ဟန်ကျွယ်၏ ကောင်းကင်ဘဝဂ် တာအိုသီး
Vol. 36 Ch. 404
ကျောက်စိမ်းဧကရာဇ် ကျိုးရန်က အင်အားစုအသီးသီးရဲ့ ခေါင်းဆောင်တွေကို မကြောက်မရွံ့ တိုက်ခိုက်နေတာကို ထောက်ခြင်းအားဖြင့် တာအိုပညာရှိတွေနဲ့ သဘောတူညီချက် ရထားတာ ထင်ရှားပါတယ်။
‘ဒီလိုဆို ငါက တာအိုပညာရှိနဲ့ တိုက်ခိုက်နေတာလို့ ပြောလို့ရတယ်... ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းလိုက်လဲ’
တာအိုစက်ကွင်းက တာအိုပညာရှိရဲ့ နတ်အာရုံကို ဟန့်တားနိုင်တဲ့အတွက် ဟန်ကျွယ်ဟာ အကြောက်အလန့် မရှိပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ကျောက်စိမ်းဧကရာဇ်ကျိုးရန်နဲ့ မျက်နှာချင်းဆိုင် မတိုက်ခိုက်လိုပါဘူး။
ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ ဟန်ကျွယ်အတွက် အရေးကြီးဆုံးက ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်ရှိဖို့ပါ။
‘အနန္တကမ္ဘာနဲ့ ကောင်းကင်တာအိုရဲ့ သက်ရှိတွေ... ငါ့ အဆင့်ထိုးဖောက်တာကို စောင့်နေကြ’ ဟန်ကျွယ်ဟာ သူရဲကောင်းဆန်စွာ တွေးတောလိုက်ပြီး သေခြင်းရှင်ခြင်း မဟာတာအိုကို ဆက်လက် သုံးသပ်ပါတယ်။
အင်မော်တယ်ကမ္ဘာ အပြင်ဘက်က ကျွန်းတစ်ကျွန်းပေါ်မှာ...
လီတောက်ခုံးဟာ သစ်တစ်ပင်အောက်မှာ တရားထိုင်ပြီး စွမ်းအားကို လှည့်ပတ်ကာ ဒဏ်ရာတွေ ကုသနေပါတယ်။ သူ့နောက်မှာတော့ လီရွှမ်အောက်နဲ့ ဟွမ်ဂျိဟောင်တို့ မတ်တတ်ရပ်နေကြပါတယ်။
ဟွမ်ဂျိဟောင်ဟာ လီတောက်ခုံးရဲ့ ဖြူဖတ်ဖြူရော် မျက်နှာကိုကြည့်ပြီး စိတ်ထဲမှာ ထိတ်လန့်သွားပါတယ်။ ဟွမ်ဂျိဟောင်ဟာ လီတောက်ခုံး ဒဏ်ရာရတာကို ပထမဆုံးအကြိမ် မြင်ဖူးတာပါ။ အရင်တုန်းက ဟွမ်ဂျိဟောင်ရဲ့ စိတ်ထဲမှာ လီတောက်ခုံးက ပြိုင်ဘက်ကင်းတဲ့ တည်ရှိမှုပါ။ သူ့ဆရာသခင်တောင် လီတောက်ခုံးကို ယှဉ်မတိုက်နိုင်ဘူး မဟုတ်ပါလား။
လီရွှမ်အောက်က မေးလိုက်ပါတယ် “ဂိုဏ်းတူအစ်ကို... ခွန်လွန်ကို ပြန်တော့မှာလား”
လီတောက်ခုံးဟာ မျက်လုံးတောင် မဖွင့်ပါဘူး “ဘာဖြစ်လို့ ပြန်ရမှာလဲ”
လီရွှမ်အောက်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ကောင်းကင်ရုံးတော်ကို ကျောက်စိမ်းဧကရာဇ် ကျိုးရန်က ထိန်းချုပ်လိုက်ပြီ၊ ကျွန်တော်တို့တွေ ဆက်ပြီးတော့ ထောက်ပံ့ပေးစရာ မလိုတော့ဘူးလေ”
“ငါတို့က ကောင်းကင်ရုံးတော်အတွက် ထောက်ပံ့ပေးနေတာ မဟုတ်ဘူး၊ ရွမ်လိန့်ကျောင်းတော်အတွက် ထောက်ပံ့နေတာ”
“ဂိုဏ်းတူအစ်ကိုက ဘာကိုဆိုလိုတာလဲ၊ ကျောက်စိမ်းဧကရာဇ် ကျိုးရန်နဲ့ ထပ်တိုက်ချင်သေးတာလား၊ သူက တာအိုပညာရှိအတု ဖြစ်နေပြီ၊ ဂိုဏ်းတူအစ်ကို ကောင်းကင်ဘဝဂ်အဆင့်ထဲ ရောက်တာ ဘယ်လောက် ကြာသေးလို့လဲ”
“ဘာလို့ မတိုက်ရမှာလဲ...”
“ဒါပေမဲ့....”
“ဟမ်... သူသာ ကောင်းကင်ဧကရာဇ်ကို ထိန်းချုပ်ပြီး ချောင်းမြောင်း မတိုက်ခိုက်ရင် ငါ အခုလို ရှုံးနိုင်ပါ့မလား..”
လီတောက်ခုံးဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ သူ့အကြည့်တွေ ဓားသွားလို စူးရှသွားပါတယ်။
လီရွှမ်အောက်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။
လီတောက်ခုံးဟာ လီရွှမ်အောက်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်ပါတယ် “မင်း ဘာပြောချင်လဲဆိုတာကို ငါ သိတယ်၊ အခုအချိန်က အနန္တကပ်ဘေးဆိုတော့ ငါ ဂရုမစိုက်ဘူးဆိုရင် ငါ့ရုပ်နာမ်နှစ်ပါးစလုံး ပျက်စီးနိုင်တာကိုလည်း သိတယ်၊ ဒါပေမဲ့ ငါ တိုက်ခိုက်ရမှာပဲ၊ အဲဒီကျောက်စိမ်းဧကရာဇ် ကျိုးရန်က သူ့ကိုယ်သူ ဘာများထင်နေလဲ မသိဘူး”
လီရွှမ်အောက်က မတက်နိုင်တဲ့လေသံနဲ့ ပြောလိုက်ပါတယ် “ဂိုဏ်းတူအစ်ကို... ဂိုဏ်းတူအစ်ကိုရဲ့ မာနကို ဘေးဖယ်ထားလိုက်ပါ၊ ကျွန်တော်တို့က ကျောက်စိမ်းဧကရာဇ် ကျိုးရန်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး”
လီတောက်ခုံးဟာ မျက်စိ ပြန်မှိတ်ပြီး ပြောလိုက်ပါတယ် “ဂိုဏ်းတူညီလေး... မင်းနဲ့ ငါ့ကြားက အကြီးမားဆုံး ကွာခြားချက်ကို သိလား”
“ဘာကွာတာလဲ”
“မင်းက မင်းလုပ်နိုင်တာကို လုပ်တယ်၊ ဒါပေမဲ့ ငါက ငါမလုပ်နိုင်တာကို လုပ်တယ်”
လီရွှမ်အောက်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ကျွန်တော်က ဂိုဏ်းတူအစ်ကိုလောက် မတော်ဘူးလို့ ဆိုလိုချင်တာလား”
လီတောက်ခုံးဟာ ဘာမှထပ်မပြောတော့ပါဘူး။
လီရွှမ်အောက်ဟာ ဟွမ်ဂျိဟောင်ကို စိန်းစိန်းဝါးဝါးကြည့်ပြီး မေးလိုက်ပါတယ် “တပည့်... မင်းရော ဘယ်လိုထင်လဲ”
ဟွမ်ဂျိဟောင်ဟာ စိတ်ထဲမှာ စောဒက တက်လိုက်ပါတယ်။ ဟွမ်ဂျိဟောင်ဟာ လီတောက်ခုံးရဲ့ သူရဲကောင်းဆန်မှုကို လေးစားတယ်ဆိုပေမဲ့ လီရွှမ်အောက်ရဲ့ လမ်းစဉ်က ဆိုးရွားတယ်လို့ မခံစားရပါဘူး။ ဟွမ်ဂျိဟောင်ဟာ လီရွှမ်အောက်ထက် သတိပိုကြီးတဲ့ ဟန်ကျွယ်ကို မြင်ဖူးတယ် မဟုတ်ပါလား။
ဒါကြောင့် ဟွမ်ဂျိဟောင်ဟာ သေချာစဉ်းစားပြီး ဖြေလိုက်ပါတယ် “လူတိုင်းမှာ အားသာချက်ကိုယ်စီ ရှိကြပါတယ်”
လီရွှမ်အောက်ဟာ မပျော်မရွှင် ဖြစ်သွားပြီး လီတောက်ခုံးကို ပြန်ကြည့်ကာ မျက်မှောင်ကြုတ်သွားပါတယ်။ တစ်ချိန်တည်းမှာပဲ လီတောက်ခုံးရဲ့ မျက်လုံးထဲမှာ စိုးရိမ်မှုတွေ ဖြတ်သန်းသွားပါတယ်။
လီရွှမ်အောက်ဟာ သူ့ဂိုဏ်းတူအစ်ကိုကို ဖျောင်းဖျမရမှန်း သိပါတယ်။ ငယ်ငယ်လေးကတည်းက လီတောက်ခုံးရဲ့ စိတ်ဆန္ဒကို သူ့ဆရာသခင် တာအိုပညာရှိတောင် မပြောင်းလဲနိုင်ခဲ့ပါဘူး။ လီရွှမ်အောက်ဆို ပိုဆိုးတာပေါ့။
ဒီအချိန်မှာပဲ လီရွှမ်အောက်ဟာ ငေးကြောင်သွားပြီး လီတောက်ခုံးက ဘာလို့ အမြဲတမ်း သူ့ရှေ့ ရောက်နေလဲဆိုတာကို ရုတ်တရက် နားလည်သွားပါတယ်။ ဒီအဖြစ်ကြောင့် လီရွှမ်အောက်ဟာ သူ့ကိုယ်သူ သံသယဝင်သွားပါတယ်။
‘ငါ မှားနေတာလား’
နောက်ထပ် နှစ် ၂၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ တာအိုကို သုံးသပ်နေတာ ရပ်လိုက်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူကာ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို ကျိန်စာတိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကျောက်စိမ်းဧကရာဇ် ကျိုးရန်က သက်ရှိတွေကို မျိုးတုံးပစ်မှာစိုးတဲ့အတွက် ဆယ်နှစ်တစ်ကြိမ်တောင် မဟုတ်ဘဲ ငါးနှစ်တစ်ကြိမ် ကျိန်စာတိုက်ပစ်ပါတယ်။
[သင့်မိတ်ဆွေ လီတောက်ခုံဂသည် သင့်ရန်သူ ကျောက်စိမ်းဧကရာဇ် ကျိုးရန်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် နတ်ရွှေကျီးကန်းဘိုးဘေး၏ သွေးနှင့် ပေါင်းစပ်မိပြီး ရွှေကျီးကန်းဓမ္မရုပ်တုနှင့် နတ်ရွှေကျီးကန်း မိသားစု၏ ကံတရား အထောက်အပံအား ရရှိသွားသည်။]
[သင့်မြေးတပည့် ဖန်းလျန်၏ ဝိညာဉ်သည် လောကဦးကမ္ဘာသို့ ဖြတ်သန်းသွား၏။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် သင့်ရန်သူ ကျောက်စိမ်းဧကရာဇ် ကျိုးရန်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ပန်ရှင်းသည် ဆန်းကြယ်စွမ်းအား တစ်ပါး နိုးထပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် အကောင်းစား ရတနာအား ရရှိပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် သင့်ရန်သူ ကျောက်စိမ်းဧကရာဇ် ကျိုးရန်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ လီတောက်ခုံးသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၃
[သင့်မိတ်ဆွေ လီတောက်ခုံးသည် ပြင်းထန်စွာ ဒဏ်ရာရသွားသော်လည်း တာအိုပညာရှိတစ်ပါး၏ ကယ်တင်မှုကြောင့် ဝိညာဉ်လွတ်မြောက်သွား၏။]
ဟန်ကျွယ်ဟာ စိတ်ထဲမှာ လန့်သွားပါတယ် 'လီတောက်ခုံးက ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို မနိုင်မှန်း သိရဲ့သားနဲ့ သဲကြီးမဲကြီး ပြန်တိုက်နေတာလား၊ ဒါမှမဟုတ် ကျောက်စိမ်းဧကရာဇ်က သူ့နောက် လိုက်နေ့လို့လား’
ဟန်ကျွယ်ဟာ ဖန်းလျန်ရဲ့ ဝိညာဉ်က လောကဦးကမ္ဘာဆီ ထပ်ရောက်သွားတာကို သတိထားမိလိုက်ပါတယ် ‘ဒီကောင်လေးက လောကဦးကမ္ဘာမှာ ဘာတွေ လုပ်နေတာလဲ’
ဟန်ကျွယ်ဟာ ဖန်းလျန်အကြောင်းကို ဆက်မတွေးဘဲ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို အရင်ဆုံး ကျိန်စာတိုက်ပါတယ်။ ဒီတစ်ခါမှာတော့ ဟန်ကျွယ်ဟာ သက်တမ်း ၂၀ ဘီလီယံသုံးဖို့ စီစဉ်ထားပါတယ်။
လဝက်ကြာပြီးနောက်။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို သိမ်းပြီး စနစ်ကို မေးလိုက်ပါတယ် “ဖန်းလျန်ရဲ့ ဝိညာဉ်က လောကဦးကမ္ဘာမှာ ဘာလုပ်နေတာလဲ”
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
‘၁၀ ဘီလီယံတောင် များလှချည်လား.. ဒီကောင်လေး ဘာတွေ အကြံစည်နေတာလဲ’
ဟန်ကျွယ်ဟာ မှင်သက်သွားပေမဲ့ ဆက်တွက်ဖို့ ရွေးချယ်လိုက်ပါတယ်။
[ကံတရားများစွာ ပါဝင်နေ၍ တစ်ခါတည်း မတွက်ချက်နိုင်ပါ။ သက်တမ်း ၁၀ ဘီလီယံအား ပြန်အမ်းပါမည်။]
‘ဟင်... မတွက်ချက်နိုင်ဘူးလား’
ဟန်ကျွယ်ဟာ မေးခွန်းပြောင်းလိုက်ပါတယ် “ဖန်းလျန်ရဲ့ဝိညာဉ် လောကဦးကမ္ဘာဆီ ရောက်သွားတာက ငါ့ကို အန္တရာယ်ဖြစ်စေနိုင်လား”
[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[သင့်အား အန္တရာယ် မဖြစ်စေနိုင်ပါ။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ဖန်းလျန်ရဲ့ မျက်နှာပေးမှုက လျော့မသွားဘူးဆိုပေမဲ့ နှစ်တွေကြာပြီဖြစ်တဲ့အတွက် ဖန်းလျန် ဘာတွေးနေတယ်ဆိုတာကို ဟန်ကျွယ်လည်း မခန့်မှန်းနိုင်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် သတိဆိုတာ ပိုတယ် မရှိပါဘူး။
ဟန်ကျွယ်ဟာ တွက်ချက်တာရပ်ပြီး အဆင့်ထိုးဖောက်ဖို့ အာရုံစိုက်ပါတယ်။ လောကဦး ကြယ်တာရာခန္ဓာကိုယ်နဲ့ မဟာတာအိုကျင့်စဉ်ဖြစ်တဲ့ လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအိုကို မှီတည်ထားတာကြောင့် ဟန်ကျွယ်ရဲ့ သိမြင်နားလည်နိုင်စွမ်းဟာ အလွန်တရာမှ လျင်မြန်ပါတယ်။ ဒါကြောင့် သိပ်မကြာတော့တဲ့ အချိန်အတွင်းမှာ ဟန်ကျွယ်ဟာ ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်ရှိတော့မှာပါ။
ကောင်းကင်ဘဝဂ်အဆင့်ကို မရောက်မချင်း ဟန်ကျွယ်ဟာ ကျောက်စိမ်းဧကရာဇ် ကျိုးရန်ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ကျောက်စိမ်းဧကရာဇ်ကျိုးရန်က တာအိုပညာရှိအတု ဖြစ်နေတာ မဟုတ်ပါလား။
အင်မော်တယ်ကမ္ဘာ၊ လူသားမျိုးနွယ်စု။
အလွန်တရာ ကျယ်ဝန်းတဲ့ ကွင်းကြီးထဲမှာ မရေမတွက်နိုင်တဲ့ လူသားတွေ စုစည်းနေကြပါတယ်။ ဒီထဲမှာ ရှင်းဟုန်ရွှမ်လည်း ပါပါတယ်။ ရှင်းဟုန်ရွှမ်ကို သာမန်မဟုတ်တဲ့ အမျိုးသမီးကျင့်ကြံသူတွေက ဝန်းရံထားပါတယ်။
ကျင့်ကြံသူ အကုန်လုံး ကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါ အလွန်ကြီးမားတဲ့ ပန်းချီးကားတစ်ချပ်ကို တိမ်ပင်လယ်ထက်မှာ တွေ့လိုက်ရပါတယ်။ ပန်းချီကားထဲမှာ တောင်တစ်တောင်နဲ့ မြစ်တစ်စင်းကို ရေးဆွဲထားပြီး အင်မော်တယ်ငှက်မျိုးစုံ ရှိနေတာမို့ နိဗ္ဗာဘုံလိုပါပဲ။
“လူသားမျိုးနွယ်စုရဲ့ ကလေးတွေ နားထောင်ကြ... အင်မော်တယ်ကမ္ဘာမှာ အနန္တကပ်ဘေး ကျရောက်နေတဲ့အတွက် သက်ရှိအားလုံး ဘေးဒုက္ခရောက်နေကြရတယ်၊ ငါတိုလို့ ကျင့်ကြံသူတွေက ဒီအဖြစ်က ဘယ်လိုလုပ်ပြီး မျက်စိတ်မှိတ်ထားနိုင်မှာလဲ၊ အဲဒါကြောင့် ငါတို့တွေ ကောင်းကင်ကို တိုက်ခိုက်ပြီး အင်မော်တယ်တွေကို ကယ်ဆယ်ရမယ်”
မိုးကုပ်စက်ဝိုင်းထိ ပဲ့တင်ထပ်သွားတဲ့ ရှေးဟောင်း အသံကြောင့် လူသားကျင့်ကြံသူ အများစုရဲ့ သွေးတွေ ဆူပွက်ကုန်ပါတယ်။
ဒါပေမဲ့ ရှင်းဟုန်ရွှမ်ကတော့ မျက်မှောင်ကြုတ်သွားပါတယ် ‘တစ်ခုခုတော့ မှားနေပြီ... သူတို့တွေ ကိုယ့်သေတွင်း ကိုယ်တူးချင်နေကြတာလား’
ရှင်းဟုန်ရွှမ်ဟာ ဒီအတောအတွင်း ကောင်းကင်းရုံးတော် ဘာဖြစ်သွားတယ်ဆိုတာကို ကြားထားပါတယ်။ ကျောက်စိမ်းဧကရာဇ်ကျိုးရန်က လေထဲကနေ ထွက်ပေါ်လာတဲ့အတွက် အင်မော်တယ်တွေ အကုန်လုံး လက်မှိုင်ချထားရပါတယ်။ ဒီလိုစွမ်းအားကြီးတဲ့ပုဂ္ဂိုလ်ကို လူသားမျိုးနွယ်စုက ယှဉ်နိုင်စရာအကြောင်း လုံးဝ မရှိပါဘူး။
အရင်တုန်းက လူသားမျိုးနွယ်စုဟာ ကောင်းကင်ဧကရုံးတော်နဲ့ ရန်သူတွေပါ။ ဒါပေမဲ့ အခုတော့ ကောင်းကင်ရုံးတော်ကို ကယ်ဆယ်ပြီး သူရဲကောင်း လုပ်ချင်နေပါတယ်။
ရှင်းဟုန်ရွှမ်ဟာ လူသားမျိုးနွယ်စု ခေါင်းဆောင်တွေရဲ့ ခေါင်းထဲမှာ ဘာရှိနေလဲဆိုတာကို စဉ်းစားမရပါဘူး။
‘မဖြစ်ဘူး... ငါ နည်လမ်းရှာပြီး ဒီဟာကို ရှောင်ရှားရမယ်’
နှစ် ၂၀ ကြာပြီးနောက်။
ဟန်ကျွယ်ဟာ တာအိုကိုသုံးသပ်တာ အောင်မြင်ပြီး သေခြင်းရှင်ခြင်း မဟာတာအိုနဲ့ စတင်ပေါင်းစပ်ပါတယ်။ ဟန်ကျွယ်ရဲ့ စွမ်းအားဟာ အသွင်ပြောင်းလဲသွားပြီး ဝိညာဉ်ကလည်း ခဲလာပါတယ်။
ဟန်ကျွယ်မှာရှိတဲ့ အရာအားလုံး မဟာတာအိုနဲ့ ပေါင်းစပ်သွားတဲ့အခါမှာ ကောင်းကင်ဘဝဂ် တာအိုသီး ဖြစ်ပေါ်လာပြီး ကောင်းကင်ဘဝဂ်အဆင့်ကို ရောက်ရှိကာ ကောင်းကင်ဘဝဂ် ကျင့်ကြံသူ ဖြစ်သွားမှာပါ။
လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို အရဆိုရင် ကောင်းကင်ဘဝဂ်အဆင့်က ကောင်းကင်ဘုံနိယာမတွေရဲ့ အထက်မှာ တည်ရှိပြီး အာကာသနဲ့ အချိန်ကို ထိုးဖောက်ကာ မပျက်စီးနိုင် မဖျက်ဆီးနိုင်တဲ့ ပြိုင်ဘက်ကင်း တည်ရှိမှုတစ်ခုပါ။
ကောင်းကင်ဘဝဂ်အဆင့်ရဲ့ စမ်းသပ်မှုကို ကောင်းကင်တာအိုက စစ်ဆေးတာ မဟုတ်ဘဲ ကံကြမ္မာက စစ်ဆေးတာပါ။
[လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုတစ်ခုသည် သင့်ကံကြမ္မာအား လွှမ်းမိုးနေ၏။ ခုခံလိုပါသလား။]
ဟန်ကျွယ်ဟာ ကြက်သေသေသွားပြီး အလိုလို ပြန်ဖြေမိလိုက်ပါတယ် “ခုခံမယ်” အဲဒီနောက် ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို တွေးမိပြီး ချက်ချင်း မေးလိုက်ပါတယ် “အဲဒီလွှမ်းမိုးမှုက ကောင်းလား ဆိုးလား”
[လောလောဆယ် မသေချာပါ။]
“ခုခံမယ်”
ဟန်ကျွယ်ဟာ ချက်ချင်းပဲ ရွေးချယ်မှု လုပ်လိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။