အမှောင်တားမြစ်နယ်မြေ၊ ပဋိပက္ခနတ်ဘီလူး
Vol. 34 Ch. 383
“ဘယ်နေရာလဲ..” ဟန်ကျွယ်က မေးလိုက်ပါတယ်။ အချိန်ဘယ်လောက်မှ မရှိသေးတဲ့အတွက် လျူပေ့က ငရဲပြည်ရဲ့ နေရာတစ်နေရာကို ရှာပြီး ပြန်လာတယ်လို့ ဟန်ကျွယ် သံသယဝင်သွားပါတယ်။
“ကျွန်တော် ငရဲပြည်ထဲမှာ လျှို့ဝှက်ဆန်းကြယ် အရံအတားနဲ့ စီရင်ထားတဲ့ တံခါးပေါက်တစ်ခုကို တွေ့ခဲ့တယ်၊ အဲဒီတံခါးနောက်မှာရှိတဲ့ နေရာက လုံးဝမှောင်မိုက်ပြီး အလင်းရောင် လုံးဝ မရှိဘူး၊ ဘာမှမမြင်နိုသလို နတ်အာရုံနဲ့လည်း အာရုံခံစားလို့မရဘူး၊ အထဲကို ရောက်သွားပြီဆိုရင် အာရုံတစ်ခုမှ သုံးစားလို့မရတော့ဘူး၊ ကျွန်တော်တို့သာ တိတ်ဆိတ်ကျွန်းကို အဲဒီနေရာဆီ ရွှေ့လိုက်ရင် ဘယ်သူမှ လာနှောင့်ယှက်မှာ မဟုတ်တော့ဘူး”
လျူပေ့ဟာ ပြောရင်းဆိုရင်း စိတ်လှုပ်ရှားလာပါတယ်။ လျူပေ့က သူရှာတွေ့ခဲ့တဲ့နေရာကို လောကကြီးထဲမှာ ပုန်းဖို့အကောင်းဆုံး နေရာလို့ ခံယူထားပုံပါပဲ။
‘လုံးဝ မှောင်မိုက်နေတာဆိုတော့ အမှောင်တားမြစ်နယ်မြေများလား...’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်ပြီး တွေးမိလိုက်ပါတယ်။ ဟန်ကျွယ်ဟာ အမှောင်တားမြစ်နယ်မြေကို တစ်ခါမှ မရောက်ဖူးပေမဲ့ စာစောင်တွေထဲမှာ မြင်ဖူးပါတယ်။
‘အမှောင်တားမြစ်နယ်မြေနဲ့ အမှောင်သခင်ကြီး... ဒါ လုံးဝ လိုက်ဖက်တယ်’
‘မဟုတ်သေးပါဘူး... ငါတောင် လုံးဝလိုက်ဖက်တယ်လို့ ခံစားရရင် တခြားသူတွေကလည်း ဒီလိုတွေးမှာပဲ’
“ဒီကိစ္စကို ထားလိုက်တော့၊ ငါနေရာပြောင်းဖို့ လိုအပ်လာရင် မင်းကို ပြောမယ်”
ဟန်ကျွယ်စကားကြောင့် လျူပေ့လည်း ခေါင်းညိတ်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်သွားပါတယ်။ လျူပေ့ထွက်သွားတဲ့အခါ ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ် ‘ငါ ပုန်းဖို့နေရာအတွက် ဒီကောင်ကို အားကိုးလို့ မရဘူး... ဒီကောင်က သူရဲဘောကြောင်လွန်းတယ်’
နောက်ဆုံးတော့ ဟန်ကျွယ်ဟာ တခြားလူတွေက သူ့ကို ဘယ်လိုမြင်လဲဆိုတာ နားလည်သွားပါပြီ။
ဟန်ကျွယ်ဟာ ကျေနပ်လောက်တဲ့ ပုန်းစရာနေရာကို ရှာမတွေ့တာကြောင့် စိတ်နည်းနည်း လေးသွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို သုံးလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ရလာမဲ့အဖြေက သူ့ကို ပိုပြီး စိုးရိမ်ပူပန်စေမှာကိုလည်း ကြောက်နေပါသေးတယ်။
‘ဘာပဲဖြစ်ဖြစ် အနာဂတ်ကို ကြိုသိတော့ တစ်ပန်းသာတာပေါ့’
“ဒီကပ်ဘေး ပြီးဆုံးသွားတဲ့အခါ ငါ ဘယ်နေရာမှာရှိနေလဲ သိချင်တယ်”
ဟန်ကျွယ်ဟာ ဒီမေးခွန်းကို မေးပြီးပြီးချင်းပဲ သူ့ကိုယ်သူ ဉာဏ်ကောင်းတယ်လို့ ခံစားလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပုန်းဖို့နေရာက အခုရှာမတွေ့နိုင်ပေမဲ့ အနာဂတ်မှာ ကျိန်းသေပေါက် ရှာတွေ့နိုင်လို့ပါပဲ။
[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘၁ ဘီလီယံတောင်... ဘာလို့ ဒီလောက်တောင် များနေရတာလဲ’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ရုတ်တရက်ဆိုသလို မကောင်းတဲ့ ခံစားချက် ရလိုက်ပါတယ်။
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ အံကြိတ်ပြီး ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ မြင်ကွင်းတစ်ခုလုံး ဝေဝါးလာတဲ့အတွက် မျက်စိ ကောက်မှိတ်လိုက်ပါတယ်။
ဟန်ကျွယ် မျက်လုံး ပြန်ဖွင့်လိုက်တဲ့အခါ ဖူစန်းသစ်ပင်အောက် ရောက်နေတာကို တွေ့လိုက်ရပါတယ်။ တိတ်ဆိတ်ဂိုဏ်းက လူတိုင်းဟာလည်း သူ့ဘေးနားမှာ စုရုံးနေကြပါတယ်။ ဟန်ကျွယ်ဟာ ဘေးဘီဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ လူတိုင်းရှိနေတာကို တွေ့လိုက်ရပါတယ်။ ရှင်းဟုန်ရွှမ်နဲ့ စုချီတောင် ပြန်ရောက်နေပါပြီ။
ဒါပေမဲ့ သူတို့ရဲ့မျက်နှာတွေ အကုန်လုံး မကောင်းကြပါဘူး။
ဟန်ကျွယ်ဟာ ဝီရိယတောင်ထက်က ကမ္ဘာဖျက်ကြာနက်ပေါ်မှာ ရပ်နေတဲ့ အနာဂတ် ဟန်ကျွယ်ကိုလည်း တွေ့လိုက်ရပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ဘေးဘီဝန်းကျင်ကို လိုက်ကြည့်တဲ့အခါ တိတ်ဆိတ်ကျွန်းပတ်လည်မှာ ကြောက်မက်ဖွယ်ကောင်းအောင် ကြီးမားလှတဲ့ အရိပ်တွေကို တွေ့လိုက်ရပါတယ်။ သူတို့တွေဟာ မရေမတွက်နိုင်အောင် များပြားလှပြီး တိတ်ဆိတ်ကျွန်းတစ်ခုလုံးကို ဝန်းရံထားကြပါတယ်။
‘ဘာတွေ ဖြစ်ကုန်တာလဲ’
“အမှောင်သခင်ကြီး... မင်း ဘယ်မှာ ပုန်းနိုင်မလဲ ကြည့်ရအောင်၊ ငါတို့တွေ မင်းရဲ့ အစီအရင်ကို မထိုးဖောက်နိုင်ရင်တောင် မင်းကို လုံးဝ ထွက်သွားခွင့်ပြုမှာ မဟုတ်ဘူး”
မောက်မာလွန်းတဲ့အသံနောက်မှာ ရယ်မောသံတွေ ဆက်တိုက် ထွက်ပေါ်လာပါတယ်။
“တကယ် ဒီနေရာပဲ၊ အမှောင်သခင်ကြီးလို့ မပြောရဘူး၊ သူက ကျို့ယိုငရဲမှာ ပုန်းနေတာပဲ”
“ဒါဆို အမှောင်သခင်ကြီး စွမ်းအားမကြီးဘူးပေါ့”
“ငါ့အထင် ဒီကျွန်းက အကောင်းစားရတနာပဲ၊ ဒါကြောင့် ငါတို့တွေ အမှောင်သခင်ကြီးကို မတွက်ချက်နိုင်တာ ဖြစ်ရမယ်”
“သူက ဘယ်သူလဲ”
“ဘယ်သူက ဂရုစိုက်မှာလဲ၊ အမှောင်သခင်ကြီးကြောင့် သက်ရှိအများကြီး သေကျေပျက်စီးထားတာ သွေးကြွေးကို သွေးနဲ့ ပြန်ဆပ်ရမှာပဲ”
ဟန်ကျွယ်ဟာ ထိတ်လန့်သွားပါတယ် ‘ကပ်ဘေးအဆုံးသတ်မှာ ငါက ကျို့ယိုငရဲမှာ ရှိနေပြီး ငါ အမှောင်သခင်ကြီးဆိုတာ ပေါ်သွားတာလား..’
ဟန်ကျွယ်ဟာ စိတ်လေးသွားပြီး အပေါ်ကို မော့ကြည့်လိုက်ပါတယ်။
ကောင်းကင်ယံက အနာဂတ်ဟန်ကျွယ်ဟာလည်း တစ်စုံတစ်ခုကို ခံစားမိတာကြောင့် အောက်ငုံ့ကြည့်လိုက်ပါတယ်။
သူတို့နှစ်ယောက် အကြည့်ချင်း ဆုံသွားတယ်ဆိုရင်ပဲ ဟန်ကျွယ်ရဲ့ သိစိတ်ဟာ တစ်စုံတစ်ခုနဲ့ ပြင်းထန်စွာ ရိုက်မိသလို အထိနာသွားပြီး အစစ်အမှန်ကို ပြန်ရောက်သွားပါတယ်။
[သတိပေးချက်: အနာဂတ်သင်နှင့် အတိတ်သင်တို့အား အချင်းချင်း မတွေ့ဆုံမိပါစေနှင့်။ ထိုသို့မဟုတ်လျှင် ကံတရားများ ဖရိုဖရဲဖြစ်ပြီး ကောင်းကင်တာအို၏ သတ်ဖြတ်ခြင်းကို ခံရလိမ့်မည်။]
ရှေ့မှာ ပေါ်လာတဲ့ စာကြောင်းကြောင့် ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘အနာဂတ် ဟန်ကျွယ်က ငါ့ကို မြင်နိုင်တာလား’
‘မဖြစ်နိုင်တာ... တာအိုပညာရှိတွေတောင် ငါ့ကို မမြင်နိုင်ဘူး၊ အနာဂတ်မှာရှိတဲ့ငါက ဘယ်လိုဖြစ်ပြီး အတိတ်မှာရှိတဲ့ငါ့ကို မြင်နိုင်ရမလဲ၊ ဒါ တိုက်ဆိုင်မှုတစ်ခုလား..’ ဟန်ကျွယ်ဟာ ခေါင်းရှုပ်သွားပါတယ်။
ဒီထက်ပိုပြီး အရေးကြီးတာကတော့ အမှောင်သခင်ကြီးရဲ့ သရုပ်မှန် ပေါ်သွားတာပါ။
‘မဖြစ်ဘူး... ငါ အကြောင်းရင်းကို ရှာရမယ်”
“ငါ အမှောင်သခင်ကြီးဆိုတာ လူတွေ ဘယ်လိုလုပ်ပြီး သိကုန်တာလဲ”
[သက်တမ်း ၂ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ရဲ့ မျက်လုံးတွေက ပြတ်သားလှပါတယ်။
အဲဒီနောက် ဟန်ကျွယ်ဟာ ပုံရိပ်ယောင် မြင်ကွင်းထဲ ရောက်မသွားတော့ဘဲ သူ့ရှေ့မှာသာ စာကြောင်းတွေ ပေါ်လာပါတယ်။
[ကျောက်စိမ်းဧကရာဇ် ကျိုးရန်: ကျင့်ကြံမှုမသိ။ ပဋိပက္ခ နတ်ဘီလူး။ အနန္တဧကရာဇ်၊ ကောင်းကင်ဧကရာဇ်ဟောင်း။ အနန္တကပ်ဘေးတွင် ကျဆုံးပြီးနောက် ကံကြမ္မာမြစ်၌ ပုန်းအောင်းကာ ကံကြမ္မာ မဟာတာအိုအား သုံးသပ်၏။ သူသည် ကံတရားနှင့် ကံကြမ္မာအား ထိုးဖောက်မြင်နိုင်၏။ အမှောင်သခင်ကြီး၏ တည်ရှိမှုကို သိရှိပြီးနောက် အမှောင်သခင်ကြီးကို ရှာဖွေရန်အတွက် ကောင်းကင်အား စူးစမ်းလေ့လာနေခဲ့၏။]
တစ်ချိန်တည်းမှာပဲ ရုပ်ပုံတစ်ခုလည်း ပေါ်လာပါတယ်။ ဒီပုဂ္ဂိုလ်ဟာ အလွန်တရာမှ တည်ကြည်လေးနက်ပြီး မျက်လုံးသုံးလုံးရှိပါတယ်။ သူ့အကြည့်ကလည်း ဓားသွားလို စူးရှလှပါတယ်။
‘ဧကရာဇ်ကျိုးရန်... ဒီကောင်က ဘယ်သူလဲ’
ဟန်ကျွယ်ဟာ ဒီနာမည်ကို တစ်ခါမှ မကြာဖူးပါဘူး။ နောက်ပြီး ဧကရာဇ်ကျိုးရန်ရဲ့ အချက်အလက်ထဲက ပဋိပက္ခ နတ်ဘီလူးဆိုတာကလည်း ဟန်ကျွယ်ကို တော်တော်လေး ဆွဲဆောင်သွားပါတယ်။
ဒဏ္ဍာရီအရ ပဋိပက္ခခေတ်မှာ ကောင်းကင်တာအို မရှိသေးသေးဘဲ စွမ်းအားကြီးမားလှတဲ့ ပဋိပက္ခနတ်ဘီလူး သုံးထောင်သာ ရှိပါတယ်။ ကောင်းကင်တာအိုကို ဖန်တီးခဲ့တဲ့ ပန်ကူးနတ်ဘုရားဟာလည်း ပဋိပက္ခနတ်ဘီလူး သုံးထောင်ထဲက တစ်ပါးအပါအဝင် ဖြစ်ပါတယ်။ ပန်ကူးဟာ တခြား ပဋိပက္ခနတ်ဘီလူးတွေကို သတ်ဖြတ်ပြီး ကောင်းကင်တာအိုအဖြစ် အသွင် ပြောင်းလဲခဲ့တာပါ။ ဒါကြောင့် ပန်ကူးဟာ ထာဝရအသက်ရှည်ပြီး မပျက်စီးနိုင်ဘူးလို့ ဆိုရမှာပါ။
ကောင်းကင်တာအို ပေါ်လာပြီးနောက် ကျန်ရှိနေသေးတဲ့ ပဋိပက္ခ နတ်ဘီလူးတွေဟာ ကောင်းကင်တာအိုထဲ ဝင်လာလို့မရတော့ပါဘူး။ ဒါကြောင့် ဧကရာဇ်ကျိုးရန်က ကောင်းကင်တာအိုထဲ ဘယ်လိုဝင်လာလဲဆိုတာ စဉ်းစားစရာပါ။
ဒါ့အပြင် ကျိုးရန်က ကောင်းကင်ဧကရာဇ်လည်း ဖြစ်ခဲ့ပါသေးတယ်။ ဒီလိုတည်ရှိမှုရဲ့ ပစ်မှတ်ထားခြင်းကို ခံရတာကြောင့် ဟန်ကျွယ်ဟာ ဒူးမခိုင်တော့သလို ခံစားလိုက်ရပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတာက ကျိုးရန်ဟာ ကံတရားနဲ့ ကံကြမ္မာကို အမြဲတမ်း လေ့လာသုံးသပ်နေတာပါ။
‘သူက အနာဂတ် ဟန်ကျွယ်ကို တွက်ချက်မိသွားတာလား..’
ဟန်ကျွယ်ဟာ တွေးလေလေ စိတ်လေးလေလေ ဖြစ်လာပါတယ် ‘မဖြစ်ဘူး... ငါ ဒီကောင်ကို သတ်ဖို့ နည်းလလမ်းရှာရမယ်’ ဟန်ကျွယ်ဟာ အနာဂတ်မှာ မရေမတွက်နိုင်တဲ့ ထိပ်သီးကျင့်ကြံသူတွေ ဝိုင်းတိုက်တာကို မခံချင်ပါဘူး။
‘နေပါအုန်း.. ဒီကောင်က တာအိုပညာရှိများလား..’ ဟန်ကျွယ်ဟာ မျက်မှောင် ပိုကြုတ်သွားပါတယ်။
“ငါ သိတဲ့လူတွေထဲမှာ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ရဲ့ နောက်လိုက်တွေရှိလား၊ ရှိရင် သူတို့ကို ငါ သိချင်တယ်” ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၁ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ်စိတ်ထဲမှာ ပုံရိပ်တွေ တစ်ခုပြီးတစ်ခု ပေါ်လာပါတယ်။
လွမ်ဟွေ အင်မော်တယ်ဧကရာဇ်၊ ကောင်းကင်နတ်ဘုရား စစ်သူကြီး၊ ဟောင်တျန်၊ ဗိုလ်ချုပ်ချန်ဖောင်၊ ငရဲမင်း၊ ရှန်နန်းတော်သခင်...။
‘များလှချည်လား..’ ဟန်ကျွယ်ဟာ ဒူးမခိုင်ချင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဧကရာဇ်ကျိုးရန်ရဲ့ နောက်လိုက်တွေက ကောင်းကင်ရုံးတော်၊ ရှန်နန်းတော်နဲ့ ငရဲပြည်မှာတောင် ရှိနေကြလို့ပါပဲ။
ဒီအထဲက ဟန်ကျွယ်ရဲ့ မိတ်ဆွေအများဆုံးရှိတဲ့ ကောင်းကင်ရုံးတော်မှာ ဆယ့်နှစ်ယောက်က ကျောက်စိမ်းဧကရာဇ် ကျိုးရန်ရဲ့ နောက်လိုက်တွေပါ။ ဒီထက်ပိုပြီး အရေးကြီးတာက လွမ်ဟွေ အင်မော်တယ်ဧကရာဇ်၊ ငရဲမင်းနဲ့ ရှန်နန်းတော်သခင်တို့ အတူရှိနေတာပါ။
‘ဒီကောင်တွေက ဘယ်လိုလုပ်ပြီး အတူတူ ရှိနေတာလဲ..’
ရှန်နန်းတော်သခင်နေရာကို ဇုထူ ဆက်ခံပြီး သေဆုံးတဲ့အချိန်အထိ အရင်ရှန်နန်းတော်သခင်ဟောင်းက လုံးဝ ပြန်ပေါ်မလာခဲ့ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ရှန်နန်းတော်သခင်ဟောင်းနဲ့ မဟာအန္တိမခန်းမမှာ တွေ့ဆုံဖူးတာကြောင့် အခုထိ မမေ့နိုင်သေးပါဘူး။
‘ဇုထူက ကျို့ယိုငရဲမှာရှိတဲ့ အငြိုးကြီး စိတ်ဝိညာဉ်တွေကို လွှတ်လိုက်တာ ငါ့ကို မြှားခေါ်ချင်လို့များလား..’
ဟန်ကျွယ်ဟာ ခေါင်းကိုက်သွားပြီး ကောင်းကင်တာအိုက အရမ်းအန္တရာယ်များတယ်လို့ ခံစားလိုက်ရပါတယ်။ ဒီမတိုင်ခင်မှာ ဟန်ကျွယ်ဟာ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို သိဖို့နေနေသာသာ နာမည်ကိုတောင် မကြားဖူးပါဘူး။ နောက်ပြီး ကျောက်စိမ်းဧကရာဇ် ကျိုးရန်ရဲ့ အဆက်အသွယ်က ဒီလောက်ထိ ကြီးမားလိမ့်မယ်လို့ လုံးဝမျှော်လင့်မထားခဲ့ပါဘူး။
‘ဒါက တကယ့်ဘော့စ်ပဲ၊ သူက ကောင်းကင်ဧကရာဇ် နတ်ဆိုးဧကရာဇ် ကောင်းကင်တာအိုဗုဒ္ဓနဲ့ ဇုထူတို့ထက် ပိုကြောက်ဖို့ကောင်းတယ်၊ ကြည့်ရတာ ဇုထူက သေသွားတာတောင် ရှန်နန်းတော်သခင်ဟောင်းက တခြားစွမ်းအားကြီးပုဂ္ဂိုလ်ရဲ့ နယ်ရုပ်မှန်း သိသွားပုံ မပေါ်ဘူး’
ဟန်ကျွယ်ဟာ တုံ့ဆိုင်းသွားပါတယ် ‘ဒီလောက်ကြီးတဲ့ အင်အားစုက ငါ ဘယ်လိုရင်ဆိုင်ရပါ့မလဲ’
အကောင်းဆုံးနည်းလမ်းကတော့ ကျိန်စာတိုက်တာ ရပ်ပြီး ကပ်ဘေးကို တိတ်ဆိတ်စွာ ရှောင်ရှားဖို့ပါ။ ဒီလိုဆိုရင် ကျောက်စိမ်းဧကရာဇ် ကျိုးရန်ရဲ့ အာရုံစိုက်တာကို ခံရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုဆိုရင် ကောင်းကင်ဧကရာဇ် ဒုက္ခရောက်မှာ ၉၉.၉၉ ရာခိုင်နှုန်း သေချာနေပါပြီ။
ဒါ့အပြင် ရှင်းဟုန်ရွှမ်၊ ရွှမ်ချင်းကျွင်း၊ စုချီ၊ ဖန်းလျန်နဲ့ တခြားသူတွေ ဒုက္ခရောက်ရင်လည်း ဟန်ကျွယ် ကူညီနိုင်မှာ မဟုတ်တော့ပါဘူး။
‘နည်းလမ်းတစ်ခုခုတော့ ရှိမှာပဲ’ ဟန်ကျွယ်ဟာ ခေါင်းခြောက်အောင် စဉ်းစားလိုက်ပါတယ် ‘ဟုတ်ပြီ... ကြမ္မာဆိုးစာအုပ်ကို အဆင့်မြှင့်ရမယ်၊ ကြမ္မာဆိုးစာအုပ်သာ စွမ်းအားကြီးလာပြီး အဆင့်တစ်ခုကို ရောက်သွားရင် ကျောက်စိမ်းဧကရာဇ် တွက်ချက်နိုင်မှာ မဟုတ်တော့ဘူး’
ဒါပေမဲ့ ကံဆိုးစွာပဲ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံးတွေက ရဖို့ မလွယ်လှပါဘူး။ ဟန်ကျွယ်ဟာ မေးစေ့ကို ပွတ်လိုက်ပြီး ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို ရင်ဆိုင်ဖို့ ဒီထက်ကောင်းတဲ့ နည်းလမ်းတစ်ခု စဉ်းစားပြန်ပါတယ်။
ဟန်ကျွယ်ဟာ တော်တော်လေး ကြီးမားတဲ့ ဖိအားကို ခံစားနေရပါတယ်။ ဒီဖိအားက တာအိုပညာရှိကို ရင်ဆိုင်ရတာထက် ပိုကြီးမားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်စိမ်းဧကရာဇ် ကျိုးရန်က လျှို့ဝှက်ဆန်းကြယ်လွန်းပြီး အလွန်ကြီးမားတဲ့ အဆက်အသွယ်တွေ ရှိနေလို့ပါပဲ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။