တာအိုစာပေ၊ ကောင်းကင်ဧကရာဇ်၏ ဆရာသခင်
Vol. 35 Ch. 398
‘ငါ ဒီထက်ပိုပြီး ဂရုစိုက်ရမယ်၊ တာအိုဘိုးဘေးနဲ့ အဝေးဆုံးမှာနေတာ ငါ့အတွက် အကောင်းဆုံးပဲ’
ဟန်ကျွယ်ဟာ တာအိုဘိုးဘေးနဲ့ နီးနီးကပ်ကပ်နေဖို့ စိတ်ကူးမရှိပါဘူး။ မျက်နှာသာပေးမှုက ကြယ်တစ်ပွင့်တည်း ဖြစ်တဲ့အတွက် အချိန်မရွေး ပျောက်ကွယ်သွားနိုင်ပါတယ်။ တာအိုဘိုးဘေး မပျော်ရင် ဟန်ကျွယ်သေဖို့က ရာခိုင်နှုန်း တော်တော်လေး များပါတယ်။
ဒါပေမဲ့ တာအိုဘိုးဘေးက သူမပျော်တိုင်း လူသတ်မဲ့လူတော့ မဟုတ်လောက်ပါဘူး။ မဟုတ်ရင် သူ့ကို ပစ်မှတ်ထားတဲ့ တာအိုပညာရှိတွေကို ပညာပေးပြီးလောက်ပါပြီ။
ဟန်ကျွယ်ဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး ဆက်ကျင့်ကြံပါတယ်။
တာအိုဘိုးဘေးက သူ့ကို စောင့်ကြည့်နေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ တာအိုစက်ကွင်းက တာအိုပညာရှိရဲ့ နတ်အာရုံကို ဟန့်တားနိုင်ပေမဲ့ တာအိုဘိုးဘေးက တာအိုပညာရှိထက် အဆများစွာ စွမ်းအားကြီးသူ မဟုတ်ပါလား။
‘ဒါနဲ့ တာအိုဘိုးဘေးက ပဋိပက္ခ နတ်ဘီလူးဆိုတော့ ပန်ကူးနတ်ဘုရားနဲ့ မျိုးဆက်တစ်ဆက်တည်းလား’
‘ပန်ကူးနတ်ဘုရား လက်ချက်နဲ့ မသေခဲ့ဘူးဆိုရင်တောင် အနည်းဆုံးတော့ ရှုံးနိမ့်ခဲ့မှာပဲ၊ ဒါမှမဟုတ် အပြင်မထွက်ဘဲ တစ်ချိန်လုံး ဂူအောင်းကျင့်ကြံနေခဲ့တာလား’
‘ဒါပေမဲ့ နောက်ပိုင်းမှာ တာအိုဘိုးဘေးက ပန်ကူးနတ်ဘုရားကို ကျော်တက်သွားတာပဲ၊ တကယ့်ကို ဂူအောင်းတာအိုရဲ့ ရှေ့ဆောင်လမ်းပြပဲ’
ဆယ်နှစ်ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်ရင်း စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် နဂါးစစ်မျိုးနွယ်စု တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၀၂၂၈
[သင့်မြေးတပည့် ဖန်းလျန်သည် သင့်မိတ်ဆွေ လီတောက်ခုံး၏ လမ်းညွှန်မှုကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ တာအိုအရှင်သခင်သည် အဆုံးသတ် အပျက်အစီးမှ နတ်ဘုံသို့ ဝင်ရောက်သွားသည်။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် နေမီးလျှံစစ်ကို စုပ်ယူပြီး ခန္ဓာကိုယ် ပြောင်းလဲသွား၏။]
[သင့်မိတ်ဆွေ သိလန်တျန်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ သွမ့်ဟုန်ချန်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မိတ်ဆွေ ရွှယ်မင်းဟယ်သည် သင့်မိတ်ဆွေ သိလန်တျန်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ တာအိုဘိုးဘေး၏ ကံတရား အထောက်အပံ့သည် လျော့ကျသွား၏။]
[သင့်မိတ်ဆွေ တာအိုအရှင်သခင်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး အကောင်းစား ရတနာထဲ၌ ပိတ်မိနေ၏။]
‘ဝိုး... ကျိုးဖန်က နေမီးလျှံစစ်ကိုတောင် စုပ်ယူနိုင်သွားပြီလား၊ ကြည့်ရတာ သိလန်တျန်ရဲ့ ဖိနှိပ်မှုက ကျိုးဖန်ကို တော်တော်လေး အကျိုးအမြတ်ရသွားစေတာပဲ’
‘တာအိုဘိုးဘေးရဲ့ ကံတရား အထောက်အပံ့က လျော့ကျသွားတယ်... ဒီဟာက အချိန်ကုန်ခံပြီး တွေးတောစဉ်းစားဖို့ ထိုက်တန်တယ်’
တာအိုဘိုးဘေးရဲ့ ကံတရား အထောက်အပံ့ဟာ ကောင်းကင်တာအို တစ်ခုလုံးရဲ့ ကံတရား အထောက်အပံ့ပါ။ ဒါပေမဲ့ တာအိုဘိုးဘေးဆီမှာ ဧရာမ ကံတရား အထောက်အပံ့ ရှိနေတဲ့အတွက် ဒီလျော့ကျမှုလေးလောက်ကတော့ စာမဖွဲ့ပါဘူး။
ဟန်ကျွယ်ဟာ ဆက်ဖတ်တဲ့အခါ တာအိုအရှင်သခင် အစော်ခံရတာကို တွေ့လိုက်ရပါတယ် ‘ခံရတာ နည်းတောင် နည်းသေးတယ်၊ ငါ့ကိုပါ ဆွဲချချင်တဲ့ကောင်... ဒီထက် ပိုပြီးတော့ ခံစားရသင့်တယ်’
ဟန်ကျွယ်ဟာ ပြုံးလိုက်ပေမဲ့ တစ်စုံတစ်ခုကို တွေးမိတာကြောင့် ဆက်မပြုံးနိုင်တော့ပါဘူး ‘ဒီကောင် ငါ့ဆီလာပြီး အကူအညီတောင်းအုန်းမှာလား’
ဟန်ကျွယ်ဟာ တွေးလေလေ သူ့အတွေးက ဖြစ်နိုင်လေလေလို့ ခံစားရလေလေပါပဲ။
ဟန်ကျွယ်ဟာ စာစောင်တွေ ဆက်ဖတ်တဲ့အခါမှာ ကောင်းကင်ရုံးတော်ရဲ့ အခြေအနေက ကောင်းမွန်နေသေးတာကို တွေ့လိုက်ရပါတယ်။ ကောင်းကင်ဧကရာဇ် ပြောင်းသွားပေမဲ့ ကောင်းကင်ရုံးတော်ဟာ ဘက်ပေါင်းစုံကနေ ဝိုင်းတိုက်တာ မခံရပါဘူး။ အဲဒီအစား သိလန်တျန်ရဲ့ နတ်ရွှေကျီးကန်း မိသားစုနဲ့ လုံဟောင်ရဲ့ နဂါးရုံးတော်ဟာ လူတိုင်းရဲ့ ပစ်မှတ် ဖြစ်လာကြပါတယ်။ သူတို့နှစ်ယောက်က အရင်သွားပြီး ကျူးကျော်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက် အရင်ကထက် ပိုပြဿနာ တက်လာကိုတော့ ငြင်းမရပါဘူး။
ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ် သေချင်ယောင် ဆောင်ပြီးကတည်းက တော်တော်လေး စိတ်ပေါ့သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကောင်းကင်ဧကရာဇ်က ကပ်ဘေးထဲကနေ တစ်ဝက်ထွက်သွားတာမို့လို့ပါပဲ။
စာအိတ်တွေကို ဖတ်ပြီးတဲ့နောက် ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
အမှောင်တားမြစ်နယ်မြေက ဟန်ကျွယ်အတွက်တော့ သုခဘုံပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အမှောင်တားမြစ်နယ်မြေကို ရောက်ကတည်းက တိတ်ဆိတ်ကျွန်းဟာ ဘာပြဿနာမှ မတက်သေးလို့ပါ။
တိတ်ဆိတ်ဂိုဏ်း တပည့်တွေဟာ တချိန်လုံး ကျင့်ကြံနေရလို့ ပျင်းရိခြင်းမရှိပါဘူး။ အဲဒီအစား တစ်ဦးနဲ့တစ်ဦး ကြိတ်ပြိုင်ကြတဲ့အတွက် တိတ်ဆိတ်ဂိုဏ်းထဲမှာ မမြင်ရတဲ့ အရှုပ်အထွေးတွေ ဖြစ်ပေါ်လာပါတယ်။
ပြောစရာရှိတာဆိုလို့ ဟန်ကျွယ် ဝိညာဉ်ရဲ့ နက်ရှိုင်းတဲ့ တစ်နေရာမှာ ရှိနေတဲ့ ထုန်ကျန့်ကမ္ဘာကလည်း တဖြည်းဖြည်းနဲ့ အင်အားကြီးထွားလာတာပါ။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ အစွမ်းက လျင်မြန်စွာ ကြီးမားလာတဲ့အတွက် ဟန်ကျွယ်နဲ့ ထုန်ကျန့်ကမ္ဘာရဲ့ ကောင်းကင်တာအိုကြားက ဆက်သွယ်မှုဟာ အားပျော့လာပါတယ်။
အခုဆိုရင် ဟန်ကျွယ်ရဲ့ နတ်စွမ်းအား တချို့တဝက်က ထုန်ကျန့်ကမ္ဘာကို ထောက်ပံ့ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ထုန်ကျန့်ကမ္ဘာ ကောင်းကင်တာအိုရဲ့ အာဏာစက်ဟာ တဖြည်းဖြည်း လျော့ကျလာပါတယ်။ ဒီအတိုင်းဆက်သွားမယ်ဆိုရင် တစ်ချိန်ချိန်မှာ ထုန်ကျန့်ကမ္ဘာက ဟန်ကျွယ်အပိုင် ဖြစ်လာမှာပါ။
ဝတ်ရုံဖြူဗုဒ္ဓရဲ့ စီမံမှုအောက်မှာ ထုန်ကျန့်ကမ္ဘာဟာ အမြဲတမ်း စည်ပင်သာယာ ဝပြောနေပါတယ်။ ဒါ့အပြင် ဟန်ကျွယ်ရဲ့ နတ်စွမ်းအားကြောင့် ထုန်ကျန့်ကမ္ဘာဟာ တဖြည်းဖြည်း ကြီးမားကျယ်ပြန့်လာပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓဟာ ဟန်ကျွယ်ကို လာမရှာတာ အတော်ကြာပါပြီ။ အရေးကြီးကိစ္စမရှိတာလည်း ပါပါတယ်။
နှစ်ပေါင်းများစွာ ကြာသွားပေမဲ့ ယွီဂျင်ဂိုဏ်းတော်ကြီးကတော့ ထုန်ကျန့်ကမ္ဘာရဲ့ နံပါတ်တစ် မြင့်မြတ်နယ်မြေ ဖြစ်နေတုန်းပါပဲ။ တာအိုသခင်ကျိုးတိကတော့ အနားယူသွားတာ ကြာပါပြီ။
ပြောရမယ်ဆိုရင် ယွီဂျင်ဂိုဏ်းတော်ကြီးမှာ ဂိုဏ်းချုပ် ပြောင်းတာ ၇ ကြိမ် ရှိပါပြီ။ တချို့ကတော့ သေဆုံးသွားကြပြီး တချို့ကတော့ အနားယူပြီး ကျင့်ကြံအားထုတ်နေကြပါတယ်။
ထုန်ကျန့်ကမ္ဘာတစ်ခုလုံးမှာ ဟန်ကျွယ်နဲ့ ရေစက်အရှိဆုံးက ယွီဂျင်ဂိုဏ်းတော်ကြီးပါ။ ဒါကြောင့်လည်း ဝတ်ရုံဖြူဗုဒ္ဓက ယွီဂျင်ဂိုဏ်းတော်ကြီးကို အမြဲတမ်း မျက်နှာသာပေးခဲ့တာပါ။
နှစ် ၂၀ ကြာပြီးနောက်။
ဟန်ကျွယ်ဟာ လီရွှမ်အောက်ကို ကျိန်စာတိုက်နေတုန်း ပဋိပက္ခနယ်မြေကနေ တစ်ယောက်ယောက် ဆင့်ခေါ်နေတာကို ရုတ်တရက် ခံစားလိုက်ရပါတယ်။ ကျောက်ရွှမ်ယွမ်ကပဲ ဆင့်ခေါ်တာလား တာအိုအရှင်သခင်ကပဲ ဆင့်ခေါ်တာလားတော့ ဟန်ကျွယ် မသိပါဘူး။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို သိမ်းလိုက်ပြီး ပဋိပက္ခနယ်မြေထဲ ချက်ချင်း ဝင်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ တာအိုအရှင်သခင်ရဲ့ ညဉ်းတွားသံကို ကြားရဖို့ မစောင့်နိုင်တော့ပါဘူး။
ပဋိပက္ခနယ်မြေထဲမှာ တာအိုအရှင်သခင်ရော ကျောက်ရွှမ်ယွမ်ရော ရှိနေပါတယ်။
ဟန်ကျွယ်ဟာ အပြုံးနဲ့ မေးလိုက်ပါတယ် “ကောင်းကင်ရုံးတော်က ကောင်းကင်ဧကရာဇ် ပြောင်းသွားပြီ၊ ဒီတစ်ခါ ဘယ်သူ့ကို ရှာပြီး ကယ်ခိုင်းရမှာလဲ”
တာအိုအရှင်သခင်ဟာ ဒေါသထွက်သွားပါတယ် “မင်း ဘာစကား ပြောတာလဲ၊ ငါက သူများကယ်တာကို လိုတယ်လို့ ထင်နေတာလား”
“မလိုဘူးလား” ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပါတယ်။
တာအိုအရှင်သခင်က နှာခေါင်းရှုံ့လိုက်ပါတယ် “မင်းက ငါ့ကို ဘယ်လိုလူလို့ ထင်နေတာလဲ၊ အဆုံးသတ် အပျက်အစီးရဲ့ နတ်ဘုံမှာ တာအိုဘိုးဘေး ချန်ထားခဲ့တဲ တာအိုစာပေကို ငါ ရှာတွေ့ထားတယ်၊ ဒါက အခွင့်အရေးကြီးပဲ”
“ငါ မသွားဘူး” ဟန်ကျွယ်က ပိတ်ပြောလိုက်ပါတယ်။
“တကယ်လား၊ ဒီထဲမှာ ကောင်းကင်ဘဝဂ်ကျင့်စဉ်ကို မှတ်တမ်း တင်ထားတာနော်”
“မသွားပါဘူးလို့ ပြောပြီးပြီလေ”
“မင်းက ငါ လိမ်တယ်လို့ ထင်နေတာလား”
“ဒါဆို ငါ မင်းကို ကယ်ဖို့ လူရှာပေးရမှာလား”
“မလိုဘူး”
တာအိုအရှင်သခင်ဟာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီရဲသွားပါတယ် ‘ဒီကောင်က ငါ့ကို တော်တော်လေး အထင်သေးတာပဲ’
စကားတစ်လုံးမှ မပြောတဲ့ ကျောက်ရွှမ်ယွမ်က မနေနိုင်တော့ဘဲ ဝင်ပြောလိုက်ပါတယ် “အစ်ကို... ဟန်ဆောင်မနေပါတော့နဲ့၊ ကျွန်တော် ဆက်ပြီးတော့ တောင့်မခံနိုင်တော့ဘူး၊ အကူအညီ တောင်းလိုက်ပါ”
အဲဒီနောက် ကျောက်ရွှမ်ယွမ်ကို ဟန်ကျွယ်ကိုကြည့်ပြီး ပြောလိုက်ပါတယ် “ကျွန်တော်တို့တွေ တာအိုစာပေကို ရှာတွေ့တာက အမှန်ပဲ၊ ဒါပေမဲ့ အရံအတားက စွမ်းလွန်းလို့ ကျွန်တော်တို့တွေ အကူအညီရှာဖို့ ပြန်လာတဲ့လမ်းမှာ ကောင်းကင်ဘဝဂ်ကျင့်ကြံသူ တားဆီးတာကို ခံလိုက်ရတယ်၊ သူက ကျွန်တော်တို့တွေ တာအိုစာပေနဲ့ ရေစက်ရှိတာကို တွက်ချက်မိပြီး...”
ဟန်ကျွယ်ဟာ ဒီလောက်နဲ့ အကြောင်းအရာ အလုံးစုံကို သဘောပေါက်လိုက်ပါတယ်။
“မင်းတို့ အမှန်ပြောတယ်ဆိုရင်တောင် အခုလက်ရှိ ကောင်းကင်ရုံးတော်က မင်းတို့ကို မကယ်နိုင်ဘူး”
တာအိုအရှင်သခင်က ပြောလိုက်ပါတယ် “လီတောက်ခုံးဆီကိုသာ နည်းလမ်းရှာပြီး စကားပါးလိုက်၊ သူက တာအိုစာပေကို ကျိန်းသေပေါက် စိတ်ဝင်စားလိမ့်မယ်”
ဟန်ကျွယ်က ပြောလိုက်ပါတယ် “မင်း ငါ့ဆီက အမြဲတမ်း အကူအညီတောင်းနေတာ တစ်ခုခုတော့ ပေးသင့်တယ်”
တာအိုအရှင်သခင်ဟာ တိတ်ဆိတ်သွားပါတယ်။
ကျောက်ရွှမ်ယွမ်က ပြောလိုက်ပါတယ် “ကျွန်တော်တို့တွေ ဒုက္ခကနေလွတ်ရင် တာအိုစာပေကို တာအိုရောင်းရင်းနဲ့ မျှဝေပါ့မယ်”
“ပဋိပက္ခနယ်မြေထဲမှာ မျှဝေလို့ရလို့လား”
“ရပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့မှာ သုံးသပ်ဖို့ အချိန်မရှိသေးဘူး”
“ဒါဆို ငါ သဘောတူတယ်”
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ပဋိပက္ခနယ်မြေကနေ ထွက်လိုက်ပါတယ်။ အစစ်အမှန်ကို ပြန်ရောက်တဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကောင်းကင်တာအို တိုကင်ကို ထုတ်ယူလိုက်ပါတယ်။ ကောင်းကင်ဧကရာဇ် ထွက်သွားတဲ့နောက် ဒီကောင်းကင်တာအိုတိုကင်က ဖန်းလျန်လက်ထဲကို ရောက်နေလောက်မှာပါ။
မကြာခင်မှာပဲ နတ်အာရုံချင်း ချိတ်ဆက်မိသွားပါတယ်။
“ဆရာဘိုးဘိုး...” ဖန်းလျန်ရဲ့အသံဟာ အနည်းငယ် တုန်ယင်နေပါတယ်။
တရင်းတနှီးရှိတဲ့အသံကို ဟန်ကျွယ် ကြားလိုက်ရပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ကောင်းကင်ဧကရာဇ် လုပ်ရတာ ဘယ်လိုနေလဲ”
ဖန်းလျန်ဟာ မချိပြုံး ပြုံးလိုက်ပါတယ် “မကောင်းဘူး၊ ဖိအား အရမ်းများတယ်၊ ကျွန်တော်လည်း ဒီနေရာကို မလိုချင်ဘူး၊ ဒါပေမဲ့...”
ဟန်ကျွယ်ဟာ ဆက်မမေးတော့ဘဲ တာအိုအရှင်သခင်ကိစ္စကို ပြောလိုက်ပါတယ်။ လီတောက်ခုံး သွားကယ် မကယ်ကတော့ လီတောက်ခုံး ကိစ္စပါ။ ဟန်ကျွယ် ကိစ္စမဟုတ်ပါဘူး။ ဟန်ကျွယ်အတွက် ဒီလောက်ဆိုရင် တာဝန်ကျေပါပြီ။
“ကိစ္စမရှိပါဘူး” ဖန်းလျန်ဟာ ချက်ချင်းပဲ သဘောတူလိုက်ပါတယ်။ အဲဒီနောက် ခဏရပ်ပြီး မေးလိုက်ပါတယ် “ဆရာဘိုးဘိုးနဲ့ လီတောက်ခုံးရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ၊ သူက ဆရာဘိုးဘိုးကို ထပ်တွေ့ရဖို့ မျှော်လင့်နေတယ်”
“သူ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်လို့ ငါ့ကိုယ်စား ပြောပေးစမ်းပါ၊ ငါက အနန္တကပ်ဘေးကို ရှောင်ရှားနေတာဆိုတော့ အနန္တကပ်ဘေးပြီးမှပဲ သူ့နဲ့ တွေ့တော့မယ်၊ အဲဒီအချိန်ကျရင် ကောင်းကင်ရုံးတော်ကိုလည်း အလည်လာခဲ့မယ်”
ဖန်းလျန်ဟာ ပြုံးလိုက်ပါတယ် “ကောင်းပါပြီ၊ ကျွန်တော် ဆရာဘိုးဘိုးက ကောင်းကင်ဧကရာဇ်ရဲ့ ဆရာသခင်ဘွဲ့ ပေးအပ်မယ်”
“မဟုတ်တာတွေ လျှောက်မလုပ်နဲ့၊ ငါ ဘာနာမည် ဘာဘွဲ့မှ မလိုချင်ဘူး၊ ဒါပဲ”
ဟန်ကျွယ်ဟာ နတ်အာရုံကို ချက်ချင်း ဖြတ်တောက်ပြီး ဆက်ကျင့်ကြံပါတယ်။
ကောင်းကင်ရုံးတော်။
ဖန်းလျန်ဟာ လီတောက်ခုံးရဲ့ နန်းတော်ကို သွားပြီး ဟန်ကျွယ်ရဲ့ တောင်းဆိုချက်ကို ပြောပြလိုက်ပါတယ်။
လီတောက်ခုံးက သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “မင်းရဲ့ ဆရာဘိုးဘိုးက ဘယ်မှာ ပုန်းနေတာလဲ၊ ငါ သူ့နေရာကို တွက်ချက်လို့မရဘူး၊ ကျို့ယိုငရဲမှာလား ဒါမှမဟုတ် အမှောင်တားမြစ်နယ်မြေမှာလား”
ဖန်းလျန်ဟာ ခေါင်းခါလိုက်ပါတယ် “ကျွန်တော်လည်း သေချာမသိဘူး၊ ဒါပေမဲ့ ကျို့ယိုငရဲထဲမှာတော့ မဖြစ်နိုင်ဘူး၊ ကျို့ယိုငရဲက ဒီလောက် ဝရုန်းသုန်းကားဖြစ်နေတာ ဆရာဘိုးဘိုးက ဒီအချိန်ထိ ဆက်နေမှာ မဟုတ်ဘူး၊ အမှောင်တားမြစ်နယ်မြေကတော့... အဲဒီနယ်မြေက ကျင့်ကြံဖို့အတွက် သင့်တော်လား”
မြန်မာပြည် ငြိမ်းချမ်းပါစေ။