှော်လင့် စောင့်စားသွားကြပါတယ်။
ကျန်းယီလည်း မျက်လုံးဖွင့်လိုက်ပြီး ဟန်ကျွယ်ကို စပ်စုတဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ်။ ကျန်းယီဟာ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ အတွေ့အကြုံရပြီးနောက် သူ့ရင်ထဲက ဟန်ကျွယ်ပုံရိပ်ဟာ ပိုကြီးပြီး ပိုဆန်းကြယ်လာပါတယ်။
ကျန်းယီဟာ အသွင်တူ လက်ရည်စမ်းပွဲကို တော်တော်လေး အံအားသင့်သွားတာပါ။ ဒီလိုဟာကို ဖန်တီးနိုင်တဲ့ ဟန်ကျွယ်ကလည်း အားမနည်းနိုင်ဘူးလို့ ခံစားလိုက်ရပါတယ်။ အဲဒီနောက် ကျန်းယီဟာ အတိတ်ကို ပြန်စဉ်းစားတဲ့အခါမှာ ဟန်ကျွယ်ကို တစ်ခါမှ အနိုင်မယူနိုင်ခဲ့မှန်း တွေ့သွားပါတယ်။ အတိတ်မှာတုန်းက ဟန်ကျွယ်ဟာ သူ့ကို ရိုရိုကျိုးကျိုး ဆက်ဆံခဲ့တယ်ဆိုပေမဲ့ တစ်ခါမှ မကြောက်ခဲ့ပါဘူး။ အခုပြန်စဉ်းစားကြည့်ရင် လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို အလိုလိုက် ဆက်ဆံနေသလိုပါပဲ။
‘နောက်ပြီး... နတ်ရွှေကျီးကန်း ရှန်ဧကရာဇ်က သူ့လက်ထဲမှာ သေသွားတာ ဖြစ်ဖို့များတယ်’ ကျန်းယီ ဒီလိုတွေးရတာက နတ်ရွှေကျီး ရှန်ဧကရာဇ်ကို အသွင်တူ လက်ရည်စမ်းပွဲထဲမှာ တွေ့လိုက်ရတာကြောင့်ပါ။ အသွင်တူ လက်ရည်စမ်းပွဲထဲက နတ်ရွှေကျီး ရှန်ဧကရာဇ်ဟာ ကျန်းယီ တိုက်ခိုက်ဖူးတဲ့ အပြင်က နတ်ရွှေကျီး ရှန်ဧကရာဇ်လိုပဲ စွမ်းအားကြီးမားပါတယ်။
ဟန်ကျွယ်ဟာ ကျန်းယီ ဘာတွေးနေလဲဆိုတာကို မသိပါဘူး။ ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ရှေ့မှာ ထိုင်ပြီး တာအို စတင်ဟောကြားပါတယ်။ စန့်ရှီနဲ့ ငရဲနက်နတ်ဆိုးသခင်အပါအဝင် တခြားသူတွေလည်း ဟန်ကျွယ်ကို မျက်နှာမူပြီး ထိုင်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ နတ်မင်းအဆင့်ကို ရောက်နေပြီဖြစ်တဲ့အတွက် ဟန်ကျွယ်ရဲ့ တာအိုဟောကြားမှုဟာ တိတ်ဆိတ်ဂိုဏ်းသားတွေကို ပိုပြီးတော့ အကျိုးဖြစ်ထွန်းစေပါတယ်။
ဟန်ကျွယ်ဟာ သူနာလည်းတဲ့ ကျင့်ကြံမှုအကြောင်းကို စတင်ဟောပြောပါတယ်။ ဟန်ကျွယ်ရဲ့အသံက ဆန်းကြယ်စွမ်းအားတွေ ပြည့်နှက်နေတာကြောင့် ချက်ချင်းဆိုသလိုပဲ လူတိုင်းကို သိမြင်နားလည်တဲ့ အခြေအနေဆီ ခေါ်ဆောင်သွားပါတယ်။ တိတ်ဆိတ်ဂိုဏ်းသားတွေဟာ သူတို့ရဲ့ ကျင့်ကြံမှုကို ပြန်လည် တွေးတောပြီး ခေါင်းထဲမှာ အတွေးမျိုးစုံ ပေါ်လာကာ အသိဉာဏ် လင်းလက်သွားကြပါတယ်။
ဒီတာအို ဟောကြားမှုဟာ ငါးနှစ်ကြာပါတယ်။ တာအိုဟောကြားမှု ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ နှစ်နှစ်အချိန်ယူပြီး မေးခွန်းတွေ ဖြေကြားပါတယ်။ ရှကျဲ့မျိုးနွယ်စုကတော့ မေးခွန်း မေးမြန်းခွင့် မရှိပါဘူး။ မဟုတ်ရင် မေးခွန်းဖြေရတာနဲ့တင် ဟန်ကျွယ် သေသွားနိုင်ပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ဝင်ပြီး ဝူတောက်ကျန့်ကို အထဲခေါ်လိုက်ပါတယ်။ ကျင့်ကြံခြင်း လိုဏ်ဂူတံခါး ပိတ်သွားတဲ့အခါ ဝူတောက်ကျန့်ဟာ ဟန်ကျွယ်ရှေ့မှာ သိချင်စိတ်မျက်နှာနဲ့ ဒူးထောက်ထိုင်လိုက်ပါတယ်။ ဝူတောက်ကျန့်ဟာ ဟန်ကျွယ်က သူ့ကို ဘာလို့ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ခေါ်ရလဲဆိုတာ မသိပါဘူး။
“မင်းရဲ့ သခင်ဟောင်းက ဒီအတောအတွင်း မင်းကို လာရှာသေးလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။
ဝူတောက်ကျန်က တအံတဩ ဖြစ်သွားပါတယ် “ကျွန်မက ဒီမှာနေနေတာ၊ သူက ဘယ်လိုလုပ်ပြီး ကျွန်မကို ရှာနိုင်မှာလဲ”
“အိပ်မက်ထဲမှာရော...”
“အိပ်မက်ထဲမှာလား... မက်တယ်၊ ဒီအတောအတွင်း ကျွန်မ သူ့ကို အိပ်မက်မက်တယ်၊ သူက ကျွန်မဘေးနားမှာ ကျင့်ကြံအားထုတ်နေတာ၊ စကားတောင် မပြောဘူး”
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်စကားကြောင့် မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီထိုက်စုတျန်က မကောင်းတဲ့ ရည်ရွယ်ချက် တကယ် ရှိနေတာပဲ’
ဝူတောက်ကျန့်ဟာ မဟာညီညွတ်မှု အင်မော်တယ်စစ် ဖြစ်တဲ့အတွက် အကြောင်းအရင်း မရှိဘဲ အိပ်မက်မက်စရာ လုံးဝမရှိပါဘူး။
ဝူတောက်ကျန့်က ဆက်ပြောပါတယ် “မစိုးရိမ်ပါနဲ့ သခင်၊ အခုအချိန် ကျွန်မမှာ သခင်တစ်ယောက်ပဲ ရှိတယ်၊ သခင်က သူ့ကို သတ်ခိုင်းရင်တောင် ကျွန်မ လက်တွန့်နေမှာ မဟုတ်ဘူး၊ သူ ကျွန်မကို ကြင်နာခဲ့တာက မျက်နှာသာပေးမှုတစ်ခုသာသာပဲ၊ သူက ကျွန်မကိုတောင် သတိထားခဲ့တာ မဟုတ်ဘူး၊ ဒါပေမဲ့ သခင်ကသာ ကျွန်မကို အသွင်ပြောင်းလဲစေပြီး ကျင့်ကြံခြင်းလမ်းပေါ် တင်ပေးခဲ့တာ၊ ပြီးတော့ ကျွန်မကိုလည်း ကာကွယ်ပေးတယ်...”
ဒီစကားအရောက်မှာ ဝူတောက်ကျန့်ရဲ့ မျက်လုံးတွေဟာ နီရဲသွားပါတယ်။
ဝူတောက်ကျန့်ရဲ့ မူလပုံစံက မိုးမြေမြက်ပင် ဖြစ်တဲ့အတွက် ဘဝပေါင်းများစွာ တွေ့ကြုံခဲ့စားခဲ့ရပြီးပါပြီ။ ဟန်ကျွယ်နဲ့ မတွေ့ခင်တုန်းက ဝူတောက်ကျန့်ဟာ သာမန်မြက်ပင်ထက် နည်းနည်းလေးပိုသာတဲ့ မြက်ပင်လေးတစ်ပင်ပါ။ အကြိမ်ပေါင်းများစွာ တက်နင်းခံခဲ့ရပြီး မရေမတွက်နိုင်တဲ့ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရပါတယ်။
ဒါပေမဲ့ ဟန်ကျွယ်နဲ့ တွေ့ပြီးနောက်ပိုင်း ဝူတောက်ကျန့်ဟာ တစ်ခါမှ ဒုက္ခတရားကို မခံစားရတော့ပါဘူး။ ဒါ့အပြင် ဘဝကို စိတ်အေးလက်အေး နေနိုင်ပြီး စကားပြောစရာ သူငယ်ချင်းတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် ဝူတောက်ကျန့်ဟာ သူ့ဘဝကို အရမ်းကျေနပ်လို့ နေပါတယ်။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မင်း ငါ့အပေါ် ဘယ်လို ခံစားချက်ရှိတယ်ဆိုတာ ငါ သိပါတယ်၊ ဒါပေမဲ့ လောကမှာ ငါတို့ ထိန်းချုပ်လို့ မရတာတွေ အများကြီးရှိတယ်၊ ဒါကြောင့် ငါ မင်းဝိညာဉ်မှာ လမ်းခြောက်သွယ် အမှတ်အသား မှတ်ပေးမယ်၊ မင်းရဲ့ သခင်ဟောင်းက အခွင့်အရေးရှာပြီး မင်းကို ထိန်းချုပ်ရင်တောင် ဒီအမှတ်အသားရှိနေရင် ငါ ချက်ချင်း သိနိုင်တယ်၊ နောက်ပြီး ဒီအမှတ်အသား မှတ်လိုက်ရင် မင်းရဲ့ သေခြင်းရှင်ခြင်းက ငါ့လက်ထဲမှာပဲ”
ဟန်ကျွယ် လမ်းခြောက်သွယ် အမှတ်အသား အကြောင်းကို ထုတ်ပြောလိုက်တာက လမ်းခြောက်သွယ် အမှတ်အသားကို ထိုက်စုတျန် ရှာတွေ့သွားပြီး သူနဲ့ ဝူတောက်ကျန့်ကို သွေးခွဲမှာစိုးလို့ပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ လမ်းခြောက်သွယ် အမှတ်အသားကို ဝူတောက်ကျန့်သိအောင် ပြောပြလိုက်ပြီး အန္တရာဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတစ်ခုကို ကြိုတင် ရှင်းလင်းလိုက်ပါတယ်။
“ရပါတယ်”
ဝူတောက်ကျန့်ဟာ ချက်ချင်း သဘောတူလိုက်ပြီး ဟန်ကျွယ် ဘေးမှာ ထိုင်လိုက်ပါတယ်။ ဝူတောက်ကျန့်ဟာ အလွန်တရာမှ နာခံပြီး စိုးရိမ်တုန်လှုပ်ခြင်း မရှိပါဘူး။ ဝူတောက်ကျန့်ရဲ့ မျက်နှာဟာ ရေခဲလိုအေးစက်တဲ့ မျက်နှာဆိုပေမဲ့ အပြုံပန်းတွေ ဝေနေပြီး ဟန်ကျွယ်ကို နည်းနည်းလေးမှ သတိထားပြီး မဆက်ဆံပါဘူး။
ဟန်ကျွယ်ရဲ့ နှလုံးသားဟာ ပျော့ပျောင်းသွားပါတယ်။ ဒါပေမဲ့ ဟန်ကျွယ် လက်တွေကတော့ လုပ်စရာရှိတာ ဆက်လုပ်ပါတယ်။ ထာဝရအသက် မပြောနဲ့ တိုင်းပြည်တစ်ခုကို နှစ်သုံးလေးဆယ်လောက် အုပ်ချုပ်ရတဲ့ အာဏာတောင် စစ်မှန်ပါတယ်ဆိုတဲ့ ခံစားချက်တွေကို ပြိုလဲအောင်လုပ်နိုင်တယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို မယုံကြည်တာ မဟုတ်ပါဘူး။ ထိုက်စုတျန်ကို မယုံကြည်တာပါ။ ဒါကြောင့် ဟန်ကျွယ်ဟာ နောက်ပြဿာနာတွေ မပေါ်အောင် လမ်းခြောက်သွယ် အမှတ်အသားကို အားကောင်းအောင် လုပ်ပါတယ်။
လေးငါးခြောက်ရက် အကြာမှာတော့ ဝူတောက်ကျန့်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲကနေ ထွက်လာပြီး လီယောင်နား ရောက်လာပါတယ်။
“ဂိုဏ်းချုပ်က နင့်ကို ဘာကိစ္စနဲ့ ရှာတာလဲ” လီယောင်က စပ်စုလိုက်ပါတယ်။ ဟန်ကျွယ်က ဝူတောက်ကျန့်က အရင်ခေါ်တာ အလွန်တရာ ရှားပါးတယ် မဟုတ်ပါလား။
ဝူတောက်ကျန့်ဟာ ဂုဏ်ယူစွာ ပြုံးလိုက်ပါတယ် “ပြောဖို့ခက်တယ်၊ မေးမနေတော့နဲ့” ပြောရင်ဆိုရင်းနဲ့ ဝူတောက်ကျန့်ဟာ ထူလင်းအာကို ဘဝမြင့်တဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ်။
ထူလင်းအာဟာ နှုတ်ခမ်းတွန့်သွားပြီး ဝူတောက်ကျန့်ကို မနာလို ဖြစ်သွားပါတယ်။ ထူလင်းအာဟာ တခြားသူတွေလို ဟန်ကျွယ်ကို ဆရာသခင်အဖြစ် အသိအမှတ် မပြုသေးပါဘူး။ ထူလင်အားအာက ဟန်ကျွယ်ရဲ့ တပည့်ဖြစ်ချင်တာ မဟုတ်ဘဲ မိန်းမဖြစ်ချင်တာပါ။ ဒါပေမဲ့ ထူလင်းအာရဲ့ လိုအင်ဆန္ဒက အခုထိ မပြည့်ဝသေးပါဘူး။
‘ဟင်း... ဆရာရဲ့အစွမ်းက ပိုပိုပြီးတော့ နက်ရှိုင်းလာတယ်၊ ငါ့မှာ သူနဲ့ စကားပြောဖို့တောင် အခွင့်အရေးမရှိပါလား၊ ငါ ဘာလုပ်သင့်လဲ’
ထူလင်းအာဟာ တော်တော်လေး စိုးရိမ်သွားပါတယ်။ ဟန်ကျွယ်လို ချောမောလှပပြီး စွမ်းအားကြီးမားတဲ့ ယောက်ျားတစ်ယောက်က အပြင်ထွက်မယ်ဆိုရင် ပြိုင်စံရှားအောင် လှပပြီး ရည်မှန်းချက် ကြီးမားတဲ့ မိန်းမတွေရဲ့ ကြိုက်နှစ်သက်ခြင်းကိုခံရမှာ ဗေဒင်မေးစရာ မလိုပါဘူး။ အဲဒီလိုနေ့ကို ရောက်လာရင် ထူလင်းအာဟာ သူတို့နဲ့ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။
နှစ်သုံးဆယ် ကြာပြီးနောက်။
ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ရင်း စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ နတ်မင်းအဆင့်ကို ရောက်တာ နှစ် ၂၀၀ ကျော်ခဲ့ပြီဆိုပေမဲ့ အခုထိ မူလဆန်းကြယ် နတ်စွမ်းအားနှစ်ပါးကို မထိုးဖောက်နိုင်သေးပါဘူး။ တကယ်တော့ ဟန်ကျွယ်ဟာ ကောင်းကင်တာအို ကုသိုလ်ကံကို မှီခိုပြီး အဆင့်တက်လို့ ရပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းကို သုံးလိုက်မယ်ဆိုရင် ဟန်ကျွယ်ဟာ ကောင်းကင်တာအို ထိန်းချုပ်တာကို ခံရမှာပါ။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ထာဝရအသက်ကို လိုချင်တဲ့သူ ဖြစ်တဲ့အတွက် ကောင်းကင်တာအို ထိန်းချုပ်တာကို မခံနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုအတွက် စိုးရိမ်တာ စိတ်မရှည်တာ ဘာတစ်ခုမှ မရှိပါဘူး။
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မြေးတပည့် ဖန်းလျန်သည် ကောင်းကင်တာအိုကို သိမြင်နားလည်ပြီး ဆန်းကြယ်စွမ်းအား အားကောင်းသွား၏။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် ကျိန်စာတိုက်ခံခဲ့ရသော်လည်း အကောင်းစား ရတနာ ရှိသောကြောင့် ဘာမှထိခိုက်ခြင်း မရှိပေ။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် လျှို့ဝှက်ဆန်းကြယ် ဆေးလုံးတစ်လုံးအား ရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၂၂၂၉
[သင့်မိတ်ဆွေ မော့ဖူချိုသည် အမှောင်ဂိုဏ်းထဲ ဝင်ရောက်သွားသောကြောင့် ကံတရား အထောက်အပံ့ ပြောင်းလဲသွား၏။]
[သင့်တာအိုလက်တွဲဖော် ရှင်းဟုန်ရွှမ်သည် ရွမ်လိန့်ဧကရာဇ်၏ အမွေအနှစ်အား ဆက်ခံရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်တပည့် လုံဟောင်သည် ဧကရာဇ်အဆင့်သို့ အတင်းအကြပ် တက်ရောက်ခဲ့သဖြင့် သူ့ဝိညာဉ်မှာ ကောင်းကင်တာအို၏ အပြစ်ပေးခြင်းကို ခံခဲ့ရသည်။ သို့သော်လည်း ကံကောင်းထောက်မစွာပင် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ ကူညီမှုကြောင့် လုံဟောင်၏ သိစိတ်သည် ကံတရားမြစ်သို့ ပျံသန်းသွားပြီး ကံတရားအား ကြည့်ရှုလေ့လာခဲ့၏။]
‘ကျိန်စာတိုက်ခံရတဲ့လူတွေ များလှချည်လား’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပါတယ်။ ဇုထူနဲ့ ရွှယ်မင်းဟယ်က တခြားသူတွေကို ကျိန်စာတိုက်နေတာ ဟန်ကျွယ် သိပါတယ်။ ဒါပေမဲ့ နောက်ထပ် လူဘယ်လောက်များများက အမှောင်သခင်ကြီးယောင်ဆောင်ပြီး တခြားသူတွေကို ကျိန်စာတိုက်နေလဲဆိုတာတော့ ဟန်ကျွယ်လည်း မသိပါဘူး။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ဒီအတိုင်းဆက်သွားရင် အင်မော်တယ်ကမ္ဘာတစ်ခုလုံး ကျိန်စာတိုက်ခံရတဲ့ဘေးကနေ လွတ်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ မော့ဖူချိုက အမှောင်ဂိုဏ်းထဲ ဝင်သွားတာကို သတိထားမိသွားပါတယ်။ ဒါပေမဲ့ ကျိုးဖန်တော့ မပါပါဘူး ‘ဘာလဲ... ဒီနှစ်ယောက်က ထပ်ကွဲသွားပြန်ပြီလား’
အဲဒီနောက် ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို သတိထားမိသွားပါတယ် ‘ငါ့မိန်းမက မဆိုးဘူး၊ ရွမ်လိန့်ဧကရာဇ်ရဲ့ အမွေအနှစ်ကို တကယ် ရသွားတာပဲ’
ဟန်ကျွယ် ဂရုအစိုက်ဆုံးကတော့ လုံဟောင်ပါ ‘ဒီကောင်စုတ်လေးက အင်မော်တယ်ဧကရာဇ် ဖြစ်လာပြီး ကံတရားကိုတောင် ချောင်းကြည့်ရဲတယ်... သူနဲ့ ဟောင်တျန်က ဘာလုပ်နေတာလဲ’
မြန်မာပြည် ငြိမ်းချမ်းပါစေ။