← Chapters

အခွင့်အရေးနဲ့ အန္တရာယ်

Vol. 35 Ch. 396

အခွင့်အရေးနဲ့ အန္တရာယ်

Vol. 35 Ch. 396

‘ဖန်းလျန်က ကောင်းကင်ဧကရာဇ်လောင်း... ဘာတွေဖြစ်ကုန်တာလဲ၊ ရှန်စစ်သူကြီးက နောက်တက်မဲ့ ကောင်းကင်ဧကရာဇ် မဟုတ်ဘူးလား’

ဟန်ကျွယ်ဟာ အံအားသင့်သွားပါတယ်။ ဒီကိစ္စက ဟန်ကျွယ် မျှော်လင့်ထားတာထက် အများကြီး ပိုနေပါတယ်။

တကယ်လို့ ဖန်းလျန်သာ ကောင်းကင်ဧကရာဇ် ဖြစ်လာမယ်ဆိုရင် တိတ်ဆိတ်ဂိုဏ်းနဲ့ ကောင်းကင်ရုံးတော်ရဲ့ ဆက်နွှယ်မှုကို ဖြတ်တောက်ဖို့က အတော်ခက်သွားပါပြီ။

‘ကောင်းကင်ဧကရာဇ်က ငါနဲ့ ဘာလို့ ဒီလောက်တောင် ဆက်နွှယ်ချင်နေရတာလဲ’

ကောင်းကင်ဧကရာဇ်က ပြောလိုက်ပါတယ် “ကောင်းကင်ရုံးတော်က ကောင်းကင်ဧကရာဇ်အသစ် လိုအပ်နေပြီ၊ ဒီဧကရာဇ်အသစ်က တခြားအင်အားစုတွေ လုံးဝမကြောက်တဲ့ ဧကရာဇ်ဖြစ်ရမယ်၊ ဒါမှ ကောင်းကင်ရုံးတော်မှာ ပြဿနာတွေ နည်းပါးသွားလိမ့်မယ်၊ မဟုတ်ရင် တခြားအင်အားစုတွေက ဆက်ပြီးတော့ ပြဿနာရှာနေကြအုန်းမှာပဲ၊ ဒါကြောင့် ငါ ကန့်လန်ကာ နောက်ကွယ်ကနေပဲ ကောင်းကင်ရုံးတော်ကို ထောက်ပံ့ဖို့ ဆုံးဖြတ်လိုက်တာ”

ဟန်ကျွယ်ဟာ နားမလည်တဲ့အချက်တစ်ချက်ကို မေးလိုက်ပါတယ် “အရှင်မင်းကြီးက ကောင်းကင်ဧကရာဇ်နေရာကို ပေးလိုက်တာနဲ့ ရန်သူတွေက သတိလျော့သွားကြပါ့မလား”

“ငါ အယောင်ဆောင်သေမယ်”

“ဘယ်သူက အရှင်မင်းကြီးကို သတ်မှာလဲ” ဟန်ကျွယ်ဟာ ခံစားချက်မကောင်း ဖြစ်သွားပါတယ်။

“အမှောင်သခင်ကြီး”

ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်ကို အသံထွက်ဆဲလုနီး ဖြစ်သွားပါတယ် ‘ဘာဖြစ်လို့ ငါ ဖြစ်ရပြန်ပြီလဲ၊ အပြစ်အကုန်လုံးက ဘာဖြစ်လို့ ငါ့ဆီပဲ ရောက်လာရတာလဲ’

ဟန်ကျွယ်ဟာ ဒေါသကို ဖိနှိပ်ပြီး မေးလိုက်ပါတယ် “ဒီလိုလုပ်ရင် အမှောင်သခင်ကြီးကို နာမည်ကျော်အောင် လုပ်ပေးလိုက်သလို ဖြစ်မသွားဘူလား၊ သူ့လက်ထဲမှာ သေခဲ့တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက မနည်းတော့ဘူး”

“ဟုတ်တယ်၊ ငါ အမှောင်သခင်ကြီးကို နာမည်ကျော်အောင် လုပ်ပေးချင်လို့” ကောင်းကင်ဧကရာဇ်ရဲ့အသံဟာ ဂုဏ်ယူမှုအပြည့်ပါပဲ။

ဟန်ကျွယ်ဟာ ဆွံအသွားပါတယ်။ ဟန်ကျွယ်ဟာ အမှောင်သခင်ကြီးအတွက် မပြောပေးရဲပါဘူး။ မတော်လို့ သူက အမှောင်သခင်ကြီးဆိုတာ ပေါ်သွားရင် ခက်မယ် မဟုတ်ပါလား။ ဒါကြောင့် ဟန်ကျွယ်မှာ ခေါင်းညိတ် သဘောတူရုံမှတစ်ပါး တခြားရွေးချယ်စရာ မရှိပါဘူး။

ကောင်းကင်ဧကရာဇ်က ဆက်ပြောပါတယ် “ငါ သေသွားတဲ့ သတင်းကြားရင် မင်း စိုးရိမ်ပူပန်နေမှာစိုးလို့ ကြိုပြောထားတာ”

“ကျွန်တော် နားလည်ပါတယ်၊ အရှင်မင်းကြီးလည်း ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ”

“အင်း”

အဲဒီနောက် ဟန်ကျွယ်နဲ့ ကောင်းကင်ဧကရာဇ်ဟာ နတ်အာရုံချင်း ဖြတ်တောက်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ ကောင်းကင်တာအိုတိုကင်ကို အောက်ချလိုက်ပြီး အတော်စိုးရိမ်ပူပန်သွားပါတယ်။ ဟန်ကျွယ်ဟာ ကပ်ဘေးထဲ မဝင်ချင်ပေမဲ့ သူ့အသက်ကို ခြိမ်းခြောက်လာရင်တော့ ဘယ်သူ့ကိုမှ ခွင့်လွှတ်မှာ မဟုတ်ပါဘူး။

ကျောက်စိမ်းဧကရာဇ် ကျိုးရန်က သက်ရှိအကုန်လုံးကို သတ်ဖြတ်ချင်တဲ့လူ ဖြစ်တဲ့အတွက် ဟန်ကျွယ်အသက်ကို ခြိမ်းခြောက်လာတဲ့လူပါ။

ဟန်ကျွယ်ဟာ အမှောင်တားမြစ်နယ်မြေမှာ ပုန်းအောင်းနေပေမဲ့ ဟန်ကျွယ်ရဲတပည့်တွေ တာအိုလက်တွဲဖော်တွေက အင်မော်တယ်ကမ္ဘာမှာပဲ ရှိနေပါသေးတယ်။ ဒါ့အပြင် အနန္တကမ္ဘာ မရှိတော့ရင် ကျောက်စိမ်းဧကရာဇ် ကျိုးရန်က အမှောင်တားမြစ်နယ်မြေကို ပစ်မှတ်မထားပါဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။

သက်ရှိအကုန်လုံးကို သတ်ဖြတ်လိုက်ရင် ကျောက်စိမ်းဧကရာဇ် ကျိုးရန်ရဲ့ ကျင့်ကြံမှုအဆင့်က ကျိန်းသေပေါက် တိုးတက်သွားမှာပါ။ ကောင်းကင်တာအိုတစ်ခုလုံးရဲ့ ကံတရားအထောက်အပံ့က ကျောက်စိမ်းဧကရာဇ်ကျိုးရန်ဆီမှာ စုစည်းသွားရင် ဘယ်လောက်ထိ အစွမ်းထက်လာမလဲဆိုတာ ခန့်မှန်းဖို့ ခက်ပါတယ်။

‘မဖြစ်ဘူး... ငါ ဒီ ကျောက်စိမ်းဧကရာဇ်ကို သတ်ပစ်ရမယ်’ ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ ပြတ်သားသွားပါတယ်။ ဒါပေမဲ့ ဒီမတိုင်ခင် ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ် ကျင့်ကြံသူ ဖြစ်လာဖို့ လိုအပ်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။

နက်မှောင်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ စကြဝဠာတစ်ခုမှာ ကြီးမားတဲ့ နေတစ်စင်း တောက်လောင်နေပါတယ်။ နေမျက်နှာပြင်ပေါ်မှာ အလွန့်အလွန် သေးငယ်တဲ့ လူတစ်ယောက် ရှိနေပါတယ်။ ဒီလူဟာ ချိန်းကြိုးအထပ်ထပ်နဲ့ နှောင်ဖွဲ့ခံရပြီး ထွက်ပြေးနိုင်ခြင်း မရှိပါဘူး။

ဒီလူကတော့ တခြားသူ မဟုတ်ပါဘူး။ ကျိုးဖန်ပါ။ ကျိုးဖန်ဟာ မိမွေးဖမွေးတိုင်း ဖြစ်နေပြီး ကြွက်သားတွေ ဖောင်းထနေပါတယ်။ ဒါပေမဲ့ စာဖွဲ့လို့မရတဲ့ နှိပ်စက်မှုကို ခံစားနေရတာကြောင့် မျက်နှာတစ်ခုလုံး သွေးမရှိတော့ပါဘူး။

ဒီအချိန်မှာပဲ သိလန်တျန်ရဲ့ အသံ ထွက်ပေါ်လာပါတယ် “မင်း တွေးပြီးပြီလား”

ကျိုးဖန်ဟာ အော်ဟစ်လိုက်ပါတယ် “သွားစမ်းပါ၊ ကျုပ် လက်မခံဘူး”

သိလန်တျန်ဟာ လှောင်ပြုံး ပြုံးလိုက်ပါတယ် “မင်းကို သတ်ဖို့က လွယ်တယ်၊ ငါ့အကြည့်တစ်ချက်နဲ့ မင်းကို သတ်လို့ရတယ်၊ ဒါပေမဲ့ မင်း အသည်းအသန် ကြိုးစားပြီး ရလာခဲ့တဲ့ အရာအားလုံးကို ဒီအတိုင်း ထားခဲ့နိုင်လို့လား”

ကျိုးဖန်ရဲ့ မျက်လုံးတွေဟာ နီရဲသွားပါတယ် “ခင်ဗျား ဘာသိလို့လဲ၊ ကျုပ်က ဂုဏ်သိက္ခာအတွက် တိုက်ခိုက်နေတာ”

သိလန်တျန်ဟာ တိတ်ဆိတ်သွားပါတယ်။

ဒီအချိန်မှာပဲ နေမင်းပေါ်က နေမီးလျှံစစ်ဟာ သိပ်သည်းလာပြီး ကျိုးဖန်ကို လောင်ကျွမ်းတဲ့အတွက် ကျိုးဖန်ရဲ့ ငယ်သံပါအောင် အော်ဟစ်သံဟာ ဆူညံစွာ ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ ကျိုးဖန်ရဲ့ မျက်လုံးထဲမှာ တစ်စက်ကလေးတောင် ကြောက်ရွံ့ခြင်းမရှိဘဲ အတောမသတ်နိုင်တဲ့ ဒေါသတွေပဲ ရှိနေပါတယ်။

အကြောင်းရင်း တချို့ကြောင့် ကျိုးဖန်ဟာ ဟန်ကျွယ်ကို တွေးမိသွားပါတယ် ‘ငါ့ နေရာမှာ သူသာဆိုရင် အညံခံမှာလား၊ သူက ဆုံးဖြတ်ချက် ပြတ်သားတဲ့လူဆိုတော့ ရန်သူကို အညံခံမှာ မဟုတ်ဘူး’

ကျိုးဖန်ရဲ့ အတွေးက မှန်ပါတယ်။ ဟန်ကျွယ်ဟာ ဘယ်တော့မှ ရန်သူကို အညံမခံပါဘူး။ ထွက်ပဲ ပြေးမှာပါ။

အတိတ်မှာတုန်းက ကျိုးဖန်ဟာ ဟန်ကျွယ်ကို င‌ကြောက်လို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ အင်မော်တယ်တွေ သေမျိုးကမ္ဘာကို ရှင်းလင်းဖို့ ဆင်းလာတဲ့အချိန်မှာ ဟန်ကျွယ်ဟာ ရှေ့ကနေ မားမားမတ်မတ်ရပ်ပြီး သေမျိုးကမ္ဘာကို ကာကွယ်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကျိုးဖန်ဟာ တစ်စုံတစ်ခုကို နားလည်သွားခဲ့ပါတယ်။

အဲဒါက ဟန်ကျွယ်ဟာ ရန်သူတွေကို ကြောက်ရွံ့တာ မဟုတ်ဘဲ ကိုယ်ပိုင် ယုံကြည်ချက်အတိုင်း ကိုယ့်လမ်း ကိုယ်လျှောက်နေတာကိုပေါ့။

‘ငါ အညံခံလို့မဖြစ်ဘူး၊ ငါ သူ့ထက်သာအောင် ကြိုးစားရအုန်းမှာ’

ကျိုးဖန်ဟာ စဉ်းစားရင်း အံကြိတ်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ထူးဆန်းတဲ့ သင်္ကေတတွေဟာ ကျိုးဖန်ရဲ့ ခန္ဓာကိုယ်မှာ ပေါ်လာပြီး နေမီးလျှံစစ်ကို စတင် စုပ်ယူပါတော့တယ်။

ဒီလိုနဲ့ နှစ် ၄၀ ကုန်ဆုံးသွားပါတယ်။

ဟန်ကျွယ်ဟာ မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါးကို ရောက်ရှိဖို့အတွက် တစ်ချိန်လုံး ဂူအောင်း ကျင့်ကြံပါတယ်။

ဒါပေမဲ့ ဒီနေ့မှာတော့...

“အမှောင်သခင်ကြီး... မင်းက ကောင်းကင်ရုံးတော်ကို ကျိန်စာတိုက်ပြီး ငါ့ကို ဒုက္ခပေးခဲ့တယ်၊ ငါကလည်း ကောင်းကင်ဧကရာဇ်ရဲ့ ကံတရား အထောက်အပံ့နဲ့ မင်းကို ကျိန်စာတိုက်မယ်၊ သေရမယ်ဆိုရင် ငါ လုံးဝ တုံ့ဆိုင်းမှာ မဟုတ်ဘူး”

ကောင်းကင်ဧကရာဇ်ရဲ့ ဒေါသတွေ ပြည့်နှက်နေတဲ့ အသံဟာ အနန္တကမ္ဘာ ပဲ့တင်ထပ်သွားပါတယ်။

ဟန်ကျွယ်ဟာ သက်ပြင်းချရုံကလွဲပြီ ဘာမှ မတက်နိုင်ပါဘူး။

‘တော်တော် သရုပ်ဆောင်ကောင်းတာပဲ၊ အော်စကာဆု ပေးရမယ်’

အဲဒီနောက် ဟန်ကျွယ်ဟာ စာတစ်စောင်ကို လက်ခံရရှိလိုက်ပါတယ်။

[သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်သည် သေဆုံးသွား၏။ သို့သော် ကံကောင်းထောက်မစွာ ဝိညာဉ်အပိုင်းအစ တစ်စသည် အကောင်းစား ရတနာထဲ၌ ကျန်ရှိနေခဲ့၏။]

‘ဆရာကြီးက ဆရားကြီးပဲ၊ လူတိုင်းကို လိမ်ညာနိုင်ပါပေတယ်’

ဟန်ကျွယ်ဟာ အနန္တကမ္ဘာမှာ ရွှေရောင်မိုး ရွာသွန်းလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ ဒီလိုမှလည်း ရန်သူတွေကို လှည့်စားနိုင်မှာ မဟုတ်ပါလား။

မကြာခင်မှာပဲ ဟန်ကျွယ်ဆီ နောက်ထပ် စာတစ်စောင် ထပ်ရောက်လာပါတယ်။

[သင့်မြေးတပည့် ဖန်းလျန်သည် ကောင်းကင်ရုံးတော်၏ ကောင်းကင်ဧကရာဇ် ဖြစ်လာသောကြောင့် ကောင်းကင်ဧကရာဇ် ကံတရား အထောက်အပံ့နှင့် ကောင်းကင်တာအို ကုသိုလ်ကံအား ရရှိသွား၏။]

ဟန်ကျွယ်ဟာ ဒီစာကိုဖတ်ပြီး ခံစားချက်မျိုးစုံ ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ ဖန်းလျန်က ကောင်းကင်ဧကရာဇ် ဖြစ်လာလိမ့်မယ်လို့ တွေးတောင် မတွေးခဲ့ဖူးပါဘူး။ ရှန်စစ်သူကြီးမဟုတ်ရင် ဟောင်တျန်ကပဲ ကောင်းကင်ဧကရာဇ် ဖြစ်လာလိမ့်မယ်လို့ တွက်ဆထားခဲ့တာပါ။

ဒီလိုဖြစ်ရတာက ရှန်စစ်သူကြီး ဒဏ်ရာရထားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဟန်ကျွယ်ဟာ အများကြီး မတွေးပါဘူး။ လူမှုဆက်ဆံရေးထဲမှာ ကောင်းကင်ဧကရာဇ်ရဲ့ ရုပ်ပုံ ရှိနေသေးတာကို အတည်ပြုပြီးတာနဲ့ ဆက်ကျင့်ကြံပါတယ်။

တစ်ချိန်တည်းမှာပဲ တိတ်ဆိတ်ဂိုဏ်းသားတွေဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးကြပါတယ်။ ကောင်းကင်ဧကရာဇ် သေဆုံးတာက နဂိုကတည်းကမှ ကိစ္စကြီးပါ။ ဒါကို အမှောင်သခင်ကြီးပါ ထပ်ပေါင်းလိုက်တော့ ကိစ္စကြီးဆိုတာထက်ကို လွန်သွားပါပြီ။

“အမှောင်သခင်ကြီးက တော်တော် စွမ်းအားကြီးတာပဲ၊ သူက အင်မော်တယ်ကမ္ဘာ တစ်ခုလုံးကို တစ်ယောက်တည်း စိန်ခေါ်နေတာလား” ငရဲကြက်နက်က အော်ပြောလိုက်ပါတယ်။

မုရုံချီဟာ သက်ပြင်းချလိုက်ပါတယ် “ကောင်းကင်ဧကရာဇ်လို စွမ်းအားကြီးမားတဲ့သူကို သေအောင် ဒုက္ခပေးနိုင်တယ်ဆိုတော့ ဒီအမှောင်သခင်ကြီးကို မရိုးရှင်းဘူးပဲ”

“သရုပ်ဆောင်နေတာရော မဖြစ်နိုင်ဘူးလား၊ အန္တရာယ်ကို ရှောင်ရှားဖို့လေ” လီယောင်က မေးလိုက်ပါတယ်။

ချူရှီရန်က ဖြေလိုက်ပါတယ် “ဖြစ်နိုင်ချေ သိပ်မရှိဘူး၊ ကောင်းကင်ဧကရာဇ်သာ ဒီလို သရုပ်ဆောင်မယ်ဆိုရင် ကောင်းကင်ရုံးတော်ရဲ့ ကံတရား အထောက်အပံ့ကလည်း လျော့ကျသွားလိမ့်မယ်”

တခြားသူတွေကလည်း အချင်းချင်း ဆွေးနွေးကြပြီး အတွေးမျိုးစုံ အမြင်မျိုးစုံ ရှိနေကြပါတယ်။

ဟန်ကျွယ်ဟာ ကျင့်ကြံမှုထဲ စိတ်နှစ်ထားတာမို့ အင်မော်တယ်ကမ္ဘာကို ဂရုမစိုက်တော့ပါဘူး။ ဖန်းလျန်ဆီကိုတောင် အိပ်မက်ထဲကနေ သွားမလည်ပါဘူး။

ဖန်းလျန် ပြန်မလာချင်တာက ဖန်းလျန်ရဲ့ စိတ်ဆန္ဒကို ဖော်ပြနေပြီ မဟုတ်ပါလား။ မတော်လို့ ဖန်းလျန်သာ အပြင်မှာ သေသွားရင် ဟန်ကျွယ်ဟာ ဂရုစိုက်မှာ မဟုတ်ပါဘူး။

ဟန်ကျွယ်ဘက်က ဖန်းလျန်ကို ဘာအကြွေးမှ တင်မထားပါဘူး။ အဲဒီအစား ဖန်းလျန်ကသာ ဟန်ကျွယ်ကို အသက်ကြွေး တင်နေတာပါ။ ဟန်ကျွယ် အကယ်တင်ရဆုံးက ဖန်းလျန်ပဲ မဟုတ်ပါလား။

ဟန်ကျွယ်ကြောင့်သာ မဟုတ်ရင် ဖန်းလျန်သေတာ ဘယ်နှကြိမ်မှန်း ရေတွက်လို့တောင် ရမှာ မဟုတ်ပါဘူး။

၁၇ နှစ်ကြာပြီးနောက်...

ကျင့်ကြံအားထုတ်နေတဲ့ ဟန်ကျွယ်ဟာ ရုတ်တရက် နိုးလာပါတယ်။ တစ်စုံတစ်ယောက် ပဋိပက္ခနယ်မြေကနေ ဟန်ကျွယ်ကို ဆင့်‌ခေါ်နေပါတယ်။

ဟန်ကျွယ်ဟာ တစ်ခဏတွေးတောလိုက်ပြီး တာအိုအရှင်သခင်နဲ့ သွားတွေ့ဖို့ ဆုံးဖြတ်လိုက်ပါတယ် ‘မတွေ့ရတာ ကြာပြီဆိုတော့ သူက ငါ့ကို နောက်ထပ် အခွင့်အရေး ပေးအုန်းမှာလား’

မှောင်မည်းတဲ့ ပဋိပက္ခနယ်မြေကို ရောက်သွားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ တာအိုအရှင်သခင်ကို တွေ့လိုက်ရပါတယ်။ ဒါ့အပြင် တာအိုအရှင်သခင်ရဲ့ဘေးမှာလည်း နောက်ထပ် လူတစ်ယောက် ရပ်နေတာကို သတိထားမိလိုက်ပါတယ်။

‘အင်း... လူသစ်လား’

တာအိုအရှင်သခင်က ပြောလိုက်ပါတယ် “ဒါက ပဋိပက္ခရုပ်ခန္ဓာ နိုးထလာတဲ့ တာအိုရောင်းရင်းပဲ၊ သူက လူသားမျိုးနွယ်စုက”

ဟန်ကျွယ်ဟာ တာအိုအရှင်သခင်‌ဘေးက လူကို သေချာကြည့်လိုက်ပေမဲ့ ယောက်ျားလား မိန်းမလား ခွဲခြားမရတဲ့အပြင် ဘယ်ပုံရှိတယ်ဆိုတာတောင် သေချာမမြင်နိုင်ပါဘူး။

ဟန်ကျွယ်ဟာ မဆိုစလောက် ခေါင်းညိတ်လိုက်ပြီး ဘာမှမပြောပါဘူး။

လူသားပါရမီရှင်ကလည်း စကားအပြောဆိုနည်းတယ် ထင်ပါတယ်။ ဟန်ကျွယ်လိုပဲ စကားတစ်လုံးမှ မပြောပါဘူး။

“ဒီတစ်ကြိမ်...” တာအိုအရှင်သခင်က စကားစလိုက်ပါတယ်။

ဟန်ကျွယ်က ဖြတ်မေးလိုက်ပါတယ် “နောက်ထပ် အခွင့်အရေးလား”

တာအိုအရှင်သခင်ဟာ ရှက်ကိုးရှက်ကန်း ဖြစ်သွားပါတယ်။

ဟန်ကျွယ်ဟာ မျက်ခုံးလှုပ်သွားပါတယ် ‘တကယ်ကြီးလားဟ..’ ဟန်ကျွယ်ဟာ ချက်ချင်းပဲ ပဋိပက္ခနယ်မြေကနေ ထွက်ခွာသွားပါတယ်။

တာအိုအရှင်သခင်လည်း ဟန်ကျွယ် ထွက်သွားတာကို ကြည့်ပြီး တိတ်ဆိတ်သွားပါတယ်။

လူသားပါရမီရှင်က မနေနိုင်ဘဲ ပြောလိုက်ပါတယ် “သူက စီနီယာကို မျက်နှာသာ မပေးဘူးနော်၊ သူက ဘယ်သူလဲ၊ ဘဝမြင့်လိုက်တာ”

တာအိုအရှင်သခင်ဟာ ချောင်းဟန့်ပြီး ပြောလိုက်ပါတယ် “ငါ သူ့ကို အရင်က နှစ်ခါ လာရှာဖူးတယ်၊ နှစ်ကြိမ်လုံး အငြင်းခံရတာချည်းပဲ၊ ဒါပေမဲ့ နောက်ဆုံးကျတော့ ငါ လွတ်မြောက်ဖို့ သူ့ဆီက အကူအညီ တောင်းရတာ၊ အဲဒါကြောင့် ငါပြောတဲ့ အခွင့်အရေးတွေက အန္တရာယ်တွေပဲလို့ သူက ယူဆထားတယ်”

လူသားပါရမီရှင်ဟာ အတန်ကြာအောင် တိတ်ဆိတ်သွားပြီးမှ ပြောလိုက်ပါတယ် “ဒါဆိုရင် ကျွန်တော်လည်း မသွားတော့ဘူး စီနီယာ..”

တာအိုအရှင်သခင် : “.....”

တာအိုအရှင်သခင်ဟာ ချောင်းဟန့်ပြီး ပြောလိုက်ပါတယ် “ဒီတစ်ကြိမ်မှာ ဘာအန္တရာယ်မှ မရှိဘူး”

“ရှိခဲ့ရင်ရော..”

“ငါတို့တွေ ပဋိပက္ခနယ်မြေကို အသုံးပြုပြီး ခုနက တာအိုရောင်းရင်းကို အကူအညီတောင်းလို့ရတယ်”

“စီနီယာ အတည်ပြောနေတာလား”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters